← Chapters

အခန်း ၇၀၆

Vol. 35 Ch. 706

အခန်း ၇၀၆

Vol. 35 Ch. 706

အခန်း (၇၀၆) လျှို့ဝှက်ဆန်းကြယ်သောလူသား

ချင်ကွေ့သည် များစွာအံ့အားသင့်သွားရသော်လည်း ခေါင်းကိုသာ ခါယမ်းလိုက်ရင်း ဆိုချေသည်။

"အကြီးအကဲ ယိုဟွာ ခင်ဗျား မှားနေပြီ၊ 'အရိပ်ဆိုးသတ်ဖြတ်ခြင်း' ပညာရပ်ဟာ ကျုပ်တို့ ယမမင်းအဖွဲ့ရဲ့ သိုင်းပညာတစ်ခု ဖြစ်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ကျုပ်တို့ဘက်က ဒီပညာရပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်တားဆီးထားတာမျိုး မရှိပါဘူး၊ ဒါကြောင့်မို့ တစ်စုံတစ်ယောက်ဆီ ဒီအတတ်ပညာ ပေါက်ကြားသွားတာဟာ အံ့ဩစရာ ကိစ္စတစ်ခုတော့ မဟုတ်ဘူး"

"ဟူး"

ယိုဟွာဟု ခေါ်ဝေါ်သော အကြီးအကဲသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ရွဲ့စောင်း၍ ဆိုလေသည်။

"အရိပ်ဆိုးသတ်ဖြတ်ခြင်း ကျင့်စဉ်ကို ကျင့်ကြံဖို့ဆိုရင် အရင်ဦးဆုံး ခန္ဓာကိုယ်ရဲ့ သွေးသားပြောင်းလဲခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းရတာ ဖြစ်တယ်၊ အဲဒီနောက်မှသာ ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်တာပေါ့၊ တကယ်လို့ မင်းတို့ ယမမင်းအဖွဲ့သာ မဟုတ်ရင် အခြားဘယ်သူက ခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင်တဲ့ ပြီးပြည့်စုံတဲ့ နည်းလမ်းမျိုးကို ပိုင်ဆိုင်ထားနိုင်ဦးမှာလဲ"

ချင်ကွေ့သည် ခေါင်းကိုသာ ဆက်၍ ခါယမ်းနေမိသည်။

"ဒီအချက်လေး တစ်ခုတည်းနဲ့တင် ကျုပ်တို့ ယမမင်းအဖွဲ့က လုပ်တာပါလို့ တထွက်တည်း ကောက်ချက်ချလို့ မရနိုင်သေးဘူး၊ ကျုပ်တို့ဘက်က ခင်ဗျားတို့ရဲ့ မြူနှင်းဂိုဏ်းကို တိုက်ခိုက်ရမယ့် အကြောင်းပြချက်လည်း မရှိပါဘူး"

ချင်းကွေ့က စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်ရင်း ဆက်ပြောချေသည်။

"ဒီကိစ္စကို ကျုပ် ကိုယ်တိုင် စုံစမ်းစစ်ဆေးပေးပါ့မယ်၊ တကယ်လို့ တစ်ခုခု သိရှိရပြီဆိုရင် ခင်ဗျားတို့ မြူနှင်းဂိုဏ်းဆီကို အရင်ဆုံး အကြောင်းကြားပေးပါ့မယ်"

ချင်ကွေ့၏ စကားကို ကြားရသောအခါ ယိုဟွာသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ရိပ်မိသွားပုံ ရပေသည်။

တကယ်လို့ ယမမင်းအဖွဲ့ကသာ အမှန်တကယ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါက ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ယခုထက် ပိုမို လျှို့ဝှက်ဆန်းကြယ်နေ ဖြစ်တန်ရာ၏။

"ကောင်းပြီလေ၊ ဒါဆိုရင်လည်း ငါ နားလည်ပါပြီ၊ တကယ်လို့သာ အမှန်တရားကို ရှာမတွေ့ဘူးဆိုရင်တော့ ငါတို့ မြူနှင်းဂိုဏ်းဘက်ကလည်း ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"

ယိုဟွာသည် ဒေါသတကြီးဖြင့် မတ်တတ်ရပ်လိုက်ပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

အတန်ကြာ စဉ်းစားတွေးတောပြီးနောက် ချင်ကွေ့သည် ယမမင်းဌာနချုပ်၏ ကြီးကြပ်သူကြီးကို ခေါ်ယူရန် လက်အောက်ငယ်သားများအား အမိန့်ပေးလိုက်ချေသည်။

စုန်းမအိုကြီး ဖြစ်သော ထိုကြီးကြပ်သူသည် ချင်ကွေ့၏ အခန်းတွင်းသို့ ပျာပျာသလဲ ဝင်ရောက်လာခဲ့သည်။

"အကြီးအကဲချင်းကွေ့၊ ဘာကိစ္စများ ရှိလို့ ခေါ်တာလဲ"

စုန်းမအိုကြီးက ရိုသေကိုင်းညွတ်စွာ မေးမြန်းလိုက်သည်။

ချင်ကွေ့သည် ခဏမျှ စဉ်းစားလိုက်ပြီးမှ ဖြည်းညင်းစွာ ဆိုလေသည်။

"တုချင်း မင်း သွားပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ ဘယ်လူသတ်သမားတွေက တာဝန်တွေ မဆောင်ရွက်ဘဲ ထန်ဂူဒေသမှာ သောင်တင်နေလဲဆိုတာ စုံစမ်းကြည့်စမ်း၊ အင်း... ဖြစ်နိုင်ရင်တော့ အဆင့်မြင့် လူသတ်သမားတွေ ဖြစ်ရင် ပိုကောင်းလိမ့်မယ်"

တုချင်းသည် ချင်းးကွေ့၏ စကားများထဲတွင် ထူးဆန်းမှုတစ်ခုကို အာရုံခံမိသွားသဖြင့် ဂရုတစိုက်ဖြင့် မေးမြန်းလိုက်သည်။

"အကြီးအကဲချင်းကွေ့၊ တစ်ခုခု ဖြစ်ပျက်သွားလို့ပါလား"

ချင်ကွေ့ကလည်း ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်ချေသည်။

"တစ်စုံတစ်ယောက်က မြူနှင်းဂိုဏ်းရဲ့ အကြီးအကဲ နှစ်ယောက်ကို သတ်ဖြတ်လိုက်တယ်၊ အဲဒီမှာ သုံးသွားတဲ့ တိုက်ခိုက်ရေး ပညာရပ်က ငါတို့ ယမမင်းအဖွဲ့ရဲ့ အရိပ်ဆိုးသတ်ဖြတ်ခြင်း ပညာရပ် ဖြစ်နေတယ်၊ မြူနှင်းဂိုဏ်းက လူတွေ ခုတင်တင်ပဲ ငါဆီ ရောက်လာပြီးတော့ ဒါဟာ ငါတို့ ယမမင်းအဖွဲ့ရဲ့ လက်ချက်လို့ ထင်နေကြတာ"

"တစ်စုံတစ်ယောက်က ငါတို့ ယမမင်းအဖွဲ့ကို သက်သက်မဲ့ အကွက်ဆင် ခြောက်လှန့်ဖို့ ကြိုးစားနေတာ နေမှာပေါ့"

တုချင်းက မျက်လုံးအစုံကို ပြူးကျယ်လျက် မေးမြန်းလိုက်သည်။

ချင်ကွေ့က ခေါင်းညိတ်ပြလိုက်သော်လည်း ၎င်း၏ ပုံစံမှာ များစွာ အေးဆေးတည်ငြိမ်နေပြီး ခက်ခဲသော ကိစ္စတစ်ခု မဟုတ်သည့်အလား ရှိပေသည်။

"အရမ်းကြီး စိုးရိမ်မနေပါနဲ့၊ သွားပြီးတော့သာ အသေအချာ စုံစမ်းလိုက်ပါ၊ ဒါပေမဲ့ ငါတို့အနေနဲ့ ထန်ဂူဒေသအတွင်းမှာ သတင်းပေးတွေကို ပိုပြီး တိုးမြှင့်ထားဖို့ လိုအပ်လိမ့်မယ်၊ အထူးသဖြင့် မြူနှင်းဂိုဏ်းရဲ့ အနီးအနားမှာပေါ့၊ ဒီကိစ္စကို မင်းလက်ထဲပဲ အပ်လိုက်မယ်"

"ဟုတ်ကဲ့ပါ အကြီးအကဲချင်ကွေ့"

တုချင်းသည် ချက်ချင်းပင် အခန်းတွင်းမှ ထွက်ခွာသွားတော့သည်။

ချင်ကွေ့သည် ၎င်း၏ ရှေ့မှောက်ရှိ ဟင်းလင်းပြင်ကို ငေးမောကြည့်ရှုရင်း ညည်းတွားလိုက်မိသည်။

"ဒါ ဘယ်သူ ဖြစ်နိုင်မလဲ"

ချင်ယွမ်ဖုန်းသည် ကြေးညိုအဆင့် တာဝန်ကို လက်ခံရရှိခဲ့ပြီး လျင်မြန်စွာပင် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ချေသည်။

သို့သော် သူသည် ယမမင်းဌာနချုပ်ဆီသို့ တိုက်ရိုက် မပြန်ဘဲ မြေနက်မြေဆီသို့ ဦးတည်သွားကာ လှမ်းမြော်ကြည့်ရှုလျက် ရင်းနှီးသော လူပုဂ္ဂိုလ်များကို အဝေးမှနေ၍ စောင့်ကြည့်နေမိသည်။

ဤအကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် တည်းခိုခန်းအတွင်း၌ ယခင်က ပုန်းအောင်းနေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် လူသားကို အမှန်တကယ်ပင် တွေ့ရှိသွားရသဖြင့် မျက်မှောင်ကို ကြုတ်လိုက်မိတော့သည်။

"ဒီလူက အမှန်တကယ် ဘယ်သူလဲ၊ ဘာဖြစ်လို့ ဒီနေရာမှာ အခုထိ ရှိနေသေးတာလဲ၊ သူ တစ်ခုခုကို ကြံစည်နေတာ သေချာတယ်"

ချင်ယွမ်ဖုန်းသည် မျက်လုံးများကို မှေးစင်းလျက် တိုးတိုးရေရွတ်လိုက်မိ၏။

တည်းခိုခန်းအတွင်း ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် လူသားသည်လည်း ၎င်း၏ကျောပြင်ပေါ်သို့ စူးစိုက်ကျရောက်လာသည့် အကြည့်များကို တစ်ဖန်ပြန်လည် ခံစားမိသွားသဖြင့် မျက်မှောင်ကြုတ်လျက် ချင်ယွမ်ဖုန်း၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို တွေးတောနေမိသည်။

"ဟင်း၊ ငါ့ကို တစ်ချိန်လုံး လာပြီး ချောင်းမြောင်းကြည့်နေတယ်ပေါ့၊ မင်းက ငါ့ကို အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ ရွှံ့ရုပ်တစ်ခုလို့ တကယ်ပဲ ထင်နေတာလား"

ထိုလျှို့ဝှက်ဆန်းကြယ်သော လူသားသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ဤအကြိမ်တွင်မူ ဆက်လက် ပုန်းအောင်းမနေတော့ဘဲ တည်းခိုခန်း အပြင်ဘက်သို့ တည့်တည့်မတ်မတ် လျှောက်လှမ်းထွက်ခွာလာခဲ့တော့သည်။

မြေနက်မြေ နယ်မြေ၏ ရှေ့မှောက်ရှိ မြို့ငယ်လေးသည် ယခုအခါတွင် အတော်အတန် ပုံပေါ်နေပြီ ဖြစ်ပြီး မြို့အတွင်းရှိ ခရီးသွား ဧည့်သည်များ၏ အရေအတွက်မှာလည်း တဖြည်းဖြည်း တိုးပွားလာနေပြီ ဖြစ်ရာ ထိုလျှို့ဝှက်ဆန်းကြယ်သော လူသားသည် လမ်းမပေါ်သို့ လျှောက်လှမ်း ဝင်ရောက်သွားသည့်တိုင် မည်သူတစ်ဦးတစ်ယောက်၏ အာရုံစိုက်မှုကိုမျှ ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပေ။

ထိုသို့ ဆိုရာ၌ လူသားများ၏ အာရုံစိုက်မှုကို မခံရခြင်း ဖြစ်သော်လည်း ခွေးတစ်ကောင်၏ အာရုံကိုမူ မလွတ်ကင်းခဲ့ချေ။

မြေနက်မြေ ကုန်သည်ကြီးများအသင်း၏ ရှေ့မှောက်တွင် မှောက်ခုံအိပ်နေသော ဝမ်ချိုင်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော လူသား တည်းခိုခန်းထဲမှ ဖြည်းညင်းစွာ ထွက်ခွာလာသည်ကို မြင်တွေ့လိုက်ရပြီး နေရာအနှံ့ ပျံ့နှံ့နေသော ဝိညာဉ်စွမ်းအားကို အာရုံခံမိလိုက်သဖြင့် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်တော့သည်။

"ဝမ်ချိုင်၊ နင် ဘယ်သွားမလို့လဲ"

ချန်ရှောင်ချောင်သည် ကုန်သည်ကြီးများအသင်းထံသို့ ရောက်ရှိလာပြီး ဝမ်ချိုင် ထွက်ခွာသွားတော့မည့် ပုံစံကို မြင်တွေ့လိုက်ရသဖြင့် အလျင်အမြန် မေးမြန်းလိုက်သည်။

ဝမ်ချိုင်သည် လှည့်ပြန်လာခဲ့ပြီး ချန်ရှောင်ချောင်ကို ကုန်သည်ကြီးများအသင်း အတွင်းရှိ အခန်းငယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ဝင်းလက်သော အလင်းဖြူတစ်ခု ဖြာထွက်လာပြီးနောက် ၎င်းသည် ချောမောလှပသော လူသားတစ်ယောက်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားချေပြီ။

"ငါ သံသယဖြစ်စရာကောင်းတဲ့ လူတစ်ယောက်ကို တွေ့လိုက်လို့ သွားပြီး စစ်ဆေးကြည့်ချင်လို့"

ဝမ်ချိုင်က ပြုံးလျက် ဆိုလေသည်။

သူသည် ယခင်က ခွေးတစ်ကောင် ဖြစ်ခဲ့သောကြောင့် ဖြစ်တန်ရာ၏၊ ဝမ်ချိုင်၏ အပြုံးသည် အနည်းငယ် လူအူကြောင်ကြောင် ပုံစံမျိုး ဖြစ်နေပေသည်။

"ကောင်းပြီလေ၊ ဒါဆိုရင်လည်း အစစအရာရာ ဂရုစိုက်ပါဦး"

ချန်ရှောင်ချောင်က စိုးရိမ်ပူပန်စွာဖြင့် ဆိုလိုက်သည်။

ဝမ်ချိုင်သည် သူ၏ ဆံပင်များကို သပ်တင်လိုက်ရင်း ပြောချေသည်။

"စိတ်မပူပါနဲ့၊ ဘာပြဿနာမှ မရှိစေရဘူး၊ နင် လုပ်စရာရှိတာတွေကိုသာ သွားလုပ်ပါ၊ ဒါပေမဲ့ တစ်ခုခု အန္တရာယ်ရှိလာရင်တော့ ချက်ချင်း အစီအရင်ထဲကို ပြန်ဆုတ်လာခဲ့နော်၊ ဒါကို အမြဲမှတ်ထားပါ"

"ငါ နားလည်ပါပြီ"

ချန်ရှောင်ချောင်က ခေါင်းညိတ်ပြလိုက်၏။ လွန်ခဲ့သည့်အကြိမ် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ၎င်းတို့၏ သတိထားမှု အဆင့်အတန်းမှာ သိသိသာသာ တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။

ထိုသို့ ပြောကြားပြီးနောက် ဝမ်ချိုင်သည် ကုန်သည်ကြီးများအသင်းမှ ထွက်ခွာသွားခဲ့ပြီး ခုတင်တင်က သူ မြင်တွေ့ခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သည့် လူသား၏ နောက်သို့ လိုက်လံ စုံစမ်းတော့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော လူသားသည် အရှေ့ဆုံးမှနေ၍ ဝမ်တောင်တန်းဆီသို့ ဦးတည်လျက် အပြင်းနှင်နေပြီး ချန်ယွမ်ဖုန်းကမူ အဝေးတစ်နေရာမှနေ၍ အနောက်က ခပ်လှမ်းလှမ်းမှ လိုက်ပါလာကာ ဝမ်ချိုင်ကမူ အနောက်ဆုံးကနေ၍ နောက်ယောင်ခံ လိုက်ပါလာနေခြင်း ဖြစ်သည်။

ချန်ယွမ်ဖုန်း၏ အာရုံစုံသည် အရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော လူသားအပေါ်၌သာ အပြည့်အဝ ကျရောက်နေသဖြင့် မိမိ၏ နောက်ကွယ်တွင် ဝမ်ချိုင် လိုက်ပါလာနေသည်ကိုပင် သတိမထားမိခဲ့ချေ။

မကြာမီအချိန်အတွင်းမှာပင် ထိုလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါသည် ဝမ်တောင်တန်း၏ ခြေရင်းရှိ တောအုပ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် ဖြည်းညင်းစွာ လှည့်ပြန်ကြည့်လိုက်လေသည်။

"ထွက်လာခဲ့တော့၊ မင်း ငါ့နောက်ကို ဒီလောက်အကြာကြီး လိုက်လာခဲ့တာ၊ အခုတော့ ထွက်လာပြီး ငါနဲ့ တွေ့ဆုံရမယ့် အချိန်ပဲ"

အက်ကွဲနေသော မောင်းဆိုင်းတစ်ခုကဲ့သို့ ရှတတ အသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်း၏ အနောက်တွင် ရှိနေသော ချန်ယွမ်ဖုန်းမှာ လန့်ဖျတ်သွားရ၏။

ထိုအသံမှာ တစ်စုံတစ်ယောက်၏ အသံအိုး ပျက်စီးနေသည့် ပုံစံမျိုး ဖြစ်နေပြီး သို့မဟုတ်ပါက အသံကို တမင်တကာ ပြုလုပ်ထားခြင်းလည်း ဖြစ်နိုင်ပေသည်။

ချန်ယွမ်ဖုန်းသည် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ၎င်း၏ မျက်နှာကို ကျယ်ပြန့်သော ခေါင်းဆောင်းအောက်တွင် ဖုံးကွယ်ထားလျက် အပြင်ဘက်သို့ ဖြည်းညင်းစွာ လှောက်လှမ်းထွက်လာခဲ့သည်။

"မင်းက ဘယ်သူလဲ၊ မင်းရဲ့ ဒီလို ဖယိုဖရဲ ပုံစံကို ကြည့်ရတာလည်း လူကောင်းတစ်ယောက်တော့ ဟုတ်ပုံမရဘူး"

ထိုလျှို့ဝှက်ဆန်းကြယ်သော လူသားက အေးစက်စွာ ဆိုလိုက်သည်။

ချန်ယွမ်ဖုန်းသည်လည်း မိမိ၏ အသံကို တမင်တကာ နှိမ့်ချလိုက်ရင်း မေးမြန်းလိုက်၏။

"ဒါဆို မင်းကကော ဘယ်သူလဲ၊ ဘာဖြစ်လို့ အဲဒီမြို့ငယ်လေးထဲမှာ ဒီလောက်အကြာကြီး အမြဲတမ်း ပုန်းအောင်းနေရတာလဲ"

ထိုလျှို့ဝှက်ဆန်းကြယ်သော လူသားသည် ချင်ယွမ်ဖုန်းကို ကြည့်ရှုလိုက်သော်လည်း ထူထဲသော ဝတ်ရုံရှည်ကြောင့် အထဲသို့ ထိုးဖောက်မမြင်နိုင်ခဲ့ချေ။

"အဲဒီနေရာက လူတွေကို ဒီလောက်တောင် စိတ်ပူနေတယ်ဆိုတော့ မင်းက ဘယ်သူလဲ၊ မြေနက်မြေနဲ့ ပတ်သက်နေတဲ့လူလား၊ ငါ့ကို စဉ်းစားခွင့်ပေးဦး... အိုင်ဖေးလား၊ ပုံစံရတော့ မတူဘူး၊ ဒါဆိုရင် ဒုန်ဖန်းရှန့်မင် လား"

ထိုလျှို့ဝှက်ဆန်းကြယ်သော လူသား၏ စကားကို ကြားလိုက်ရသည့် ခဏ၌ ချန်ယွမ်ဖုန်း၏ မျက်လုံးအစုံသည် ချက်ချင်းပင် ပြူးကျယ်သွားရတော့သည်။

"မင်း... မင်းပဲ၊ မင်းက ဆေးနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့လူပဲ"

"ဟားဟားဟား"

ထိုလျှို့ဝှက်ဆန်းကြယ်သော လူသားသည် စူးရှစွာ ရယ်မောလိုက်ရင်း ဆိုချေသည်။

"မင်းက ဆေးနတ်ဘုရားဂိုဏ်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့လူတွေထဲက တစ်ယောက် ဖြစ်ရမယ်၊ မင်းရဲ့ ကျင့်စဉ်အဆင့်ကို ကြည့်ရတာတော့ ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လိမ့်မယ် ထင်တယ်"

ချန်ယွမ်ဖုန်းသည် များစွာ တုန်လှုပ်ခြောက်ခြားသွားရ၏။ တစ်နည်းအားဖြင့် ဆိုရသော် ဤလူသည် မိမိကိုယ်တိုင် ဆေးနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးခဲ့သည့် လူသတ်သမား ဖြစ်ကြောင်း ဝန်ခံလိုက်ခြင်း ဖြစ်ပြီး ၎င်းသည် ချန်ယွမ်ဖုန်း အမြဲတမ်း စုံစမ်းသိရှိရန် ကြိုးစားနေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်သူပင် ဖြစ်နေတော့သည်။

"ဘာဖြစ်လို့လဲ"

ချန်ယွမ်ဖုန်းသည် သူ၏ လက်သီးများကို တင်းတင်းဆုပ်လျက် ဒေါသတကြီးဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့လဲ ဟုတ်လား"

ထိုလျှို့ဝှက်ဆန်းကြယ်သော လူသားက လှောင်ပြုံး ပြုံးလိုက်ရင်း ဆိုလေသည်။

"ငါက သူ့ကို မသတ်နိုင်မှတော့ သူနဲ့ ပတ်သက်နေတဲ့ လူမှန်သမျှကို အကုန်သတ်ပစ်မှာပေါ့၊ တကယ်လို့ ငါ့လမ်းကို ပိတ်ဆို့နေတဲ့ အဲဒီသေရမယ့် ခွေးနက်ကြီးသာ မရှိခဲ့ရင် ငါ အစောကြီးကတည်းက အောင်မြင်နေပြီ"

"လူယုတ်မာ"

ချန်ယွမ်ဖုန်း၏ မျက်ဝန်းအိမ်အတွင်း၌ သတိပြုမိရန် ခဲယဉ်းလှသော နီမြန်းသည့် အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ၎င်း၏ လက်ဖျံပေါ်တွင် ကြီးမားလှသော ကိုယ်တွင်းစွမ်းအင်များ စုစည်းလာကာ သူ၏ ပတ်ပတ်လည်တွင် ထက်မြက်လှသော လေဆင်နှာမောင်းငယ်လေးများကို ဖြစ်ပေါ်စေတော့သည်။

All Chapters