အခန်း ၇၁၄
Vol. 35 Ch. 714
အခန်း (၇၁၄) ပူးပေါင်းဆောင်ရွက်ခြင်း
"သူ တကယ်ပဲ သေဆုံးသွားခဲ့ပြီ။"
ထိုလူသည် မိမိကိုယ်မိမိ ရေရွတ်လိုက်လေသည်။ တိုမူဇိုင်း၏ ခန္ဓာကိုယ်ထံမှ အသက်ရှင်နေသည့် လက္ခဏာရပ် အနည်းငယ်မျှပင် မတွေ့ရှိရတော့ပေ။
ထိုသို့သော အခြေအနေကြောင့် ယင်းသည် တွန့်ဆုတ်နေခြင်းမရှိဘဲ ရေကူးကာ ဆုတ်ခွာသွားခဲ့ပြီး ယမမင်းဌာနချုပ်ထံသို့ သတင်း အချက်အလက်များ ပေးပို့လိုက်တော့သည်။
ထိုသတင်းပေး သိုင်းပညာရှင် ထွက်ခွာသွားပြီးနောက် မကြာမီအချိန်တွင် တိုမူဇိုင်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ မှိန်ဖျော့သော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ယင်းအား ကြက်ဥတစ်လုံးကဲ့သို့ လွှမ်းခြုံထားလေသည်။
ထိုအချိန်၌ပင် တိုမူဇိုင်းသည် အသက်ရှူခြင်းကို ပြန်လည်စတင်နိုင်ခဲ့ချေပြီ။
တိုမူဇိုင်း ပင်လယ်ရေအောက်ခြေ၌ နိုးထလာသောအသက်တွင် မိမိ၏ ခန္ဓာကိုယ်အား မှိန်ဖျော့သော အလင်းတန်းတစ်ခုက ဝန်းရံထားသည်ကို တွေ့ရှိလိုက်ရသည်။
ထိုအလင်းတန်းကြောင့်သာ ယင်းသည် ပင်လယ်ရေအောက်၌ ရေမနစ်ဘဲ ရှိနေခြင်းဖြစ်ပေရာ ထိုအခြင်းအရာကို ကြည့်လျက် တိုမူဇိုင်းသည် သံသယများဖြင့် ပြည့်နှက်သွားရသည်။
မိမိသည် မည်သည့်နေရာသို့ ရောက်ရှိနေသနည်း၊ သို့တည်းမဟုတ် မိမိသည် သေဆုံးသွားခဲ့ပြီလော စသည်ဖြင့် တွေးတောနေမိသည်။
မိမိခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အလင်းတန်းသည် တဖြည်းဖြည်း မှေးမှိန်လာပြီး မကြာမီ ပျောက်ကွယ်တော့မည်ကို တိုမူဇိုင်း သိရှိနားလည်လိုက်သဖြင့် ယင်းသည် ရေမျက်နှာပြင်သို့ လျင်မြန်စွာ ကူးခတ်ကာ ကမ်းခြေသို့ ပြန်လည် တက်လှမ်းခဲ့လေသည်။
ဤနေရာကား ယင်းနှင့် ချင်ယွမ်ဖုန်းတို့ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည့် နေရာပင် ဖြစ်ချေသည်။ မြေပြင်တစ်ခုလုံးမှာ အက်ကွဲ ပျက်စီးနေပြီး သစ်ပင်များလည်း ကျိုးပျက်နေကြသည်။
ချင်ယွမ်ဖုန်း၏ တည်ငြိမ်အေးဆေးလှသော အမူအရာကို ပြန်လည် တွေးတောမိသောအခါ တိုမူဇိုင်းသည် လွန်စွာ စိတ်ဓာတ်ကျဆင်းသွားရတော့သည်။
ယင်းသည် မိမိကိုယ်မိမိ ယမမင်းအဖွဲ့အစည်းအား စိန်ခေါ်နိုင်စွမ်းရှိသည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ ယမမင်းအဖွဲ့၏ မျက်စိအောက်၌ မိမိသည် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ကြောင်းနှင့် အဆင့်မြင့် လူသတ်သမား မည်သူမဆို မိမိထက် များစွာ သာလွန် ကြမ်းတုတ်ကြောင်းကို သိမြင်သွားခဲ့ရပေသည်။
"အဲ့လူက သူကိုယ်သူချင်ယွမ်ဖုန်းလို့ ပြောခဲ့တယ်၊ ပြီးတော့ သူက ငါ့ကို အသက်ချမ်းသာပေးခဲ့တာလား။"
တိုမူဇိုင်းသည် မိမိ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ ဒဏ်ရာမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ကျန်းမာ အသားကျနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။
ချင်ယွမ်ဖုန်းသည် တိုမူဇိုင်းအား ဓားဖြင့် ထိုးနှက်ခဲ့စဉ်ကတည်းက ယင်း၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ဆေးဝါးတစ်မျိုး ထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပေသည်။
ပြီးခဲ့သည့် အခြင်းအရာများကို ပြန်လည်တွေးတောရင်း တိုမူဇိုင်းသည် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်သွားရသည်။ ထိုသူသည် အမှန်တကယ်ပင် ချင်ယွမ်ဖုန်း ဖြစ်နိုင်ပါမည်လော။
သို့သော် ချင်ယွမ်ဖုန်း သေဆုံးသွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ပေရာ ယခုအချိန်တွင်မူ ယမမင်းအဖွဲ့က အတည်ပြုပြီးသား ဖြစ်သော သေဆုံးသူများစာရင်းတွင် မိမိလည်း တစ်ယောက်အပါအဝင် ဖြစ်သွားချေပြီ။
"ကောင်းပြီလေ၊ မင်းပြောတဲ့နေရာကို ငါသွားပြီး မင်းပြောတဲ့ အချိန်အခါ ဘယ်တော့ ရောက်လာမလဲဆိုတာ စောင့်ကြည့်ရတာပေါ့။"
တိုမူဇိုင်းသည် မိမိဘာသာ ရေရွတ်လိုက်လေသည်။
ယင်းသည် ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာခဲ့ပြီး ရုပ်ဖျက်ကာ လုယွဲ့အင်ပါယာ၏ မြေနက်မြေသို့ ရောက်ရှိလာခဲ့တော့သည်။
အချိန်အတန်ကြာ ထိတွေ့ဆက်ဆံပြီးနောက်တွင်မူ တိုမူဇိုင်းသည် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့၏ ယုံကြည်လက်ခံမှုကို ရရှိခဲ့သော်လည်း ချင်ယွမ်ဖုန်းနှင့် ပတ်သက်သည့် အကြောင်းအရာကိုမူ မည်သို့မျှ ဖွင့်ဟပြောဆိုခြင်း မရှိခဲ့ပေ။
ပထမအချက်အနေဖြင့် ထိုသူသည် အမှန်တကယ် ချင်ယွမ်ဖုန်း ဟုတ်မဟုတ် ယင်းကိုယ်တိုင်ပင် သေချာရေရာခြင်း မရှိသေးသလို ဒုတိယအချက်အနေဖြင့် ယင်း၌ တစ်စုံတစ်ခုသော လုပ်ကြံဖန်တီးမှုများ ပါဝင်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း တိုမူဇိုင်း၏ ခန္ဓာကိုယ်သည် အစီအရင်ကို ဖြတ်သန်းကာ မြေနက်မြေထဲသို့ ဝင်ရောက်သွားနိုင်ပြီးနောက်တွင်မူ ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် တိုမူဇိုင်းအပေါ် သံသယဝင်ခြင်း မရှိကြတော့ပေ။
ထို့နောက်မှသာ မြေနက်မြေဆိုသည်မှာ ပကတိအသွင် တံလျှပ်ထင်ဟပ်ခြင်းမျှသာ ဖြစ်ပြီး ချင်ယွမ်ဖုန်း၏ သဘောတူညီချက်မရှိပါက ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားကို အသုံးပြု၍ ဖောက်ထွင်းနိုင်သူမှတစ်ပါး မည်သူမျှ ကျူးကျော် ဝင်ရောက်နိုင်ခြင်းမရှိကြောင်းကို တိုမူဇိုင်း သိရှိသွားခဲ့ရသည်။
တိုမူဇိုင်းသည် ထိုတံလျှပ်ထင်ဟပ်ခြင်းအတွင်းသို့ ဝင်ရောက်နိုင်သည်ကို မြင်တွေ့ရသဖြင့် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် တိုမူဇိုင်းသည် ယခင်က ချင်ယွမ်ဖုန်းနှင့် ဆက်သွယ်မှု ရှိခဲ့ပြီး ချင်ယွမ်ဖုန်း၏ သဘောတူညီချက်ကို ရရှိထားသူ ဖြစ်ရမည်ဟု ယုံကြည်သွားကြခြင်း ဖြစ်ပေသည်။
ထိုသို့ဖြင့် တိုမူဇိုင်းသည် ယမမင်းအဖွဲ့၏ လူများအား တစ်စုံတစ်ရာ အနှောင့်အယှက် မပေးဘဲ မြေနက်မြေအတွင်းသို့ ချောမွေ့စွာ ဝင်ရောက် သွားနိုင်ခဲ့တော့သည်။
ချင်ယွမ်ဖုန်းသည် ယမမင်းအဖွဲ့၏ ရွှေတံဆိပ်အဆင့် တာဝန်များကို ပြီးမြောက်စေရန်အတွက် စကြဝဠာတိုက်ကြီး၏ နေရာအနှံ့အပြားသို့ ဆက်လက် ခရီးနှင်နေခဲ့သည်။
သို့သော်လည်း ရွှေတံဆိပ်အဆင့် တာဝန်များအဖြစ် သတ်မှတ်ထားသော ကိစ္စရပ်များသည် ရိုးရှင်းခြင်းမရှိဘဲ အချို့သော တာဝန်များတွင် သတင်းအချက်အလက်၌ ဖော်ပြထားခြင်းမရှိသည့် ကူညီစောင့်ရှောက်သူများပင် ရှိနေတတ်သည်။
ထိုသို့သော မရေရာမှုများစွာ ရှိနေလင့်ကစား ချင်ယွမ်ဖုန်းသည် ရွှေတံဆိပ်အဆင့် တာဝန်အားလုံးကို အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။
ယခုအကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် မြေနက်မြေဒေသသို့ တိုက်ရိုက် ဦးတည်ခဲ့ချေပြီ။
မိမိ၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ စုံစမ်းစစ်ဆေးပြီးနောက်တွင် ချင်ယွမ်ဖုန်းသည် ထိုဒေသကို စောင့်ကြည့်နေသည့် ယမမင်းအဖွဲ့၏ သူလျှိုနှစ်ယောက်အား ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းပစ်လိုက်ပြီး မြေနက်မြေ ကုန်သည်ကြီးများအသင်း၏ ဆန့်ကျင်ဘက်မျက်နှာစာသို့ ရောက်ရှိလာခဲ့သည်။
တံခါးအနီး၌ ဝပ်စောင်းနေသော ဝမ်ချိုင်သည် ချင်ယွမ်ဖုန်းအား ချက်ချင်း မြင်တွေ့သွားပြီး ဝမ်းသာအားရဖြင့် အနားသို့ ပြေးလာကာ ချင်ယွမ်ဖုန်း၏ နောက်မှ လိုက်ပါလျက် အပေါ်ထပ်ရှိ အခန်းတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
"မင်း ဘာလို့ ပြန်လာတာလဲ၊ အရေးကြီးတဲ့ ကိစ္စ ရှိလို့လား။" ခွေးအသွင်သဏ္ဌာန် ရှိနေဆဲဖြစ်သော ဝမ်ချိုင်က ပြုံးလျက် မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်ပြကာ မိမိ၏ ဝတ်ရုံဦးထုပ်ကို ချွတ်ပယ်လိုက်လေသည်။
ထိုမျက်နှာကို တစ်ဖန်ပြန်၍ မြင်လိုက်ရသောအခါ ဝမ်ချိုင်သည် အံ့ဩတုန်လှုပ်မှုကြောင့် အသက်ရှူပင် မှားသွားရသည်။
"မင်း အခု လောလောဆယ် ဘာတွေ လုပ်နေတာလဲ၊ မင်းဆီကနေ ပြင်းထန်လှတဲ့ သွေးညှီနံ့တွေ ထွက်ပေါ်နေတာကိုတောင် ငါ အာရုံခံမိနေတယ်။" ဝမ်ချိုင်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ဝမ်ချိုင် စကားပြောနိုင်ခွင့်ရပါက မည်ကဲ့သို့သော အခြေအနေမျိုး ဖြစ်လာမည်ကို ချင်ယွမ်ဖုန်း အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ထူးဆန်းသော ခံစားချက်မျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော်ငြား ယင်း၏ နှလုံးသားထဲတွင်မူ နွေးထွေးမှုများဖြင့် ပြည့်နှက်သွားရသည်။
"ငါ့မှာ အချိန်အများကြီး မရှိဘူး၊ တစ်စုံတစ်ယောက်က မင်းတို့ကို စောင့်ကြည့်နေတယ်။" ချင်ယွမ်ဖုန်းက ပြောကြားလိုက်သည်။
ဝမ်ချိုင်သည် ခေါင်းညိတ်လျက် မြေပြင်ပေါ်တွင် ပျင်းရိ ငြီးငွေ့ဖွယ် အမူအရာဖြင့် ဝပ်စောင်းလိုက်ရင်း စကားဆိုလာသည်။
"ငါ သိတာပေါ့၊ ဒါပေမဲ့ သူ့ကို ဖမ်းဆီးဖို့ နည်းလမ်းမရှိဘူး ဖြစ်နေတယ်။ သူက အဆင့်ရှစ် ဘိုးဘေးနယ်ပယ်ပဲ ရှိသေးပေမဲ့ ထွက်ပြေးလွတ်မြောက်နိုင်တဲ့ လျှို့ဝှက်ပညာရပ်တွေ အများကြီး ရှိနေတယ်။ မင်းသိတဲ့အတိုင်း အဲဒီလိုလူမျိုးတွေကို သတ်ပစ်ဖို့က အခက်ခဲဆုံးပဲလေ။"
ချင်ယွမ်ဖုန်း မရှိသည့် အတောအတွင်း ဝမ်ချိုင်သည် မြေနက်မြေဒေသရှိ လူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို နည်းလမ်းမျိုးစုံဖြင့် အာမခံချက်ပေးခဲ့ရသည်။
ယင်းသည် ထိုလျှို့ဝှက်ဆန်းကြယ်သော လူကို ဖမ်းဆီးရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ဖူးသော်လည်း နှမြောစရာကောင်းလှစွာဖြင့် ထိုသူသည် အမြဲတစေ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့သည်။
ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်လိုက်ပြီး "ငါ နောက်ကွယ်က အန္တရာယ်ကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ဖို့ လိုအပ်တယ်၊ မဟုတ်ရင် မင်းတို့တွေ အမြဲတမ်း ဘေးတွေ့နေရလိမ့်မယ်။"
"မင်း ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ။" မိမိရှေ့မှလူသည် ချင်ယွမ်ဖုန်း ဖြစ်ကြောင်း သိရှိထားသဖြင့် ဝမ်ချိုင်သည် စိတ်အေးသွားရပြီး မမေးဘဲ မနေနိုင်တော့ပေ။
ချင်ယွမ်ဖုန်းက ပြုံးလျက် "ငါတို့ဘက်က ဦးအောင် တိုက်ခိုက်ဖို့ လိုအပ်တယ်၊ မဟုတ်ရင် ချင်ဝူယန်းက မင်းတို့ကို ဘယ်အချိန်မှာ လာရောက် တိုက်ခိုက်မလဲဆိုတာ စိုးရိမ်နေရလိမ့်မယ်။"
"ချင်ဝူယန်း ဟုတ်လား။" ဝမ်ချိုင်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး "အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့လူက ချင်ဝူယန်း ဖြစ်နေတာလား။"
ဝမ်ချိုင်တို့တစ်စုသည် ဤအကြောင်းအရာကို ယခုတိုင် သိရှိခြင်းမရှိသေးပုံ ရပေသည်။ ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ရင်း စကားဆိုသည်။
"အခုအချိန်မှာ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့လူက ချင်ဝူယန်း ဖြစ်နေတယ်ဆိုတဲ့ သက်သေအထောက်အထား ရှိနေပြီ၊ ဒါပေမဲ့ သူ ဘယ်လိုနည်းနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့လဲဆိုတာကိုတော့ ငါတို့ မသိရသေးဘူး။" ချင်ယွမ်ဖုန်းက သက်ပြင်းချလျက် ဆိုလိုက်သည်။
"ဒါကြောင့်မို့လို့ကိုး။" ဝမ်ချိုင်က ခေါင်းညိတ်လျက် "သူက မင်းအပေါ်ကို ဒီလောက်အထိ ကြီးမားတဲ့ အာဃာတတွေ ထားရှိပြီး ဆေးနတ်ဘုရားဂိုဏ်းကိုပါ ပစ်မှတ်ထားနေတာပေါ့။"
"ကိစ္စမရှိပါဘူး၊ သူက မသေနိုင်တဲ့ ခန္ဓာကိုယ် ရှိနေရင်တောင် ဒီတစ်ကြိမ်မှာတော့ ငါတို့က သူ့ကို အပြီးတိုင် ချေမှုန်းပစ်ရမှာပဲ။" ချင်ယွမ်ဖုန်းက လေးနက်စွာ ပြောကြားလိုက်သည်။
ထို့နောက်တွင် ချင်ယွမ်ဖုန်းနှင့် ဝမ်ချိုင်တို့သည် တိကျသော အစီအစဉ်အသေးစိတ်ကို တိုင်ပင်ဆွေးနွေးခဲ့ကြပြီးနောက် လမ်းခွဲခဲ့ကြလေသည်။
ချင်ယွမ်ဖုန်းသည် ယမမင်းဌာနချုပ်သို့ ပြန်လည် ထွက်ခွာသွားခဲ့ပြီး ဝမ်ချိုင်သည်လည်း မြေနက်မြေ ကုန်သည်ကြီးများအသင်း၏ တံခါးဝသို့ ပြန်လည်ရောက်ရှိကာ ဘာမျှမဖြစ်ခဲ့သကဲ့သို့ ပျင်းရိစွာ ဝပ်စောင်းနေခဲ့တော့သည်။
ယမမင်းဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာသောအခါ ချင်ယွမ်ဖုန်းသည် တုချင်း၏ ဆင့်ခေါ်ခြင်းကို ခံရလေသည်။
"မင်း ဒီတစ်ကြိမ် တာဝန်ကို အရမ်း ကောင်းကောင်း ထမ်းဆောင်နိုင်ခဲ့တယ်၊ အထက်လူကြီးတွေက မင်းကို အထူးပဲ အလေးအနက် သဘောကျနေကြတယ်။ မင်းသာ ဆက်ပြီး ကြိုးစားသွားမယ်ဆိုရင် နောင်တစ်ချိန်မှာ ယမမင်းအဖွဲ့ရဲ့ အဆင့်မြင့် ရာထူးနေရာကိုတောင် ရရှိနိုင်လိမ့်မယ်။" တုချင်းက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းသည် စိတ်တွင်း၌ သံသယဖြစ်သွားရသည်။ ဤအရာသည် ယမမင်းအဖွဲ့ အထက်လူကြီးများ၏ ကတိကဝတ် ဖြစ်ပါသလော။
"နားလည်ပါပြီ။" ချင်ယွမ်ဖုန်းသည် ကြီးမားသော စိတ်အားထက်သန်မှုမျိုး ပြသခြင်းမရှိဘဲ ယမမင်းအနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင် ဖြစ်လာမည့်အရေးကို ဂရုမစိုက်သကဲ့သို့ တည်ငြိမ်နေခဲ့သည်။
တုချင်းက ယင်းအား မမေ့မလျော့ သတိပေးလိုက်ရင်း "အာဟိုင်၊ မင်း ယမမင်းဘုရင်ရဲ့ အဖွဲ့အစည်းမှာ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတာက ဘာကို ဆိုလိုလဲဆိုတာ သိရဲ့လား။ အဲဒါက မင်းဟာ ရှန်းဝူ စကြဝဠာ တိုက်ကြီးရဲ့ နေရာအတော်များများက သက်ရှိတွေရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဆိုင်ရာ ကိစ္စရပ်တွေကို စီမံခန့်ခွဲနိုင်တဲ့ အာဏာကို ရရှိမှာ ဖြစ်တယ်။"
ချင်ယွမ်ဖုန်းသည် တုန်လှုပ်ခြင်းမရှိဘဲ မိမိ၏ ကပ်ငြိနေသော အာဃာတများကို ကောင်းစွာ ကလဲ့စားချေနိုင်ခဲ့သည့်အလားသာ ပြုမူနေခဲ့သည်။
" တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီးပြီ ဖြစ်လို့ အခု အနားယူလို့ ရပြီလား။" ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်သည်။
တုချင်းသည် သက်ပြင်းချလျက် "ထိပ်သီးလူသတ်သမားတစ်ယောက်ဟာ တစ်နှစ်ကို တာဝန်တစ်ခု ပြီးမြောက်အောင် ဆောင်ရွက်ရုံနဲ့ မိမိရဲ့ လက်ရှိအဆင့်အတန်းကို ထိန်းသိမ်းထားနိုင်တာ ဖြစ်တယ်။ မင်းကတော့ တစ်ကြိမ်တည်းနဲ့ တာဝန်ပေါင်း ဆယ်ခုကျော်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တာ ဖြစ်လို့ သေချာပေါက် အနားယူခွင့် ရှိတာပေါ့။"
"ဒါဆိုရင် ကောင်းပါပြီ၊ အချိန်အတန်ကြာအောင် ကောင်းကောင်းမွန်မွန် အနားယူချင်တယ်။" ချင်ယွမ်ဖုန်းက အေးဆေးတည်ငြိမ်စွာ ဖြေကြားလိုက်လေတော့သည်။