← Chapters

အခန်း ၇၀၉

Vol. 35 Ch. 709

အခန်း ၇၀၉

Vol. 35 Ch. 709

အခန်း (၇၀၉)အထူးတာဝန်

ယခင်က ချင်ကွေ့သည် တုချင်းအား မြူနှင်းဂိုဏ်း၌ ဖြစ်ပွားခဲ့သော အရေးကိစ္စကို စုံစမ်းထောက်လှမ်းရန် စေခိုင်းခဲ့စဉ်က ထန်ဂူဒေသ၌ မည်မျှလောက်သော လူသတ်သမားများ ပိတ်မိသောင်တင်နေသည်ကို ရှာဖွေခိုင်းခဲ့ဖူးချေသည်။

အထူးသဖြင့် ရွှေတံဆိပ်အဆင့် သို့မဟုတ် ယင်းထက်မြင့်မားသော အဆင့်ရှိသူများကို အဓိကထား စုံစမ်းခိုင်းခဲ့ခြင်း ဖြစ်သည်။

တုချင်းသည် အချိန်တိုအတွင်းမှာပင် လျင်မြန်စွာ စုံစမ်းသိရှိခဲ့လေသည်။

အကြောင်းမူကား သတင်းအချက်အလက် စုဆောင်းခြင်း အတတ်ပညာသည် ယမမင်းအဖွဲ့အစည်း၏ ထူးချွန်ပြောင်မြောက်သော အားသာချက်များထဲမှ တစ်ခု ဖြစ်ပေရာ ထိုသို့ အချက်အလက် ရှာဖွေရခြင်းမှာ သူမအတွက် ခဲယဉ်းသော အမှုမဟုတ်ပေ။

သို့ရာတွင် ချင်ယွမ်ဖုန်းနှင့် ပတ်သက်၍မူ တုချင်းသည် ဒွိဟပုစ္ဆာတစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရသည်။ မည်သူမဆို ကြည့်ရုံမျှဖြင့် ချင်ယွမ်ဖုန်းသည် မိမိ၏ အစွမ်းအစအမှန်ကို လျှို့ဝှက်ထင်ပြ ပြုလုပ်ထားကြောင်း သိသာလှပေသည်။

သူ၏ အစွမ်းသတ္တိအစစ်အမှန်သည် ငွေအဆင့် လူသတ်သမားတစ်ဦးထက် များစွာ သာလွန်လွန်းလှသည်။

နောက်ဆုံးတွင် စုန်းမအိုကြီးသည် အကြံအစည်တစ်ခု ရရှိသွားခဲ့သည်။ ယင်းမှာ ချင်ယွမ်ဖုန်းအား ရွှေတံဆိပ်အဆင့် လူသတ်သမားအဖြစ် ရာထူးတိုးမြှင့်ပေးရန် ဖြစ်ပြီး ထိုသို့ ပြုလုပ်ခြင်းဖြင့် ချင်ယွမ်ဖုန်းအပေါ် ထားရှိသော သူမ၏ သံသယများကို ချင်ကွေ့ထံ တင်ပြဆွေးနွေးနိုင်မည် ဖြစ်သည်။

ဤအချက်သည် ချင်ယွမ်ဖုန်း အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ရာထူးတိုးမြှင့်ခံရသနည်းဟူသော အကြောင်းရင်းများထဲမှ တစ်ချက် ဖြစ်ချေသည်။

ငွေအဆင့်အောက်ရှိ လူသတ်သမား အများစုမှာမူ အရိပ်ဆိုးသတ်ဖြတ်ခြင်း ပညာရပ်ကို ကျင့်ကြံထားခြင်း မရှိကြချေ။

၎င်းတို့၏ အစွမ်းသတ္တိမှာလည်း မိမိတို့၏ ကျင့်စဉ်အဆင့်နှင့်သာ လျော်ညီမျှတမှု ရှိကြသဖြင့် ချင်ကွေ့၏ သံသယပွားမှုကို မခံကြရပေ။

သို့သော် ထိပ်သီးလူသတ်သမား အဆင့်အထက်သို့ ရောက်ရှိလာသူ အများစုမှာမူ သံသယဖြစ်ဖွယ်ရာ အကွက်အကွင်းများ ရှိလာကြသည်။ အချို့ဆိုလျှင် ယမမင်းအဖွဲ့အစည်းသို့ ဝင်ရောက်လာခြင်း၌ လျှို့ဝှက်ဆန်းကြယ်သော မရိုးသားသည့် ရည်ရွယ်ချက်များပင် ရှိကြသော်လည်း ယမမင်းအဖွဲ့အနေဖြင့် ၎င်းတို့အား သေချာကျနစွာ စုံစမ်းစစ်ဆေးခြင်း မပြုရသေးချေ။

ထိုသို့သော လူများကို အနီးကပ် စောင့်ကြည့်ရန် သတ်မှတ်ထားပြီး ထူးခြားသော အခြေအနေတစ်စုံတစ်ရာ ရှိလာပါက ချက်ချင်း သတင်းပို့ရန် ညွှန်ကြားထားရသည်။

ချင်ကွေ့သည် အဖွဲ့သို့ အသစ်ဝင်ရောက်လာသော ချင်ယွမ်ဖုန်းအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မဝေခွဲနိုင်ဘဲ အကြံအိုက်နေခဲ့သည်။

ဤလူသည် လွန်စွာ လျှို့ဝှက်ဆန်းကြယ်လှသည်။ မိမိ၏ အတိတ်က မှတ်ဉာဏ်များ အားလုံး ဆုံးရှုံးသွားခဲ့ပြီး ရန်သူ၏ ရုပ်အဆင်းကိုသာ မှတ်မိတော့သည်ဟု သူက ဆိုခဲ့ကာ စုံစမ်းစစ်ဆေးမှုများကိုလည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။

ထိုသို့ ဖြစ်လင့်ကစား သံသယဖြစ်ဖွယ် အချက်အလက်များစွာ ရှိနေဆဲ ဖြစ်သည်။ သူသည် မိမိ၏ အစွမ်းအစကို အဘယ်ကြောင့် လျှို့ဝှက်ထားရသနည်း။

သူသည် အဘယ်ကြောင့် ချင်ယွမ်ဖုန်းဟူသော အမည်နာမ၏ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းရသနည်း။ ထို့ပြင် အဘယ်ကြောင့် မုန့်ချီလော့၏ အချက်အလက်များကိုပါ စုံစမ်းရသနည်း။

ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် ချင်ကွေ့သည် ပြောင်မြောက်သော အကြံတစ်ခု ရရှိသွားခဲ့သည်။ ယင်းမှာ မိမိကိုယ်ကိုယ် ချင်ယွမ်ဖုန်းဟု ခေါ်ဆိုသော ထိုလူအား သုတ်သင်ချေမှုန်းရန်အတွက် အရူးအာဟိုင်ကို စေလွှတ်ရန် ဖြစ်သည်။

အကယ်၍ ဤတာဝန် ပြီးမြောက်အောင်မြင်ခဲ့ပါက အာဟိုင်တွင် လုံလောက်သော အစွမ်းသတ္တိရှိကြောင်းနှင့် သူပြောခဲ့သည့်အတိုင်း အမှန်တကယ် ဟုတ်မှန်ကြောင်း သက်သေပြနိုင်မည် ဖြစ်သည်။

အကယ်၍ တာဝန်မပြီးမြောက်ခဲ့ပါက အာဟိုင်တွင် တစ်စုံတစ်ခုသော လျှို့ဝှက်ချက် ရှိနေရမည် ဖြစ်ကြောင်း ထင်ရှားပေသည်။

မိမိအား ချင်ယွမ်ဖုန်းဟု ခေါ်ဆိုသော ထိုလူကို အဘယ်ကြောင့် သတ်ခိုင်းရသနည်းဟူသော အချက်အပေါ် ချင်ယွမ်ဖုန်းကိုယ်တိုင်လည်း သံသယအနည်းငယ် ရှိနေသော်လည်း မြူနှင်းဂိုဏ်းမှ လူများ ယမမင်းဌာနချုပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုမူ သူ လုံးဝ မသိရှိသဖြင့် ကြိုတင်ပြင်ဆင်မှု မရှိခဲ့ချေ။

“ကောင်းပါပြီ၊ ကျွန်တော် နားလည်ပါပြီ”

ချင်ယွမ်ဖုန်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“မင်း အခု သတင်းအချက်အလက် အခန်းကို သွားလို့ရပြီ။ အဲဒီလူရဲ့ အချက်အလက်တွေကို အခမဲ့ ကြည့်ရှုနိုင်ပြီးတာနဲ့ မင်း ချက်ချင်း ခရီးထွက်နိုင်ပြီ”

တုချင်းက တည်ငြိမ်စွာ ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ ရွှေတံဆိပ်ကို ယူဆောင်ကာ ကြီးကြပ်သူကြီး၏ ရုံးခန်းထဲမှ လှမ်းထွက်လာခဲ့ပြီး သတင်းအချက်အလက် အခန်းသို့ ဦးတည်သွားခဲ့သည်။

“ချင်ယွမ်ဖုန်းအဖြစ် ဟန်ဆောင်နေတဲ့ လူရဲ့ အချက်အလက်တွေကို ကျွန်တော် သိချင်ပါတယ်”

ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောလိုက်သည်။

ထိုနေရာမှ ဝန်ထမ်းအမျိုးသမီးငယ်သည် ခေါင်းညိတ်ပြလျက် ကြိုတင်အကြောင်းကြားချက်ကို ရရှိထားပြီး ဖြစ်သဖြင့် သတင်းအချက်အလက် စာရွက်နှစ်ရွက်ကို ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ လျင်မြန်စွာ ချပေးလိုက်သည်။

ချင်ယွမ်ဖုန်းသည် စာရွက်စာတမ်းကို ဖြန့်လိုက်ရာ ထိုလူ၏ အကြောင်း ဖော်ပြချက်မှာ လွန်စွာ ရိုးရှင်းလှကြောင်း တွေ့ရသည်။

“ပစ်မှတ်၏ အစွမ်းမှာ တတိယအဆင့် ဘိုးဘေးနယ်ပယ် ဖြစ်သည်။ သွားလာလှုပ်ရှားမှုများမှာ လျှို့ဝှက်ဆန်းကြယ်လှ၏။

လွန်ခဲ့သော ရက်အနည်းငယ်က ချင်ယွမ်အင်ပါယာ၌ ပေါ်လာခဲ့ပြီး ငွေအဆင့် လူသတ်သမားတစ်ဦးကို သတ်ဖြတ်ခဲ့သည်။

လက်ရှိ သွားလာရာနေရာကို မသိရသေးပေ။ ပစ်မှတ်၏ အထောက်အထားမှာ ရန်ချီနိုင်ငံရှိ တိုမူမိသားစုမှ တိုမူဇိုင်း ဖြစ်နိုင်ကြောင်း သံသယရှိရသည် ယခုအခါ သူသည် ပျောက်ဆုံးနေပြီ ဖြစ်သည်။

ဤသတင်းအချက်အလက် အစီရင်ခံစာသည် လွန်စွာ တိုတောင်းရိုးရှင်းလှပေသည်။ ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ ယင်းစာရွက်ကို ပြန်လည်ပေးအပ်လိုက်သည်။

“ကျန့်ဂီအင်ပါယာက ကူမိသားစု ပျက်စီးသွားရတဲ့ နောက်ကွယ်က တရားခံရဲ့ အချက်အလက်တွေကိုလည်း ပေးပါဦး”

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ထပ်မံတောင်းဆိုလိုက်သည်။

ရွှေတံဆိပ်အဆင့်သို့ ရာထူးတိုးမြှင့်ခံရပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် ဤဝမ်းနည်းဖွယ် အဖြစ်ဆိုးကြီးနှင့် ပတ်သက်သော အသေးစိတ် အချက်အလက် အားလုံးကို နောက်ဆုံးတွင် ရှာဖွေနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ အချက်အလက်များက ပိုမိုပြည့်စုံလှသည်။ ဤမိသားစုသည် ကျန့်ဂီအင်ပါယာ၌ နေထိုင်သော မိသားစု ဖြစ်ကြောင်း ချင်ယွမ်ဖုန်း သိရှိသွားခဲ့သည်။

ထိုမိသားစုတွင် အမျိုးသားများ ရှိကြသော်လည်း တောရိုင်းမြေရိုင်းများနှင့် နီးကပ်စွာ နေထိုင်ကြပြီး ကျန့်ဂီအင်ပါယာ၏ မြို့ပြများသို့ သွားရောက်လေ့မရှိသဖြင့် နှင်ထုတ်ခြင်း မခံခဲ့ရခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင် လူသတ်သမားနှင့် ပတ်သက်သော မည်သည့် အချက်အလက်မျှ ကျန်ရစ်ခြင်း မရှိခဲ့ပေ။

လွန်ခဲ့သော သုံးလခန့်က လူသတ်သမားသည် ရန်ချီနိုင်ငံထက် အနည်းငယ် ပိုမိုဝေးကွာပြီး ရန်ချီနိုင်ငံ၏ ပိုင်နက်ရေပြင်အတွင်း တည်ရှိသော ပင်လယ်ကျွန်းငယ်တစ်ခုပေါ်တွင် နေထိုင်ကြောင်း တစ်စုံတစ်ဦးက စုံစမ်းသိရှိခဲ့သည်။

ထိုကျွန်းနှင့် ပတ်သက်သော အချက်အလက်များကို စိတ်ထဲ၌ ကျကျနန မှတ်သားပြီးနောက် ချင်ယွမ်ဖုန်းသည် အချက်အလက် အစီရင်ခံစာကို ပြန်ပေးလိုက်သည်။ သူ၏ ခရီးစဉ်ကို ရန်ချီနိုင်ငံသို့ မလွဲမသွေ သွားရောက်ရဦးမည် ဖြစ်ပုံရသည်။

“ချင်ယွမ်ဖုန်း သေဆုံးပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က သူပိုင်ဆိုင်တဲ့ မြေနက်မြေကို တိုက်ခိုက်ပြီး ဆေးနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးခဲ့တယ်လို့ ကျွန်တော် သိရပါတယ်။ အဲဒီလူသတ်သမားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကော ဒီမှာ ရှိလား”

ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

သူသည် ယခင်ကတည်းက ချင်ယွမ်ဖုန်းအပေါ် စိတ်ဝင်တစား ရှိကြောင်း ပြသခဲ့ဖူးသည့်အပြင် ယခုအခါ ချင်ယွမ်ဖုန်းအတုကို လိုက်လံသုတ်သင်ရမည့် အကြောင်းပြချက် ဒိုင်းကာ ရှိနေသဖြင့် ဝန်ထမ်းအမျိုးသမီးငယ်အနေဖြင့် ယင်းကို ထူးဆန်းသည်ဟု မထင်မှတ်ပေ။

သို့ရာတွင် ဤသတင်းအချက်အလက်သည် လွန်စွာ အရေးကြီးလှသည်။ ချင်ယွမ်ဖုန်း၏ ထိပ်သီးလူသတ်သမား အဆင့်အတန်းဖြင့်ပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် ပေးချေရန် လိုအပ်ပေသည်။

ချင်ယွမ်ဖုန်းသည် ဝိညာဉ်ကျောက်တုံးများကို ဂရုမစိုက်ဘဲ ထုတ်ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ယခင်က ပြီးမြောက်ခဲ့သော တာဝန်များ၏ စုစုပေါင်း ဆုလာဘ်သည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သိန်းထက်ပင် ကျော်လွန်နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။

မကြာမီမှာပင် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ စကားစုတိုတစ်ခုသာ ပါဝင်သော သတင်းအချက်အလက် စာရွက်တစ်ရွက် ပေါ်လာခဲ့သည်။

“ချီဖုန်းချောက်ကမ္ဘာ စိန်ခေါ်ပွဲ၌ အသက်ရှင်ကျန်ရစ်သူဟု သံသယရှိရသော ချင်ဝူယန်း”

ချင်ယွမ်ဖုန်း၏ ရင်ဘတ်တစ်ခုလုံး ရုတ်ချည်း ပြင်းထန်စွာ တုန်ရင်ခုန်လှုပ်သွားခဲ့သည်။ သူသည် တည်ငြိမ်စွာဖြင့်ပင် သတင်းအချက်အလက် စာရွက်ကို ပြန်လည်ပေးအပ်ကာ အခန်းထဲမှ လှမ်းထွက်ခဲ့သည်။

ယမမင်းဌာနချုပ်၏ တွေးဆချက်သည် သူ၏ ထင်မြင်ချက်နှင့် ထပ်တူထပ်မျှ တိုက်ဆိုင်နေပေသည်။

မီးလျှံ၏ စွမ်းအားကို ပိုင်နိုင်စွာ တတ်မြောက်ထားပါလျက် မီးတောက်များ၏ လောင်မြုံ့ခြင်းကို ခံရကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့သော ထိုလူသည် အမှန်စင်စစ် ချင်ဝူယန်းပင် ဖြစ်ချေသည်။

ထိုမျှ ပြင်းထန်လှသော ပေါက်ကွဲမှုကြီးထဲမှ သူမသည် မည်သို့ မည်ပုံ အသက်ရှင် ကျန်ရစ်နိုင်ပါမည်နည်း။ နဝမအဆင့် မဟာဆရာနယ်ပယ် ဖြစ်သော ဖုမိုချိုးပင်လျှင် အစအနမကျန် အပိုင်းပိုင်းအပြတ်ပြတ် ပေါက်ကွဲသွားခဲ့ရသည် မဟုတ်လော။

ဤအချက်အတွက် တစ်ခုတည်းသော ရှင်းလင်းချက်မှာ သူမ၏ ထူးခြားသော နတ်မီးလျှံခန္ဓာကိုယ်ကြောင့်သာ ဖြစ်ပေလိမ့်မည်။ သို့မဟုတ် သူမအား ကာကွယ်စောင့်ရှောက်ပေးနေသော မီးလျှံဖီးနစ် အမှန်တကယ် ရှိနေ၍လည်း ဖြစ်တန်ရာသည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ ရင်ခုန်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ နေရာပြောင်းအစီအရင်ရှိရာသို့ နှေးကွေးစွာ လျှောက်လှမ်းလာခဲ့သည်။

ခန်းမဆောင်ကြီးအတွင်းရှိ လူအများအပြားသည် ချင်ယွမ်ဖုန်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြပြီး သူက မိမိတို့၏ တာဝန်များကို ထပ်မံ၍ လုယူသွားမည်ကို စိုးရိမ်နေကြသည်။

သို့သော်လည်း ၎င်းတို့အားလုံးမှာ လွန်စွာ အံ့ဩတုန်လှုပ်နေကြရသည်။ အထူးသဖြင့် အာဟိုင်သည် ထိပ်သီးလူသတ်သမားအဖြစ် ရာထူးတိုးမြှင့်ခံရသည်ဟု ကြားသိရသောအခါ ပို၍ပင် အံ့အားသင့်သွားကြသည်။

ယမမင်းဌာနချုပ်သို့ အသစ်ဝင်ရောက်လာသော လူသတ်သမားတစ်ဦးသည် နှစ်လ၊ သုံးလမျှသော အချိန်တိုအတွင်း ရွှေတံဆိပ်အဆင့် လူသတ်သမားအဖြစ်သို့ ရောက်ရှိလာခြင်းမှာ လူသတ်သမား အများစုအတွက် အိပ်မက်ပင် မမက်ရဲသော အောင်မြင်မှု ဖြစ်ပေသည်။

အချို့သော လူများကမူ အာဟိုင်သည် ဆက်လက်၍ ရာထူးတိုးမြှင့်ခံရဦးမည်ဟုပင် ခန့်မှန်းတွေးဆနေကြသည်။

ဤလူများထဲတွင် စိုးရိမ်ပူပန်မှု အရှိဆုံးသူများမှာ အခြားသော ထိပ်သီးလူသတ်သမားများ ဖြစ်ကြသည်မှာ အမှန်ပင် ဖြစ်သည်။

၎င်းတို့အနေဖြင့် တစ်နှစ်လျှင် တာဝန်တစ်ခုသာ ပြီးမြောက်ရန် လိုအပ်သည် ဖြစ်သော်လည်း မည်သည့် တာဝန်ကိုမျှ မရရှိဘဲ နေရမည့် အဖြစ်မျိုးကိုမူ လုံးဝ အလိုမရှိကြချေ။

ချင်ယွမ်ဖုန်းသည် မည်သည့်တာဝန်ကိုမျှ လက်ခံခြင်း မပြုဘဲ နေရာပြောင်းအစီအရင်ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်ကို မြင်တွေ့ရသောအခါမှ ထိပ်သီးလူသတ်သမားများအားလုံး သက်ပြင်းချနိုင်ကြတော့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင်လည်း မိမိတို့နှင့် လျော်ကန်သော တာဝန်ကို မရွေးချယ်ရသေးသောကြောင့် ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် နေရာပြောင်းအစီအရင်ဖြင့် ထွက်ခွာတော့မည့် ဆဲဆဲတွင် ရုတ်တရက် အစီအရင်ပေါ်မှ လှမ်းဆင်းလာခဲ့ပြီး ရွှေတံဆိပ် တာဝန်စာရင်းဆိုင်းဘုတ်ဆီသို့ လျှောက်သွားကာ ရှိသမျှ တာဝန်အားလုံးကို သိမ်းကျုံးလက်ခံလိုက်ပြီးနောက် နေရာပြောင်းအစီအရင်ဖြင့် ချက်ချင်း ထွက်ခွာသွားခဲ့လေသည်။

ထိပ်သီးလူသတ်သမားများမှာမူ ရင်ကျိုးမတတ် ခံစားလိုက်ရတော့သည်။ မိမိတို့ ဘေးအန္တရာယ်မှ လွတ်မြောက်ပြီဟု ထင်မှတ်ခဲ့သော်လည်း ကပ်ဆိုးကြီးက ရှောင်လွှဲ၍ မရနိုင်ကြောင်း မည်သူ သိနိုင်ပါမည်နည်း။

ထိပ်သီးလူသတ်သမားများအတွက် တာဝန်များမှာ မူလကပင် ရှားပါးလှသည့်အပြင် ဆိုင်းဘုတ်ပေါ်ရှိ တာဝန်အများစုမှာလည်း လွန်စွာ အန္တရာယ်များလွန်းခြင်း သို့မဟုတ် ဆုလာဘ်နည်းပါးခြင်းတို့ကြောင့် ယခင်ကတည်းက ကျန်ရစ်နေသော တာဝန်ဟောင်းများသာ ဖြစ်ကြသည်။

သို့သော် ယခုအခါတွင်မူ ချင်ယွမ်ဖုန်းသည် ထိုတာဝန်အားလုံးကို ယူဆောင်သွားခဲ့ပြီ ဖြစ်သည်။ ရွှေတံဆိပ် တာဝန်များသည် ဆယ်ရက်တစ်ကြိမ် ပုံမှန်အသစ်ပြင်ဆင်လေ့မရှိပေ။

အဘယ်ကြောင့်ဆိုသော် ဤကျင့်စဉ်အဆင့်တွင် တာဝန်များစွာ ကျန်ရှိလေ့မရှိဘဲ တာဝန်အသစ်များ ရရှိလာမှသာ ဆိုင်းဘုတ်ကို အသစ်ပြင်ဆင်လေ့ ရှိသောကြောင့် ဖြစ်သည်။

ထိုသို့သော တာဝန်များသည် ရက်အနည်းငယ်ကြာမှ ပေါ်လာတတ်သလို အချို့မှာမူ တစ်နှစ်ပတ်လုံးပင် ပေါ်မလာဘဲ ရှိတတ်သည်။

အကယ်၍ ထိပ်သီးလူသတ်သမားတစ်ဦးသည် တစ်နှစ်လျှင် တာဝန်တစ်ခုမျှ ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ပါက ငွေအဆင့် လူသတ်သမားအဖြစ် ရာထူးလျှော့ချခြင်း ခံရမည် ဖြစ်ပေရာ လူအများအပြားက ချင်ယွမ်ဖုန်းအား စိတ်ထဲမှနေ၍ တိတ်တဆိတ် ကျိန်ဆဲနေကြရတော့သတည်း။

All Chapters