အခန်း ၇၀၈
Vol. 35 Ch. 708
အခန်း (၇၀၈) ထိပ်သီးလူသတ်သမား
“ဒိန်း”
ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ချက် ဟိန်းခနဲ မြည်ဟီးသွားပြီးနောက် မီးလျှံဖီးနစ်ပုံရိပ်သည် အပိုင်းပိုင်းအစစ ကွဲအက်ပျက်စီးသွားချေသည်။
ထိုပေါက်ကွဲမှု၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသော ချင်ယွမ်ဖုန်းသည် ပြင်းထန်သော ရိုက်ခတ်မှုဒဏ်ကို အလူးအလဲ ခံစားလိုက်ရပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရတော့သည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် မီးလျှံဖီးနစ်၏ စစ်မှန်သော တိုက်ခိုက်မှုစွမ်းအားမှာ နီရဲသောမီးလျှံများ ဖြစ်ပေရာ ယင်းမီးလျှံများကို ချင်ယွမ်ဖုန်း၏ ခရမ်းရောင်မီးဖြင့် ပြန်လည်ခုခံ ချေဖျက်နိုင်ခဲ့သဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခြင်းမှ သီရိသီဟန် လွတ်မြောက်ခဲ့ရသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ချင်ယွမ်ဖုန်းအား ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း သူမ၏ မျက်ဝန်းအိမ်သည် ရုတ်ချည်း ကျဉ်းမြောင်းသွားခဲ့၏။
ထိုသို့ဖြစ်ရသည်မှာ မလှမ်းမကမ်းဆီမှနေ၍ လူရိပ်တစ်ခုသည် သူတို့ရှိရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသောကြောင့် ဖြစ်ပေသည်။
ထိုလူရိပ်သည် မြေနက်မြေမှ လာသော ခွေးနက်ကြီးဖြစ်ကြောင်း သူမ မှတ်မိလိုက်ချေသည်။
“ဟွန်း”
မိမိအနေဖြင့် အနိုင်မရနိုင်တော့ကြောင်း ကောင်းစွာရိပ်မိသွားသည့်အတွက် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ဇွတ်မှိတ်၍ အားမထုတ်တော့ဘဲ ချင်ယွမ်ဖုန်းအား နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ကြည့်လိုက်ပြီးနောက် အဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ထပ်မံ၍ တိုက်ခိုက်ခြင်းမခံရတော့သဖြင့် ချင်ယွမ်ဖုန်းသည် သက်ပြင်းအသာချနိုင်ခဲ့သော်လည်း ယနေ့ဖြစ်ပျက်ခဲ့သမျှ အခြင်းအရာများသည် သူ၏စိတ်ကို လေးလံဆိုင်းတွနေစေဆဲ ဖြစ်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သူမှာ အမှန်တကယ်ပင် မည်သူနည်း။ သူမသည် အမှန်တကယ်ပင် ချင်ဝူယန်း ဖြစ်နေနိုင်ပါသလော။
ဝမ်ချိုင်သည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ရာ တောက်လောင်နေသော မီးလျှံများသည် သူ့အား ရှောင်ကွင်းသွားကြသကဲ့သို့ မမြင်နိုင်သော လမ်းကြောင်းတစ်ခု အလိုအလျောက် ပွင့်သွားပြီး ချင်ယွမ်ဖုန်းရှိရာသို့ တည့်တည့်မတ်မတ် ရောက်ရှိလာခဲ့၏။
ချင်ယွမ်ဖုန်းသည်လည်း ရောက်ရှိလာသူမှာ သာမန်လူမဟုတ်ကြောင်း အာရုံခံမိသဖြင့် နိုးနိုးကြားကြားဖြင့် သတိထားလိုက်သည်။
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်မှ နီရဲသောမီးလျှံများ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခဲ့ပြီး သူ၏ဦးခေါင်းပေါ်ရှိ ခေါင်းစွပ်မှာလည်း ပြင်းထန်သောအပူရှိန်ကြောင့် အရည်ပျော်ကျသွားကာ ထိတ်လန့်ဖွယ်ရာ ကောင်းလှသော သူ၏မျက်နှာပြင် ပေါ်ထွက်လာခဲ့ချေသည်။
“မင်းက ဘယ်သူလဲ” ချင်ယွမ်ဖုန်းက အေးစက်စွာ မေးမြန်းလိုက်သည်။
ဝမ်ချိုင်က ပြုံးလိုက်ပြီး သူ၏ထူထဲသော မျက်ခုံးပင့်ကာ “ခန့်မှန်းကြည့်ပါလား” ဟု ပြောဆိုခဲ့၏။
ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားပြီး နောက်သို့ ဖြည်းဖြည်းချင်း နှစ်လှမ်းမျှ ဆုတ်လိုက်ကာ “ဒါဆို မင်းက...”
“ဟားဟား၊ ငါက ဝမ်ချိုင်လေ။ မင်း ဒါကို မမျှော်လင့်ထားဘူးမလား။ ငါ လူသားအသွင်ပြောင်းလိုက်တာ တော်တော်ချောတာပဲ။ ငါ ဒီလောက်တောင် ချောမောလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး”
ဝမ်ချိုင်သည် လွန်စွာဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် အားရပါးရ ရယ်မောလိုက်လေသည်။
ချင်ယွမ်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။ သူ အမြဲတမ်း စိတ်ကူးယဉ်ပုံဖော်ခဲ့ဖူးသော မြင်ကွင်းသည် နောက်ဆုံးတွင် အမှန်တကယ် ဖြစ်လာခဲ့ချေပြီ။
ယင်းမှာ စကားပြောနိုင်သော ခွေးတစ်ကောင်ပင် ဖြစ်ပေသည်။
သို့သော်ငြားလည်း ချင်ယွမ်ဖုန်းအနေဖြင့် ယခုအချိန်တွင် သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ရန် အသင့်မဖြစ်သေးချေ။
အကြောင်းမူကား ယမမင်းဌာနချုပ်တွင် သူ လုပ်ဆောင်ရမည့် ကိစ္စရပ်များစွာ ရှိနေသေးသောကြောင့် ဖြစ်သည်။
“ငါ မင်းကို မသိဘူး” ချင်ယွမ်ဖုန်း၏ မျက်နှာသည် ချက်ချင်း အေးစက်သွားခဲ့သည်။
သူသည် မိမိ၏ စုတ်ပြဲနေသော ဝတ်ရုံအမည်းကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ ဝတ်ရုံအမည်းအသစ်တစ်ထည်ကို ထုတ်ယူကာ ဝတ်ဆင်လိုက်ပြီး ခေါင်းစွပ်ကိုပါ စွပ်လျက် မိမိကိုယ်ကိုယ် အရိပ် ထဲ၌ ပြန်လည်ဖုံးကွယ်လိုက်တော့သည်။
ထိုသို့ ပြုလုပ်ပြီးနောက် ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်၏ဘေးမှနေ၍ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ခွာသွားခဲ့၏။
ထိုအခါ ဝမ်ချိုင်သည် စိတ်ဝင်တစားဖြင့် ချင်ယွမ်ဖုန်းဘက်သို့ လှည့်ကာ “မင်းက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဆိုတာ မဝန်ခံရဲရတာလဲ” ဟု မေးလိုက်သည်။
“မင်း ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားခဲ့သော်လည်း ထပ်မံ၍ မည်သည့်စကားမျှ မပြောရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ချိုင်က ပြုံးလျက် “မင်း တခြားလူတွေကို လှည့်စားနိုင်ရင်တောင် ငါ့ကိုတော့ လှည့်စားလို့မရဘူး။ မမေ့နဲ့ဦး၊ ငါက ခွေးတစ်ကောင်လေ။ ခွေးရဲ့ နှာခေါင်းက အစွမ်းထက်ဆုံးပဲ” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းသည် ရုတ်ချည်း ဆွံ့အသွားခဲ့ရ၏။ ထိုအချက်ကို သူ အမှန်ပင် သတိမမူမိဘဲ ကျော်လွန်ခဲ့မိချေသည်။ သို့သော်လည်း လူသားအသွင် ပြောင်းလဲထားသော ဝမ်ချိုင်၏ ပါးစပ်မှ ထိုသို့သော စကားလုံးမျိုး ထွက်ပေါ်လာခြင်းက အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားရစေသည်။
“မင်းရဲ့ အရှိန်အဝါက သူနဲ့ တစ်ထေရာတည်း တူညီနေတာ။ ငါ ဘယ်လိုမှ မမှားနိုင်ဘူး။ မင်းက ဘာဖြစ်လို့ မဝန်ခံရဲတာလဲ” ဝမ်ချိုင်က အော်ဟစ်ပြောဆိုလိုက်သည်။
မိမိအနေဖြင့် ဝမ်ချိုင်အား ဖုံးကွယ်ထား၍ မရနိုင်တော့ကြောင်း သိရှိသွားသည့်အခါ ချင်ယွမ်ဖုန်းသည် သက်ပြင်းအသာချလိုက်တော့၏။
“အခု ငါ့ရဲ့ ရန်သူတွေက အရမ်းအစွမ်းထက်တယ်။ မင်းတောင်မှ သူတို့ကို ခုခံနိုင်မှာ မဟုတ်ဘူး။ ငါ သေဆုံးသွားပြီလို့ ယူဆထားသရွေ့ သူတို့ မင်းတို့ကို ဒုက္ခပေးမှာ မဟုတ်တော့ဘူး” ချင်ယွမ်ဖုန်းက လှည့်မကြည့်ဘဲ တည်ငြိမ်စွာ ပြောဆိုခဲ့သည်။
ထိုအခါ ဝမ်ချိုင်က ရယ်မောလိုက်ပြီး “ဟေး၊ ငါ သိတာပေါ့။ ဒါကြောင့်မို့လည်း ငါ သူတို့ကို ကိုက်မသတ်ခဲ့တာပေါ့” ဟု ဆိုသည်။
ချင်ယွမ်ဖုန်းသည် အတန်ကြာ စဉ်းစားပြီးနောက် မိမိအနေဖြင့် ပြောစရာ စကားမရှိတော့ကြောင်း သိရှိလိုက်ရ၏။
“သူတို့ကို ကာကွယ်ပေးထားပါ”
ချင်ယွမ်ဖုန်းသည် ထိုစကားတစ်ခွန်းကိုသာ ချန်ထားရစ်ခဲ့ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားခဲ့တော့သည်။
ဝမ်ချိုင်သည် ချင်ယွမ်ဖုန်း၏ ကျောပြင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရှုရင်း သက်ပြင်းချလိုက်မိသည်။
“ဒီသတင်းကို ချန်ဒါချောင်နဲ့ ချန်ရှောင်ချောင်တို့ကို လောလောဆယ် မပြောသေးတာပဲ ကောင်းပါတယ်။ မဟုတ်ရင် သူတို့ စိတ်လှုပ်ရှားပြီး အမှားအယွင်း လုပ်မိကြလိမ့်မယ်” ဝမ်ချိုင်က ရေရွတ်လိုက်၏။
ချင်ယွမ်ဖုန်းသည် နေရာပြောင်းအစီအရင်မှတစ်ဆင့် ယမမင်းဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ငွေအဆင့် တာဝန်များသည် အသစ်လဲလှယ်ထားပြီး ဖြစ်ပေရာ ချင်ယွမ်ဖုန်းသည် တာဝန်တစ်ခုကို လက်ခံချင်နေမိသည်။
သူသည် မြူနှင်းဂိုဏ်း၏ ကိစ္စကို လောလောဆယ် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်ချေပြီ။
မည်သို့ပင်ဆိုစေကာမူ ထိုအကြီးအကဲများသည် ပျောက်ကွယ်သွားကြမည် မဟုတ်ပေရာ သူတို့ကို နောက်ထပ် အနည်းငယ်မျှ ပိုမို အသက်ရှင်ခွင့် ပေးထားလိုက်ရုံသာ ဖြစ်သည်။
သို့သော်လည်း သူသည် မိမိ၏တာဝန်ကို အပ်နှံပြီးစီးသည်နှင့် တစ်ပြိုင်နက် စုန်းမအိုကြီးက သူ့အား ကြီးကြပ်သူရုံးခန်းသို့ ရုတ်ချည်း ဆင့်ခေါ်လိုက်တော့၏။
ချင်ယွမ်ဖုန်းသည် မိမိ၏ အခြေအနေ တစ်နေရာရာတွင် ပေါက်ကြားသွားခဲ့လေသလော သို့မဟုတ် မြူနှင်းဂိုဏ်းသို့ သွားရောက်ခဲ့ခြင်းကို ရိပ်မိသွားကြလေသလော ဟု တွေးတောရင်း အနည်းငယ် စိုးရိမ်ပူပန်မိသွားသည်။
ကြီးကြပ်သူကြီး ဖြစ်သော စုန်းမအိုကြီး တုချင်း၏ မျက်နှာပြင်မှာမူ လူတိုင်းက သူမအား ဝိညာဉ်ကျောက်တုံး တစ်သန်းခန့် အကြွေးတင်နေသည့်အလား ယခင်အတိုင်းပင် တည်တင်းနေဆဲ ရှိသေးသည်။
“မင်းက အရူးအာဟိုင် မဟုတ်လား။ ဒီကို ရောက်တာမကြာသေးဘူး၊ မင်းက ပြဿနာ တော်တော်များများ ရှာထားပြီးပြီပဲ” တုချင်းက ရွဲ့စောင်းစွာ ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းသည် တုချင်း၏ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်တွင် မည်သည့်စကားမျှ မဆိုဘဲ ထိုင်လိုက်ပြီး တုချင်း၏ ရည်ရွယ်ချက်ကို စိတ်ထဲမှနေ၍ အသည်းအသန် တွေးတောသုံးသပ်နေမိ၏။
ချင်ယွမ်ဖုန်း၏ တည်တင်းနေသော မျက်နှာအမူအရာကို မြင်တွေ့ရသောအခါ တုချင်းသည် ပိုမို၍ ဒေါသထွက်သွားကာ “လောလောဆယ် မင်း ဘယ်တာဝန်ကိုမှ ထပ်ပြီး မယူနဲ့ဦး။ ငွေအဆင့် လူသတ်သမားပဲဖြစ်ဖြစ်၊ ကြေးညိုအဆင့် လူသတ်သမားပဲဖြစ်ဖြစ် သူတို့အားလုံးက မင်းအပေါ် မကျေမနပ် ဖြစ်နေကြတယ်” ဟု ဆိုသည်။
“ဒါက သူတို့ကိုယ်တိုင် နှေးကွေးလွန်းလို့ပါ၊ ငါ့အပြစ် မဟုတ်ဘူး” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
တုချင်းသည် မတတ်သာသကဲ့သို့ ခေါင်းကို ခါယမ်းလိုက်ပြီး စားပွဲပေါ်သို့ ရွှေရောင်တံဆိပ်ပြားတစ်ခုကို ပစ်ချပေးလိုက်ကာ
“ကဲပါ၊ မင်း အစွမ်းထက်မှန်း ငါသိပါတယ်။
ဒါကြောင့် ငါ မင်းကို ရွှေတံဆိပ်အဆင့် လူသတ်သမားအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်မယ်” ဟု ပြောဆိုခဲ့ချေသည်။
ချင်ယွမ်ဖုန်းမှာ အနည်းငယ်မျှ အံ့အားသင့်သွားရသည်။ ငွေအဆင့်သို့ ရာထူးတိုးမြှင့်ခြင်း ခံရစဉ်က သူ များစွာ ဂရုမစိုက်ခဲ့သော်လည်း ယခုကဲ့သို့ ရွှေတံဆိပ်အဆင့်သို့ ရာထူးတိုးမြှင့်ခြင်း ခံရသည်မှာမူ အနည်းငယ် သံသယဖြစ်ဖွယ် ကောင်းလှသည်။
သူသည် ဘာဖြစ်လို့ ယခုမျှ လျင်မြန်စွာ ရာထူးတိုးမြှင့်ခြင်း ခံရသနည်း။ တာဝန်အနည်းငယ်မျှကိုသာ ပြီးမြောက်အောင်မြင်ခဲ့သေးသည့်အတွက် မိမိအနေဖြင့် သတ်မှတ်ချက်များနှင့် မပြည့်မီသေးကြောင်း သူ ခံစားမိနေပေရာ ယင်း၏နောက်ကွယ်တွင် တစုံတခုသော လျှို့ဝှက်ချက် ရှိနေရပေမည်။
ချင်ယွမ်ဖုန်းသည် အလိုအလျောက်ပင် အန္တရာယ်ရှိနေကြောင်း အာရုံခံမိလိုက်သည်။
“အဲဒီနောက်ပိုင်းကျရင် ငါ ရွှေတံဆိပ်အဆင့် တာဝန်တွေကို လက်ခံလို့ရပြီလား” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။
“မင်းက တာဝန်တွေကို ဒီလောက်တောင် လုပ်ချင်နေရတာလဲ။ မင်းက လူသတ်ရတာကို သဘောကျတဲ့ စိတ်ရောဂါသည်တစ်ယောက်လား”
တုချင်းက မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သော်လည်း ချက်ချင်းပင် ခေါင်းကို ပြန်ခါလျက် “ငါတို့ လုပ်ငန်းခွင်ထဲက လူတိုင်းနီးပါးကလည်း စိတ်ရောဂါသည်တွေချည်းပါပဲ” ဟု ဆိုသည်။
ချင်ယွမ်ဖုန်းသည် မည်သည့်သဘောထားမျှ ထုတ်ဖော်မပြသခဲ့ပေ။ သူသည် မိမိ၏ အဆင့်အတန်းကို မြှင့်တင်ရန်အတွက်သာ တာဝန်များကို အရူးအမူး ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ အဆင့်အတန်း မြင့်မားသွားသည့်အခါတွင်မူ အနည်းငယ် ပူပန်မိသွားရပြန်သည်။
ယင်းကိစ္စမှာ လွန်စွာပင် ရှေ့နောက်မညီ ဖြစ်နေချေသည်။
“လောလောဆယ် တခြားတာဝန်တွေကို ထပ်မယူနဲ့ဦး။ ဌာနချုပ်က မင်းကို အထူးတာဝန်တစ်ခု ပေးအပ်လိမ့်မယ်။ အဲဒါကို ပြီးအောင်လုပ်နိုင်ရင် မင်း တာဝန်ပေါင်း ဒါဇင်ချီ လုပ်တာထက် ပိုပြီး ရရှိလိမ့်မယ်” တုချင်းက ပြောဆိုခဲ့သည်။
ထိုအခါမှ ချင်ယွမ်ဖုန်းသည် ဌာနချုပ်အနေဖြင့် သူ၏စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပြီး အထူးတာဝန်များကို ထမ်းဆောင်စေလိုခြင်း ဖြစ်ကြောင်း ရိပ်မိသွားတော့၏။
“ကောင်းပြီ” ချင်ယွမ်ဖုန်းက တိုတိုတုတ်တုတ်ပင် ပြန်လည်ဖြေကြားလိုက်သည်။
တုချင်းက ခေါင်းညိတ်လိုက်ရာ သူမအနေဖြင့် ချင်ယွမ်ဖုန်း၏ အဖြေကို ကြိုတင်မျှော်လင့်ထားသည့်အလား ရှိနေသည်။
“မကြာသေးခင်က လူတစ်ယောက်ဟာ ချင်ယွမ်ဖုန်းရဲ့ နာမည်ကို အသုံးပြုပြီး ငါတို့ ယမမင်းအဖွဲ့ရဲ့ သတင်းအချက်အလက် ဝန်ထမ်းတွေကို တိုက်ခိုက်နေတယ်။ ဌာနချုပ်က လူသတ်သမားအချို့တောင်မှ သူ့လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရပြီးပြီ”
“ငါတို့က မင်းကို အဲဒီလူကို သုတ်သင်ရှင်းလင်းစေချင်တာ”
ချင်ယွမ်ဖုန်းသည် စိတ်ထဲ၌ ထိတ်လန့်သွားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာ ရှိနေဆဲဖြစ်သည်။
ယမမင်းဌာနချုပ်က ဘာဖြစ်လို့ သူ့ကို အရေးယူ ဆောင်ရွက်ခိုင်းရသနည်း။ ယင်းသည် ထိပ်သီးလူသတ်သမား အဆင့်သို့ တက်ရောက်ရန်အတွက် စမ်းသပ်စစ်ဆေးမှုတစ်ခု ဖြစ်ပါသလော။ သို့မဟုတ် သူ့အတွက် သီးသန့် ရည်ရွယ်ထားသော စမ်းသပ်မှုတစ်ခု ဖြစ်နေပါသလော။
ခဏချင်းအတွင်းမှာပင် ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာခဲ့ချေသည်။
အမှန်တကယ်ပင် သူ တွေးတောမိသည်မှာ များစွာ မှန်ကန်လှပေသည်။ ယင်းသည် ယမမင်းဌာနချုပ်မှ သူ့အား စမ်းသပ်စစ်ဆေးလိုက်ခြင်းပင် ဖြစ်ပေတော့သည်။