← Chapters

အခန်း ၇၀၀

Vol. 35 Ch. 700

အခန်း ၇၀၀

Vol. 35 Ch. 700

အခန်း (၇၀၀) အစားထိုးလဲလှယ်ခြင်း

“မင်းကို ငါမှတ်မိပြီ၊ မင်းက... မင်းက လူသစ် အရူးအာဟိုင် ပဲ”

တုန်ကော်သည် ထိတ်လန့်တုန်လှုပ်လျက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရှာပြီး လောတလော အလျင်စလိုပင် ရေရွတ်လိုက်မိချေသည်။

“မင်းက ဘာဖြစ်လို့ ငါ့ကို သတ်ချင်ရတာလဲ၊ တစ်ယောက်ယောက်က မင်းကို အခကြေးငွေပေးပြီး ခိုင်းစေလိုက်လို့လား”

တုန်ကော်၏ သူရဲဘောကြောင်လှသော အဖြစ်နှင့် ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအရာကို မြင်ရသောအခါ ချင်ယွမ်ဖုန်း၏ စိတ်အာရုံတွင် ကလဲ့စားချေခွင့်ရသည့် ပီတိအဟုန်တို့ တဖွားဖွား ပေါ်ပေါက်လာရသည်။

ထို့ပြင် ချင်ယွမ်ဖုန်းသည် လူသတ်သမားအဖြစ် ကျင်လည်ခဲ့ရသည့် အချိန်အတောအတွင်း လူမဆန်စွာ သတ်ဖြတ်ခြင်းလုပ်ငန်းကို အစဉ်တစိုက် ပြုလုပ်ခဲ့ရသဖြင့် သူ၏ရင်တွင်း၌ ကိန်းအောင်းနေသော ခက်ထန်ရက်စက်တတ်သည့် မိစ္ဆာစိတ်ရိုင်းသည်လည်း တဖြည်းဖြည်းချင်း ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် တုန်ကော်ကို စိုက်ကြည့်နေရင်း ထိုသူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်စိတ် ပေါက်လာမိသည့်အထိ ဒေါသအဟုန်တို့ ပြင်းထန်နေချေသည်။

“မဟုတ်ဘူးလား”

ချင်ယွမ်ဖုန်းက တစ်စုံတစ်ရာ လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်နေသည်ကို မြင်ရလျှင် တုန်ကော်သည် မျက်မှောင်ကြုတ်လိုက်မိပြီး ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။

“ငါ မင်းအပေါ်ကို ပြစ်မှားမိတာလည်း မရှိပါဘူး၊ ပြီးတော့ မင်းက ဒီကို ရောက်ခါစ လူသစ်ပဲ၊ ငါတို့တစ်ခါမှလည်း မဆုံဖူးကြဘူး၊ မင်း တကယ်ပဲ ဘာကို အလိုရှိနေတာလဲ”

ခန္ဓာကိုယ် ပျော့ခွေညွတ်ကျလာမှုကြောင့် တုန်ကော်သည် ဦးခေါင်းတစ်ခုလုံး မူးဝေလာပြီး မျက်စိအာရုံများလည်း ဝေဝါးလာရရာ မတ်တတ်ပင် မတ်မတ်မရပ်နိုင်တော့ချေ။

“မင်း ငါ့ကို တကယ်ပဲ မမှတ်မိတော့ဘူးလား”

ချင်ယွမ်ဖုန်းသည် မိမိ၏ ဝတ်ရုံခြုံဦးထုပ်ကို ချွတ်ပယ်လိုက်ပြီး မျက်နှာတွင် အဓိပ္ပာယ်မသိနိုင်သော အပြုံးတစ်ခုကို ဆင်မြန်းလျက် ဆိုလိုက်ချေသည်။

ထို ပျက်စီးဆိုးရွားလှသော မျက်နှာပြင်ကို မြင်လိုက်ရသောအခါ တုန်ကော်သည် စိတ်တွင်း၌ ကြိုတင်ပြင်ဆင်မှု အနည်းငယ် ရှိနေပါသော်လည်း လွန်စွာ ထိတ်လန့်တုန်လှုပ်သွားရသည်။

“မင်း... မင်းက တကယ်တော့ ဘယ်သူလဲ”

ချင်ယွမ်ဖုန်းသည် ကောင်းကင်ယံသို့ တည်ငြိမ်စွာ မျှော်ကြည့်လိုက်ရင်း အေးဆေးတည်ငြိမ်သော အသံဖြင့် ဆိုလိုက်လေသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မင်းတို့နှစ်ယောက်ရဲ့ လိုက်လံသတ်ဖြတ်မှုကို ခံခဲ့ရလို့ ငါ့အသက် ပျောက်လုနီးပါး ဖြစ်ခဲ့ရတယ်၊ အခု ငါ ပြန်ရောက်လာတဲ့အချိန်မှာ မင်းတို့ဘက်က ဘာပြင်ဆင်မှုမှ မရှိသေးဘူးပေါ့ ဟုတ်လား”

တုန်ကော်သည် ထိုနေရာ၌ပင် ဆွံ့အလျက် မတ်တတ်ရပ်နေမိပြီး ချင်ယွမ်ဖုန်း၏ စကားလုံးများသည် သူ၏ဦးနှောက်အတွင်း၌ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရချေသည်။

“မင်းက... ချင်ယွမ်ဖုန်း လား”

လွန်ခဲ့သော နှစ်နှစ်ပတ်လုံးလုံး တုန်ကော်နှင့် ရှီးလျူတို့သည် ချင်ယွမ်ဖုန်း သေဆုံးခြင်းမရှိဘဲ ၎င်းတို့ထံသို့ ကလဲ့စားချေရန် ပြန်လည်ရောက်ရှိလာမည်ကို စိုးရိမ်ပူပန်ခဲ့ကြရသည်။

သို့သော်လည်း နှစ်နှစ်တိုင်တိုင် တစ်စုံတစ်ရာ လှုပ်ရှားမှု မရှိခဲ့ပေရာ ၎င်းတို့သည် သတိလက်လွတ် ဖြစ်လာခဲ့ကြပြီး ချင်ယွမ်ဖုန်းသည် တကယ်ပင် သေဆုံးသွားခဲ့ပြီဟု တဖြည်းဖြည်း ယုံကြည်လာခဲ့ကြခြင်း ဖြစ်ပေသည်။

သို့သော် မျှော်လင့်မထားဘဲ သေဆုံးသွားပြီဟု ထင်မှတ်ထားသော လူတစ်ယောက်သည် ယခုအခါ မိမိ၏ ရှေ့မှောက်တွင် မတ်တတ်ရပ်နေရုံမျှမက မိမိနှင့် လုပ်ဖော်ကိုင်ဖက်ပင် ဖြစ်နေချေပြီ။

“မဟုတ်ဘူး၊ ငါ့ကို မသတ်ပါနဲ့၊ ငါက တာဝန်တစ်ခုကို လက်ခံပြီး ဆောင်ရွက်ခဲ့တာသက်သက်ပါ”

တုန်ကော်သည် အလွန်အမင်း ကြောက်လန့်သွားရသဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်၍ အသနားခံရှာတော့သည်။ အကယ်၍သာ ထိုစဉ်က ချင်ယွမ်ဖုန်းသည် ပြင်းထန်သော ဒဏ်ရာများ ရရှိမထားခဲ့ပါလျှင် ၎င်းတို့အနေဖြင့် ချင်ယွမ်ဖုန်း၏ နောက်သို့ လိုက်လံသတ်ဖြတ်ရန် ရဲဝံ့ကြမည်မဟုတ်ပေ။

ချင်ယွမ်ဖုန်းသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး သူ၏မျက်နှာတွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်ပေါက်လာချေသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မင်းသာ ဒီတာဝန်ကို လက်မခံခဲ့ဘူးဆိုရင် ဒီနေ့ သေရမယ့်လူက မင်းဖြစ်လာမှာ မဟုတ်ဘူး”

ပြောပြောဆိုဆိုဖြင့် ချင်ယွမ်ဖုန်းသည် တုန်ကော်၏ ဦးခေါင်းကို လှမ်း၍ ဆုပ်ကိုင်လိုက်ရာ သူ၏လက်ဝါးအတွင်းမှနေ၍ အတိုင်းအဆမရှိ ပြင်းထန်လှသော စုပ်ယူမှု အဟုန်ကြီးတစ်ခု သွားရောက်ရိုက်ခတ်လေတော့သည်။

တုန်ကော်သည် ခုခံတွန်းလှန်ရန် ကြိုးစားပါသော်လည်း သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ဖြစ်သည့်အပြင် ချင်ယွမ်ဖုန်း၏ လုပ်ကြံတိုက်ခိုက်မှုကိုလည်း ခံထားရသဖြင့် ခုခံရန် အားအင် တစ်စုံတစ်ရာ မျှ မရှိတော့ချေ။

သူ၏ ခန္ဓာကိုယ်တွင်းမှ အနှစ်သာရများနှင့် ကျင့်စဉ်စွမ်းအားများသည် လျင်မြန်စွာ ကုန်ခမ်းသွားရပြီး တုန်ကော်သည် မိမိ၏ မျက်ခွံများ လေးလံထိုင်းမှိုင်းလာသည်ကို ခံစားလိုက်ရချေသည်၊

ယင်းက သေဆုံးခါနီးအချိန်တွင် ကြုံတွေ့ရတတ်သော ခံစားချက်မျိုးပင် ဖြစ်ပေရာသည်။

အဆုံး၌ တုန်ကော်သည် ဇီဝအသက်စွမ်းအားများ ကုန်ဆုံးသွားရသဖြင့် မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားလေတော့သည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ရင်တွင်းမှ ညစ်ညမ်းသော လေပုပ်များကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ပြီး မိမိ၏ ကျင့်စဉ်အဆင့် တိုးတက်လာမှုကို အတိုင်းအတာတစ်ခုအထိ ခံစားလိုက်ရသည်။

သို့သော်လည်း တုန်ကော်သည် ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ်မျှသာ ရှိသေးသဖြင့် သူ၏ကျင့်စဉ်ကို သိသိသာသာ ကြီးမားစွာ တိုးတက်စေခြင်းတော့ မရှိခဲ့ပေ။

“နောက်ဆုံးတော့ တစ်ယောက်ပြီးသွားပြီ၊ ဒါပေမဲ့ ဒါက ငါ့ရဲ့ ကလဲ့စားချေမှုအတွက် ပထမဆုံး ခြေလှမ်းပဲ ရှိသေးတယ်၊ မြူနှင်းဂိုဏ်း ဆိုတဲ့ အင်အားကြီး အဖွဲ့အစည်းကြီး ရှိနေသေးတာပဲ၊ ငါ ဘယ်အချိန်ကျမှ သွားပြီး စုံစမ်းရမလဲ”

ချင်ယွမ်ဖုန်းသည် တိုးတိုးမျှသာ ရေရွတ်လိုက်မိချေသည်။ သူ၏မျက်ဝန်းများအတွင်းရှိ နီမြန်းသော စိတ်ရိုင်းအရှိန်အဝါများသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရပြီး ချင်ယွမ်ဖုန်းသည် ယခင်ကဲ့သို့ တည်ငြိမ်မှုကို ပြန်လည်ရရှိလာခဲ့ပြီ ဖြစ်သည်။

ပလက်တီနမ်တံဆိပ်ဆင့် လူသတ်သမားတစ်ယောက် သေဆုံးသွားခြင်းကို ယမမင်းဌာနချုပ် အနေဖြင့် အလွယ်တကူ လက်လွှတ်စွန့်ပယ်မည် မဟုတ်ပေ၊ သို့သော်လည်း တစ်စုံတစ်ယောက်က တုန်ကော်ကို သတ်ဖြတ်ခဲ့သည်ဟု သိရှိသွားလျှင်ပင် ယင်းသဲလွန်စကို မိမိထံသို့ ရောက်ရှိလာအောင် ခြေရာခံရန်မှာမူ ထင်သလောက် လွယ်ကူလိမ့်မည် မဟုတ်ပေ။

ချင်ယွမ်ဖုန်းသည် တုန်ကော်၏ သိုလှောင်အိတ်ကို ကောက်ယူလိုက်ပြီး စစ်ဆေးကြည့်ရာ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများအပြင် ဖြူဖွေးသော အရိုးစုဖြင့် ပြုလုပ်ထားသည့် ဒူးလေးရှည် တစ်စုံကိုလည်း တွေ့ရှိရချေသည်။

“နတ်မင်းစစ်သည်တော်လေး ပါလား”

ချင်ယွမ်ဖုန်း၏ ရင်တွင်း၌ စိတ်လှုပ်ရှားမှု အဟုန်တို့ တလိပ်လိပ် တက်လာရသည်။ သူသည် နတ်မင်းစစ်သည်တော်လေးကို ပင်လယ်ကမ်းစပ်တွင် စွန့်ပစ်ခဲ့ရခြင်း ဖြစ်ပေရာ တုန်ကော်က ယင်းကို ကောက်ယူသိမ်းဆည်းသွားခဲ့ပုံ ရချေသည်။

ထို့ပြင် နေရာပြောင်း အစီအရင် ပြား တစ်ချပ်လည်း ရှိနေသေးရာ ယင်းကိုမူ ရှီးလျူက ယူဆောင်သွားခဲ့ခြင်း ဖြစ်တန်ရာသည်။

‘သူတို့နှစ်ယောက်က ပစ္စည်းတွေကို တော်တော်လေး မျှမျှတတ ခွဲဝေယူခဲ့ကြတာပဲ’ ဟု ချင်ယွမ်ဖုန်းက စိတ်တွင်းမှနေ၍ အေးစက်စွာ လှောင်ပြောင်တွေးတောမိသည်။ သူ၏ နောက်ထပ် ပစ်မှတ်မှာမူ ရှီးလျူပင်။

ပစ္စည်းအားလုံးကို စနစ်တကျ သိမ်းဆည်းပြီးနောက် ချင်ယွမ်ဖုန်းသည် တုန်ကော်၏ ခန္ဓာကိုယ်ကို မီးသင်္ဂြိုဟ်၍ ပြာချပစ်လိုက်ပြီးလျှင် ကောင်းကင်ယံသို့ ပျံတက်လျက် ထိုနယ်မြေမှ လျင်မြန်စွာ ထွက်ခွာခဲ့လေတော့သည်။

ယမမင်း လူသတ်သမားအဖွဲ့အစည်း ဌာနချုပ်မှ ပလက်တီနမ်တံဆိပ်ဆင့် လူသတ်သမားတစ်ဦးသည် ဤနေရာ၌ သနားစဖွယ် အဆုံးသတ်သွားခဲ့ရသည်ကို မည်သူတစ်ဦးမျှ သိရှိလိုက်ကြခြင်း မရှိပေ။

ချင်ယွမ်ဖုန်းအနေဖြင့် ယန်ရုအင်ပါယာ မှ နန်ဝူးမြို့ သို့ ပြန်လည်ရောက်ရှိရန် ခြောက်ရက် သို့မဟုတ် ခုနစ်ရက်ခန့် အချိန်ယူခဲ့ရသည်။ သူသည် ယမမင်းဌာနချုပ်သို့ တိုက်ရိုက် မသွားရောက်သေးဘဲ မြို့ပြင်ရှိ တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကိုသာ ဦးစွာ ရှာဖွေလိုက်ချေသည်။

“ရှောင်လင်၊ ငါ့ရဲ့ အရည်အချင်းပြကွက် ကို တစ်ချက်လောက် ကြည့်ပေးစမ်း၊ ငါ တုန်ကော်ဆီကနေ တစ်ခုခုကို စုပ်ယူရရှိလိုက်ပုံပဲ”

ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။ ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ပေါ်လာပြီး ပြုံးလျက် ခေါင်းညိတ်ပြချေသည်။

သခင် : ချင်ယွမ်ဖုန်း

အသက်: ၂၅ နှစ်

ကျင့်စဉ်အဆင့် နယ်ပယ် : ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ်၊ သတ္တမအဆင့် ဆေးဖော်စပ်သူ၊ ဆဋ္ဌမအဆင့် အဆောင်လက်ဖွဲ့ ဖန်တီးသူ

သိုင်းပညာရပ်များ: ဝိညာဉ်ရှာဖွေခြင်းပညာရပ်၊ အဆိပ်တစ်သောင်း ပညာရပ်၊ မိုးတိမ်လွင့် ပညာရပ်၊ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်၊ အလောင်းကောင်ရုပ်သေး ပညာရပ်၊ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်၊ ဝိညာဉ်သားရဲထိန်းကျောင်းရေး ပညာရပ်၊ နဂါးဟိန်းသံပညာရပ်၊ ဓားဆွဲ ခုတ်ချက်၊ လင်းနို့အသွင်ပြောင်းလဲခြင်းပညာရပ်၊ သွေးပေါက်ကွဲခြင်း ပညာရပ်၊ မီးလျှံကောင်းကင်ခုတ်ချက်၊ နေဝင်ချိန်တစ်ချက်ခုတ်၊ ဗုဒ္ဓဂါထာတော် လက်ဝါး၊ ဝရဇိန်ခန္ဓာပညာရပ်၊ ကြိုတင်သိမြင်ခြင်း၊ မိုးကြိုးမီးလျှံ ဗုံးသီး၊ နဂါးသတ်ချက်၊ ဝိညာဉ်ချီပေါက်ကွဲခြင်း၊ အရိပ်ဆိုးသတ်ဖြတ်ခြင်း၊ ကောင်းကင်ဘုံ သန့်စင်ခြင်း နတ်ဘုရားလက်ဝါး၊ မီးလျှံဝိညာဉ်အမှတ်အသား၊ အစားထိုးလဲလှယ်ခြင်း

ဓာတ်စွမ်းအင် : ခရမ်းရောင်မီး၊ ရွှေရောင်မိုးကြိုး၊ ဟင်းလင်းပြင်၊ နှင်းမြူ၊ နဂါးအရှိန်အဝါ၊ မြေကမ္ဘာ

ကျင့်စဉ် : စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်

ယုံကြည်မှုတန်ဖိုး : ၉၉၃၆၈၆၈

မျှော်လင့်ထားသည့်အတိုင်းပင် ချင်ယွမ်ဖုန်းသည် သိုင်းပညာရပ် ကဏ္ဍအတွင်း၌ "အစားထိုးလဲလှယ်ခြင်း" ဟုခေါ်သော သိုင်းပညာရပ်အသစ်တစ်ခု တိုးပွားလာသည်ကို တွေ့ရှိလိုက်ရသည်။

သူက ခဏမျှ စဉ်းစားလိုက်သောအခါ အစားထိုးလဲလှယ်ခြင်း နှင့် ပတ်သက်သော အချက်အလက်များသည် သူ၏ဦးနှောက်အတွင်းသို့ စီးဝင်လာခဲ့ချေသည်။

ယင်းက ကျင့်ကြံသူအား မိမိ၏ ပတ်ဝန်းကျင် မီတာ ၅၀၀၀ အတွင်းရှိ အရာဝတ္ထုတစ်ခုခုကို ကျပန်းရွေးချယ်၍ မိမိကိုယ်ကိုယ် အစားထိုးလဲလှယ်နိုင်စေသော လျှို့ဝှက်သိုင်းပညာရပ် တစ်ခု ဖြစ်ပေသည်။

တုန်ကော်သည် ထိုစဉ်က ဤလှည့်ကွက်ကို အသုံးပြု၍ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သော်လည်း ကံဆိုးစွာဖြင့် ချင်ယွမ်ဖုန်းနှင့် သွားရောက်တိုးမိခဲ့ခြင်း ဖြစ်ပေသည်။

“ဒီသိုင်းပညာရပ်က တော်တော်လေး ဆန်းကြယ်တာပဲ၊ ဒါက ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားတွေထဲမှာ အကျုံးမဝင်သလို၊ ဟင်းလင်းပြင် လှိုင်းထန်မှုတွေကိုလည်း မဖြစ်ပေါ်စေဘဲ ဘာခြေရာလက်ကွက်မှလည်း ချန်ထားခဲ့တာ မရှိဘူး”

ချင်ယွမ်ဖုန်းက တိုးတိုးမျှ ရေရွတ်လိုက်မိသည်။ အကယ်၍သာ ဝိညာဉ်စွမ်းအားကို ရေဒါကဲ့သို့ အသုံးပြုနိုင်သော ချင်ယွမ်ဖုန်းကဲ့သို့သော ထူးဆန်းသည့်လူနှင့် မတွေ့ဆုံခဲ့ပါလျှင် တုန်ကော်သည် သေဆုံးရလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယင်း၏ အားနည်းချက်မှာလည်း ထင်ရှားလှပေသည်၊ အကြောင်းမူကား ယင်းက ကျပန်းစနစ် ဖြစ်သောကြောင့် မိမိကိုယ်ကိုယ် မည်သည့်နေရာသို့ ရောက်ရှိသွားမည်၊

မည်သည့်အရာဝတ္ထုနှင့် လဲလှယ်မိမည်ကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အပြင် တစ်ခါတစ်ရံတွင် အခြားသော ရန်သူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် တိုးဝင်သွားမိခြင်းမျိုးလည်း ဖြစ်ပွားနိုင်ချေရှိသည်။

ခဏမျှ စဉ်းစားပြီးနောက် ချင်ယွမ်ဖုန်းသည် ဤသိုင်းပညာရပ်ကို မိမိ၏ နှလုံးသားအတွင်း၌သာ လျှို့ဝှက်စွာ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်ပြီး အရေးကြုံလာပါက မိမိ၏အသက်ကို ကယ်ဆယ်နိုင်လိမ့်မည်ဟု မျှော်လင့်လိုက်မိချေသည်။

မိမိ၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ ပုံမှန်မဟုတ်မှု မရှိသည်ကို မြင်ရလျှင် ချင်ယွမ်ဖုန်းသည် နန်ဝူးမြို့ သို့ တိုက်ရိုက် ပြန်လည်ရောက်ရှိလာခဲ့သည်။

ယခုအချိန်တွင် နန်ဝူးမြို့ပြင်ရှိ မြင့်မားလှသော တံတိုင်းကြီးများသည် သူ့ကို တားဆီးနိုင်စွမ်း မရှိတော့ပေ။

မြို့တွင်းရှိ လျှို့ဝှက်ထားသော နေရာပြောင်းအစီအရင် ထံသို့ ရောက်ရှိလာသောအခါ ချင်ယွမ်ဖုန်းသည် ထိုနေရာရှိ ကာကွယ်ရေးအစောင့်များကို လှမ်း၍ မေးမြန်းလိုက်သည်။

“အခြေအနေ ဘယ်လိုလဲ၊ အခု မြို့ထဲမှာ တိတ်ဆိတ်သွားပြီလား”

ချင်ယွမ်ဖုန်း မေးမြန်းသည်မှာ လောင်းကစားရုံပိုင်ရှင် အသတ်ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် ဆူပူလှုပ်ရှားမှုများကို ရည်ညွှန်းခြင်းဖြစ်သည်ကို အစောင့်က ကောင်းစွာနားလည်သဖြင့် ခေါင်းအမြန်ညိတ်လျက် ဆိုလိုက်သည်။

“သူတို့က ဒါကို ကလဲ့စားချေတဲ့ သတ်ဖြတ်မှုလို့ပဲ ထင်နေကြတာ၊ ပြီးတော့ မင်းက နန်ဝူးမြို့ကနေ ထွက်ခွာသွားပြီလို့ ယူဆနေကြတဲ့အတွက် နောက်ရက်အနည်းငယ်အတွင်းမှာ စစ်ဆေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းတော့မှာပါ”

“ဟဲဟဲ၊ တကယ့် ငတုံးတွေပဲ၊ ငါက နန်ဝူးမြို့ထဲမှာပဲ တစ်ချိန်လုံး ရှိနေခဲ့တာကို”

ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်ပြီးနောက် နေရာပြောင်းအစီအရင် ပေါ်သို့ တိုက်ရိုက် လျှောက်လှမ်းသွားကာ ထွက်ခွာသွားလေတော့သည်။

ထိုအစောင့်သည်လည်း များစွာ အံ့အားသင့်သွားရချေသည်၊ သူသည် နန်ဝူးမြို့အတွင်း၌ အလွန်ကောင်းမွန်သော သတင်းအချက်အလက်များကို ရရှိထားသူဖြစ်ပြီး ပတ်ဝန်းကျင်နယ်မြေများ၏ အခြေအနေကိုပင် အစုံအလင် သိရှိထားပါသော်လည်း ဤလူသတ်သမားသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နန်ဝူးမြို့၏ မည်သည့်နေရာတွင် ပုန်းအောင်းနေခဲ့သည်ကိုမူ လုံးဝ ရိပ်မိခြင်း မရှိခဲ့ပေ။

“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ လူသတ်သမားဆိုတာ လူသတ်သမားပဲ၊ တကယ့်ကို ကျွမ်းကျင်လွန်းတယ်”

အစောင့်က တိုးတိုးမျှ ရေရွတ်လိုက်မိချေသည်။

တကယ်တော့ ချင်ယွမ်ဖုန်းသည် မိမိ နန်ဝူးမြို့မှ တစ်ခါမျှ ထွက်ခွာသွားခြင်းမရှိဟူသော မှားယွင်းသည့် အထင်အမြင်မျိုး အစောင့်များထံတွင် ကျန်ရစ်စေရန် ဤစကားလုံးများကို ချန်ထားခဲ့ခြင်း သာ ဖြစ်ပေသည်။

ယမမင်းဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာသောအခါ ချင်ယွမ်ဖုန်းသည် အဓိကခန်းမအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်သွားပြီး ကောင်တာ ထံသို့ သွားရောက်ကာ မိမိ၏ တာဝန်ကို အပ်နှံလိုက်လေတော့သတည်း။

All Chapters