အခန်း ၇၀၂
Vol. 35 Ch. 702
အခန်း (၇၀၂)
ထင်မှတ်ထားသည့်အတိုင်းပင် ချင်ယွမ်ဖုန်းသည် လူအများ၏ မျှော်လင့်ချက်ကို အပျက်မခံခဲ့ချေ။ သူသည် တာဝန်စာရင်းဆိုင်းဘုတ်ပေါ်ရှိ တာဝန်ဟူသမျှကို တစ်ခုမကျန် လက်ခံပြီးနောက် နေရာပြောင်းအစီအရင်ကို အသုံးပြုကာ ထွက်ခွာသွားခဲ့လေသည်။
ထိုသို့ ငွေအဆင့် လူသတ်သမားများအားလုံးသည် တာဝန်များကို ကြိုတင်လက်ခံထားကြသဖြင့် တာဝန်မဲ့ ဖြစ်မကျန်ခဲ့ရရာ သူတို့အားလုံး ရင်ထဲမှ သက်ပြင်းတစ်ချက်ကို သက်သာရာရစွာ ချနိုင်ခဲ့ကြတော့သည်။
ချင်ယွမ်ဖုန်းသည် နေရာပြောင်းအစီအရင်ထဲမှ လှမ်းထွက်လာရာတွင် ထိုနေရာရှိ ကာကွယ်ရေးအစောင့်များကို တစ်ချက်မျှပင် စောင်းငဲ့မကြည့်ခဲ့ချေ။
အခြားသူများ၏ အာရုံစိုက်မှုကို ခံရမည်ကိုလည်း သူ စိုးစဉ်းမျှ ပူပန်ခြင်းမရှိပေ။ သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် လူသူဆိတ်ရာ အဝေးတစ်နေရာသို့ ရောက်မှသာ အောက်သို့ ဆင်းသက်လိုက်လေသည်။
"မြူနှင်းဂိုဏ်း"
ချင်ယွမ်ဖုန်းသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး မိမိ၏ ကိုယ်တွင်းစွမ်းအင်များကို အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်ရာ ကိုက်သုံးဆယ်ပတ်လည်ရှိ မြေပြင်သည် ပေါက်ကွဲသွားပြီး ကျောက်ခဲ အပိုင်းအစများနှင့် သစ်ပင်သစ်ကိုင်းများ ဘေးဘီဝဲယာသို့ လွင့်စင်သွားကြချေသည်။
"အား"
သူသည် ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ မြေပြင်ကို တရစပ် လက်သီးဖြင့် ထိုးနှက်ပြီး ရင်ထဲရှိ ဒေါသမာန်ဟုန်ကို အားရပါးရ ပေါက်ကွဲပစ်နေတော့သည်။
မုန့်ချီလော့သည် သူ့အတွက်ကြောင့်နှင့် ရက်စက်လှသော တားမြစ်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ပြီး ယခုတိုင် နှစ်နှစ်တိုင်တိုင် ပြန်လည်ထွက်ခွာမလာခဲ့ပေရာ သူမ သေဆုံးသွားခဲ့ပြီဟု သတ်မှတ်၍ ရတန်ရာသည်။
"မဟုတ်ဘူး၊ ငါသေပြီလို့ အတည်ပြုထားတဲ့လူတွေတောင် မသေကြဘူးပဲ။ ဒါကြောင့် သူမလည်း ဘာမှဖြစ်မှာမဟုတ်ဘူး"
ချင်ယွမ်ဖုန်းသည် ဒေါသတကြီး တွေးတောလိုက်ရာ ရုတ်ချည်းပင် သူ၏ ရင်ဘတ်ထဲမှ မြှော်မြင်၍မရသော မီးလျှံတစ်ခု ပွင့်အံထွက်လာပြီး မြေပြင်ပေါ်ရှိ အရာခပ်သိမ်းကို ပြာကျသွားသည်အထိ လောင်ကျွမ်းပစ်လိုက်လေသည်။
နှစ်ရက်ခန့် ကြာလတ်သော် လူတို့သည် ပျက်စီးယိုယွင်းနေသော ကန္တာရမြေရိုင်းတစ်ခုကို တွေ့ရှိခဲ့ကြပြီး ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု ယူဆခဲ့ကြသည်။
ငွေအဆင့် တာဝန်များသည် ကြေးညိုအဆင့် တာဝန်များထက် ပိုမိုအန္တရာယ်များပြီး မရေရာမှုများ ရှိသော်လည်း ပစ်မှတ်အများစုမှာ ဘိုးဘေးနယ်ပယ်အောက်၌သာ ရှိကြသဖြင့် ချင်ယွမ်ဖုန်းအတွက်မူ အေးအေးလူလူ ကိုင်တွယ်နိုင်သော အခြေအနေပင် ဖြစ်ချေသည်။
ဤအကြိမ်တွင် ချင်ယွမ်ဖုန်းသည် ငါးရက်တာ အချိန်တိုအတွင်း၌သာ တာဝန်အားလုံးကို အပြီးသတ်ခဲ့ပြီးနောက် ယမမင်းဌာနချုပ်သို့ တိုက်ရိုက် ပြန်လာခဲ့သည်။
ဤမျှ မြန်ဆန်လှသော လုပ်ကြံသတ်ဖြတ်မှုနှုန်းသည် လူအများ၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်နေသဖြင့် လူပေါင်းများစွာကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
ဤမျှ ထိရောက်မှုရှိသော လုပ်ကြံမှုကို သူတို့ တစ်ခါမျှပင် မမြင်စဖူးခဲ့ကြပေ။
ငွေအဆင့် လူသတ်သမားများဘက်မှ တာဝန်စာရင်းဆိုင်းဘုတ်သည်ပင် အသစ်ပြန်လည်ပြင်ဆင်ခြင်း မရှိသေးချေ။
"လူသတ်သမားတွေ တာဝန်မထမ်းဆောင်တဲ့အချိန်မှာ ဘာတွေလုပ်လေ့ရှိလဲ" ချင်ယွမ်ဖုန်းသည် တာဝန်အပ်နှံရာတွင် ကောင်တာရှိ ဝန်ထမ်းအား ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။
ထိုဝန်ထမ်းက ပြုံးလျက် "လူသတ်သမားတွေလည်း လူသားတွေပါပဲ။ သူတို့ တာဝန်မရှိတဲ့အချိန်မှာ ပုံမှန်အားဖြင့် အနားယူလေ့ရှိကြပြီး မိမိတို့သွားချင်တဲ့နေရာကို လွတ်လပ်စွာ သွားလာနိုင်ပါတယ်" ဟု ဆိုသည်။
"ယေဘုယျအားဖြင့် ပြောရရင် ကြေးညိုအဆင့်နဲ့ ငွေအဆင့် လူသတ်သမားတွေဟာ တစ်နှစ်ကို တာဝန်နှစ်ခု ပြီးမြောက်အောင် ထမ်းဆောင်ရပါတယ်။ ရွှေတံဆိပ်အဆင့်နဲ့ ပလက်တီနမ်တံဆိပ်ဆင့် လူသတ်သမားတွေကတော့ တစ်နှစ်ကို တာဝန်တစ်ခု ပြီးမြောက်ဖို့ လိုအပ်ပြီး အလင်းမဲ့ရွှေအဆင့် လူသတ်သမားတွေကတော့ သူတို့ရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီး တာဝန်ယူလေ့ရှိကြတာပါ။ သူတို့ကိုတော့ ပုံမှန်အားဖြင့် ယမမင်းအဖွဲ့က တိုက်ရိုက်တာဝန်ပေးလေ့ရှိပြီး အဓမ္မ တာဝန်ယူခိုင်းတာမျိုး မရှိပါဘူး"
ခဏမျှ စဉ်းစားပြီးနောက် ဝန်ထမ်းက စကားတစ်ခွန်း ထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ရာ သူ ပြီးမြောက်ခဲ့သော တာဝန်ပမာဏသည် သတ်မှတ်ချက်ထက် များစွာကျော်လွန်နေပြီဖြစ်၍ ယခုအခါ စိတ်အေးလက်အေး အနားယူနိုင်ပြီဟူသော အဓိပ္ပာယ်ပင် ဖြစ်ချေသည်။
ဤအကြိမ်တွင် ချင်ယွမ်ဖုန်းသည် မည်သည့်တာဝန်ကိုမျှ ထပ်မံလက်မခံတော့ဘဲ လှည့်ထွက်သွားခဲ့ပြီး ဌာနချုပ်မှ သဲလွန်စမချန် ပျောက်ကွယ်သွားခဲ့တော့သည်။
ယမမင်းအဖွဲ့အစည်းသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ နိုင်ငံတိုင်းတွင် သူလျှိုအမြောက်အမြား စေလွှတ်ထားသော်လည်း သူတို့၏ အဓိက အခြေစိုက်စခန်းဖြစ်သော ထန်ဂူဒေသတွင်မူ သူလျှိုအများအပြား ချထားခြင်းမရှိပေ။
ပထမအချက်အနေဖြင့် ဤနေရာသည် ယမမင်းအဖွဲ့၏ ဌာနချုပ်ဖြစ်သဖြင့် သူလျှိုအမြောက်အမြား ရှိနေရန် မလိုအပ်ခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်အနေဖြင့် ဤနေရာ၌ အခြားဂိုဏ်းအသီးသီးမှလွဲ၍ လူစိမ်းများ မရှိသဖြင့် လုံးဝ မလိုအပ်ခြင်းကြောင့် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ယမမင်းအဖွဲ့၏ ကင်းထောက်များ၏ အမြင်အာရုံမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ရာ သူ ဘယ်နေရာသို့ သွားသည်ကို မည်သူမျှ မသိရှိကြတော့ပေ။
ဤသတင်းသည် စုန်းမအိုကြီးထံသို့ ရောက်ရှိသွားသောအခါ သူမက စဉ်းစားတွေးတောလျက် "တကယ့်ကို ထူးဆန်းတဲ့လူပဲ။ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားတာက လူတစ်ယောက်ကို ဒီလောက်တောင် ပြောင်းလဲသွားစေနိုင်တာလား" ဟု ရေရွတ်လိုက်လေသည်။
ချင်ယွမ်ဖုန်း သွားရောက်ခဲ့သော နေရာကား အခြားမဟုတ်၊ မြူနှင်းဂိုဏ်းပင် ဖြစ်ချေသည်။ ဖြစ်ပျက်ခဲ့သမျှကို သိရှိပြီးနောက် ချင်ယွမ်ဖုန်းအနေဖြင့် ယခုအချိန်အထိ အောင့်အီးသည်းခံ စောင့်ဆိုင်းခဲ့ခြင်းသည်ပင် သူ၏ အတိုင်းအတာထက် ကျော်လွန်နေပြီ ဖြစ်သည်။
သူသည် ယမမင်းဌာနချုပ်၌ ရှိနေစဉ်ကတည်းက မြူနှင်းဂိုဏ်း တည်ရှိရာနေရာကို စုံစမ်းစစ်ဆေးခဲ့ပြီး ဖြစ်သဖြင့် ယခုတစ်ကြိမ်တွင် မိမိ၏ ဦးတည်ရာသို့ တန်းတန်းမတ်မတ် လာခဲ့ခြင်း ဖြစ်သည်။
ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ သန့်ရှင်းသော နယ်မြေများထဲမှ တစ်ခုဖြစ်သည့်အတိုင်း မြူနှင်းဂိုဏ်းသည် သဘာဝအတိုင်းပင် အလွန် လျှို့ဝှက်ဆန်းကြယ်လှပြီး ထိုဂိုဏ်းတည်ရှိရာ နေရာသည်လည်း ပဟေဠိ ဆန်လှချေသည်။
ထန်ဂူဒေသ၏ မြောက်ဘက်အကျဆုံးပိုင်းတွင် ဧရာမ တောင်တန်းကြီးတစ်ခု ရှိပြီး ထိုတောင်တန်း၏ အောက်ခြေတွင် မြင့်မားသော တောင်ထွတ်များ ခြံရံထားသည့် သိပ်သည်းလှသော တောအုပ်ကြီးတစ်ခု တည်ရှိသည်။
ထိုတောအုပ်သည် ထန်ဂူဒေသ၏ ငါးပုံတစ်ပုံခန့်ကို လွှမ်းမိုးထားပြီး ခန့်ညားထည်ဝါလှသော မြင်ကွင်းတစ်ခုအဖြစ် တည်ရှိကာ နေဝင်ချိန်ရှေးဟောင်းတောအုပ် ဟု လူသိများကြချေသည်။
မြူနှင်းဂိုဏ်းသည် ထိုသိပ်သည်းလှသော တောအုပ်ကြီး၏ အထက်ကောင်းကင်ယံတွင် တည်ရှိသည်။
ချင်ယွမ်ဖုန်းသည် ထန်ဂူဒေသ၏ အရှေ့တောင်ဘက်ထောင့်ရှိ ယမမင်းဌာနချုပ်မှ စတင်ထွက်ခွာလာပြီး ထန်ဂူဒေသ၏ အလယ်ပိုင်းတွင်ရှိသော ချင်းလိုင်မျှော်စင်ကို ဖြတ်ကျော်ကာ မနားမနေ ခရီးနှင်ခဲ့ပြီးနောက် နေဝင်ချိန်ရှေးဟောင်းတောအုပ်သို့ တိုက်ရိုက် ဆိုက်ရောက်လာခဲ့သည်။
ဤနေရာတွင် သစ်ပင်ပန်းမာန်များအပြင် အလျှံပယ် ရှိနေသည်မှာ တောအုပ်တစ်ခု၏ မရှိမဖြစ်အရာ ဖြစ်သော မိစ္ဆာသားရဲများပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ကောင်းကင်ယံရှိ ကြည်လင်တောက်ပနေသော စကျင်ကျောက်တံခါးကြီးကို မော့ကြည့်လိုက်ရာ သူ၏ ရင်ထဲ၌ နာကျည်းမှု အာဃာတများ တရိပ်ရိပ် တက်လာပြီး မျက်ဝန်းအစုံသည်လည်း တဖြည်းဖြည်း နီမြန်းလာခဲ့သည်။
ကောင်းကင်ယံရှိ ထိုစကျင်ကျောက်တံခါးကြီးသည် မြူနှင်းဂိုဏ်း၏ အဝင်ဝပင် ဖြစ်ပြီး မြူနှင်းဂိုဏ်း တည်ရှိရာ နေရာသည် ကမ္ဘာငယ်လေးတစ်ခု ဖြစ်ချေသည်။
ချင်ယွမ်ဖုန်း၏ ကမ္ဘာငယ်လေးနှင့် မတူသည်မှာ မြူနှင်းဂိုဏ်း တည်ရှိရာ ကမ္ဘာငယ်လေးသည် လောကဓာတ်၏ အပိုင်းအစတစ်ခု ဖြစ်သော်လည်း မျိုးဆက်ပေါင်းများစွာ ပြုပြင်မွမ်းမံ ထိန်းသိမ်းလာခဲ့ပြီး အဝင်ဝ စကျင်ကျောက်တံခါးကိုပါ ထပ်မံဖြည့်စွက်ထားသဖြင့် များစွာ ခန့်ညားထည်ဝါလှသည်ဟု ထင်မှတ်ရပေသည်။
သူ ပြောခဲ့သည့်အတိုင်းပင် ချင်ယွမ်ဖုန်းသည် စကျင်ကျောက်တံခါးကြီး၏ အောက်ခြေ၌ အမှန်တကယ်ပင် စောင့်ဆိုင်းနေခဲ့သည်။
မုန့်ချီလော့၏ မမျှော်လင့်ဘဲ ဖြစ်ပျက်သွားခဲ့သော အခြေအနေများကြောင့် သူ၏ ရင်ထဲတွင် မြူနှင်းဂိုဏ်းအပေါ် အတိုင်းထက်အလွန် နာကျည်းအာဃာတများ ပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။
ဤအရာသည် သူ မြူနှင်းဂိုဏ်း၏ လက်ချက်ဖြင့် လုပ်ကြံတိုက်ခိုက်ခံခဲ့ရစဉ်ကထက်ပင် ပိုမို၍ ဒေါသထွက်ဖွယ် ကောင်းလှချေသည်။
ချင်ယွမ်ဖုန်း၏ ကံတရားသည် ကောင်းမွန်သည်ဟု ဆိုရမည် ဖြစ်ရာ ဤနေရာတွင် သုံးရက်မျှ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် မြူနှင်းဂိုဏ်းမှ လူများနှင့် ထိပ်တိုက် တွေ့ဆုံခွင့်ရခဲ့တော့သည်။
ရုတ်ချည်းပင် ကောင်းကင်ယံရှိ စကျင်ကျောက်တံခါးကြီးသည် လင်းထိန်သွားပြီးနောက် လူတစ်စုသည် တံခါးကြီးအတွင်းမှ ဖြည်းညှင်းစွာ ပျံသန်းထွက်လာကြကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
တံခါးကြီး လှုပ်ရှားမှုရှိလာစဉ်ကတည်းက ချင်ယွမ်ဖုန်းသည် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ မြေပြင်နှင့် တစ်သားတည်း ရောနှောပုန်းကွယ်လိုက်ပြီး ထွက်လာသော လူများကို စတင် အကဲခတ်လေတော့သည်။
ထိုလူများထဲမှ အများစုမှာ မိန်းမပျိုလေးများ ဖြစ်ကြပြီး သက်ကြီးဝါကြီး သိုင်းပညာရှင်တစ်ဦးသာ လမ်းပြအဖြစ် ပါဝင်လာခဲ့ရာ ထိုသူ၏ ကျင့်စဉ်အဆင့်မှာလည်း ပထမအဆင့် မဟာဆရာနယ်ပယ်တွင်သာ ရှိချေသည်။
"ကဲ... အခု မင်းတို့ရဲ့ စမ်းသပ်မှု စတင်ပြီ။ အကယ်၍ ဒီတစ်ကြိမ်မှာ ကျရှုံးခဲ့မယ်ဆိုရင် မြူနှင်းဂိုဏ်းကတောင် မင်းတို့ကို ဒီမှာ ဆက်ထားမှာ မဟုတ်ဘူး" ဟု သက်ကြီးဝါကြီး သိုင်းပညာရှင်က တင်းမာစွာ ပြောဆိုလိုက်သည်။
မိန်းမပျိုလေးများသည် ကပျာကယာ ခေါင်းညိတ်ပြကြသည်။ သူတို့သည် ဂိုဏ်းအတွင်း၌ နှစ်ပေါင်းများစွာ ရှိနေခဲ့ကြသော်လည်း အတွင်းပိုင်း စမ်းသပ်မှုများကို မကျော်ဖြတ်နိုင်ခဲ့ကြသဖြင့် အားလုံး၏ မျက်နှာတွင် လွန်စွာ စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ထင်ဟပ်နေကြချေသည်။
"နားလည်ပါပြီ အကြီးအကဲ" ဟု မြူနှင်းဂိုဏ်း၏ တပည့်များက တိုးညင်းစွာ ပြန်လည်ဖြေကြားခဲ့ကြသည်။
မြူနှင်းဂိုဏ်း၏ ရွေးချယ်ခြင်း ခံရသူများသည် ပါရမီ အရည်အချင်း လွန်စွာမြင့်မားသော မိန်းကလေးများ ဖြစ်ရမည် ဖြစ်သော်လည်း မြူနှင်းဂိုဏ်းက သတ်မှတ်ထားသော စမ်းသပ်မှုများသည် အလွန်တရာ ခက်ခဲလှသဖြင့် လွယ်လွယ်ကူကူနှင့် ကျော်ဖြတ်နိုင်ခြင်း မရှိကြချေ။
"မင်းတို့ထဲမှာ အားအနည်းဆုံးလူက တတိယအဆင့် မဟာဆရာနယ်ပယ်မှာပဲ ရှိသေးတယ်။ ဒါကြောင့် ဒီစမ်းသပ်မှုရဲ့ ရည်မှန်းချက်က တတိယအဆင့် မြင့်မားသော သားရဲအဆင့်ရဲ့ မှော်အမြူတေ ဆယ်ခုကို ရရှိဖို့ ဖြစ်တယ်။ ဒါဟာ လူတိုင်းအတွက် အကျုံးဝင်တယ်"
အကြီးအကဲသည် အေးစက်စွာ ပြောကြားပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်လေသည်။
တပည့်များအားလုံးသည် လျင်မြန်စွာ လူစုခွဲသွားကြပြီး နေဝင်ချိန်ရှေးဟောင်းတောအုပ်အတွင်း၌ သူတို့၏ အမဲလိုက်ပစ်မှတ်များကို စတင် ရှာဖွေကြတော့သည်။
ချင်ယွမ်ဖုန်းသည်လည်း အံ့အားသင့်သွားခဲ့ရသည်။ တပည့်တစ်ဦးချင်းစီအနေဖြင့် အနည်းဆုံး တတိယအဆင့် မြင့်မားသော သားရဲဆယ်ကောင်ကို သတ်ဖြတ်ရမည် ဖြစ်ရာ ပျမ်းမျှကျင့်စဉ်အဆင့် တတိယ သို့မဟုတ် စတုတ္ထအဆင့် မဟာဆရာနယ်ပယ်မျှသာ ရှိသော သိုင်းပညာရှင်များအတွက်မူ ဤအရာသည် အလွန်တရာ ခက်ခဲလှချေသည်။
ပါရမီထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသော်လည်း ချင်ယွမ်ဖုန်းကဲ့သို့ မိမိထက် ကျင့်စဉ်အဆင့်မြင့်မားသော ပြိုင်ဘက်များကို ကျော်လွန်တိုက်ခိုက်နိုင်စွမ်းမျိုး အားလုံးတွင် ရှိမနေကြသည်မှာ အမှန်ပင် ဖြစ်ချေသည်။
အကြီးအကဲသည် ထိုနေရာ၌ပင် ငြိမ်သက်စွာ ရပ်တန့်နေခဲ့ပြီး တပည့်တစ်ဦးချင်းစီကို စောင့်ကြည့်ရန်အတွက် တစ်စုံတခုသော လျှို့ဝှက်နည်းလမ်းကို အသုံးပြုနေပုံ ရလေသည်။