အခန်း (၁၀၂၁-၁၀၂၂)
Vol. 74 Ch. 1021-1022
အခန်း ၁၀၂၁ တိမ်တိုက်
စုမင်၏ အကျိုးအကြောင်း ဆင်ခြင်တုံတရားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ၏ တည်ငြိမ်မှုက နှလုံးသားမဲ့ခြင်း အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ တိုက်ခိုက်လိုက်လျှင် အခြားသူများ သေဆုံးရမည် ဖြစ်သည်။ အမှန်တကယ်ပင် သူ့တစ်ကိုယ်လုံးမှ အဆုံးမဲ့ သေခြင်းတရား အငွေ့အသက်များ ပျံ့နှံ့ထွက်ပေါ်နေသည်။ အခြားသူများအား သေခြင်းတရား ပေးအပ်ခွင့်ကို ငရဲကမ္ဘာထံမှ သူ ရယူထားသည့်အလား ဖြစ်နေသည်။
ဤကား မီးခိုးရောင် စုမင် ဖြစ်သည်။
ဘဝမတရားခြင်းလှံကို ရှေ့သို့ ပစ်လွှတ်လိုက်သောအခါ ဟင်းလင်းပြင်ထဲတွင် ဖြစ်ပေါ်လာသော ဝဲဂယက်မှာ ငရဲကမ္ဘာဆီသို့ ဦးတည်နေသော လမ်းကြောင်း တစ်ကြောင်းနှင့် တူနေသည်။ ထိုအရာ လှုပ်ရှား သက်ဝင်လာသောအခါ သေလုမျောပါး အခြေအနေဖြင့် ထွက်ပြေးနေကြသော တစ္ဆေများကို စူးစူးဝါးဝါး အော်ဟစ်သွားစေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ဝဲဂယက်ထဲသို့ စုပ်ယူခံလိုက်ရပြီး စုမင် ကျောနောက်ရှိ ဧရာမ မီးခိုးရောင် လမင်းကြီးကြောင့် သူတို့သည် ဝင်စားခြင်း သံသရာထဲသို့ ဝင်ရောက်သွားတော့မည် ဖြစ်သည်။
ထွက်ပြေးနေသော တစ္ဆေများကိုမူ ဘူးသီးခြောက်ထဲမှ လူသေးသေးလေး နှစ်ယောက်က ရှေ့သို့ ပြေးဝင်ကာ မြည်ဟည်းသံများနှင့်အတူ အားလုံးကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ၎င်းတို့က ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားပြီး အရိပ်အယောင်မျှပင် မကျန်တော့ပေ။
အရာအားလုံးက စတင်ကာစ ရှိသေးသော်လည်း ပြီးဆုံးသွားပြီ ဖြစ်သည်။
ရှည်လျားသော မီးခိုးရောင် ဆံပင်များနှင့် စုမင်သည် လက်ထဲရှိ ဘဝမတရားခြင်းလှံကို ဝှေ့ယမ်းလိုက်သည်။ ယင်းက ကွင်းတစ်ကွင်းအဖြစ် ပြောင်းလဲသွားသည်နှင့် သူက ဘူးသီးကို မြှောက်လိုက်ရာ လူသေးသေးလေး နှစ်ယောက်သည် ချက်ချင်းပင် နောက်သို့ လိမ့်ဆင်းလာပြီး ရှည်လျားသော အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပြန်လာကြသည်။ သူတို့က ဘူးသီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
ထိုနေရာတစ်ဝိုက်တွင် ဟိန်းဟောက်နေသော တစ္ဆေများ မရှိတော့ပေ။ အရာအားလုံးက တိတ်ဆိတ်မှုဆီသို့ ပြန်လည် ရောက်ရှိသွားသည်။
ရွှီဟွေသည် စုမင်အား ငေးမောစွာ စိုက်ကြည့်နေသည်။ သူမ နှလုံးသား အောက်ခြေမှ အေးစက်သော ကြက်သီးမွှေးညှင်းထမှု တစ်ခု တွားတက်လာသည်။ စုမင်၏ အေးစက်သော အငွေ့အသက်မှာ အလွန် ရှင်းလင်းသည်။ ထိုအငွေ့အသက်က သက်ရှိအားလုံးကို သူ စိုးစဉ်းမျှ ဂရုမစိုက်ကြောင်း ဖော်ပြနေသည်။ သူ့ထံတွင် သန့်စင်သော အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ခံစားချက်များ အားလုံးကို ဖယ်ရှားလိုက်သည့်အခါ ဖြစ်ပေါ်လာသော နှလုံးသားမဲ့ခြင်းတို့သာ ရှိနေသည်။
မီးခိုးရောင် လမင်းထံမှ ဖျက်ဆီးခြင်း စွမ်းအားသည် ပြန့်ကျဲစွာ ပျံ့နှံ့သွားခဲ့သည်။ အကယ်၍ ရွှီဟွေသာ ကြိုတင်သတိမထားမိဘဲ နောက်သို့ မဆုတ်ခဲ့လျှင် ထိုဖျက်ဆီးခြင်း စွမ်းအား၏ သက်ရောက်မှုကို ခံရရန် ရာခိုင်နှုန်း များသည်။
သို့သော်လည်း ယင်းက အရေးကြီးကိစ္စ မဟုတ်သေးပေ။ ရွှီဟွေက စုမင်ထံသို့ လှမ်းကြည့်လိုက်သောအခါ သူ့မျက်လုံးများထဲရှိ မီးခိုးရောင် သူငယ်အိမ်များကို မြင်လိုက်ရပြီး သူမ မနေနိုင်ဘဲ တုန်ယင်သွားသည်။
သူမက အောက်နှုတ်ခမ်းကို ကိုက်ကာ တိုးညင်းစွာ ခေါ်လိုက်သည်။ "စုမင်..."
သို့သော် သူမ အသံက သူ့ထံမှ အဖြေတစ်ခုကို ရရှိစေခြင်း မရှိခဲ့ပေ။ စုမင်က ရွှီဟွေကို ခပ်ဖျော့ဖျော့ တစ်ချက်သာ ကြည့်လိုက်ပြီး ထိုနှလုံးသားမဲ့သော အကြည့်သည် ရေခဲကဲ့သို့ အေးစက်နေသည်။ နောက်ထပ် တစ်ချက်မျှ ထပ်မကြည့်တော့ဘဲ သူက ခေါင်းလှည့်ကာ ရှေ့ရှိ ဟင်းလင်းပြင်ဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ရွှီဟွေ၏ မျက်နှာမှာ အနည်းငယ် ဖျော့တော့နေသည်။ တိတ်ဆိတ်စွာဖြင့် သူမသည် စုမင်နောက်သို့ လိုက်ရန် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။ ထိပ်ပြောင်ကြိုးကြာသည် ထိုအချိန်တွင် မည်သို့ ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားပြီ ဖြစ်ပြီး အတိတ်က သူဖန်တီးခဲ့သော ဘူးသီးခြောက် အကြောင်းကို တိုးတိုးလေး ရေရွတ်နေရင်း ရွှီဟွေထံသို့ အကြည့် ရောက်သွားသည်။
"ဟေ့.. အစ်မကြီးရွှီ။ သူ့ကို ဂရုမစိုက်နဲ့။ ရပါတယ်။ အားလုံး အဆင်ပြေပါတယ်" ထိပ်ပြောင်ကြိုးကြာသည် ရွှီဟွေ အနီးသို့ ပျံသန်းလာပြီးနောက် အတုအယောင် ချောင်း အနည်းငယ် ဟန့်ကာ သူမကို နှစ်သိမ့်ရန် စတင်လိုက်သော်လည်း ၎င်းသုံးနှုန်းလိုက်သော အခေါ်အဝေါ်မှာ သိပ်အဆင်မပြေပေ။
"ကျွန်တော် အဲဒီကောင်လေးစု အကြောင်း သိပါတယ်။ ကျွန်တော် ပြောပြမယ်၊ ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှု အရ ကျွန်တော့် သူငယ်ချင်း ပြောပြချက်အရ ကျွန်တော် ထင်တာတော့ သူ နည်းနည်း ကြောင်သွားသလိုပဲ" ထိပ်ပြောင်ကြိုးကြာသည် ရွှီဟွေနောက်သို့ လိုက်ပါရင်း စကားပြောနေစဉ် ခြေသည်းများဖြင့် လက်ဟန်ခြေဟန် ပြနေသည်။
"ကျွန်တော့် ဇာတိမြေ စကားနဲ့ ပြောရရင် သူ့ရဲ့ စိတ်ခံစားချက်တွေက အခု အပိုင်းပိုင်း ကွဲနေပြီး သူ့ကိုယ်သူလည်း မထိန်းချုပ်နိုင်ဘူးလေ။ ပထမအချက်အနေနဲ့ သူက ဒေါသထွက်လွယ်တဲ့ လူတစ်ယောက်။ သူ ဒေါသထွက်ပြီ ဆိုတာနဲ့ မီးခိုးရောင် ချက်ချင်း ပေါ်လာမယ်"
"နောက်တစ်ခုက သူက လှုံ့ဆော်ခံရတာကို ကြောက်တယ်။ လှုံ့ဆော်ခံရတာနဲ့ အနီရောင်က ချက်ချင်း ပေါ်လာမယ်။ ဘယ်လို အခြေအနေမျိုးမှာ ရွှေရောင် ပေါ်လာမလဲ ဆိုတာကိုတော့ ကျွန်တော် သေချာ မသိသေးဘူး" ထိပ်ပြောင်ကြိုးကြာသည် ရှေ့တွင် ရှိနေသော စုမင်အား အကဲခတ်ရင်း မျက်နှာပေါ်တွင် တွေးတောနေသော အမူအရာဖြင့် ခေါင်းကုတ်လိုက်သည်။
စုမင်၏ အမူအရာမှာ အေးစက်နေသည်။ သူ ဟင်းလင်းပြင်ထဲ၌ လျှောက်လှမ်းနေစဉ် အချိန်စွမ်းအားကို ဘေးပတ်လည်တွင် ရစ်ပတ်ခွင့်ပြုထားသည်။ သူ့ကို ဝင်ရောက်ခွင့်ပြုသော ဟင်းလင်းပြင်ကမ္ဘာများကို သူ ဖြတ်ကျော်သွားသော်လည်း အထဲသို့ ဝင်ရောက်ခြင်း မရှိပေ။ ယင်းအစား သူက ပဉ္စမမြောက် မီးဖို၏ ဗဟိုချက်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို စုမင် မသိသော်လည်း သူ ရှေ့သို့ တိုးသွားသည်နှင့်အမျှ ပဉ္စမမြောက် မီးဖို၏ ဗဟိုချက်နှင့် ပိုမို နီးကပ်လာသည်။
ထိုအခိုက်အတန့်တွင် အဝေးမှ အသံတစ်သံက ပဉ္စမမြောက် မီးဖို တစ်ခုလုံးအတွင်း ပေါ့ပါးလွင့်မျောစွာ ပဲ့တင်ထပ်သွားသည်။
"စု..." ထိုအသံသည် ယခင်က တစ်ခါမျှ မဖြစ်ဖူးသည့် ပုံစံမျိုးဖြင့် အားကောင်းနေပြီး ယင်းက အလွန် အားကောင်းသဖြင့် စုမင် ကြားလိုက်ရသည်နှင့် ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ယင်းသည် အမျိုးသမီး တစ်ယောက်၏ အသံဖြစ်ကြောင်း သူ သိနိုင်သည်။
ထိပ်ပြောင်ကြိုးကြာ ထိုအသံကို ကြားသောအခါ သူ့ခန္ဓာကိုယ်လည်း တုန်ခါသွားသည်။ သူ့မျက်လုံးထဲရှိ အကြည့်အရ သူက ရုန်းကန်နေရပုံရသည်။ သူ့ဘေးရှိ ရွှီဟွေ၏ အမူအရာ ပြောင်းလဲသွားသည်။ ယခင်က ထိုအသံကို ကြားရစဉ် ထိပ်ပြောင်ကြိုးကြာ၏ ထူးဆန်းသော အပြုအမူများကို သူမ သိထားသဖြင့် ညာလက်အား မြှောက်ကာ ထိပ်ပြောင်ကြိုးကြာထံသို့ တုံ့ဆိုင်းခြင်းမရှိ ပစ်လွှတ်လိုက်သည်။
ယင်းက ရွှီဟွေထံသို့ ဦးတည်သွားသော ရှည်လျားသည့် အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲသွားပြီး အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။ ထိုအခါမှသာ သူ့မျက်နှာပေါ်ရှိ ရုန်းကန်နေမှုမှာ များစွာ ဖျော့တော့သွားလေသည်။
"စု..." အမျိုးသမီး၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် အသံထဲ၌ အရေးတကြီး အမူအရာ ပါဝင်နေသည်။ အမှန်တကယ်ပင် ယင်းက မိမိစိတ်ကူးယဉ်မှု ဟုတ်မဟုတ် စုမင် မသိသော်လည်း အသံထဲတွင် တုန်ယင်မှု တစ်ခုကို သူ ကြားလိုက်ရသည်။
သူ့ခေါင်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာသည်။ သူသည် ထိုအသံကို မရင်းနှီးသော်လည်း ထူးဆန်းစွာ ရင်းနှီးနေသည့် တစ်စုံတစ်ရာ ရှိနေသည်။ ယင်းက အတိတ်က သူသည် ထိုအသံကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားခဲ့ဖူးသည့် အချိန်တစ်ခု ရှိခဲ့သကဲ့သို့ပင်။
စုမင်၏ ရှည်လျားသော ဆံပင်များသည် မီးခိုးရောင်မှ မူလအရောင်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်မှ အေးစက်ကင်းကွာသော အငွေ့အသက် ပျောက်ကွယ်သွားပြီး မူလ စုမင်သည် နောက်တစ်ဖန် ပြန်လည် ရောက်ရှိလာသည်။
အသံထွက်ပေါ်လာရာ ဟင်းလင်းပြင်ကို စိုက်ကြည့်နေစဉ် သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။
"သူက..." ရွှီဟွေသည် စုမင် သူ့ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို မြင်သောအခါ အနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး ဘေးတွင် ရပ်လိုက်သည်။
စုမင် ခေါင်းရမ်းလိုက်သည်။
"ခုနက ငါ မင်းကို လန့်အောင် လုပ်မိသွားတယ်။ အဲဒါ ငါ့ရည်ရွယ်ချက် မဟုတ်ပါဘူး။ ငါ့ရဲ့ လကပ်ဘေး အဆင့်ထဲက လမင်းတွေကို ပေါင်းစပ်လိုက်တာနဲ့ ငါ့ရဲ့ စရိုက်မှာ ပြဿနာ တစ်ချို့ ရှိလာတယ်" စုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ သူက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး အသံထွက်ပေါ်လာရာ နေရာဆီသို့ ပြေးထွက်သွားသည်။
ထိုအခိုက်အတန့်တွင် စုမင်ထံ၌ မည်သည့် တည်ငြိမ်မှု သို့မဟုတ် အကျိုးအကြောင်း ဆင်ခြင်တုံတရားမျှ မရှိတော့ပေ။ သူ့နှလုံးသားထဲတွင် ဆုံးဖြတ်ချက် တစ်ခုနှင့် ခန့်မှန်းချက် တစ်ခုကြောင့် ဖြစ်ပေါ်လာသော တွန်းအား တစ်ခုသာ ရှိနေပြီး ယင်းက သူ့နှလုံးသားကို စိုးရိမ်ပူပန်မှုဖြင့် ပြင်းထန်စွာ ခုန်ပေါက်စေသည်။
ရွှီဟွေသည် စုမင်နောက်မှ တိတ်တဆိတ် လိုက်ပါသွားပြီး သူ့ဘေးမှ ရွေ့လျားသွားသည်။
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားပြီး စုမင်သည် ပို၍ မြန်ဆန်လာသည်။ အမျိုးသမီး၏ အသံက သူ့နားထဲတွင် အကြိမ်ကြိမ် ပဲ့တင်ထပ်နေသည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိရပြီးနောက် ရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသော ဧရာမ ယဇ်ပလ္လင် တစ်လုံးကို သူ မြင်လိုက်ရသည်။ သူ့အကြည့်က ယင်းအပေါ်သို့ ကျရောက်သွားသောအခါ ခေါင်းထဲတွင် အဆုံးမဲ့ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ယဇ်ပလ္လင်ပေါ်တွင် ရှိနေသော ခေါင်းတလား တစ်လုံးကို သူ မြင်လိုက်ရသည်။
ယင်းက အလင်းပေါက် ခေါင်းတလား တစ်လုံး ဖြစ်ပြီး အတွင်းတွင် အမျိုးသမီး တစ်ဦး ရှိနေသည်။
ထိုအမျိုးသမီးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် စုမင်သည် သူ့ခေါင်းထဲ၌ မိုးကြိုးပေါင်း သန်းနှင့်ချီ၍ တစ်ပြိုင်နက် မြည်ဟည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် တုန်ယင်သွားသည်။ ဝေခွဲမရဖြစ်မှုနှင့်အတူ မြောက်မြားစွာသော အခြား ခံစားချက်များသည်လည်း သူ့မျက်လုံးထဲတွင် ပေါ်လာသည်။
ဤကား ပဉ္စမမြောက် မီးဖို၏ ဗဟိုချက် ဖြစ်ပြီး ယဇ်ပလ္လင်သည် ဗဟိုချက်၏ အလယ်ဗဟို ဖြစ်သည်။ ယဇ်ပလ္လင်ပေါ်ရှိ ခေါင်းတလားသည် ထိုနေရာတွင် တစ်နှစ်ပတ်လုံး ရှိနေပြီး ပဉ္စမမြောက် မီးဖိုအတွင်း ဝင်ရောက်လာသူ အားလုံး၏ အသက်စွမ်းအားကို စုပ်ယူရန် ထိုနေရာကို အသုံးပြုသည်။ ထိုအသက်စွမ်းအား အားလုံးကို ထိုအတွင်း၌ လဲလျောင်းနေသော အမျိုးသမီး၏ ခန္ဓာကိုယ်ထံသို့ ပေးပို့သည်။
ဤကား ပဉ္စမမြောက် မီးဖိုကို အဓိက သင်္ကေတအဖြစ် အသုံးပြုထားသော မှော်သင်္ကေတ တစ်လုံး ဖြစ်သည်။ ထိုမှော်သင်္ကေတ၏ ရည်ရွယ်ချက်မှာ အမျိုးသမီး၏ အသက်စွမ်းအားကို ထိန်းသိမ်းထားနိုင်ရန်နှင့် ပျောက်ကွယ်မသွားစေရန်အတွက် သူမထံသို့ အသက်စွမ်းအားများကို အဆက်မပြတ် ပေးပို့ရန် ဖြစ်သည်။
စုမင်သည် ခေါင်းတလားထဲရှိ အမျိုးသမီးကို စိုက်ကြည့်နေစဉ် သူ သတိမထားမိဘဲ မျက်ရည်များ ကျဆင်းလာသည်။ သူ ဤအမျိုးသမီးကို မသိစရာ အကြောင်း မရှိပေ။ သူမသည် အနောက်ငွေ့ရည်တိမ်တိုက် သီးခြား နယ်မြေတွင် ရှိနေစဉ် သူ့မှတ်ဉာဏ်များထဲ၌ ပေါ်လာခဲ့သော မိခင် ဖြစ်ပြီး လက်ထဲတွင် ကလေးငယ်ကို ပွေ့ပိုက်ထားကာ သေဆုံးသွားပြီးနောက်တွင်ပင် သူ့အား ကာကွယ်ရန် သူမ ခန္ဓာကိုယ်ကို အသုံးပြုခဲ့သူ ဖြစ်သည်။
သူမသည် စုမင်၏ မိခင် ဖြစ်သည်။
သူ တုန်ယင်သွားသည်။ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျနေလျက် သူသည် ခေါင်းတလားဆီသို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်သွားသည်။
"စု..." အမျိုးသမီး၏ အသံက ထပ်မံ ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ယင်းက အလွန် ရှင်းလင်းသဖြင့် စုမင် နားဘေးတွင် ရှိနေသကဲ့သို့ ဖြစ်နေပြီး သူ့မျက်နှာပေါ်သို့ မျက်ရည်များ ပို၍ စီးကျလာစေကာ စိတ်ထဲရှိ ပေါက်ကွဲသံများက ပို၍ အားကောင်းလာသည်။
"စု... ချစ်ရတဲ့ သားလေး မင်အာ..." အသံထဲရှိ ကြင်နာယုယမှုက စုမင် မရင်းနှီးသော နွေးထွေးမှု တစ်ခုကို သယ်ဆောင်လာသည်။ ယင်းက မိခင်တစ်ဦး၏ သူမ သွေးသားရင်းအပေါ် တမ်းတမှု၊ သားဖြစ်သူအပေါ် ဂရုစိုက်မှုနှင့် မေတ္တာထားမှုတို့မှ ဖြစ်ပေါ်လာသော နွေးထွေးမှု ဖြစ်သည်။
"မကြောက်နဲ့နော်။ မေမေ ရှိနေရင် သားလေး အဆင်ပြေမှာပါ"
"ဖေဖေနဲ့ မေမေ အိုမင်းသွားတဲ့အထိ သားလေးရဲ့ ဘဝခရီးလမ်း ပြီးဆုံးတဲ့အထိ စောင့်ကြည့်ဖို့ ခွန်အားတွေ မရှိတော့တဲ့အထိ သားလေးကို မေမေ အမြဲတမ်း ကာကွယ်ပေးမယ်လို့ ကတိပေးပါတယ်"
"ယွင်အာ... သားလေး သန်မာရမယ်နော်။ သားလေးရဲ့ နာမည်ကို သားလေးရဲ့ ဘိုးဘေးက ပေးခဲ့တာ။ သူက သားလေးအတွက် မျှော်လင့်ချက်တွေ အပြည့်အဝ ရှိနေတယ်"
"ဘာပဲဖြစ်ဖြစ် သားလေး မှတ်ထားရမှာက သားလေးဟာ အသူရာဖန်ဆင်းရှင် တစ်ယောက်ဆိုတာပဲ။ သားလေးဟာ ဂုဏ်ယူဝင့်ကြွားစရာကောင်းတဲ့ အသူရာဖန်ဆင်းရှင် တစ်ယောက်ပါ။ သားလေးရဲ့ ဖေဖေဟာ ဘိုးဘေးကိုတောင် ကျော်လွန်သွားနိုင်တဲ့ အလွန် ချီးကျူးခံရတဲ့ စွမ်းအားကြီး စစ်သည်တော် တစ်ယောက်ဖြစ်ပြီး မေမေက အမှောင်အရုဏ်ဦးက လာတာပါ..."
နောက်ဆုံး စာကြောင်း အနည်းငယ်သည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်မထပ်ဘဲ စုမင်၏ ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုစကားများသည် ယခုအချိန်တွင် ပြောဆိုလိုက်ခြင်း မဟုတ်ဘဲ အတိတ်က လာခြင်း ဖြစ်သည်။ ၎င်းတို့က စုမင် အချိန်ကြာမြင့်စွာ မေ့လျော့နေခဲ့သော မြင်ကွင်းတစ်ကွင်းမှ ဖြစ်သည်။
သူ့ခေါင်းကို ဆွဲဖြဲခံနေရသကဲ့သို့ သူ ခံစားလိုက်ရသည်။ ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာပြီး ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သူ မှတ်မိသွားသည်။ ထိုအချိန်က သူသည် အမှောင်ထုထဲတွင် ရစ်ပတ်ခံနေရကြောင်းကို သူ မှတ်မိသည်။ သူ အလွန် ချမ်းအေးနေပြီး အားနည်းသော အသက်သည် ထိုအအေးဒဏ်ကို မခံနိုင်ခဲ့ပေ။ သို့သော်လည်း သူ အသက်ရှင်ရန် လက်လျှော့ချင်သည့် အကြိမ်တိုင်း သူ့ကို စကားပြောကာ ဆက်လက် တွန်းအားပေးနေသည့် အသံတစ်သံ ရှိခဲ့သည်။
ထိုအခိုက်အတန့်တွင် မည်သို့ ဖြစ်ခဲ့သည်ကို သူ နားလည်သွားသည်။ ထိုအချိန်က သူသည် မိခင်၏ ဝမ်းဗိုက်ထဲရှိ ကလေးငယ် တစ်ဦးသာ ရှိသေးပြီး အသူရာဖန်ဆင်းရှင်များ သတ်ဖြတ်ခံရပြီးနောက် သူ့အပေါ် ကျရောက်လာသော ကျိန်စာကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသော ကလေးငယ် ဖြစ်သည်။
စုမင်၏ ခေါင်းထဲတွင် ဝေဝါးသော မြင်ကွင်းတစ်ကွင်းကို သူ မြင်လိုက်ရသည်။ ထိုမြင်ကွင်းထဲတွင် အမျိုးသမီး တစ်ဦးသည် ခေါင်းတလားထဲတွင် လဲလျောင်းနေသည်။ သူမသည် မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ပွင့်ဖြင့် ဖောင်းမို့နေသော သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်နေသည်။ သူ မမြင်နိုင်သော မျက်ရည်များက သူမ ပါးပြင်ပေါ်သို့ စီးကျနေပြီး ဝမ်းဗိုက်ထဲရှိ ကလေးငယ်ကို တိုးတိုးလေး ရေရွတ်နေသည်။
သူမ ဘေးတွင် တိတ်ဆိတ်နေသော လူလတ်ပိုင်း တစ်ယောက် ရှိနေသည်။ သူက ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်ရှုရင်း လက်သီးများကို တင်းတင်းဆုပ်ထားသည်။ သူ့နှလုံးသားသည် ရူးသွပ်မှု၊ ဝမ်းနည်းပူဆွေးမှုတို့ဖြင့် ပြည့်နှက်နေသော်လည်း မည်သူမျှ မမြင်နိုင်သော မီးတောက်တစ်စလည်း သူ့အတွင်း၌ တောက်လောင်နေသည်။
မြင်ကွင်း ပြောင်းလဲသွားသည်။ နောက်တစ်ခု ပေါ်လာသောအခါ နဂါးငွေ့တန်းသည် နံနက်ခင်း တာအိုလောကနှင့် သက်ဆိုင်သော နဂါးငွေ့တန်း ဖြစ်နေပြီ ဖြစ်သည်။ လူလတ်ပိုင်းသည် ဇနီးကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားပြီး ကောင်းကင်ယံသို့ အားကိုးရာမဲ့စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ ဟိန်းဟောက်သံထဲတွင် ဘဝအပေါ် စိတ်ပျက်အားငယ်မှု ပါဝင်နေသည်။ ယင်းက ဝိညာဉ်မှ လာသော အမြင့်မြတ်ဆုံး ဆင်းရဲဒုက္ခ အခြေအနေ ဖြစ်ပြီး ပါးပြင်ပေါ်သို့ သွေးရောင် မျက်ရည်များ စီးကျနေသည်။
"မဟာလောကကြီး လေးခု၊ မင်းတို့ ငါ့ရဲ့ မျိုးနွယ် တစ်ခုလုံးကို သတ်ပစ်ခဲ့တယ်။ မင်းတို့က ကလေးငယ် တစ်ယောက်ကိုတောင် မချမ်းသာပေးဘဲ သူ့ကို ကျိန်စာတိုက်ခဲ့တယ်။ အခုတော့ မင်းတို့က ငါ့ဇနီးရဲ့ အသက်ကိုပါ ယူသွားပြီ။ ဒါဆိုရင် ငါ အသက်ဆက်ရှင်နေရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ"
"ငါ့အိမ်၊ ငါ့ဇနီး၊ ငါ့သား... အားလုံး ဆုံးရှုံးသွားပြီ။ ဒါပေမဲ့ ငါ အသက်ရှင်နေတုန်းပဲ။ ငါ့အတွက် ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတော့တယ်။ သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာ တစ်ခုလုံးကို ငါ မြေလှန်ပစ်မယ်"
"နံနက်ခင်း တာအိုလောက တစ်ခုလုံးကို အသူရာအတွက် ဖြစ်စေရုံသာမကဘဲ သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာ တစ်ခုလုံးကိုပါ အသူရာအတွက် ဖြစ်စေရမယ်"
"ငါ့သား အသက်ရှင်ရင် အခုကစပြီး သူ့ကို စုယွင်လို့ မခေါ်တော့ဘူး။ သူ့ကို စုမင် လို့ ခေါ်မယ်။ ဒီ မင် ဆိုတဲ့ နာမည်က ထွင်းထုတယ်လို့ အဓိပ္ပာယ်ရတယ်။ သူ့ကို သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာ ထဲမှာ အသူရာရဲ့ ဘာသာစကားကို ထွင်းထုခိုင်းမယ်။ စကြဝဠာထဲက လူတွေ အားလုံးကို တုန်လှုပ်သွားစေမယ့် ဘာသာစကားကိုပေါ့"
စုမင် ခေါင်းကို လျင်မြန်စွာ မော့လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံများ အလယ်တွင် သူ့စိတ်က ဆွဲဖြဲခံလိုက်ရသည်။ အတိတ်က မှတ်ဉာဏ်များ သူ့ခေါင်းထဲတွင် ပေါ်လာသည်နှင့်အမျှ အရာအားလုံးကို သူ မှတ်မိသွားသည်။
မျက်လုံးထဲမှ မျက်ရည်များ ကျဆင်းလျက် စုမင်သည် ခေါင်းတလား ဘေးရှိ ယဇ်ပလ္လင်သို့ ရောက်ရှိလာသည်။ သူ ထိုနေရာတွင် တိတ်တဆိတ် ရပ်ကာ မိခင်၏ မျက်နှာကို စိုက်ကြည့်နေသည်။ ထို့နောက် စုမင် တုန်ယင်သွားပြီး ဒူးထောက်ချလိုက်သည်။
ထိုမျက်နှာသည် သူ့အတွက် စိမ်းသက်နေသော်လည်း ရင်းနှီးနေသည်။ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ မည်သို့သော ခံစားချက်များ ရှိနေသည်ကို သူ မသိနိုင်ပေ။ အတိတ်က သူမ မျက်စိမှိတ်သွားချိန်၌ပင် သူ့ကို ကာကွယ်ပေးလိုခဲ့သလို သူမ ငိုကြွေးနေချိန်တွင်ပင် သူ့အား ကြင်နာစွာ တွန်းအားပေးလိုခဲ့သလိုမျိုး ဤနေရာတွင် သူမကို တိတ်တဆိတ် စောင့်ကြည့်နေချင်ရုံသာ ရှိသည်။
ဤသူကား သူ့မိခင် ဖြစ်သည်။
"မေမေ..." စုမင် တိုးတိုးလေး ရေရွတ်လိုက်သည်။
အခန်း ၁၀၂၂ တည်ဆောက်ခြင်း
စုမင်သည် မိမိဘေးမှ ကုန်လွန်သွားသော အချိန်များကို ဂရုမစိုက်အားပေ။ သူသည် ခေါင်းတလားဘေးတွင် ဒူးထောက်လျက် အတွင်းရှိ မိခင်ဖြစ်သူကိုသာ စိုက်ကြည့်နေမိသည်။ သူ ငေးကြည့်နေရုံသက်သက်သာ... သူ လုပ်နိုင်သည်က ဤအရာ အကုန်ပင်။
ယဇ်ပလ္လင်ပေါ်နှင့် ထိုပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေသော ကျောက်တုံးအချို့ ပြန့်ကျဲနေသည်။ ထိုကျောက်တုံးများမှာ စုမင် လိုအပ်နေသော ပဉ္စမမြောက် ကျောက်တုံးများ ဖြစ်ကြသည်။
သို့သော် ထိုအချိန်တွင် သူသည် ထိုကျောက်တုံးများအား တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။ သူသည် မိခင်၏ရင်ခွင်နှင့် ဝေးကွာနေသည်မှာ အလွန်တရာ ကြာမြင့်နေပြီဖြစ်သော လေလွင့်သိုးတစ်ကောင်ကဲ့သို့ ခေါင်းတလားဘေးတွင် ဒူးထောက်နေမိသည်။ တစ်နေ့တွင် သူသည် အိမ်သို့ ပြန်ရောက်လာခဲ့သော်လည်း သူ့ကို စောင့်ကြိုနေမည့် ကြင်နာတတ်သော မိခင်ဖြစ်သူအား မတွေ့ရှိခဲ့ရဘဲ ကျောက်ဂူ တစ်လုံးနှင့်သာ ဆုံတွေ့ရသကဲ့သို့ ဖြစ်နေသည်။
မဆက်မပြတ် စီးကျလာသော မျက်ရည်များနှင့် ပူဆွေးသောကတို့သည် တစ်သွေးတည်းတစ်သားတည်း ဖြစ်မှုမှ ပေါက်ဖွားလာသော မည်သည့်အခါမျှ ကုန်ဆုံးမသွားနိုင်သည့် သွေးရင်းသားရင်း သံယောဇဉ်မေတ္တာကြောင့် ဖြစ်သည်။ စုမင်သည် မိမိတစ်ဘဝလုံးကို မိဘမဲ့တစ်ဦးအဖြစ် ဖြတ်သန်းခဲ့ရသော်လည်း ထိုမေတ္တာတရားကို အကြွင်းမဲ့ ခံစားသိရှိနေခဲ့သည်။
ရွှီဟွေသည် ဘေးတွင် ရပ်နေရင်းမှ တိတ်ဆိတ်စွာဖြင့် စုမင် အနားသို့ တိုးကပ်လာကာ သူနှင့်အတူ ဒူးထောက်ချလိုက်သည်။
အလွန်တရာ ကြာမြင့်သော အချိန်တစ်ခု ကုန်လွန်ပြီးနောက်တွင်မူ စုမင်သည် ခေါင်းကိုမော့ကာ ခေါင်းတလားထဲမှ အမျိုးသမီးအား လေးနက်စွာ တစ်ချက် စိုက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။
"တစ်ချိန်က ငါက မိဘမဲ့တစ်ယောက်ပဲလို့ ထင်ခဲ့တာ။ ငါ့အနားမှာ ရှိခဲ့တာဆိုလို့ အဖိုးရယ်၊ ရှောင်ဟုန်ရယ်၊ ပြီးတော့ ငါနဲ့အတူ ကြီးပြင်းလာတဲ့ ကစားဖော်တွေပဲ ရှိခဲ့တာ" စုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ရွှီဟွေသည် သူ့ဘေးတွင် ရှိနေရင်း ငြိမ်သက်စွာ နားထောင်ပေးနေခဲ့သည်။ ယခုအချိန်တွင် စုမင်သည် စကားပြန်ပြောမည့်သူကို လိုအပ်နေခြင်းမဟုတ်ဘဲ ရင်ဖွင့်သမျှအား နားထောင်ပေးမည့် လူတစ်ဦးကိုသာ လိုအပ်နေခြင်း ဖြစ်ကြောင်း သူမ သိသည်။
"ငါ့ရဲ့ မျိုးနွယ်စု အတွက်ဆိုရင် ငါက ရူးသွပ်မှုထဲကို ဆင်းသက်နိုင်ခဲ့တယ်။ ကိုယ့်အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ဟိုဆေးပင်တွေကို ငါ မြိုချရဲခဲ့တယ်။ ရူးသွပ်နေတဲ့ အချိန်မှာတောင် အဖိုး ချိတ်ပိတ်ထားတဲ့ အိမ်ထဲကနေ ရုန်းထွက်ပြီး မျိုးနွယ်စုဝင်တွေနဲ့အတူ တိုက်ပွဲဝင်နိုင်ခဲ့တယ်။ အတိတ်က ရွှင်းတူရိယာ အသံကို အခုထိ ငါ မှတ်မိနေတုန်းပဲ။ ထုံထုံက ငါ ပြန်လာရင် လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်လို့ ပြောခဲ့တာ။ အားလုံးကို ငါ မှတ်မိနေတုန်းပဲ" စုမင်၏ မျက်လုံးများထဲတွင် နာကျင်မှုများနှင့်အတူ အတိတ်ကို တမ်းတလွမ်းဆွတ်မှုများ အရိပ်ထင်ကျန်နေသည်။
"ဒါပေမဲ့ တစ်နေ့မှာတော့ အဲဒါတွေ အားလုံးက အတုအယောင်တွေဆိုတာ ငါ သဘောပေါက်ခဲ့တယ်။ နက်မှောင်တောင်ဆိုတာလည်း မရှိဘူး၊ မျိုးနွယ်စုလည်း မရှိဘူး။ ငါနဲ့အတူ ကြီးပြင်းလာတဲ့ ကစားဖော်တွေကအစ အားလုံးက ပူးပေါင်းကြံစည်မှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေခဲ့တယ်"
"တကယ်တော့ ငယ်ငယ်က ငါ အသည်းအသန် စွဲလန်းခဲ့ရတဲ့ မိန်းကလေးကပါ အတုအယောင် ဖြစ်နေခဲ့တယ်ဆိုတာကို အချိန်အတော်ကြာတဲ့အထိ ငါ မယုံကြည်ချင်ခဲ့ဘူး" စုမင်က ပြုံးလိုက်သည်။ သူ ဆက်တိုက် ပြုံးနေရင်းမှ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်တော့သည်။
"နဝမ တောင်ထွတ်ကတော့ ငါ လမ်းပျောက်နေတုန်း ရှာတွေ့ခဲ့တဲ့ အိမ်တစ်အိမ် ဖြစ်ခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ ကံကြမ္မာက ပြက်လုံးထုတ်ရတာကို နှစ်သက်ပုံရပြီး ငါ့ကို နတ်ဘုရား အနှစ်သာရ နယ်မြေဆီ ရောက်လာအောင် ဖန်တီးခဲ့ပြန်တယ်။ ဒီကို ရောက်လာတော့မှ ငါ့မှာလည်း မိခင်တစ်ယောက်... ပြီးတော့ ဖခင်တစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သိခွင့်ရတော့တယ်" စုမင်သည် ခေါင်းကို ငုံ့ချလိုက်သည်။ မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ခေါင်းတလားထဲမှ အမျိုးသမီးကို သူ စိုက်ကြည့်နေမိသည်။
"တကယ်လို့ သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြဝဠာကြီးကို အသူရာတို့အတွက် သီးသန့်တည်ဆောက်ထားတဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့နဲ့ စကြဝဠာထဲမှာ အသူရာ ဘာသာစကားကို ထွင်းထုပစ်ဖို့က မေမေ့ရဲ့ ဆန္ဒဆိုရင် ဒါကို ဖြည့်ဆည်းပေးဖို့ ငါ့တစ်ဘဝလုံးကို မြှုပ်နှံပစ်မယ်" စုမင်သည် ညာလက်ကို မြှောက်ကာ ခေါင်းတလားရှိရာ လေထုအား လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းပင် ပဉ္စမမြောက် ကျောက်တုံးသည် ရွှေရောင်အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲကာ သူ့လက်ထဲသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။
'အတိတ်တုန်းကတော့ ငါက ဆရာ့ကို ရှာဖို့ ပဉ္စမမြောက် မဟာလောကဆီကို သွားချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အသူရာဖန်ဆင်းရှင်တွေရဲ့ ဇာတိမြေကို ငါ မြင်တွေ့ချင်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ငါက အသူရာဖန်ဆင်းရှင် တစ်ယောက် ဖြစ်နေလို့ပဲ' စုမင်သည် ဤစာကြောင်းကို အပြင်သို့ ထုတ်မပြောခဲ့ချေ။ ယင်းအစား ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေမည့်အလား နှလုံးသားထဲမှသာ အော်ဟစ်လိုက်မိသည်။
ဤအခြင်းအရာ မတိုင်မီကမူ စုမင်သည် မိမိကိုယ်ကိုယ် အသူရာဖန်ဆင်းရှင် တစ်ဦးဖြစ်ကြောင်း သိကောင်းသိနိုင်သော်လည်း နှလုံးသား အောက်ခြေတွင်မူ ထိုအဆင့်အတန်းကို အမှန်တကယ် လက်မခံခဲ့ဖူးချေ။ သူ ကြားခဲ့ဖူးသော ပုံပြင်အားလုံးသည် ပုံပြင်သက်သက်သာ ဖြစ်ခဲ့သည်။ သူ ၎င်းတို့အပေါ် မည်သို့မျှ စာနာစိတ် မဝင်စားနိုင်ခဲ့ပေ။
သို့သော် ယခုမူ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မိခင်ဖြစ်သူထံမှ ထွက်ပေါ်လာသော အသံနှင့် စုမင်၏ စိတ်အာရုံထဲရှိ မြင်ကွင်းများ... ဤအရာအားလုံးက အသူရာဖန်ဆင်းရှင် ဟူသော ဝေါဟာရကို သူ့အတွက် စိမ်းသက်မနေစေတော့ချေ။ ဤသည်က သူနှင့် မသက်ဆိုင်သောအရာ မဟုတ်တော့ပေ။ မဟာလောကကြီး လေးခုထံမှ ခြိမ်းခြောက်မှုဖြစ်စေ မိခင်ဖြစ်သူ၏ စကားသံများဖြစ်စေ ထိုအရာအားလုံးက စုမင်အား အသူရာဖန်ဆင်းရှင် ဟူသော မိမိ၏ သွေးမျိုးဆက် အထောက်အထားကို ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင်ကိုယ်ကျ လက်ခံလာစေရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူ ထိုသို့ လက်ခံလိုက်သည့် အခိုက်အတန့်၌ပင် ပဉ္စမမြောက် မီးဖိုကြီးသည် ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ပဉ္စမမြောက် မီးဖို၏ အတိုင်းအဆမဲ့ ဟင်းလင်းပြင်ကမ္ဘာ အသီးသီးထံမှ မြောက်မြားစွာသော စိတ်ဆန္ဒဝိညာဉ်များသည် စုမင် ဘေးပတ်လည်သို့ ဆင်းသက်လာကြသည်။ ထိုစိတ်ဆန္ဒများသည် ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲလာပြီး ရေတွက်၍မရနိုင်သော စွမ်းအားကြီးမားသည့် သက်ရှိဝိညာဉ်များအဖြစ် ရုပ်လုံးပေါ်လာကြသည်။ သူတို့၏ ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုသက်ရှိများ အားလုံးသည် စုမင်အား ကြည့်ကာ ခါးကို ကိုင်းညွှတ်လျက် အရိုအသေ ပေးလိုက်ကြတော့သည်။
ထိုသက်ရှိ ဝိညာဉ်များထဲတွင် ပေတစ်ထောင် မြင့်မားသော သစ်ပင်ကြီး၊ စွမ်းအားကြီးမားသော မီးလျှံဝိညာဉ်အချို့နှင့် ထူးဆန်းသည့် ပုံပန်းသဏ္ဌာန် အမျိုးမျိုးရှိကြသည့် ကြောက်မက်ဖွယ် သားရဲတိရစ္ဆာန်များ ပါဝင်သည်။ သူတို့အားလုံး၏ ဦးညွှတ်မှုကြောင့် ပဉ္စမမြောက် မီးဖိုအတွင်းရှိ ဟင်းလင်းပြင်ကမ္ဘာ အသီးသီးတို့မှာ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားရသည်။
သူတို့၏ စိတ်ဆန္ဒများ စုစည်း ပေါင်းစပ်သွားပြီး စုမင် ရှိနေသော ကမ္ဘာကို ဗဟိုပြုကာ ဟင်းလင်းပြင်ထဲတွင် ဧရာမ ပုံရိပ်ယောင် မီးဖိုကြီးတစ်ဖို ဖြစ်ပေါ်လာတော့သည်။
ထိုမီးဖိုကြီးမှာ တစ်ပိုင်းတစ်စ လင်းထွင်းနေပြီး ၎င်းထံမှ အလင်းတန်းများ ဖြာထွက်လျက် စုမင်ကို ဝန်းရံထားကာ သူ့အား ပုံရိပ်ယောင် မီးဖိုကြီး၏ ဗဟိုချက်အဖြစ် ပြောင်းလဲပစ်လိုက်သကဲ့သို့ ဖြစ်နေသည်။ အလင်းလှိုင်းများ ဖြာကျလာသည်နှင့် စုမင်သည် ပဉ္စမမြောက် မီးဖိုကြီးက သူ့အား အရှင်သခင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းကို ခံစားသိရှိလိုက်ရသည်။ ထိုအခိုက်အတန့်တွင် အလွန်ကျယ်လောင်သော မြည်ဟည်းသံများ ထွက်ပေါ်မလာခဲ့သလို ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် အပြောင်းအလဲများလည်း မရှိခဲ့ချေ။ သို့သော် စုမင် သိလိုက်သည်က သူသည် ပဉ္စမမြောက် မီးဖိုကြီး၏ အရှင်သခင် အစစ်အမှန် ဖြစ်သွားခဲ့ပြီ ဆိုသည်ပင်။
မီးဖိုကြီး တုန်ခါသွားသည်နှင့် အတွင်းရှိ ဟင်းလင်းပြင်ကမ္ဘာ အားလုံးမှာ ပြိုလဲတော့မည့်အလား ထင်မှတ်ရသည်။ သက်ရှိဝိညာဉ်များ၏ စိတ်ဆန္ဒများ ဆင်းသက်လာသည့် အခိုက်အတန့်တွင် မီးဖိုအတွင်းရှိ လူသားအားလုံးသည် ကြီးမားသော အပြောင်းအလဲကြီးအား ခံစားမိလိုက်ကြသော်လည်း နောက်ကွယ်မှ အကြောင်းအရင်းကိုမူ မည်သူမျှ မသိရှိကြချေ။
ရွှမ်ရှန်းသည် ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်ပေါက်လာသော ဧရာမ ဝဲဂယက်ကြီးထဲသို့ စုပ်ယူခြင်း မခံရစေရန်အတွက် ခန္ဓာကိုယ်ကို ထိုနေရာတွင် တည်ငြိမ်နေစေရန် မြေပြင်ပေါ်သို့ လက်နှစ်ဖက်ဖြင့် မြဲမြံစွာ အားပြုထားရသည်။
ဟွာယွီ၏ မျက်နှာမှာ ဖြူလျော်နေသည်။ သူသည် စိတ်ပျက်အားငယ်စွာ ရယ်မောရင်း ပန်းပင်လယ်ပြင်ကြီးထဲတွင် လဲလျောင်းနေခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ ရွှံ့နွံများထဲတွင် နစ်မြုပ်နေပြီး အစိတ်အပိုင်း အတော်များများမှာ ဘေးပတ်လည်ရှိ အပင်များကို အာဟာရကျွေးမွေးရန် မြေဩဇာအဖြစ် အရည်ပျော်ဝင်နေပြီ ဖြစ်သည်။
သူ့ဘေးတွင်မူ ဘိုးဘေး လုံဟိုင်း ရှိနေသည်။ သူက ဟွာယွီကို ပြုံးလျက် စိုက်ကြည့်နေပြီး မူလက ဝိညာဉ်သက်သက်သာ ဖြစ်သော သူ့ခန္ဓာကိုယ်မှာ ယခုအခါ ပန်းပွင့်ဖတ်များဖြင့် ဖုံးလွှမ်းနေကာ ၎င်းတို့ကို တစ်ဖန်ပြန်လည် စုစည်းတော့မည့်အလား ထင်ရသည်။
မီးတောက်မိစ္ဆာ ဘိုးဘေးသည် ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးကို ဖြတ်ကျော်၍ ရှေ့သို့ ပြေးဝင်နေစဉ် ကောင်းကင်ကြီး ပြင်းထန်စွာ ယိမ်းထိုးနေသည်အား ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းမော့ကြည့်လိုက်မိသည်။
ဆရာတော် ကျိလုံသည် သူနှင့် ပေအနည်းငယ်သာ ဝေးကွာသော ကျွန်းငယ်လေးကို ကြည့်ကာ မျက်နှာပျက်နေခဲ့သည်။ ထိုကျွန်းပေါ်တွင် သစ်ပင်တစ်ပင် ရှိပြီး ထိုသစ်ပင်ပေါ်တွင်မူ သွေးကဲ့သို့ နီမြန်းသော အသီးတစ်လုံး ရှိနေသည်။
သို့သော် ယခုအခါ ထိုကမ္ဘာအတွင်း မြေငလျင်လှုပ်ခတ်ပြီး တောင်တန်းများ ယိမ်းထိုးသွားခြင်းကြောင့် ထိုသစ်ပင် ရှိနေသော မြေပြင်မှာ ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ရောက်ရှိနေသူများထဲတွင် မည်သို့ ဖြစ်ပျက်နေသည်ကို အနည်းငယ်မျှ ရိပ်မိနိုင်သောသူ ရှိလျှင် ထိုသူကား ကျူးယိုချိုက်ပင် ဖြစ်ပေမည်။
ထိုအခိုက်အတန့်တွင် သူသည် တောင်တန်း တစ်တန်းပေါ်တွင် ရပ်နေခဲ့သည်။ တောင်တန်းကြီး ယိမ်းခါသွားသည်နှင့် မြည်ဟည်းသံများ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ တိမ်တိုက်များမှာလည်း လိပ်တက်ပတ်တက် သွားကြသည်။ ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ပြောင်းလဲသွားစဉ် ကျူးယိုချိုက်၏ မျက်နှာ အမူအရာမှာလည်း လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။
"ဒါက... ပဉ္စမမြောက် မီးဖိုကြီးက သူ့ရဲ့ အရှင်သခင်ကို အသိအမှတ်ပြုလိုက်တာပဲ။ ငါတို့ထဲမှာ အသူရာဖန်ဆင်းရှင် တစ်ယောက်ယောက် ရှိနေတာလား"
တစ်ချိန်တည်းပင် ပဉ္စမမြောက် မီးဖို၏ အပြင်ဘက်၌ ဖုန်မှုန့်မီးရှို့သူ မျိုးနွယ်စုများ နေထိုင်ရာ တိုက်ကြီးသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် ဖုန်မှုန့်မီးရှို့သူ မျိုးနွယ်စုဝင်အားလုံးသည် ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်ကြတော့သည်။ သူတို့၏ ခန္ဓာကိုယ်များသည် အလိုအလျောက် အသွင်ပြောင်းလဲသွားပြီး မီးလျှံဝိညာဉ်များ၏ ခန္ဓာကိုယ်အဖြစ်သို့ ရောက်ရှိသွားကြသည်။
ဤအခြင်းအရာသည် သူတို့၏ ကျင့်စဉ်အဆင့်အတန်းနှင့် မည်သို့မျှ မသက်ဆိုင်ချေ။ ဖုန်မှုန့်မီးရှို့သူ မျိုးနွယ်စု၏ ခေါင်းဆောင်နှင့် ဘိုးဘေးတို့ပင်လျှင် မိမိတို့၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ မီးလျှံဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွားရသည်။ သူတို့ ဟိန်းဟောက်လိုက်စဉ် မျိုးနွယ်စုဝင် အအားလုံး၏ ဝိညာဉ်အနက်ရှိုင်းဆုံးဆီမှ အသံတစ်သံက သူတို့၏ စိတ်အာရုံထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ 'ပဉ္စမမြောက် မီးဖိုကြီးသည် ၎င်း၏ အရှင်သခင်ကို အသိအမှတ်ပြုလိုက်ပြီ'
ဖုန်မှုန့်မီးရှို့သူ မျိုးနွယ်စု ဘိုးဘေးသည် မီးလျှံဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားသည်နှင့် သူ့မျက်ဝန်းများထဲတွင် စူးရှတောက်ပသော အလင်းတန်း တစ်ချက် ဖြာထွက်လာခဲ့သည်။
ပဉ္စမမြောက် မီးဖို၏ ဗဟိုချက် ဟင်းလင်းပြင်အတွင်း၌ ရှိနေသော စုမင်သည် ထိုမီးဖိုကြီးက သူ့ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီး မိမိ၏ စိတ်ဆန္ဒအတိုင်း လှုပ်ရှားဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိလိုက်သည်။ စုမင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ညာလက်ကို မြှောက်ကာ ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မီးဖိုကြီးကို ဝန်းရံထားသော ပုံရိပ်များ ပျောက်ကွယ်သွားကြသည်။ သူ့ဘေးပတ်လည်ရှိ မရေမတွက်နိုင်သော ဟင်းလင်းပြင်ကမ္ဘာများလည်း အရိပ်အယောင်မကျန် ကွယ်ပျောက်သွားပြီး အရာအားလုံးကို ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားစေသည်။ စုမင် လှည့်လိုက်သောအခါ ဟင်းလင်းပြင်ထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ခေါင်းတလားမှာ ယဇ်ပလ္လင်ပေါ်တွင် ရှိနေဆဲပင် ဖြစ်သည်။ ထို့ပြင် မှော်သင်္ကေတ၏ စွမ်းအားကြောင့် ထိုအမျိုးသမီး နောက်ဆုံးတွင် နိုးထလာနိုင်စေရန်အတွက် သူမအား ပြုစုပျိုးထောင်ပေးမည့် မြောက်မြားစွာသော အသက်စွမ်းအားများသည် ခေါင်းတလားထဲသို့ ဆက်လက်၍ စုပ်ယူခြင်း ခံနေရဦးမည် ဖြစ်သည်။
အကယ်၍ စုမင် အလိုရှိပါက ပဉ္စမမြောက် မီးဖိုကြီးကို ယူဆောင်သွားနိုင်သော်လည်း သူ ထိုသို့ မပြုလုပ်ခဲ့ချေ။
အချိန်ကာလ ကုန်လွန်သွားသည်နှင့် စွမ်းအားကြီးမားသော ကျင့်ကြံသူများကို ဆက်လက် ဆွဲဆောင်နိုင်ရန်အတွက် သူသည် မီးဖိုကြီးကို ဤနေရာတွင်သာ ချန်ထားရစ်ခဲ့မည် ဖြစ်သည်။ ထိုသို့ ပြုလုပ်မှသာ မှော်သင်္ကေတ၏ အာနိသင် ဆက်လက် တည်တံ့နေမည်ဖြစ်ပြီး ထိုသို့ ဖြစ်မှသာ တစ်နေ့တွင် မိခင်ဖြစ်သူ နိုးထလာနိုင်မည့် အခွင့်အရေး ရှိပေမည်။
စုမင်သည် ဟင်းလင်းပြင်ထဲမှ ပျောက်ကွယ်သွားသောအခါ ရွှီဟွေကို ခေါ်ဆောင်လျက် ပဉ္စမမြောက် မီးဖိုကြီး၏ အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့ပြီး နဂါးငွေ့တန်း အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။
သူ ခေါင်းကို ပြန်လှည့် ကြည့်လိုက်သောအခါ ပဉ္စမမြောက် မီးဖိုကြီးက သူ့နောက်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ အတွင်း၌ သူ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးမှာ အိမ်မက်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
စုမင်က သက်ပြင်းခပ်ဖွဖွ ချလိုက်မိသည်။ သို့သော် သူ သက်ပြင်းချလိုက်သည့် အခိုက်အတန့်၌ပင် သိုလှောင်အိတ်ထဲမှ ရွှေရောင်အလင်းတန်း တစ်တန်း ချက်ချင်း ဖြာထွက်လာပြီး ဘေးပတ်လည် တစ်ဝိုက်လုံးကို ရွှေအဆင်းအဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။
ထိုရွှေရောင်မှာ စုမင်ကိုယ်တိုင် ထုတ်လွှတ်သော ရွှေရောင် အလင်းတန်းနှင့် မတူညီချေ။ စကြဝဠာကြီး၏ စွမ်းအင်များကို စုပ်ယူနိုင်စွမ်းရှိသော ဝေဝါးသည့် ခံစားချက်မျိုး ပါဝင်နေသည့် ကြီးမားသော စွမ်းအား တစ်ခုက ထိုအလင်းတန်းထံမှ ပြန့်ကားထွက်ပေါ်လာသည်။ ထို့ပြင် ၎င်းထံတွင် နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ်နှင့် လုံးဝ အံဝင်ခွင်ကျမဖြစ်သော အငွေ့အသက်တစ်ခု ပါရှိနေပြီး ၎င်း ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ်၏ ထောက်လှမ်းခြင်းကို ခံရကာ နဂါးငွေ့တန်းကြီး၏ ငြင်းပယ်မှုအား ခံရတော့မည့်အလား ဖြစ်နေသည်။
စုမင်သည် ခဏမျှ ကြောင်အသွားရသည်။ သူက ခေါင်းငုံ့၍ သိုလှောင်အိတ်ကို ကြည့်လိုက်သောအခါ သူ သိမ်းဆည်းထားခဲ့သော ပဉ္စမမြောက် ကျောက်တုံးသည် ယခုအခါ ပေတစ်သိန်းအထိ ရှည်လျားသော ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေကြောင်း ခံစားလိုက်ရသည်။ ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ ၎င်းသည် သိုလှောင်အိတ်ထဲမှ အတင်းအဓမ္မ တိုးထွက်လာခဲ့တော့သည်။
ဤအရာသည် ပဉ္စမမြောက် မီးဖိုကြီး၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်နှင့် အိတ်အတွင်း၌ မည်သို့မျှ ဆက်လက် တည်ရှိမနေနိုင်တော့သည့်အလား ထင်ရသည်။ ၎င်းသည် အပြင်သို့ ပျံထွက်လာသောအခါ အဝေးသို့ ပျံသန်းမသွားဘဲ စုမင်၏ ဘေးပတ်လည်တွင် လွင့်မျောလျက် သူ့ကို ဗဟိုပြုကာ မနားတမ်း လည်ပတ်နေခဲ့သည်။
ရွှေရောင် အလင်းတန်းများသည် အရပ်မျက်နှာအသီးသီးသို့ ဆက်လက် ပြန့်ကားသွားစဉ် နဂါးငွေ့တန်းကြီးမှာ တုန်ခါသွားရသည်။ အဆုံးအစမရှိသော အကွာအဝေး တစ်ခုအထိ ရောက်ရှိသွားသောအခါ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် တစ်ခုလုံးကို ဆူပူလှုပ်ခတ်သွားစေနိုင်မည့် မဟာ ကပ်ဘေးကြီး တစ်ခု ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
မီးလျှံဝိညာဉ်များအဖြစ် ပြောင်းလဲသွားခဲ့ကြသော ဖုန်မှုန့်မီးရှို့သူ မျိုးနွယ်စုဝင်များသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခါစသာ ရှိသေးသည်။ ထိုအခိုက်အတန့်တွင် ဖုန်မှုန့်မီးရှို့သူ မျိုးနွယ်စု ဘိုးဘေး၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်နှင့် လုံးဝ ကွဲပြားခြားနားပြီး နဂါးငွေ့တန်းကြီးနှင့် အံဝင်ခွင်ကျမဖြစ်သော စွမ်းအားတစ်ခုသည် ပဉ္စမမြောက် မီးဖိုကြီးရှိရာ အရပ်မှ သူတို့ တိုက်ကြီးဆီသို့ လျင်မြန်စွာ ဦးတည် ရွေ့လျားလာနေကြောင်း သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။
"ပဉ္စမမြောက် ကျောက်တုံး" ဖုန်မှုန့်မီးရှို့သူ မျိုးနွယ်စု ဘိုးဘေးသည် ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်သည်။
ရန်ဝူမျိုးနွယ်စုတို့၏ နယ်မြေမှာ နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ်၏ ဗဟိုချက်တွင် ရှိပြီး ပိန်းပိတ်အောင် မှောင်မိုက်နေခဲ့သည်။ ပဉ္စမမြောက် ကျောက်တုံး၏ အငွေ့အသက် ပြန့်နှံ့သွားသောအခါ ထိုမှောင်မိုက်မှုထဲတွင် ရေတွက်၍မရနိုင်သော မျက်လုံးအစုံပေါင်းများစွာ ရုတ်တရက် ပွင့်လာကြတော့သည်။ ၎င်းတို့ တစ်လုံးချင်းစီ၏ မျက်ဝန်းထဲတွင် တောရိုင်းတိရစ္ဆာန် တစ်ကောင်ကဲ့သို့ ရူးသွပ်မှုများ ပြည့်နှက်နေသည်။
"ပဉ္စမမြောက် ကျောက်တုံး... နောက်ထပ် ပဉ္စမမြောက် ကျောက်တုံးတစ်တုံး ပေါ်လာပြီ။ လုယူကြဟေ့... ငါတို့ အဲဒါကို မဖြစ်မနေ လုယူရမယ်"
မှောင်မိုက်မှုထဲတွင် အက်ရှရှ အော်ဟစ်သံများ ပဲ့တင်ထပ်သွားပြီး မျက်ဝန်းများထဲရှိ ရူးသွပ်မှုမှာလည်း ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
လူခေါင်းနှင့် မြွေကိုယ်ခန္ဓာ ရှိကြသည့် သုစရိုက်မြစ်တွယ် မျိုးနွယ်စုများသည်လည်း သူတို့ မှီတင်းနေထိုင်ရာ ထုံးကျောက်ဂူကြီး အတွင်း၌ မျက်လုံးများကို ဖွင့်လိုက်ကြသည်။ လေထုထဲတွင် လျှာသံတရှူးရှူး မြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး ကြီးမားသော စိတ်ဆန္ဒ တစ်ခုသည် ဂြိုဟ်တစ်ဂြိုဟ်လုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့တော့သည်။
"နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်နဲ့ သဟဇာတမဖြစ်တဲ့ အဲဒီအငွေ့အသက်ကို ရှာဖွေကြစမ်း။ ပဉ္စမမြောက် ကျောက်တုံးကို ရှာပြီး ငါ့ဆီကို ယူလာခဲ့ကြ"