အခန်း ၇၁၇
Vol. 35 Ch. 717
အခန်း (၇၁၇)
လင်ဇီအာကမူ မျက်မှောင်အနည်းငယ် ကုပ်ထားမိချေသည်။ ကျန်ရှိသောသူအားလုံးကမူ ခေါင်းညိတ်ထောက်ခံကြလေသည်။
ယင်းမှာ သူမ၏အမြင်၌ ဝမ်ချိုင်၏ ပြုမူပုံသည် အနည်းငယ် လွန်ကဲနေသည်ဟု ထင်မှတ်ရသောကြောင့် ဖြစ်ပေရာ တစ်စုံတစ်ခုသော အကြောင်းရင်းခံ ရှိနေနိုင်သည်လားဟု တွေးတောမိရင်း လင်ဇီအာသည် ဝမ်ချိုင်အား အဓိပ္ပာယ်ပါသော မျက်လုံးများဖြင့် ကြည့်လိုက်မိတော့သည်။
ဝမ်ချိုင်သည် စိတ်ထဲ၌ တစ်မျိုးမတင်မကျ ဖြစ်သွားရသဖြင့် မြင်းရထားပေါ်မှ အမြန်ဆင်းကာ ချက်ချင်းပင် ခွေးနက်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲ၍ မြေနက်မြေဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေတော့သည်။
သူ၏အရှိန်မှာ လွန်စွာမြန်ဆန်လှသဖြင့် မကြာမီပင် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားရချေသည်။
"အားလုံး အဆင်ပြေရဲ့လား" ချန်ရှောင်ချောင်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးမြန်းရှာသည်။
လင်ဇီအာက ပြုံးလိုက်ပြီး "ဝမ်ချိုင်က ဘာမှမရှိဘူးလို့ ပြောရင် ဒါဟာ တကယ်ပဲ ဘာမှမရှိတာ ဖြစ်လိမ့်မယ်။ ငါတို့ ခရီး ဆက်ကြရအောင်။ ဝမ်ချိုင်ရဲ့ အရှိန်က ငါတို့ထက် အဆင်ပေါင်းများစွာ ပိုမြန်တယ်။ ငါတို့ နန်ဝူးမြို့ကို ရောက်တဲ့အခါ ဝမ်ချိုင်ကလည်း ချက်ချင်း ရောက်လာနိုင်လိမ့်မယ်" ဟု ဆိုလေသည်။
လူတိုင်းက ခေါင်းညိတ်ကြသည်။ ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီးနောက်ပိုင်းတွင် လူတိုင်းသည် ဝမ်ချိုင်ကို အားကိုးရန် အသားကျနေခဲ့ကြပြီ ဖြစ်ပေသည်။
အကြောင်းမူကား ဝမ်ချိုင်သည် သန့်ရှင်းသော သားရဲအဆင့်ရှိသည့် ထူးဆန်းသော မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေသောကြောင့်ပင်။
ဝမ်ချိုင်က အကြောင်းပြချက်တစ်ခု ပေးကာ ထွက်ခွာသွားပြီးနောက် ဝေးလံသော နေရာတစ်ခု၌ ပုန်းအောင်းနေသည့် လျှို့ဝှက်ဆန်းကြယ်သောသူ၏ မျက်လုံးများမှာ ရုတ်ချည်း တောက်ပသွားရချေသည်။
ယင်းက အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်နေပုံရပေသည်။
မျက်နှာသစ် အနည်းငယ်ကို ဖယ်ထားလျှင် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် ချင်ယွမ်ဖုန်း အလွန်တန်ဖိုးထားသော လူများဖြစ်ကြပြီး လင်ဇီအာသည်လည်း ချင်ယွမ်ဖုန်း၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပေသည်။
အကယ်၍ ဤလူများကို သတ်ဖြတ်နိုင်ခဲ့လျှင် ချင်ယွမ်ဖုန်းသည် သေဆုံးသွားခဲ့လျှင်ပင် အလွန်အမင်း ပူဆွေးသောကရောက်ကာ နာကျည်းခံခင်းရပေလိမ့်မည်။
သို့သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သူသည် အခြေအနေမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို မကြာမီပင် ရိပ်မိသွားသည်။ ဤအခွင့်အရေးသည် အရာအားလုံးကို တစ်စုံတစ်ဦးက ကြိုတင်စီစဉ်ထားသကဲ့သို့ အလွန် တိုက်ဆိုင်လွန်းနေသည် မဟုတ်လော။
ယင်းသည် ငါးမျှားချိတ်ပေါ်က ငါးစာနှင့် တူလှပြီး ငါးတစ်ကောင် လာဟပ်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေသည့်နှယ် ရှိချေသည်။
ခေတ္တမျှ တွေးတောပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ်သူသည် စိတ်ပိုင်းဖြတ်ထားသည့်အလား ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
အကယ်၍ သူမသည် ဤအခွင့်အရေးကို လွဲချော်ခဲ့ပါက နောက်ထပ် ဤကဲ့သို့သော အခွင့်အရေးမျိုး ရရှိရန် မည်မျှအထိ စောင့်ဆိုင်းရဦးမည်ကို မသိနိုင်ပေ။
ထို့ကြောင့် ယင်းက ငါးစာဖြစ်နေလျှင်ပင် သူမအနေဖြင့် စမ်းသပ်ကြည့်ရမည်သာ ဖြစ်သည်။
"ဒီငါးကြီးကို မျှားချင်တယ်ဆိုရင် မင်းတို့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မလားဆိုတာ ငါ သိချင်မိပါရဲ့"
ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ အက်ကွဲနေသော လင်းကွင်းပျက်ကြီးတစ်ခုကဲ့သို့ ရှတတအသံသည် ဖြည်းညင်းစွာ ထွက်ပေါ်လာချေသည်။
ဝမ်ချိုင်၏ ပုံရိပ်မှာ တကယ်ပင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း မြင်ရသောအခါ လျှို့ဝှက်ဆန်းကြယ်သူသည် ရုတ်ချည်း လှုပ်ရှားလိုက်တော့သည်။
အကယ်၍ သူမသည် ယခုအချိန်တွင် မြင်းရထားပေါ်ရှိ လူများကို တိုက်ခိုက်သတ်ဖြတ်မည်ဆိုပါက ဝမ်ချိုင် ပြန်လည်ရောက်ရှိလာလျှင်ပင် အချိန်လုံလောက်စွာ ရနိုင်လိမ့်မည်ဟု သူမ ခန့်မှန်းတွက်ချက်မိချေသည်။
ထိုဝေဝါးနေသော အခြေအနေထဲ၌ လျှို့ဝှက်ဆန်းကြယ်သူသည် ထိုနေ့က မိမိနှင့် တိုက်ခိုက်ခဲ့သည့် ဝတ်ရုံနက်ဝတ်ဆင်ထားသော ပုံရိပ်အား ရုတ်တရက် သတိရမိသွားသည်။
သူမသည် ထိုဝတ်ရုံနက်နှင့် လူ၏ပုံရိပ်ကို စိတ်ထဲမှ မောင်းထုတ်ရန်အတွက် ခေါင်းကို ချက်ချင်း ခါယမ်းလိုက်ပြီး ရွေ့လျားနေသော မြင်းရထားဆီသို့ အမြန် ချဉ်းကပ်သွားလေတော့သည်။
မြင်းရထားသည် ကွမ်နေးတောင်တန်းအတွင်းရှိ တောင်တန်းများကို ဖြတ်သန်းသွားပြီးနောက် အမှောင်ရိပ်ပုံရိပ်တစ်ခုသည် တိတ်တဆိတ် ထွက်ပေါ်လာခဲ့ရာ နှစ်ဖက်စလုံးသည် တောင်တစ်လုံးစာမျှသာ ကွာဝေးတော့သည့် အနေအထားသို့ ရောက်ရှိနေချေပြီ။
သို့သော်လည်း ထိုအချိန်တွင် အပြင်းနှင်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သူသည် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး သူမ၏ စိတ်နှလုံးထဲ၌ နက်ရှိုင်းသော မလုံခြုံမှု ဝေဒနာတစ်ရပ်သည် တိုးဝှေ့ထွက်ပေါ်လာရသည်။
သူမသည် လှည့်ထွက်၍ ထွက်ပြေးရန် ပြင်လိုက်သော်လည်း သူမ၏ ပတ်ဝန်းကျင်၌ ရုတ်ချည်းဆိုသလို ရွှေရောင်အလင်းတန်းများ လင်းထိန်သွားခဲ့ပြီး ယင်းအလင်းတန်းများထဲ၌ ရေတွက်၍မရနိုင်သော မထင်မရှား ဝိညာဉ်အဆောင်ပုံရိပ်များ တည်ရှိနေချေသည်။
"ချုံခိုတိုက်ခိုက်တာပဲ" လျှို့ဝှက်ဆန်းကြယ်သူသည် ထိတ်လန့်သွားကာ လေထဲသို့ ခုန်တက်လိုက်မိသည်။
သို့သော်လည်း သူမ၏ ဦးခေါင်းထက်၌ အဖုံးတစ်ခုကဲ့သို့သော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အရှိန်အဟုန်ဖြင့် ဖိနှိပ်ကာ ကျဆင်းလာချေတော့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ ခန္ဓာကိုယ်မှ ကြည်လင်နီမြန်းသော မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူမသည် မိမိ၏ ဦးခေါင်းထက်ဆီသို့ ပြင်းထန်စွာ ဆောင့်တွန်း တိုက်ခိုက်လိုက်ချေသည်။
ရွှေရောင်ဝိညာဉ်အဆောင်ပုံရိပ်များသည် အပြင်းအထန် တုန်ခါသွားခဲ့သော်လည်း ကွဲအက်သွားခြင်းမျိုး လုံးဝမရှိချေရာ ယင်းတို့သည် လွန်စွာ ခိုင်မာတောင့်တင်းကြောင်း ပြသနေပေသည်။
"မင်းရဲ့ အားအင်တွေကို အလဟဿ မဖြုန်းတီးပါနဲ့။ ဒါက သတ္တမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖြစ်တဲ့အပြင် ငါ့ရဲ့ အထူးဝိညာဉ်အဆောင်ပုံရိပ် အချို့ကိုလည်း ပေါင်းစပ်ထည့်သွင်းထားတာ။ မင်းအနေနဲ့ အချိန်တိုအတွင်းမှာ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"
မလှမ်းမကမ်း နေရာတစ်ခုမှ အသံတစ်သံ ထွက်ပေါ်လာခဲ့ရာ လျှို့ဝှက်ဆန်းကြယ်သူသည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ပြန်လည်သက်ဆင်းပြီး ထိုဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် မြေပြင်အောက်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့ပြီး ဝိညာဉ်အဆောင်ပုံရိပ်များ၏ အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့သည်။
လွန်ခဲ့သော နှစ်ပတ်လုံးလုံး သူသည် ဝိညာဉ်အဆောင်ပုံရိပ်များကိုသာ ဖန်တီးနေခဲ့ခြင်း ဖြစ်ပေသည်။
ဆဋ္ဌမအဆင့် ဝိညာဉ်အဆောင်ပုံရိပ်များသည် ထိုလျှို့ဝှက်ဆန်းကြယ်သူအပေါ် ဟန့်တားချုပ်ချယ်နိုင်စွမ်း အလွန်နည်းပါးကြောင်း သူ သိရှိထားသောကြောင့် ထိုသတ္တမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ကို အခြေခံအဖြစ် အသုံးပြုကာ ဆဋ္ဌမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ပေါင်းသောင်းချီ၍ ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ အရည်အသွေးက မလုံလောက်ပါက အရေအတွက်ဖြင့် အစားထိုး ဖြည့်ဆည်းရမည်သာ ဖြစ်သည်။
ဆဋ္ဌမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ပေါင်းသောင်းချီသည် ထိုလျှို့ဝှက်ဆန်းကြယ်သူအား အနည်းငယ်မျှ ခုခံဟန့်တားရန် လုံလောက်လှပေရာ ယခုမျက်မှောက်၌ မြင်တွေ့နေရသော ဝိညာဉ်အဆောင်ပုံရိပ် အစီအရင်ကြီး ထွက်ပေါ်လာရခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်ပေသည်။
"ဟင်း... နင်က အမှန်တကယ်တော့ ဘယ်သူလဲ။ ချင်ယွမ်ဖုန်း သေသွားပြီဆိုတာကို ငါ မသိထားခဲ့ရင် နင့်ကို တကယ်ပဲ ချင်ယွမ်ဖုန်းလို့ သံသယဝင်မိမှာ သေချာတယ်"
လျှို့ဝှက်ဆန်းကြယ်သူက အေးစက်စွာ ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူ၏အသံထဲ၌ မိမိကိုယ်ကိုယ် လှောင်ပြောင် သရော်သည့် အရိပ်အယောင်များ ပါဝင်နေချေသည်။
"မင်း တကယ်ပဲ အဲဒီလို ထင်တာလား။ အဲဒီလောက်တောင် သိသာနေလို့လား"
ထိုသို့ ပြောဆိုရင်း သူသည် မိမိ၏ ဝတ်ရုံဦးထုပ်ကို ချွတ်လိုက်ရာ သူ၏မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ်ရာ အမာရွတ်များ ထင်ရှားလာခဲ့သော်လည်း ယခုအခါ ထိုအမာရွတ်များသည် ဖြည်းဖြည်းချင်း ကွာကျနေပြီ ဖြစ်ပေသည်။
မကြာမီပင် ထိုအမာရွတ်များ ပျောက်ကွယ်သွားခဲ့ပြီး ချင်ယွမ်ဖုန်းသည် သူ၏ စစ်မှန်သော ရုပ်သွင်ကို နောက်ဆုံးတွင် ဖော်ပြလိုက်ချေတော့သည်။
ဤရုပ်မျက်နှာကို မြင်လိုက်ရသောအခါ လျှို့ဝှက်ဆန်းကြယ်သူ၏ မျက်သူငယ်အိမ်များသည် ပြင်းထန်စွာ ကျုံ့ဝင်သွားရချေသည်။
"ချင်ယွမ်ဖုန်း... နင်အသက်ရှင်နေသေးတာပဲ"
ထိုပြင်းထန်လှသော အဆိပ်အတောက်ကဲ့သို့ နာကျည်းသံသည် သူမ၏ လည်ချောင်းထဲမှ အတင်းအကျပ် ညှစ်ထုတ်လိုက်ရသကဲ့သို့ ရှိပြီး အတိုင်းအဆမဲ့သော အာဃာတတရားများဖြင့် ပြည့်နှက်နေချေသည်။
ဤလုပ်ဆောင်ချက်အားဖြင့် ချင်ယွမ်ဖုန်းသည် မိမိ၏မျက်မှောက်ရှိ လျှို့ဝှက်ဆန်းကြယ်သူ၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
"ချင်ဝူယန်း... မင်း အသက်ရှင်နေသေးတာလား။ ဒါက ငါ့ရဲ့ တွက်ချက်မှုတွေထက် တကယ်ကို ကျော်လွန်နေခဲ့တာပဲ"
ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ချင်ဝူယန်း၏ ခန္ဓာကိုယ်မှ မီးလျှံတောက်တောက်များ မသိစိတ်အလျောက် ထွက်ပေါ်လာခဲ့ပြီး သူမသည် ဝိညာဉ်အဆောင်လက်ဖွဲ့ အစီအရင်ကို ပြင်းထန်စွာ ဆောင့်တိုက်လိုက်ရာ အစီအရင်ကြီးသည် လူသားပုံသဏ္ဌာန်တစ်ခုအလား တုံ့ပြန်မှုများ ထွက်ပေါ်လာရချေသည်။
သူမသည် မိမိကိုယ်ကိုယ် ဖုံးကွယ်ထားရန် မေ့လျော့နေခဲ့ပြီ ဖြစ်ပြီး စိတ်ထဲရှိ အာဃာတတရားများကို ဖွင့်ထုတ်ရန်သာ အာရုံစိုက်နေမိရာ သူမ၏ အရုပ်ဆိုးလှသော မျက်နှာသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့တော့သည်။
ယင်းမှာ မီးလောင်ကျွမ်းခြင်း ခံထားရသည့် မျက်နှာတစ်ခု ဖြစ်ပေရာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ဤအကြောင်းကြောင့်ပင် ချင်ဝူယန်းသည် သူမ၏ စစ်မှန်သော ရုပ်သွင်ကို အမြဲတစေ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ချေသည်။
"ငါ တကယ်ပဲ သိချင်မိတယ်၊ မင်း ဘယ်လိုမျိုး အသက်ရှင်ကျန်ရစ်ခဲ့တာလဲ" ချင်ယွမ်ဖုန်းက မိမိ၏ ရှေ့မှောက်၌ သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် ချင်ဝူယန်းအား ကြည့်ရင်း တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
"ဟဲဟဲ..." ချင်ဝူယန်းသည် အလောင်းကောင်မိစ္ဆာတစ်ကောင်ကဲ့သို့ ရှိနေပြီး သူမ၏ နှလုံးသားထဲ၌ အဆုံးမဲ့သော အာဃာတတရားများ ပြည့်နှက်နေချေသည်။
"နင့်ကို ကျေးဇူးတင်ရမှာပေါ့၊ ငါဟာ မီးလျှံဖီးနစ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး မီးလျှံဖီးနစ် စွမ်းအားရဲ့ ကောင်းချီးပေးမှုကို ခံခဲ့ရတယ်။ ဒါပေမဲ့ ငါကတော့ ဒီစွမ်းအားကို မရရှိခဲ့ရင် ပိုကောင်းမယ်လို့ ထင်မိသား"
"ဒီစွမ်းအားက ငါ့ကို အရုပ်ဆိုးစေခဲ့တယ်၊ လူတကာရှေ့ မျက်နှာမပြရဲလောက်အောင် အရုပ်ဆိုးသွားစေခဲ့တာ။ ငါ အဲဒီပေါက်ကွဲမှုထဲမှာတင် သေဆုံးသွားခဲ့ရင် ပိုကောင်းဦးမယ်"
"ဒါပေမဲ့... ငါ့ရဲ့ အသက်ရှင်ခြင်း အဓိပ္ပာယ်ကို နောက်ဆုံးတော့ ငါ နားလည်သွားခဲ့ပြီ။ အဲဒါက နင်နဲ့ ပတ်သက်သမျှ လူတိုင်းကို သတ်ဖြတ်ဖို့ပဲ။ အဲဒီလိုဆိုရင် နင်သေဆုံးသွားရင်တောင် ဒီလိုမျိုး နှလုံးကွဲမတတ် ခံစားရတဲ့ ဝေဒနာကို မင်း မြည်းစမ်းရလိမ့်မယ်"
သားရဲတစ်ကောင်ကဲ့သို့ ဖြစ်ပျက်နေသည့် ချင်ဝူယန်းအား ကြည့်ရင်း ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိချေသည်။
ယခုအခါ သူနှင့် ချင်ဝူယန်းသည် သေကျေပျက်စီးရမည့် တိုက်ပွဲတစ်ခုအတွင်း ပိတ်မိနေကြပြီ ဖြစ်သည်။
နှစ်ဦးစလုံးသည် သေဆုံးသွားပြီဟု ထင်မှတ်ခြင်း ခံခဲ့ရသော်လည်း နာကျည်းနေသော တစ္ဆေများကဲ့သို့ ဆက်လက် အသက်ရှင်နေကြရသည် မဟုတ်လော။
အချို့သော အချက်များတွင် ထိုနှစ်ဦးသည် လွန်စွာ တူညီနေကြပေသည်။
ချင်ဝူယန်းသည် ယခုအခါ လူရူးတစ်ယောက်ကဲ့သို့ ပြုမူနေချေပြီ။
ချင်ယွမ်ဖုန်းအား မြင်လိုက်ရသောအခါ သူမ၏ စိတ်ထဲ၌ ဖိနှိပ်ထားသော အာဃာတတရားများသည် ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ကြည်လင်နီမြန်းသော မီးလျှံများသည် အရပ်မျက်နှာအနှံ့သို့ စတင် ပျံ့နှံ့သွားခဲ့ပြီး ခေတ္တမျှအတွင်း၌ ဝိညာဉ်အဆောင်လက်ဖွဲ့ အစီအရင်တစ်ခုလုံးသည် မီးပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားရချေသည်။
ဝိညာဉ်အဆောင်လက်ဖွဲ့ အစီအရင်သည် လွန်စွာ အစွမ်းထက်လှပြီး အထူးသဖြင့် ချင်ယွမ်ဖုန်းသည် ဆဋ္ဌမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ပေါင်းသောင်းချီကို ပင်ပန်းကြီးစွာ ဖန်တီးခဲ့ခြင်း ဖြစ်ပေရာ ချင်ဝူယန်းအား အချိန်ကာလတစ်ခုအထိ ပိတ်လှောင်ထားရန် လုံလောက်ပေသည်။
သို့သော်လည်း အဆောင်လက်ဖွဲ့သည် မီးကို ကြောက်ရွံ့တတ်ပေရာ ယင်းမှာ ချင်ယွမ်ဖုန်း ကြိုတင်မျှော်လင့်ထားခဲ့သည့် အရာပင် ဖြစ်သည်။
"ရုန်းကန်နေတာကို ရပ်လိုက်စမ်း။ ဒီနေ့တော့ ငါက မင်းလို အပယ်ခံ သစ္စာဖောက်ကောင်ကို အသေသတ်ဖို့ ပို့ဆောင်ပေးရမှာပဲ"
ချင်ယွမ်ဖုန်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်အဆောင်လက်ဖွဲ့ အစီအရင်အတွင်း၌ အစီအရင်တစ်ခုကို ဖြည်းညင်းစွာ ဖန်တီးလိုက်ချေသည်။
အစီအရင်၏ အတွင်းပိုင်း၌ မထင်မရှား စက်ဝိုင်းအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ယင်းမှာ လုံးဝန်းသော အရာတစ်ခုအတွင်းရှိ အလုံးငယ်လေးတစ်ခုကဲ့သို့ ရှိနေတော့သည်။
ယင်းမှာ ပဉ္စမအဆင့် အစီအရင်တစ်ခု ဖြစ်ပေရာ ဘိုးဘေးနယ်ပယ်အဆင့်ရှိသည့် သိုင်းပညာရှင်တစ်ဦးကိုပင် ထိခိုက်နာကျင်စေရန် လုံလောက်လှပေသည်။
ထိုအရာအား ချင်ယွမ်ဖုန်းက သူ၏ ယုံကြည်မှုတန်ဖိုး ငါးသန်းကို အသုံးပြု၍ စနစ်အရောင်းဆိုင်မှ ရယူခဲ့ခြင်း ဖြစ်ပေသတည်း။