အခန်း (၁၀၂၃-၁၀၂၄)
Vol. 74 Ch. 1023-1024
အခန်း ၁၀၂၃ ပြာမှုန်များ
ဖုန်မှုန့်မီးရှို့သူ မျိုးနွယ်စုများအပြင် ကောင်းကင်ဖြတ်သန်းသူ မျိုးနွယ်စုများသည်လည်း တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြသည်။ ထိုအခိုက်အတန့်တွင် သူတို့သည်လည်း ပဉ္စမမြောက် ကျောက်တုံး၏ အငွေ့အသက်ကို အာရုံခံမိကြသော်လည်း ကောင်းကင်ဖြတ်သန်းသူ ဘိုးဘေးသည် တင်ပလ္လင်ခွေထိုင်နေရာမှ မျက်လုံးကို တစ်ချက်သာ ဖွင့်ကြည့်ခဲ့သည်။ ထို့နောက် သူသည် မျက်လုံးကို ပြန်လည်ပိတ်လိုက်ပြီး အတိတ်တုန်းကကဲ့သို့ ပဉ္စမမြောက် ကျောက်တုံးအား လုယူရန် မကြိုးပမ်းတော့ချေ။
သူ သိသည်ကား ပဉ္စမမြောက် ကျောက်တုံးတစ်တုံး ပေါ်လာတိုင်း ဤစကြဝဠာနှင့် သဟဇာတမဖြစ်သော ထိုအငွေ့အသက်သည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် တစ်ခုလုံးကို ရိုက်ခတ်သွားမည်ဖြစ်ပြီး ၎င်းအား လုယူတိုက်ခိုက်ရန်အတွက် မြောက်မြားစွာသော သားရဲအုပ်ကြီးများကို ဆွဲဆောင်မည် ဆိုသည်ပင်။
အကယ်၍ ၎င်းတို့သာ ပဉ္စမမြောက် ကျောက်တုံးကို အောင်မြင်စွာ ဖမ်းဆုပ်နိုင်ခဲ့လျှင် ထိုကျောက်တုံးအား အသုံးပြု၍ လျှို့ဝှက်ဆန်းကြယ်သော ပဉ္စမမြောက် မဟာလောကဆီသို့ ဦးတည်သွားရောက်နိုင်မည် ဖြစ်သည်။ ပဉ္စမမြောက် မဟာလောကနှင့် ပတ်သက်သည့် ကောလာဟလများသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်အတွင်း ပျံ့နှံ့နေခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
အဆုံးစွန်အားဖြင့်မူ ပဉ္စမမြောက် မီးဖိုကြီးသည် ထိုနေရာမှ ပျံသန်းထွက်ပေါ်လာခြင်းဖြစ်ပြီး အတွင်းရှိ အထွတ်အထိပ် ရတနာများကို ကြည့်ခြင်းအားဖြင့် ထိုလျှို့ဝှက်ဆန်းကြယ်သော ပဉ္စမမြောက် မဟာလောကကြီးသည် မည်မျှအထိ ကြွယ်ဝချမ်းသာမည်အား ခန့်မှန်းနိုင်သည်။
ထို့ပြင် ထိုနေရာသည် ယခုအခါ သက်ရှိဟူသမျှ ကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ မည်သူမဆို ထိုအလွတ်ပြင် စကြဝဠာကြီး အတွင်း၌ ကံကောင်းမှု တစ်ခုကို ရရှိခဲ့မည်ဆိုလျှင် ၎င်းသည် အတိုင်းအဆမရှိ ကြီးမားပေမည်။
သူတို့အနေဖြင့် ပဉ္စမမြောက် မဟာလောကသို့ မသွားရောက်ရန် ရွေးချယ်ခဲ့လျှင်ပင် ပဉ္စမမြောက် ကျောက်တုံးအား လက်ဝယ်ပိုင်ဆိုင်ထားသရွေ့ နည်းလမ်းနှစ်လမ်းအနက် တစ်လမ်းကို ရွေးချယ်အသုံးပြုနိုင်သည်။ ပထမနည်းလမ်းမှာ ပဉ္စမမြောက် ပင်လယ် အတွင်းရှိ အစောင့်အရှောက် မျိုးနွယ်စုများထံသို့ ပေးအပ်ရန် ဖြစ်သည်။ သူတို့သည် ပဉ္စမမြောက် ကျောက်တုံးနှင့် လဲလှယ်ရန်အတွက် အလွန်တရာ မြင့်မားသော တန်ဖိုးကို ပေးဆောင်ကြမည်။
အခြားတစ်နည်းမှာမူ ပဉ္စမမြောက် ကျောက်တုံးကို မှော်ရတနာတစ်ပါးအဖြစ် သွန်းလုပ်ရန် ဖြစ်သည်။ ထိုကျောက်တုံးသည် နဂါးငွေ့တန်း၏ နိယာမတရားများနှင့် ဆန့်ကျင်ဘက်ဖြစ်သော စွမ်းအားအား ငှားရမ်းကာ နိယာမတရားများကိုပင် ဖြတ်တောက်နိုင်သည့် အထွတ်အထိပ် ရတနာတစ်ပါးအား ဖန်တီးနိုင်မည် ဖြစ်သည်။ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်အတွင်း ထိုကဲ့သို့သော ရတနာမျိုး လုံးဝ မရှိသည်တော့ မဟုတ်ပေ။ သို့သော် ယင်းတို့အနက် အများစုမှာ မျိုးနွယ်စု အသီးသီး၏ အမွေအနှစ် ရတနာများသာ ဖြစ်ကြသည်။
ဤသည်က အတိတ်တုန်းက ကောင်းကင်ဖြတ်သန်းသူ ဘိုးဘေး၏ ကိုယ်ပေါ်ရှိ မှော်သင်္ကေတနှင့် ဆင်တူသည်။ သူတို့ ရတနာကို ဖန်တီးခဲ့စဉ်က ပဉ္စမမြောက် ကျောက်တုံးကိုပါ ထည့်သွင်းသွန်းလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဤဆွဲဆောင်မှု သုံးခုသည် ပဉ္စမမြောက် ကျောက်တုံးကို ရရှိရန်အတွက် ရူးသွပ်စွာ တိုက်ခိုက်ကြစေရန် လုံလောက်ပြီး ပဉ္စမမြောက် ကျောက်တုံး ပေါ်လာတိုင်း ဖြစ်ပွားတတ်သော ကပ်ဘေးသည် သွေးချောင်းစီးရလေ့ရှိသည်။
အဆုံးစွန်တွင်မူ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ ဗဟိုချက်၌ ရှိနေကြသော ကြောက်မက်ဖွယ် သားရဲများနှင့် မျိုးနွယ်စုများသာမက အတွင်းပိုင်းနှင့် အစွန်အဖျားပိုင်းရှိ မျိုးနွယ်စုအားလုံးနှင့် သားရဲများသည်လည်း ထိုအခိုက်အတန့်၌ ကျောက်တုံး၏ ပေါ်ထွက်လာမှုကို အာရုံခံမိကြသည်။
စင်စစ် မူလက အိပ်မော်ကျနေခဲ့ကြသော ဘိုးဘေးဝိညာဉ် အချို့ပင်လျှင် ထိုလှုံ့ဆော်မှုအောက်တွင် မျက်လုံးများ ပွင့်လာခဲ့ကြသည်။ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ ဒေသအသီးသီးမှ ထွက်ပေါ်လာသော မြည်ဟည်းသံများသည် ထိုအခိုက်အတန့်တွင် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားတော့သည်။
"ပဉ္စမမြောက် ကျောက်တုံး..." ဂြိုဟ်တစ်လုံး၏ မြေပြင်သည် ပြိုကျပျက်စီးသွားခဲ့သည်။ မြေပြင်အောက်ခြေ အနက်ရှိုင်းဆုံးနေရာမှ ဧရာမ လက်ဝါးကြီးတစ်ဖက်သည် လက်ချောင်းများကို လက်သီးအဖြစ် ဆုပ်လိုက်ပြီး မြေကမ္ဘာထဲမှ ဘီလူးကြီးတစ်ကောင် တိုးထွက်လာခဲ့သည်။ ထိုဘီလူးကြီးတွင် ခေါင်းနှစ်လုံးရှိပြီး နှစ်ခေါင်းလုံးကို မော့ကာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်တော့သည်။
"ပဉ္စမမြောက် ကျောက်တုံး တစ်ခါ ပြန်ပေါ်လာပြီ..." ပြာမှုန်များ ဖုံးလွှမ်းနေသော ကန္တာရ မြေရိုင်းတစ်ခုထဲတွင် တိုးညှင်းသော အသံများ ပဲ့တင်ထပ်သွားစဉ် တစ်ပိုင်းတစ်စ လင်းထွင်းနေသော ခန္ဓာကိုယ်ရှိသည့် ထူးဆန်းသော သက်ရှိတစ်ကောင်သည် ဖြည်းညှင်းစွာ ရုပ်လုံးပေါ်လာခဲ့သည်။ သူသည် အဝေးသို့ စိုက်ကြည့်လိုက်ပြီးနောက် လျှပ်စီးလက်သကဲ့သို့ ဖျတ်ခနဲ လှုပ်ရှားကာ ပျောက်ကွယ်သွားတော့သည်။
ဤကဲ့သို့သော မြင်ကွင်းများသည် နဂါးငွေ့တန်း အတွင်းရှိ နေရာအနှံ့အပြားတွင် ပေါ်ပေါက်လာခဲ့သည်။ လူတိုင်း၏ အာရုံစိုက်မှုသည် ပဉ္စမမြောက် ကျောက်တုံးထံသို့သာ ဦးတည်နေခဲ့တော့သည်။
ထိုခဏ၌ စုမင်သည်လည်း ပဉ္စမမြောက် ကျောက်တုံးထံမှ နိယာမများနှင့် ဆန့်ကျင်ဘက်ဖြစ်သော စွမ်းအင်လှိုင်းများကို သတိပြုမိလိုက်ရာ သူ့မျက်ဝန်းများထဲတွင် အလင်းတစ်ချက် ဖြာထွက်သွားသည်။ ထိုအခါမှသာ စည်းတံဆိပ် တစ်ခုတည်းကြောင့် ထျန်းရှဲ့ကျီသည် အဘယ်ကြောင့် ကြီးမားသော ဂြိုဟ်သားမျိုးနွယ်စုကြီး လေးခု၏ လိုက်လံလုပ်ကြံခြင်းအား ခံခဲ့ရသည်ကို သူ နားလည်သွားတော့သည်။ စင်စစ် သူ့အသက်ကို ရန်ရှာခဲ့ကြသော အခြားသော မျိုးနွယ်စုများနှင့် သားရဲတိရစ္ဆာန်များလည်း သေချာပေါက် ရှိခဲ့ပေမည်။
'ဒီလို ကျောက်တုံးမျိုးက...'
စုမင်သည် ပဉ္စမမြောက် ကျောက်တုံးကို စိုက်ကြည့်လိုက်သည်။ ယင်းသည် မီးဖိုကြီး အတွင်း၌ ရှိစဉ်က ထူးခြားခြင်း မရှိခဲ့သော်လည်း ပြင်ပကမ္ဘာသို့ ရောက်ရှိလာသော အခါတွင်မူ ဤကမ္ဘာနှင့် သက်ဆိုင်ခြင်း မရှိသောကြောင့် နေမင်းကဲ့သို့ တောက်ပလွန်းနေခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ကျောက်တုံးသည် ဤနေရာက နိယာမတရားများ၏ လက်ခံခြင်းကို မခံရဘဲ ဤနေရာမှ နိယာမတရားများအား ပြန်လည် တိုက်ခိုက်နိုင်သည့် ထက်မြက်သော လက်နက်တစ်လက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော ကျောက်တုံးမျိုးကို အခြားသူများ သေချာပေါက် အလိုရှိကြပေမည်။
'ကောင်းကင်ဖြတ်သန်းသူ ဘိုးဘေးဖြစ်စေ ဖုန်မှုန့်မီးရှို့သူ မျိုးနွယ်စုဖြစ်စေ ဘယ်သူမှ ငါ့ကို အမှန်တရားကို မပြောပြခဲ့ကြဘူး။ တိကျိုမိုရှား ဆိုရင်လည်း သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းနဲ့ဆို ဒီကျောက်တုံး အကြောင်းကို အများကြီး သိနိုင်မှာ မဟုတ်ဘူး'
'ဒါက ဒီလောက်အထိ အဖိုးတန်တဲ့ ရတနာဖြစ်နေမှတော့ ဒီလို တိုက်ပွဲတွေ ဖြစ်ပွားတာ မဆန်းပါဘူးလေ'
စုမင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ညာလက်ဖြင့် မှော်သင်္ကေတ တစ်လုံးကို ဖော်ဆောင်ကာ ပဉ္စမမြောက် ကျောက်တုံးအား လက်ညှိုးဖြင့် လှမ်းထောက်လိုက်သည်။ သို့သော် ကျောက်တုံးမှာ မလှုပ်မယှက် ရှိနေခဲ့သည်။ ကျောက်တုံးသည် စုမင် ဘေးတွင်သာ ဆက်လက် တည်ရှိနေပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေဆဲဖြစ်ကာ သိုလှောင်အိတ်ထဲသို့ ဝင်ရောက်ခြင်း မရှိခဲ့ချေ။
စုမင်သည် မျက်မှောင်ကြုတ်လိုက်မိပြီးနောက် မျက်ဝန်းများထဲတွင် စူးရှသော အရိပ်အယောင် တစ်ခု ထွက်ပေါ်လာသည်။ သူသည် ပါးစပ်ကို ဟကာ ပဉ္စမမြောက် ကျောက်တုံးရှိရာ အရပ်သို့ အားပြင်းပြင်းဖြင့် တစ်ချက် ရှူသွင်းလိုက်သည်။ ကျောက်တုံးက တုန်ခါသွားပြီးနောက် စုမင်၏ ပါးစပ်ထဲသို့ ပြေးဝင်သွားတော့သည်။ ကျောက်တုံးကို ချက်ချင်းပင် မျိုချလိုက်ရာ စုမင် ခန္ဓာကိုယ်ထံမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး အချိန်အတန်ကြာမှသာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ဤအခြင်းအရာသည် ယာယီအားဖြင့် ဖိနှိပ်ထားခြင်းသာ ဖြစ်ပြီး မကြာမီ အချိန်အတွင်း ထိုကျောက်တုံးသည် အပြင်သို့ ပြန်လည် ပျံထွက်လာဦးမည် ဖြစ်သည်။ စုမင်အနေဖြင့် ၎င်းကို ခေတ္တမျှ ဖုံးကွယ်ထားနိုင်ခြင်းမှာ သူ့ဝိညာဉ်သည် အသူရာဖန်ဆင်းရှင် ဖြစ်နေသောကြောင့်ဖြစ်ပြီး သူတို့သည် ပဉ္စမမြောက် ကျောက်တုံးကဲ့သို့ပင် ပဉ္စမမြောက် မဟာလောကမှ မွေးဖွားလာကြသောကြောင့် ဖြစ်သည်။
အကယ်၍ စုမင်၏ စစ်မှန်သော ခန္ဓာကိုယ်သာ ဤနေရာ၌ ရှိနေခဲ့လျှင် သူသည် ပဉ္စမမြောက် ကျောက်တုံးကို လုံးဝ ဥဿုံ လက်ခံလိုက်နိုင်မည်ဖြစ်ပြီး စွမ်းအင်လှိုင်း တစ်ချက်မျှပင် အပြင်သို့ ပြန့်ကားသွားစေမည် မဟုတ်ပေ။ သို့သော် သူ့တွင် ထိုခန္ဓာကိုယ် မရှိသောကြောင့် ကျောက်တုံးကို အမြဲတမ်း ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
စုမင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပဉ္စမမြောက် မီးဖိုကြီးကို တစ်ချက်ကြည့်ကာ လက်ညှိုးညွှန်လိုက်သည်။
သူ ထိုသို့ ပြုလုပ်လိုက်သည်နှင့် မီးဖိုကြီးထံမှ မြည်ဟည်းသံများ ထွက်ပေါ်လာပြီး တုန်ခါလာတော့သည်။ ကြီးမားသော မီးလျှံပင်လယ်ကြီးသည် အတွင်းမှ လျင်မြန်စွာ လျှံထွက်လာခဲ့ပြီး မီးဖိုကြီးတစ်ခုလုံး မီးလောင်ကျွမ်းနေသည့်အလား ထင်မှတ်ရစေသည်။
ထို့နောက် ချက်ချင်းပင် လူရုပ်ပုံရိပ် အချို့သည် မီးလျှံများ၏ ရိုက်ခတ်မှုကြောင့် မီးဖိုကြီး၏ အပြင်ဘက်သို့ လွင့်စင်ထွက်လာခဲ့ကြသည်။ ထိုထဲတွင် ရွှမ်ရှန်း၊ ဆရာတော် ကျိလုံ၊ မီးတောက်မိစ္ဆာ ဘိုးဘေးနှင့် ဝိညာဉ်အဆင့်သာ မဟုတ်တော့ဘဲ ခန္ဓာကိုယ် ပြန်လည်ရရှိခါစ ဖြစ်သော ဘိုးဘေး လုံဟိုင်းတို့ ပါဝင်သည်။
နောက်ဆုံးမှ ပေါ်လာသူမှာမူ ကျူးယိုချိုက်ပင် ဖြစ်သည်။
ဤလူများသည် အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။ ပဉ္စမမြောက် မီးဖိုကြီး တုန်ခါသွားသည်နှင့် သူတို့သည် မိမိတို့ ရောက်ရှိနေခဲ့ကြသော ဟင်းလင်းပြင် ကမ္ဘာများထဲမှ အတင်းအဓမ္မ မောင်းထုတ်ခြင်း ခံခဲ့ရသည်။ သူတို့ ပဉ္စမမြောက် မီးဖိုကြီးမှ ထွက်ခွာလာကြပြီးနောက် စုမင်ကို ကြည့်လိုက်ကြစဉ် အားလုံး၏ မျက်နှာတွင် မတူညီသော အမူအရာမျိုးစုံ အရိပ်ထင်နေခဲ့သည်။
ဤလူများသည် မီးဖိုကြီးအတွင်း၌ ရှိစဉ်က ပထမနယ်နိမိတ်နှင့် အလွန်နီးစပ်ခဲ့ကြသူများ ဖြစ်သည်။ သူတို့သည် ထိုအရာအတွက် မြောက်မြားစွာသော အသက်စွမ်းအားများကို စတေးခဲ့ကြသော်လည်း စုမင်သည် သူတို့အား ထိုနေရာတွင် ဆက်လက်ရှိနေစေရန် စိတ်မချနိုင်ခဲ့သောကြောင့် ပဉ္စမမြောက် မီးဖိုကြီးအား အသုံးပြု၍ သူတို့အားလုံးကို အပြင်သို့ မောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူသည် လူအုပ်ကြီးကို ဝှေ့ယမ်းကြည့်ရှုလိုက်ပြီးနောက် ကျူးယိုချိုက်ထံတွင် အကြည့်ကို ရပ်တန့်လိုက်သည်။ ထိုလူသည်လည်း စုမင်ကို စိုက်ကြည့်နေခဲ့သည်။ သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံမိသွားကြစဉ် ကျူးယိုချိုက်၏ မျက်ဝန်းများမှာ လျင်မြန်စွာ တောက်ပလာခဲ့သည်။
"ဟောင်ကွေ့" စုမင်က တိုးညှင်းစွာ ခေါ်လိုက်သည်။
မီးတောက်မိစ္ဆာ ဘိုးဘေး၏ မျက်ဝန်းများ တောက်ပသွားသည်။ သူသည် စုမင်ကို ကြည့်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူသည် ပဉ္စမမြောက် မီးဖိုကြီးထဲမှ ထွက်လာခဲ့ပြီ ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် အလွန်တရာ အားနည်းနေခဲ့ပြီး စုမင်အပေါ် ထားရှိသော သတိဝီရိယမှာ လျော့ပါးမသွားသည့်အပြင် ပိုမို၍ပင် ကြီးမားလာခဲ့သည်။
"ကျုပ် ခင်ဗျားကို ဒီအလောင်း ပေးမယ်လို့ ကတိပေးခဲ့တယ်။ ယူလိုက်တော့" စုမင် စကားပြောနေရင်း ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အလောင်းကောင်ဖြစ်သော ဝတ်စုံဖြူဝတ် လုလင်၏ အလောင်းသည် စုမင် ရှေ့တွင် ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။ သူ အလောင်းကို လွှဲမြှောက်၍ ပစ်ပေါက်လိုက်သောအခါ မီးတောက်မိစ္ဆာ ဘိုးဘေးရှိရာ အရပ်သို့ ပြေးဝင်သွားတော့သည်။
မီးတောက်မိစ္ဆာ ဘိုးဘေးသည် ကြောင်အသွားပြီးနောက် စုမင်ကို ကြည့်ကာ ခဏမျှ ဝေခွဲမရ ဖြစ်နေခဲ့သည်။
သို့သော် အခြားတစ်ယောက်၏ မျက်နှာအမူအရာမှာမူ ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။ သူ့ထံမှ မည်သည့် အပြောင်းအလဲကိုမျှ အာရုံမခံနိုင်ချေ။
မီးတောက်မိစ္ဆာ ဘိုးဘေးသည် ဝေခွဲမရဖြစ်နေရင်းမှ အလောင်းသည် မိမိထံသို့ နီးကပ်လာသည်ကို စောင့်ကြည့်နေခဲ့သည်။ သူသည် စုမင်၏ စိတ်ကူးအား ထိုးဖောက်မမြင်နိုင်သလို ထိုအလောင်းထဲတွင် မိမိအတွက် ထောင်ချောက်တစ်ခုခု စောင့်ကြိုနေမည်လော ဆိုသည်ကိုလည်း မသိရှိချေ။ သို့သော် အကယ်၍ သူသာ ဤအတိုင်း လက်လွှတ်လိုက်မည်ဆိုပါက အရှင်သခင် အဆင့်အတွင်း အခြားအလောင်းတစ်လောင်းကို ရှာဖွေရန် သူ့အတွက် အလွန် ခက်ခဲမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူသည် အံကို ကြိတ်လိုက်မိသည်။ စုမင်အနေဖြင့် သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိမည်မဟုတ်ကြောင်းနှင့် သူ့ထံမှ တစ်ခုခုကို လိုချင်ခဲ့လျှင်ပင် သူ့ကျင့်ကြံခြင်း အဆင့်အတန်းအရ အစောင့်အရှောက် ရာထူးကဲ့သို့သော အရာမျိုး ဖြစ်မည် မဟုတ်ကြောင်း သူ ယုံကြည်သည်။ ထို့ကြောင့် သူ့မျက်ဝန်းများထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ဝတ်စုံဖြူ လုလင်၏ အလောင်းရှိရာသို့ ပြေးဝင်သွားတော့သည်။ ယင်းသည် သူ၏ ယခင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုမိုသန်မာသည်။ ထိုအကြောင်းကြောင့် သူသည် ဤစွန့်စားခန်းတွင် ဆုံးရှုံးမှု မရှိခဲ့သည့်အပြင် ယင်းအစား ကြီးမားသော ကံကောင်းခြင်း တစ်ခုကိုပါ ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ ဝတ်စုံဖြူ လုလင်၏ အလောင်းနားသို့ ချဉ်းကပ်လိုက်သည့် အခိုက်အတန့်၌ပင် ဆရာတော် ကျိလုံသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အလောင်း ဘေးတွင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ သူသည် ညာဘက်လက်မောင်းကို မြှောက်ကာ လွှဲယမ်းလိုက်ရာ မီးတောက်မိစ္ဆာ ဘိုးဘေး၏ မျက်နှာအမူအရာမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး နောက်သို့ အမြန် ဆုတ်ခွာသွားရတော့သည်။
"တာအိုရောင်းရင်း ကျိလုံ... ဒါက ဘာသဘောလဲ" မီးတောက်မိစ္ဆာ ဘိုးဘေးသည် ချက်ချင်းပင် စူးရှသော အသံဖြင့် မေးမြန်းလိုက်သည်။
"ဒီလူက မဟာလောကကြီး လေးခုရဲ့ ဧည့်သည်တော် တစ်ယောက်ပဲ။ သူ့အလောင်းကို ငါ ပြန်ယူသွားမယ်" ဆရာတော် ကျိလုံက တိုးညှင်းစွာ ပြောလိုက်သော်လည်း သူသည် ဟောင်ကွေ့ကို ကြည့်မနေခဲ့ချေ။ ယင်းအစား သူသည် စုမင်ရှိရာ အရပ်သို့ စိုက်ကြည့်လိုက်သည်။
"ဒါ ကျုပ်ရဲ့ စစ်သုံ့ပန်းပဲ" စုမင်က မျက်မှောင်ကြုတ်လျက် ဆရာတော် ကျိလုံကို စိုက်ကြည့်ရင်း တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ လူအနည်းငယ်ကလွဲလျှင် သူ့နှလုံးသားထဲတွင် မဟာလောကကြီး လေးခုအပေါ် အနည်းငယ်မျှပင် ကြည်ဖြူစိတ် မရှိချေ။ ထိုအခိုက်အတန့်တွင် သူ ထိုစကားများကို အေးစက်စွာ ပြောဆိုလိုက်စဉ် သူ့ဆံနွယ်များထဲ၌ မီးခိုးရောင် အရောင်အသွေးတစ်ခု တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာခဲ့သည်။
"ဩော်... ဒါဆိုရင် မင်းရဲ့ ဒီစစ်သုံ့ပန်းက မင်းနဲ့ ထိုက်တန်ရဲ့လား ကြည့်ရသေးတာပေါ့"
ဆရာတော် ကျိလုံ၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ သူသည် ဝတ်စုံဖြူ လုလင်၏ အလောင်းကို မဟာ လောကကြီး လေးခုထံသို့ ပြန်ယူသွားမည့် ကိစ္စအား အနည်းငယ်မျှ ဂရုမစိုက်ချေ။ သူ အဓိက အာရုံစိုက်သည်ကား အတွင်းရှိ ရှေးဟောင်းဝူ သွေးမျိုးဆက် အနှစ်သာရ ဖြစ်သည်။ အကယ်၍ သူသာ ထိုအလောင်း၏ ခန္ဓာကိုယ်ကို သန့်စင်ပြီး ရှေးဟောင်းဝူ သွေးစက် အချို့ကို စုစည်းနိုင်ခဲ့မည်ဆိုပါက ပဉ္စမမြောက် မီးဖိုကြီးဆီသို့ လာရောက်ခဲ့သော ခရီးစဉ်သည် အလဟဿ ဖြစ်သွားမည် မဟုတ်ပေ။
ထို့ကြောင့် သူသည် ထိုအလောင်းကို မဖြစ်မနေ အလိုရှိနေခြင်း ဖြစ်သည်။ သူ စကားပြောနေရင်း ညာလက်ဖြင့် ဝတ်စုံဖြူ လုလင်၏ အလောင်းကို ပုတ်ကာ သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်ပြီးနောက် စုမင်အား အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်သည်။
ဤမြင်ကွင်းကြောင့် ဘေးပတ်လည်ရှိ လူများမှာ မျက်နှာအမူအရာကို တည်ငြိမ်အောင် ထိန်းထားကြသည်။ ရွှမ်ရှန်းသည် နောက်သို့ ဂရုတစိုက် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ မျက်မှောင်ကြုတ်လိုက်စဉ် ရွှီဟွေနှင့် သူမ လက်ဝယ်ပိုင်ဆိုင်ထားသော အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်ရာ သူ့မျက်ဝန်းများထဲတွင် မသိမသာ နာကျည်းမှုများနှင့် ဒေါသတရားများ အရိပ်ထင်သွားခဲ့သည်။
ကျူးယိုချိုက်မှာမူ စကားတစ်ခွန်းမျှ မဆိုချေ။ သူ့မျက်နှာအမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး သူ့အတွေးကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
မီးတောက်မိစ္ဆာ ဘိုးဘေး၏ မျက်နှာမှာ ညိုမှောင်နေခဲ့သော်လည်း ထိုအခိုက်အတန့်တွင် မိမိ၌ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ရှိနေလျှင်ပင် ဆရာတော် ကျိလုံ၏ ပြိုင်ဘက် မဟုတ်နိုင်သေးကြောင်း သူ သိရှိသည်။ သူသည် အံကို ကြိတ်ကာ အောင့်အည်း သည်းခံနေရုံသာ တတ်နိုင်တော့သည်။
ထိုအခိုက်အတန့်တွင် စုမင်၏ ဆံနွယ်များမှာ မီးခိုးရောင် အတိသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဤအပြောင်းအလဲကို လူတိုင်း ချက်ချင်း မြင်တွေ့လိုက်ကြရပြီး အထူးသဖြင့် ဆရာတော် ကျိလုံပင် ဖြစ်သည်။ သူ၏ မျက်သူငယ်အစုံမှာ မသိမသာ ကျုံ့ဝင်သွားရသည်။ ယခုအချိန်၌ ရှိနေသော စုမင်သည် သူ့ကို ရုတ်တရက် အလွန်တရာ အန္တရာယ်ကြီးမားသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ ၎င်းသည် သေခြင်းတရား၏ ခံစားချက်ဖြစ်ပြီး ဆောင်းလယ်ခေါင် ရောက်ရှိလာသကဲ့သို့ အေးစက်တုန်လှုပ်ဖွယ် အငွေ့အသက်မျိုး ဖြစ်သည်။
ထိုခံစားချက်ကြောင့် သူသည် အင်အားများကို ချက်ချင်း စုစည်းလိုက်မိပြီး မျက်ဝန်းများထဲတွင် အလင်းတစ်ချက် လင်းလက်သွားခဲ့သည်။
မီးခိုးရောင် စုမင်သည် အစွန်းကုန် ဆင်ခြင်တုံတရားရှိမှုနှင့် ငရဲဘုံ၏ စွမ်းအားကို ကိုယ်စားပြုသည်။ သူသည် အရာရာကို လုပ်ဆောင်သည့်အခါ မည်သည့်နည်းလမ်းအား အသုံးပြုသည်ကို ဂရုမစိုက်တော့ဘဲ နောက်ဆုံးတွင် အောင်မြင်မှု ရမရ ဆိုသည်ကိုသာ အဓိကထားတော့သည်။
"လုံဟိုင်း... ခင်ဗျား တိုက်ခိုက်ဖို့ ငြင်းဆန်နေဦးမယ်ဆိုရင် ကျုပ် ခင်ဗျားရဲ့ သစ္စာဆိုချက်ကို ချက်ချင်း ဖျက်ဆီးပစ်ပြီး ခင်ဗျား ဝိညာဉ်ကို ထာဝရ ကွယ်ပျောက်သွားအောင် လုပ်ပစ်မယ်" စုမင်က ထိုစကားများကို အေးစက်သော အသံဖြင့် ပြောဆိုလိုက်ပြီးနောက် အကြည့်အား ကျူးယိုချိုက် ထံသို့ လွှဲပြောင်းလိုက်သည်။
"တာအိုရောင်းရင်း ချန်ဟယ်... ခင်ဗျားရဲ့ ဇနီးသည်ကို ပြန်အသက်သွင်းဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး"
"ဘိုးဘေး ဟောင်ကွေ့... ဒါ ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပဲ။ ကျုပ် ခင်ဗျားကို ပေးပြီးသားဖြစ်လို့ ဒါက ကျုပ်နဲ့ မဆိုင်တော့ဘူး။ ကျုပ် ခင်ဗျားကို ကူညီပြီး တိုက်ခိုက်ပေးမယ်။ ဒါပေမဲ့ ခင်ဗျားကိုယ်တိုင်လည်း ဒါအတွက် တိုက်ပွဲဝင်ရမယ်"
တည်ငြိမ်စွာ ပြောဆိုလိုက်သော ဤစာကြောင်း သုံးကြောင်းကြောင့် လုံဟိုင်း၊ ကျူးယိုချိုက်နှင့် ဘိုးဘေး ဟောင်ကွေ့ တို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ဆရာတော် ကျိလုံ၏ နှလုံးသားမှာလည်း ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားရပြီး သူ့မျက်နှာ အမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။
သွေးဆုတ်နေသော ကျူးယိုချိုက်၏ မျက်ဝန်းများထဲတွင် ကြောက်မက်ဖွယ် ရူးသွပ်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် သူသည် ရူးသွပ်သွားသည့်အလား ထင်ရသည်။ သူသည် စုမင်ကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းကို လျင်မြန်စွာ လှည့်ကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များအား ထုတ်ဖော်လိုက်တော့သည်။ သူသည် ဆရာတော် ကျိလုံကို စိုက်ကြည့်နေစဉ် သူ့စွမ်းအားများမှာ အထိန်းအကွပ်မရှိ ပေါက်ကွဲထွက်လာခဲ့သည်။
လုံဟိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူသည် ကျိလုံကို စိုက်ကြည့်လိုက်စဉ် သူ့မျက်နှာတွင် ရန်လိုမုန်းတီးမှုများ အရိပ်ထင်လာခဲ့သည်။
မီးတောက်မိစ္ဆာ ဘိုးဘေးအနေဖြင့်မူ သူ့နတ်ဘုရား ဝိညာဉ်မှာ ဒေါသတရားများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့မျက်နှာတွင် သတ်ဖြတ်လိုစိတ်များ ဖျတ်ခနဲ ဖြတ်သန်းသွားပြီး အတွင်းသဏ္ဌာန်မှ တောက်လောင်နေသော မီးလျှံများ ပေါက်ကွဲထွက်လာခဲ့သည်။
သူတို့ သုံးဦးသည် ဆရာတော် ကျိလုံကို ဝိုင်းရံရန်အတွက် မတူညီသော အရပ်မျက်နှာ သုံးခုသို့ ခွဲထွက်လိုက်ကြပြီး မီးခိုးရောင် စုမင်သည် ညာလက်ကို မြှောက်လိုက်သည်။ ထိုအခါ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ဘဝမတရားခြင်း လှံရှည်သည် ပေါ်ပေါက်လာခဲ့တော့သည်။
စုမင်၏ မျက်ဝန်းများထဲတွင် အေးစက်တုန်လှုပ်ဖွယ် အလင်းတန်းတစ်ချက် ဖြာထွက်လာစဉ် သူက အေးစက်သော လေသံဖြင့် မေးမြန်းလိုက်သည်။ "ခင်ဗျား ကျုပ်ရဲ့ စစ်သုံ့ပန်းကို ပြန်ပေးမလား မပေးဘူးလား"
အခန်း ၁၀၂၄ ကတိသစ္စာ
ဆရာတော် ကျိလုံ၏ မျက်နှာအမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် စုမင်ထံသို့ အကြည့်ကို စိုက်လိုက်သည်။ ခဏမျှ ကြာပြီးနောက် သူသည် မိမိအား ဝိုင်းရံထားသည့် အခြားသော လူသုံးဦးကို လှမ်းကြည့်လိုက်သည်။ ထိုစာကြောင်း သုံးကြောင်းတည်းဖြင့် စုမင်သည် အခြေအနေကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီး ကျိလုံအား သူတို့ကြားတွင် နံပါတ်တစ် ဘုံရန်သူ ဖြစ်လာအောင် ဖန်တီးလိုက်ခြင်းပင်။ သူသည် မိမိ၏ ဦးခေါင်းပေါ်တွင် ဓားတစ်စင်း ချိတ်ဆွဲခံထားရသလို ကျားမြီးကို ဆွဲကိုင်ထားရသလိုမျိုး ကျပ်တည်းသော ခံစားချက်ကို ခံစားလိုက်ရသည်။
မီးတောက်မိစ္ဆာ ဘိုးဘေးမှာမူ ရင်ဆိုင်ရ လွယ်ကူဆဲဖြစ်ပြီး ဆရာတော် ကျိလုံက သူ့ကို အထူးတလည် ဂရုမစိုက်ခဲ့ချေ။ သို့သော် ဘိုးဘေး လုံဟိုင်းမှာမူ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကျော်ကြားခဲ့သည့် အနန္တတန်ခိုးရှင်ကြီး တစ်ဦး ဖြစ်သည်။ ယခုအခါ သူသည် နတ်ဘုရား ဝိညာဉ် အခြေအနေမျှသာ ရှိပြီး သူ၏ အထွတ်အထိပ် အခြေအနေကို မမှီတော့ပါစေ မီးတောက်မိစ္ဆာ ဘိုးဘေး၏ ပံ့ပိုးမှုနှင့် ပေါင်းစပ်လျှင်မူ သူ့အား စစ်မှန်သော ခြိမ်းခြောက်မှု တစ်ခုအဖြစ် သတ်မှတ်ရပေမည်။
ထို့အပြင် ဘိုးဘေး လုံဟိုင်းသည် သူ စစ်မှန်သော နတ်ဘုရား ဝိညာဉ် အဆင့်မျှသာ မဟုတ်နိုင်ကြောင်း ဆရာတော် ကျိလုံအား ခံစားချက်တစ်ခု ပေးစွမ်းနေခဲ့သည်။
ထို့နောက်တွင် ကျူးယိုချိုက် ရှိနေသေးသည်။ မူလက ဆရာတော် ကျိလုံသည် သူ့ကို အလွန်အမင်း အာရုံမစိုက်ခဲ့ချေ။ တောင်ရွှေ့ခြင်း သိုင်းပညာဖြင့် တောင်ပေါ်တွင် ရှိနေစဉ် စုမင်၌ စွမ်းအားမရှိသည့် အချိန်၌ပင် ကယ်တင်ရန် သူ လှုပ်ရှားနိုင်ခဲ့သော်လည်း ဆရာတော် ကျိလုံ၌လည်း ထုတ်သုံးနိုင်မည့် နည်းလမ်းအချို့ ရှိနေခဲ့သည်။ ထို့ကြောင့်သာ ထိုအခိုက်အတန့်တွင် သူ့ကို စောင်းငဲ့၍သာ ကြည့်ခဲ့ပြီး သူ့အဆင့်အတန်းအား အနည်းငယ်မျှသာ မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။
သူ့ရင်ဘတ် အတွင်းမှ နှလုံးသားကို ပြင်းထန်စွာ တုန်ခါသွားစေသည့် အစစ်အမှန် အကြောင်းရင်းမှာ စုမင်က ထိုလူကို ခေါ်ဆိုလိုက်သည့် နာမည်ကြောင့်ပင် ဖြစ်သည်။ သူသည် ထိုလူကို ကျူးယိုချိုက်ဟု မခေါ်ခဲ့ဘဲ ချန်ဟယ်ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
ချန်ဟယ်... ဆရာတော် ကျိလုံ ထိုနာမည်ကို ကြားလိုက်ရသည့် ခဏ၌ သူ့စိတ်ကူးထဲတွင် လူတစ်ယောက်တည်းသာ ပေါ်ပေါက်လာခဲ့တော့သည်။
ထိုလူက အစစ်အမှန် ယင်လောက၏ မြင့်မြတ်သော အရှင်၏ တပည့်ဖြစ်ပြီး အစစ်အမှန် ယင်လောက၏ အနာဂတ် ကပ်ဘေးအရှင်သခင်ဟု ကျော်ကြားခဲ့သူ စစ်အင်မော်တယ် ချန်ဟယ်ပင် ဖြစ်သည်။
သူသည် ရှင်ခြင်း နယ်ပယ်မှ အနန္တတန်ခိုးရှင်တစ်ဦး ဖြစ်ပြီး စကြဝဠာ တစ်ခုလုံးကို ငုံ့မိုးကြည့်ရှုနိုင်သူ ဖြစ်သည်။ သူ့ဆရာနှင့် စိမ်းကားသွားခဲ့ပြီး နောက်ပိုင်းတွင် အခြေအတင် ဖြစ်ပွားခဲ့ခြင်းကြောင့် သူသည် နတ်ဘုရား အနှစ်သာရ နယ်မြေဆီသို့ နှင်ထုတ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
ကျိလုံသည် နတ်ဘုရား အနှစ်သာရ နယ်မြေအတွင်း ရှိနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ချန်ဟယ်၏ နာမည်အား ယခင်ကတည်းက ကြားဖူးခဲ့သော်လည်း နတ်ဘုရား အနှစ်သာရာ ကြယ်ပင်လယ်အတွင်း သူ့အငွေ့အသက် တစ်ချက်မျှကိုပင် ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် စုမင်၏ စကားကို ကြားလိုက်ရသည့်အခါ ဆရာတော် ကျိလုံ ခံစားလိုက်ရသည့် တုန်လှုပ်မှုမှာ စာဖွဲ့ရန်ပင် ခက်ခဲပေသည်။
သူသည် ကျူးယိုချိုက်ကို စိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာမှသာ သူ့အကြည့်ကို စုမင်ထံသို့ လွှဲပြောင်းလိုက်သည်။ မီးခိုးရောင် စုမင်သည် သူ့ထံတွင် ကြီးမားသော သတိလှိုင်းလုံးကြီးကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းသည် သူ့ကျင့်ကြံခြင်း အဆင့်ကြောင့် မဟုတ်ဘဲ အခြားသူများ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်းကြောင့် ဖြစ်သည်။ စာကြောင်း သုံးကြောင်းတည်းဖြင့် သူသည် ကျိလုံကို ယခုကဲ့သို့ ကျပ်တည်းသော အခြေအနေထဲသို့ ပိတ်လှောင်လိုက်နိုင်ရာ သူ့နှလုံးသားထဲတွင် ဝေခွဲမရမှုများ မြင့်တက်လာခဲ့သည်။
ဤသည်ကား အနန္တတန်ခိုးရှင်များအကြား တိုက်ပွဲတစ်ပွဲ ဖြစ်သည်။ သူသည် တိုက်ခိုက်ခြင်းပင် မပြုရသေးသော်လည်း နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ မြင့်တက်နေခဲ့ပြီ ဖြစ်ကာ တွေဝေတုံ့ဆိုင်းနေခဲ့ပြီ ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် ဤတိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် အနည်းငယ်မျှ မလိုအပ်တော့ချေ။ သူ သေချာပေါက် ရှုံးနိမ့်မည်။
ဆရာတော် ကျိလုံအနေဖြင့် ဤကဲ့သို့သော နာကျည်းမှုကို မခံစားရသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ၎င်းသည် ဟွမ်မေး၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံရပြီး သူ၏ အထွတ်အထိပ် ရတနာကို လုယူခံလိုက်ရစဉ်ကနှင့် မတူညီသော ခံစားချက်မျိုး ဖြစ်သည်။ ထိုအစား ယင်းသည် ခြိမ်းခြောက်ခြင်းကို ခံရသည့်အခါ ရုန်းကန်လှုပ်ရှားပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင် မရှိတော့သည့် အရှက်ရမှုမျိုး ဖြစ်သည်။
သူ့မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းများ ဖြာထွက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ စုမင်သည် ကျိလုံကို အေးစက်စွာ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှ ထပ်မံမဆိုတော့ချေ။
တိုက်ပွဲမှာ အချိန်မရွေး ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေခဲ့သည်။
'တိုက်ရမလား မတိုက်ရဘူးလား။ ငါ တိုက်ရင်လည်း မနိုင်နိုင်ဘူး။ ဒါပေမဲ့ ငါ မတိုက်ဘဲ ဒီအတိုင်း ထွက်သွားမယ်ဆိုရင်လည်း ငါ့ရဲ့ ဂုဏ်သိက္ခာတွေ အားလုံး လုံးဝ ပျက်စီးသွားလိမ့်မယ်' ဆရာတော် ကျိလုံ၏ နှလုံးသားမှာ လွန်စွာ အားပြိုင်နေခဲ့သည်။ သူ၏ ဝေခွဲမရဖြစ်နေမှုများကြားမှ နှလုံးသားမှာ တုန်ခါသွားခဲ့ပြီး စိတ်ထဲတွင် ရုတ်တရက် အမှန်တရားကို သဘောပေါက်သွားပြန်သည်။
'ဘယ်လောက်တောင် လက်ရာမြောက်တဲ့ ဖိအားပေးမှုမျိုးလဲ။ ငါ တိုက်ရင်လည်း နိုင်ဖို့ ယုံကြည်ချက်မရှိဘူး။ ဒါပေမဲ့ ငါ မတိုက်ဘူးဆိုရင်လည်း ဒီကိစ္စက ငါ့ရဲ့ နှလုံးသားထဲမှာ အမာရွတ်တစ်ခုအဖြစ် ကျန်ရစ်နေခဲ့ပြီး ငါ့ရဲ့ နှလုံးသား တွေဝေ တုံ့ဆိုင်းသွားတာနဲ့ ကံကြမ္မာ နယ်ပယ်ကို တက်လှမ်းနိုင်မယ့် ငါ့ရဲ့ အခွင့်အရေးတွေ ပျက်စီးသွားလိမ့်မယ်'
'ပြီးတော့ ငါကိုယ်တိုင်ပဲ ဒါကို ကိုယ့်အပေါ် သက်ရောက်အောင် လုပ်မိတာ...'
ဆရာတော် ကျိလုံ အံကြိတ်လိုက်မိသည်။ သူ့မျက်ဝန်းများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ မြင့်တက်လာခဲ့သည်။ သူသည် ထပ်မံ၍ မတွေဝေတော့ချေ။ သူ ဤတိုက်ပွဲကို တိုက်ခိုက်မည်။
သို့သော် သူ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည့် ခဏ၌ပင် ကျူးယိုချိုက်၊ ဘိုးဘေး လုံဟိုင်းနှင့် မီးတောက်မိစ္ဆာ ဘိုးဘေးတို့သည် ပြင်းထန်သော တိုက်ပွဲကြီး စတင်ရန်အတွက် စွမ်းအင်လှိုင်းများကို ထုတ်ဖော်လိုက်ကြစဉ် စုမင်က ရုတ်တရက် စကားဆိုလိုက်သည်။
"ခင်ဗျား ဒါကို လိုချင်လား"
သူ စကားပြောနေရင်း ညာလက်ကို မြှောက်လိုက်ရာ အဆိပ် နကျယ်ကောင် အကိုက်ခံထားရသည့်အလား ထင်မှတ်ရသော အပေါက်ငယ်လေး တစ်ပေါက်ကို သူ့လက်ဝါးပေါ်တွင် မြင်တွေ့လိုက်ရသည်။ ထိုအတွင်းမှ သိပ်သည်းသော မွှေးရနံ့ လှိုင်းလုံးကြီးများ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။
ထိုမွှေးရနံ့ ပျံ့လွင့်သွားသည့် ခဏ၌ စုမင်သည် လက်သီးကို ဆုပ်လိုက်ရာ ထိုမွှေးရနံ့မှာ ချက်ချင်းပင် ကွယ်ပျောက်သွားတော့သည်။
သို့သော် ၎င်းသည် ခဏမျှသာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်စေ ထိုမွှေးရနံ့သည် ကျိလုံ၏ မျက်နှာအမူအရာကို အကြီးအကျယ် ပျက်ယွင်းသွားစေရန် လုံလောက်သည်။ သူ့နှလုံးသားကို တိုက်ခိုက်လိုက်သော ထိုလှုံ့ဆော်မှုအောက်တွင် သူ့မျက်ဝန်းများထဲမှ တိုက်ခိုက်လိုစိတ်များမှာ ချက်ချင်းပင် တဖန် ပြန်လည် ရုန်းရင်းဆန်ခတ် ဖြစ်သွားရတော့သည်။
သူတစ်ဦးတည်းသာ သက်ရောက်မှု ခံရခြင်း မဟုတ်ပေ။ ကျူးယိုချိုက်သည်လည်း ခေါင်းကို လျင်မြန်စွာ မော့လိုက်သည်။ သူ စုမင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းအား ပြန်ငိုက်စိုက်ချလိုက်ပြီး သူ့ကို အနည်းငယ်မျှ အာရုံမစိုက်တော့ချေ။ ဘိုးဘေး လုံဟိုင်း၏ မျက်ဝန်းများမှာလည်း အရောင်တောက်သွားခဲ့သော်လည်း စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။ မီးတောက်မိစ္ဆာ ဘိုးဘေးသည်လည်း ထို့အတူ တိတ်ဆိတ်နေခဲ့သည်။
"မင်း ဘာကို ဆိုလိုတာလဲ။ အဲဒီ မွှေးရနံ့က ဘာလဲ" ကျိလုံ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူသည် စောစောက ထိုမွှေးရနံ့ကို တစ်ချက်မျှသာ ရှူရှိုက်လိုက်ရသော်လည်း သူ့အတွင်းသဏ္ဌာန်ရှိ ကျင့်ကြံခြင်း အဆင့်မှာ အလိုအလျောက် လည်ပတ်လာခဲ့ခြင်း ဖြစ်သည်။ ဤအပြောင်းအလဲကြောင့် သူ့နှလုံးသားမှာ ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် ပြင်းထန်စွာ ခုန်ယက်လာခဲ့ရသည်။
"စစ်သုံ့ပန်းကို ချန်ထားခဲ့ပြီး တစ်နှစ်တိတိ ကျုပ်ရဲ့ အစောင့်အရှောက် လုပ်ပေးပါ။ အဲဒီအခါကျရင် ခုနက မွှေးရနံ့ထက် ဆယ်ဆ ပိုများတဲ့ ပမာဏကို ကျုပ် ပေးမယ်။ ဒါဟာ ကတိပဲ" စုမင်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
ဤသည်ကား ဆရာတော် ကျိလုံအတွက် ထွက်ပေါက် တစ်ပေါက် ဖြစ်ပြီး သူ့မျက်နှာမှာ ညိုမှောင်သွားခဲ့သည်။ အချိန်အတန်ကြာပြီးနောက် သူ ညာလက်ကို မြှောက်ကာ ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော လုလင်၏ အလောင်းသည် သိုလှောင်အိတ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး စုမင် ရှေ့တွင် လွင့်မျောနေခဲ့တော့သည်။
အကယ်၍ သူ မတိုက်ဘဲ နေနိုင်မည့် အခွင့်အရေးရှိလျှင် ကျိလုံသည် တိုက်ခိုက်ရန် မလိုလားပေ။
"မင်းရဲ့ ကတိကို ငါ မှတ်ထားမယ်။ ခုနက မွှေးရနံ့ထက် ဆယ်ဆ ပိုများတဲ့ ပမာဏနဲ့ လဲလှယ်ပြီး မင်းကို တစ်နှစ်တိတိ ငါ ကာကွယ်ပေးမယ်။ ဒီအခြေအနေကို ငါ လက်ခံတယ်" ဆရာတော် ကျိလုံ စကားပြောပြီးသည်နှင့် ဘေးရှိ အခြားသော လူသုံးဦးကို အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်သည်။
"ကျုပ် ခင်ဗျားကို ဒီအလောင်း ပေးနိုင်တယ်" စုမင်၏ မျက်နှာအမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး အကြည့်ကို မီးတောက်မိစ္ဆာ ဘိုးဘေးထံသို့ လွှဲပြောင်းလိုက်သည်။
"မင်းရဲ့ အစောင့်အရှောက်အဖြစ် တစ်နှစ်ပေါ့။ ငါ့ရဲ့ တာဝန်ကို ငါ သေချာပေါက် ပြီးမြောက်အောင် ထမ်းဆောင်မယ်" မီးတောက်မိစ္ဆာ ဘိုးဘေးက လျင်မြန်စွာ ပြောဆိုလိုက်သည်။ သူ အကြောက်ရွံ့ဆုံးအရာမှာ စုမင်က သူ့အား အကြောင်းပြချက် မရှိဘဲ အလောင်းကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။ ၎င်းသည် သူ့အား အကြီးအကျယ် ဝေခွဲမရ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် စုမင်၏ သတ်မှတ်ချက်များကို ကြားလိုက်ရသည့်အခါ စုမင် စကားပြန်ဖျက်သွားမည်အား စိုးရိမ်သဖြင့် သူသည် ချက်ချင်းပင် သဘောတူလိုက်တော့သည်။ ထိုအကြောင်းကြောင့်ပင် သူသည် အနန္တတန်ခိုးရှင် တစ်ဦးအနေဖြင့် စကြဝဠာကြီးထံသို့ သစ္စာဆိုချက်ကို လျင်မြန်စွာ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
"ကျုပ် အလောင်းပေါ်မှာ တံဆိပ်တစ်ခု ချန်ထားခဲ့တယ်။ အဲဒါထဲကို ပေါင်းစပ်လိုက်တော့" စုမင်က တည်ငြိမ်စွာ ဆိုသည်။
မီးတောက်မိစ္ဆာ ဘိုးဘေး၏ မျက်နှာတွင် ပြတ်သားမှုများ အရိပ်ထင်သွားပြီး သူသည် အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲကာ ဝတ်စုံဖြူ လုလင်၏ အလောင်းရှိရာသို့ တိုးဝင်သွားတော့သည်။ သူသည် ခဏချင်းအတွင်း ၎င်းနှင့် ပေါင်းစပ်သွားခဲ့ပြီး ထိုအလောင်းသည် တုန်ခါသွားကာ ချက်ချင်းပင် ခရမ်းရောင် မီးလျှံများကို ထုတ်လွှတ်လိုက်တော့သည်။
မီးလျှံများသည် အလောင်းကို လောင်ကျွမ်းစေပြီး တဖြည်းဖြည်း ညှိုးရော်ကာ ခြောက်သွေ့သွားစေသည်။ အလောင်းသည် ဆက်တိုက် ကျုံ့ဝင်သွားခဲ့သည်။ အခြေအနေကို ကြည့်ရခြင်းအားဖြင့် သူသည် ထိုအလောင်းကို လုံးဝ ဥဿုံ ပိုင်စိုးနိုင်ရန်အတွက် အချိန်အတန်ကြာ လိုအပ်ပေမည်။
"ကျုပ်ကို တစ်နှစ်တိတိ ကာကွယ်ပေးပါ။ အဲဒီအခါကျရင် ခင်ဗျားရဲ့ လွတ်လပ်ခွင့်ကို ကျုပ် ပြန်ပေးမယ်" စုမင်သည် ခေါင်းလှည့်ကာ ဘိုးဘေး လုံဟိုင်းကို ကြည့်လိုက်သည်။
ထိုလူသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စုမင်၏ တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် သစ္စာဆိုချက် ပြုလုပ်လိုက်သည်။
"တစ်နှစ်ကြာပြီးရင် ခင်ဗျားရဲ့ ဇနီးသည်ကို ပြန်အသက်သွင်းဖို့ မျှော်လင့်ချက်ကို ကျုပ် ပေးမယ်" စုမင် နောက်ဆုံး ကြည့်လိုက်သည့် လူမှာ ကျူးယိုချိုက် ဖြစ်သည်။
သူသည် စုမင်ကို စိုက်ကြည့်လိုက်ပြီး အချိန်အတော်ကြာမှသာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဇနီးသည်ကို ပြန်လည် အသက်သွင်းနိုင်မည့် မျှော်လင့်ချက် တစ်ခုအတွက် အရာရာကို စွန့်လွှတ်ရန် အသင့်ရှိနေခဲ့သည်။
စုမင်သည် နဂါးငွေ့တန်းကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ သူ့ရှည်လျားသော မီးခိုးရောင် ဆံနွယ်များမှာ ဖြည်းညှင်းစွာ ပြောင်းလဲသွားသည်။ ၎င်းသည် ပုံမှန် ဆံပင်အရောင်သို့ ပြန်လည်ရောက်ရှိသွားသည့်အခါ သူ့မျက်ဝန်းများထဲတွင် အလင်းတစ်ချက် ထွက်ပေါ်လာပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူသည် အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲကာ အဝေးသို့ ပြေးဝင်သွားတော့သည်။
ရွှီဟွေသည် သူ့နောက်မှ ချက်ချင်း လိုက်ပါသွားခဲ့သည်။ အခြားသော လူများသည်လည်း တိတ်ဆိတ်စွာဖြင့် လိုက်ပါလာကြသည်။ မီးလျှံမိစ္ဆာ ဘိုးဘေးမှာမူ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးဖြစ်၍ ၎င်းတို့နှင့်အတူ လိုက်ပါလာခဲ့ပြီ ဖြစ်သည်။
ထိုနေရာတွင် ရွှမ်ရှန်း တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ သူ့မျက်နှာ အမူအရာမှာ ညိုမှောင်ကာ ပျက်ယွင်းနေခဲ့သည်။ သူသည် အဝေးသို့ ထွက်ခွာသွားကြသော အုပ်စုကို စိုက်ကြည့်လိုက်စဉ် မျက်ဝန်းများထဲတွင် ယုတ်မာကောက်ကျစ်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
'သူ့ကို ကာကွယ်ဖို့အတွက် ဒီအနန္တတန်ခိုးရှင်တွေကို လိုအပ်နေတာလား။ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ သိချင်မိသား။ ဒါပေမဲ့ ဒါတွေအားလုံးက ငါနဲ့ ဘယ်လိုနည်းနဲ့မှ မပတ်သက်တော့ဘူး။ ဒါပေမဲ့ မင်းက ရွှမ်မိသားစုရဲ့ အထွတ်အထိပ် ရတနာကို လုယူသွားခဲ့တယ်။ ငါကတော့ မင်းကို သေချက်ပေါက် ပြန်ပေးဆပ်စေရမယ်'
ရွှမ်ရှန်း၏ မျက်ဝန်းများထဲမှ မုန်းတီးမှုများမှာ အလွန်တရာ နက်ရှိုင်းပေသည်။ သူ့နှလုံးသားထဲမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း သူသည် လှည့်ထွက်သွားခဲ့သည်။ သို့သော် သူ ထွက်ခွာခါနီး ဆဲဆဲ၌ပင် ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါသွားရသည်။ ထိုအခိုက်အတန့်တွင် ပဉ္စမမြောက် မီးဖိုကြီးသည် တဖန် ပြန်လည် အသက်ဝင်လာခဲ့ပြန်သည်။ မီးဖိုကြီးထံမှ မီးလျှံများ ပြန့်ကားလာသည်နှင့်အမျှ ပြင်းထန်သော စုပ်ယူမှု အားတစ်ရပ် ထွက်ပေါ်လာခဲ့ရာ ရွှမ်ရှန်းအနေဖြင့် ၎င်းကို ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ချေ။ သူသည် ပဉ္စမမြောက် မီးဖိုကြီး အတွင်းသို့ လျင်မြန်စွာ ပြန်လည်စုပ်ယူခြင်း ခံလိုက်ရတော့သည်။
ထိုဒေသ၏ ဘေးပတ်လည်ရှိ နဂါးငွေ့တန်းမှာ တဖြည်းဖြည်းနှင့် တဖန် ပြန်လည် တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
"ရွှီဟွေ... ငါက ငါဘာမှမသိတဲ့ နေရာတစ်ခုဆီကို သွားတော့မှာ။ မင်းက..." စုမင်သည် နဂါးငွေ့တန်း အတွင်း ရှေ့သို့ အဟုန်ပြင်းစွာ ပြေးဝင်နေရင်း ဘေးနားရှိ ရွှီဟွေထံသို့ စိတ်အာရုံတစ်ခု ပေးပို့လိုက်သည်။
"ပဉ္စမမြောက် မဟာလောက၊ ဟုတ်တယ်မလား" သူမက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
စုမင်သည် ခေါင်းကို လှည့်ကာ ရွှီဟွေအား တစ်ချက် ကြည့်လိုက်သည်။ သူ စကားမဆိုဘဲ ရှေ့သို့သာ ဆက်လက် ပြေးဝင်နေခဲ့သည်။ သူ့နောက်မှ လူများသည်လည်း တိတ်ဆိတ်နေကြဆဲပင်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ထူထပ်သော မြူခိုးလွှာကြီး တစ်လွှာသည် သူတို့ ရှေ့ရှိ နဂါးငွေ့တန်းကို ဝိုင်းရံထားခဲ့သည်။ စုမင်သည် မြူခိုးများ၏ အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။
ရွှီဟွေသည် ဤနေရာကို သိရှိသည်။ ဤနေရာကား ဖုန်မှုန့်မီးရှို့သူ မျိုးနွယ်စု တည်ရှိရာ အရပ်ပင် ဖြစ်သည်။
စုမင်နှင့် အခြားသူများ ရောက်ရှိလာသည့် ခဏ၌ ထိုဒေသရှိ မြူခိုးများမှာ ချက်ချင်းပင် ပြင်းထန်စွာ လှည့်ပတ် တုန်ခါလာတော့သည်။ ဝိုးတဝါး ရုပ်ပုံရိပ်တစ်ရိပ် လျှောက်လှမ်း ထွက်ပေါ်လာခဲ့ပြီး သူ ထိုအုပ်စုနားသို့ ချဉ်းကပ်လာသည့်အခါ သူ့ခန္ဓာကိုယ်မှာ ဝိုးတဝါး ဝိညာဉ်အဆင့်မျှသာ မဟုတ်တော့ဘဲ ဒြပ်ရှိသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားကာ ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးအဖြစ်သို့ ရုပ်လုံးပေါ်လာခဲ့သည်။
သူသည် စုမင်၊ ကျိလုံနှင့် သူ့နောက်ရှိ အခြားသော လူများကို ဝှေ့ယမ်းကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင်မူ တိတ်ဆိတ်စွာဖြင့် သူက ကျောပြင်ကို ကုန်းကာ စုမင်ထံသို့ ဦးညွှတ် ဂါရဝပြုလိုက်တော့သည်။
သူသည် ပဉ္စမမြောက် မီးဖိုကြီး၏ လက်ရှိ အရှင်သခင်ထံသို့ ဦးညွှတ်နေခြင်း ဖြစ်သည်။
"ဘိုးဘေး... သူ့ကို နတ်ဘုရား အနှစ်သာရာ ကြယ်ပင်လယ်ရဲ့ အစွန်အဖျားပိုင်းဆီကို ပို့ဆောင်ပေးဖို့အတွက် ခင်ဗျားကို အကူအညီတောင်းပါရစေ" စုမင်သည် ရွှီဟွေအား တစ်ချက် ကြည့်လိုက်ပြီးနောက် ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးကို ကြည့်ကာ လက်သီးအား လက်ဝါးဖြင့် ဆုပ်ကိုင်လျက် ထို့အတူ ပြန်လည် ဦးညွှတ် ဂါရဝပြုလိုက်သည်။
ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးသည် ခေါင်းကို မော့ကာ ရွှီဟွေအား ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
ရွှီဟွေသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းစွာ မေးမြန်းလိုက်သည်။ "နင် တစ်ယောက်တည်း သွားဖို့ အပြီးသတ် ဆုံးဖြတ်ထားတာလား"
"ပြန်သွားပြီးတော့ မဟာလောကကြီး လေးခုရဲ့ စစ်တပ်တွေ တပ်စွဲထားတဲ့ ဝင်ပေါက်နားမှာ ငါ့ကို စောင့်နေပါ" စုမင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
ရွှီဟွေသည် တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းစွာ သက်ပြင်းချလိုက်မိကာ အခြား ထပ်မပြောတော့ချေ။
"ဘိုးဘေး... ကျေးဇူးပြုပြီ" စုမင် ထပ်မံ၍ ဦးညွှတ်လိုက်သည်။
"စိတ်မပူပါနဲ့။ လမ်းခရီး တစ်လျှောက်လုံး သူ့ရဲ့ ဘေးကင်းလုံခြုံမှုကို ငါ အာမခံပါတယ်။ မင်းသာ ဟိုနေရာကို တကယ် ရောက်သွားခဲ့မယ်ဆိုရင် ဖုန်မှုန့်မီးရှို့ခြင်း ဂြိုဟ်လို့ ခေါ်တဲ့ နေရာတစ်ခု ရှိတာကို သတိရပါ။ အဲဒီနေရာဟာ မီးလျှံဝိညာဉ်တွေရဲ့ ပေါက်ဖွားရာ အရပ်လို့ ပြောကြတယ်။ ကျေးဇူးပြုပြီး အဲဒီနေရာက မြေကြီးတစ်ဆုပ်ကို ငါ့အတွက် ယူပေးခဲ့ပါ"
"ပြီးတော့ အခု မင်းဆီမှာ ပဉ္စမမြောက် ကျောက်တုံး ရှိနေပြီဆိုတော့ သေချာပေါက် သတိထားရမယ်" ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးသည် ဤစာကြောင်းကို စုမင်၏ စိတ်ထဲသို့ စိတ်အာရုံမှ တစ်ဆင့် ပေးပို့လိုက်ခြင်း ဖြစ်သည်။
စုမင် ခေါင်းညိတ်သည်ကို မြင်လိုက်ရသောအခါ သူသည် လက်မောင်းအား လွှဲယမ်းလိုက်ရာ တောက်လောင်နေသော မီးလျှံတိမ်တိုက်ကြီး တစ်စိုင်အဖြစ် ပြောင်းလဲသွားပြီး ရွှီဟွေ၏ ခန္ဓာကိုယ်ကို ပွေ့ပိုက်လျက် အဝေးသို့ အဟုန်ပြင်းစွာ ထွက်ခွာသွားတော့သည်။ သို့သော် ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင် အတွင်းမှ စူးရှသော အော်ဟစ်သံ တစ်သံ ပဲ့တင်ထပ်သွားခဲ့သည်။
"အဖိုးကြီးစုတ်... ငါတော့ ပြန်မလိုက်ဘူးဟေ့"
ထိုကျယ်လောင်သော အော်ဟစ်သံကြားမှ မီးလျှံတိမ်တိုက် အတွင်းရှိ ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးထံမှ အေးစက်သော နှာခေါင်းရှုံ့သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်း၌ပင် မီးလျှံတိမ်တိုက်အတွင်းမှ အလင်းတန်း တစ်တန်း ပျံထွက်လာခဲ့သည်။ ထိုအလင်းသည် ထိပ်ပြောင်ကြိုးကြာအဖြစ် ပြောင်းလဲသွားပြီး စုမင် ဘေးနားသို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိလာတော့သည်။
သူ လှုပ်ရှားလိုက်စဉ် မီးလျှံတိမ်တိုက်ကြီး၏ ဖယ်ခွာသွားခြင်းကို ခံနေရသည့်ကြားမှ မိမိ၏ နောက်ကွယ်ရှိ စုမင်အား စိုက်ကြည့်နေသော ရွှီဟွေကို သူ မြင်တွေ့နိုင်မည် မဟုတ်ပေ။ သူမ၏ အကြည့်သည် တဖြည်းဖြည်းနှင့် အဝေးသို့ ရောက်ရှိသွားခဲ့ပြီး နဂါးငွေ့တန်း အတွင်းမှ ပျောက်ကွယ်သွားတော့ရာ သူတို့နှစ်ဦး၏ နှစ်ပေါင်းတစ်ရာနီးပါး ကြာမြင့်ခဲ့သော အဖော်ပြုမှုမှာ လုံးဝ ဥဿုံ ပြီးဆုံးသွားခဲ့ရတော့သည်။
စုမင်သည် အဝေးသို့ ထွက်ခွာသွားသော မီးလျှံတိမ်တိုက်ကြီးကို မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ လှည့်ပြန်လိုက်စဉ် ရှည်လျားသော ဆံနွယ်များမှာ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့မျက်သူငယ် အစုံမှာလည်း မီးခိုးရောင် အလင်းတန်းများ ဖြာထွက်နေခဲ့ကာ ခန္ဓာကိုယ်ထဲတွင် စိတ်ခံစားချက် အရိပ်အယောင် တစ်စွန်းတစ်စမျှပင် ကျန်ရစ်ခြင်း မရှိတော့ချေ။
"တာအိုရောင်းရင်းတို့... ဒီတစ်နှစ်အတွင်းမှာ သေချာပေါက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိလာလိမ့်မယ်။ ကျုပ် တာအိုရောင်းရင်းတို့ အားလုံးကို ပေးခဲ့တဲ့ ကတိတွေဟာ ဒီစကြဝဠာကြီး ထာဝရ တည်တံ့နေသလိုမျိုး တည်တံ့နေမှာ ဖြစ်တယ်။ ကျုပ် ဘယ်တော့မှ စကားကို ဖောက်ဖျက်မှာ မဟုတ်ဘူး။ ဒီတစ်နှစ်အတွင်းမှာ တာအိုရောင်းရင်းတို့ အားလုံးကို ဒုက္ခပေးရဦးမယ်"
စုမင်သည် ကျိလုံနှင့် အခြားသူများအား စိုက်ကြည့်လိုက်ပြီးနောက် မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်များနှင့်အတူ လက်သီးကို လက်ဝါးဖြင့် ဆုပ်ကိုင်ကာ သူတို့ထံသို့ ဦးညွှတ် ဂါရဝပြုလိုက်သည်။
"ငါတို့က အစောင့်အရှောက်တွေ ဖြစ်နေမှတော့ မင်း ငါတို့ကို ဘာကြောင့် ကာကွယ်ခိုင်းရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ အနည်းဆုံး ပြောပြသင့်တာပေါ့" ဘိုးဘေး လုံဟိုင်းက ရုတ်တရက် စကားဆိုလိုက်တော့သည်။