အခန်း ၇၂၀
Vol. 35 Ch. 720
အခန်း (၇၂၀)
ကောင်းကင်ထက်မှ မိုးတိမ်တိုက်တို့သည် မိုင်ပေါင်းရာချီဝေးသော နေရာမှပင် ကြားနိုင်သည့် နဂါးကြီး၏ ဟိန်းသံကြောင့် ချက်ချင်းပင် လွင့်စင်ပျက်ပြယ်သွားရချေသည်။
ချင်ယွမ်ဖုန်းသည် မိမိ၏ ကိုယ်တွင်းစွမ်းအင် အားလုံးကို ထိုနဂါးပုံရိပ်ယောင်အတွင်းသို့ သွန်းလောင်းထည့်လိုက်ရာ ယင်းက အသက်ရှင်နေသော နဂါးစစ်စစ်တစ်ကောင်ကဲ့သို့ အသွင်သဏ္ဌာန် ပေါ်လွင်လာရတော့သည်။
ချင်ဝူယန်း၏ မျက်နှာထက်တွင် မည်သည့်အရိပ်အယောင်မျှ ပေါ်လွင်ခြင်းမရှိသော်လည်း သူမ၏ထက်ကောင်းကင်သည် မီးလျှံများဖြင့် ဖုတ်ကင်ခံထားရသကဲ့သို့ ရုတ်ချည်းပင် နီရဲလာခဲ့ချေသည်။
လေထုထဲတွင် ဖီးနစ်ငှက်ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာပြီး စူးရှစွာ အော်မြည်လိုက်လေသည်။ ထို့နောက် ချင်ဝူယန်းက ချင်ယွမ်ဖုန်းထံသို့ ညွှန်ပြလိုက်သည်တွင် ယင်းက ဥက္ကာခဲတစ်ခုကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်ဆင်းသက်သွားတော့သည်။
"ဖီးနစ်ငှက်၏ ပျက်သုဉ်းခြင်း"
နှစ်ဦးစလုံးသည် တစ်ချိန်တည်းမှာပင် ကာကွယ်ရေးကို စွန့်လွှတ်လိုက်ကြပြီး အပြန်အလှန်အားဖြင့် မိမိတို့၏ အပြင်းထန်ဆုံးသော တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြလေသည်။
"ဝုန်း"
ပြိုင်တူထွက်ပေါ်လာသော အသံနှစ်သံနှင့်အတူ ချင်ယွမ်ဖုန်းနှင့် ချင်ဝူယန်းတို့သည် နောက်သို့ လွင့်စဉ်ထွက်သွားကြရချေသည်။
နဂါးပုံရိပ်ယောင်သည် ချင်ဝူယန်းအား ပြင်းထန်စွာ ဆောင့်မိသွားပြီး သူမ၏ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံများကို ရိုက်ခွဲပစ်လိုက်သဖြင့် သူမ၏ ပကတိအသွင်သဏ္ဌာန်သည် ပေါ်ထွက်လာခဲ့ရသည်။
ချင်ယွမ်ဖုန်းသည်လည်း ဖီးနစ်ဥက္ကာခဲ၏ စွမ်းအားကို တိုက်ရိုက်ခံစားလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန်လည်ကျုံ့ဝင်သွားခဲ့လေသည်။
အဆောင်လက်ဖွဲ့အစီအရင်သည် ပြင်းထန်စွာ တုန်ခါလာပြီး နောက်ဆုံးတွင် တိုးညင်းသောအသံနှင့်အတူ အဆောင်လက်ဖွဲ့အားလုံး မီးစွဲလောင်သွားကာ အစီအရင်သည်လည်း ပျက်ပြယ်သွားရတော့သည်။
ချင်ယွမ်ဖုန်း၏ မျက်ဝန်းအိမ်သည် ရုတ်ချည်း ကျုံ့ဝင်သွားခဲ့သည်။ အကယ်၍ ဝိညာဉ်အဆောင်လက်ဖွဲ့ အစီအရင်သာ ပျက်စီးသွားပါက ချင်ဝူယန်းသည် ယင်းကို အခွင့်ကောင်းယူ၍ ထွက်ပြေးသွားနိုင်ပေသည်။
ထိုသို့သော အခြေအနေမျိုးတွင် သူမအား ဖမ်းဆီးရန် ဤမျှလွယ်ကူတော့မည်မဟုတ်ပေ။
သူသည် မိမိ၏ ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ ရုတ်တရက် မတ်တတ်ထရပ်လိုက်ကာ သူ၏ခန္ဓာကိုယ်ကို အရည်ကဲ့သို့ အရည်ပျော်စေပြီး မြေပြင်ပေါ်ရှိ အရိပ်များအတွင်းသို့ ပေါင်းစပ်လျက် ချင်ဝူယန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ချင်ဝူယန်းသည် တဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူမ၏ ရင်ဘတ်ထက်တွင် ထိတ်လန့်ဖွယ်ရာ ဒဏ်ရာကြီးတစ်ခု ပေါ်ပေါက်နေပြီး မည်းနက်နေသော အရေပြားအောက်ရှိ နီရဲသော အသားစများကို မြင်တွေ့နေရချေသည်။
မီးလောင်ကျွမ်းခြင်းကို ခံရပြီးနောက် ချင်ဝူယန်း၏ ခန္ဓာကိုယ်သည် အရည်ပျော်ပြီးမှ ပြန်လည်ပေါင်းစပ်ထားသည့် ပုပ်ပွနေသော အသားတုံးကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး မျက်နှာပြင်တစ်ခုလုံးမှာလည်း မည်းတူးနေခဲ့သည်။
သူမအား လူသားတစ်ဦးဟုပင် ခေါ်ဆိုရန် မစွမ်းသာတော့ဘဲ မိစ္ဆာတစ်ကောင်နှင့် ပို၍တူနေပေသည်။ ဤသည်မှာ ချင်ဝူယန်းက ချင်ယွမ်ဖုန်းအား ဤမျှအထိ နာကျည်းမုန်းတီးနေရခြင်း၏ အကြောင်းရင်းများအနက် တစ်ချက်ပင် ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းက ချင်ဝူယန်းအား တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်အဆောင်လက်ဖွဲ့ အစီအရင်သည် ရုတ်ချည်း တစစီ ပျက်စီးသွားခဲ့ပြီး နီရဲသော အလင်းတန်း တိုင်လုံးကြီး ဆယ်ခုကျော်သည်လည်း တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့လေသည်။
"ချင်ယွမ်ဖုန်း၊ နင် ဒီနေ့ကစပြီး ထိတ်လန့်ခြောက်ခြားမှုတွေနဲ့ အသက်ရှင်နေထိုင်သွားရမယ်၊ ငါ နင်ရဲ့ အချက်အလက်တွေကို နင်ရဲ့ ရန်သူတွေဆီ လက်ဆင့်ကမ်းပေးလိုက်မယ်"
ချင်ဝူယန်းသည် လေထုထဲသို့ ခုန်တက်လျက် အေးစက်စွာ အော်ဟစ်လိုက်လေသည်။
ရုတ်တရက်ဆိုသလို သူမ ခုနက ရပ်နေခဲ့သည့် နေရာတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ချင်ယွမ်ဖုန်းသည် နဂါးကျောရိုးဓားမကြီးကို ကိုင်ဆောင်လျက် ပေါ်လာကာ လေထုထဲမှ ချင်ဝူယန်းအား အေးစက်စွာ ကြည့်ရှုနေခဲ့ချေသည်။
ချင်ဝူယန်းသည် အချိန်ဆွဲမနေခဲ့ပေ။ ပေါ်မလာသေးသည့် မုန်းတီးဖွယ်ရာ ခွေးနက်ကြီးတစ်ကောင် ရှိနေသေးကြောင်း သူမ သိရှိထားပြီး ထိုခွေးကြီးမှာ အစစ်အမှန် ပင်မအင်အားစု ဖြစ်ပေသည်။
သူမသည် ဟင်းလင်းပြင်ဆိုင်ရာ နတ်ဘုရားတန်ခိုးတော်ဖြင့် နေရာမရွှေ့ပြောင်းနိုင်သော်လည်း ချင်ဝူယန်း၏ အရှိန်အဟုန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် ဝေးလံသော မိုးကုတ်စက်ဝိုင်းဆီသို့ ရောက်ရှိသွားခဲ့သည်။
ဝမ်ချိုင်သည်လည်း ရုတ်တရက် ပျံသန်းလိုက်ပြီး ချင်ဝူယန်းနောက်သို့ အပြင်းအနှင် လိုက်လံဖမ်းဆီးတော့သည်။
မြေပြင်ပေါ်ရှိ ချင်ယွမ်ဖုန်းသည်လည်း လက်သီးကို တင်းတင်းဆုပ်လျက် ခန္ဓာကိုယ်ကို လေထုထဲသို့ အလျင်အမြန် ပျံတက်စေကာ ခရမ်းရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲ၍ ချင်ဝူယန်းနောက်သို့ လိုက်လံဆွဲကိုင်လေသည်။
သူ၏နောက်ကွယ်တွင် ခရမ်းရောင်မီးလျှံများက အစဉ်မပြတ် လျှပ်တပြက် တောက်ပနေခဲ့ချေသည်။
ဒုံးပျံတစ်စင်း ပစ်လွှတ်လိုက်သည့်အလား ချင်ယွမ်ဖုန်းသည် မိမိ၏ အမြင့်ဆုံးအရှိန်နှုန်းကို ရောက်ရှိသွားခဲ့ပြီး တိုးဝှေ့လာသော လေပြင်းများသည် ပြင်းထန်သော အဟန့်အတားတစ်ခု ဖြစ်လာခဲ့ရသည်။
ဝမ်ချိုင်သည် သန့်ရှင်းသော သားရဲတစ်ကောင် ဖြစ်သည့်အားလျော်စွာ အရှိန်နှုန်းမှာ သူ၏ အားသာချက်မဟုတ်သော်လည်း အလွန်ပင် မြန်ဆန်လှပေသည်။ ယင်းက ချင်ဝူယန်း ထွက်ပြေးသည့် လမ်းကြောင်းဘက်တွင် တည်ရှိနေသဖြင့် ချင်ဝူယန်းအား ကြားဖြတ်တားဆီးနိုင်ခဲ့ချေသည်။
ချင်ဝူယန်းသည် အဝေးမှ ပျံသန်းလာသော ခွေးကြီးကို လှမ်းမြင်လိုက်ရပြီး ထိုမျှဝေးကွာသော နေရာမှပင် ဝမ်ချိုင်ထံမှ ထွက်ပေါ်လာသည့် ရွံရှာဖွယ် အနံ့အသက်ဆိုးကို ခံစားမိလုနီးပါး ဖြစ်သွားခဲ့ရသည်။
မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ချင်ဝူယန်းသည် ဦးတည်ချက်ပြောင်းကာ ထွက်ပြေးခဲ့သော်လည်း လမ်းကြောင်းပြောင်းလဲလိုက်ခြင်းက ချင်ယွမ်ဖုန်းအား အမှီလိုက်ခွင့် ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ချေသည်။
"ချင်ယွမ်ဖုန်း၊ သူမကို အမြန်ဖမ်းတော့၊ သူမ လွတ်သွားရင် မင်း သွားပြီပဲ" ဝမ်ချိုင်က ပျာပျာသလဲ အော်ဟစ်လိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ ဝမ်ချိုင် မပြောသော်လည်း မိမိမှာ ချင်ယွမ်ဖုန်းဖြစ်ကြောင်း ချင်ဝူယန်း သိရှိသွားပြီဖြစ်သည်ကို သူ နားလည်ထားပေသည်။
အကယ်၍ ဤသတင်းသာ ပေါက်ကြားသွားပါက သူသည် နောက်တစ်ကြိမ် ထပ်မံ လိုက်လံသုတ်သင်ခြင်း ခံရပေလိမ့်မည်။
ထိုသို့ တွေးတောမိသည်တွင် ချင်ယွမ်ဖုန်းသည် သူ၏ အရှိန်အဟုန်ကို ထပ်မံမြှင့်တင်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားကိုလည်း လျင်မြန်စွာ ဖြန့်ကြက်လိုက်တော့သည်။
"ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်"
ချင်ယွမ်ဖုန်းသည် တိုးညင်းစွာ အော်ဟစ်လိုက်ရာ သူ၏ ကြီးမားလှသော ဝိညာဉ်စွမ်းအားတို့သည် ရုတ်ချည်းပင် ဧရာမ ဝိညာဉ်စွမ်းအား လက်ဝါးကြီးနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချင်ဝူယန်းအား ချက်ချင်းပင် လွှမ်းခြုံပတ်ဆို့လိုက်တော့သည်။
ထိုဧရာမ ဝိညာဉ်စွမ်းအား လက်ဝါးကြီးထံမှ ခရမ်းရောင်မီးလျှံများ တဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး ချင်ဝူယန်းအား ဆေးလုံးတစ်လုံးကဲ့သို့ သန့်စင်ဖော်စပ်တော့မည့်အလား ဖြစ်နေချေသည်။
ချင်ဝူယန်းသည် အလွန်တရာ ပျာယာခတ်သွားခဲ့သည်။ မိမိ၏ နောက်ကွယ်တွင် အားကောင်းသော ရန်သူနှစ်ဦး ရှိနေသဖြင့် သူမ ရပ်တန့်၍ မဖြစ်ပေ။
နီရဲသော မီးလျှံများသည် မီးတောင်ပေါက်ကွဲသည့်အလား ဝုန်းကနဲ ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအား လက်ဝါးကြီးပေါ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခုကို တိုက်ရိုက် လောင်ကျွမ်းဖောက်ထွင်းပစ်လိုက်ချေသည်။
ချင်ဝူယန်း၏ ခန္ဓာကိုယ်သည် ထိုအပေါက်ထဲမှ ရုန်းထွက်ကာ ထပ်မံ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြန်သည်။
ထိုသို့ အချိန်နှောင့်နှေးသွားရသည့် အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် အမှီလိုက်လာနိုင်ခဲ့ပြီဖြစ်ရာ ချင်ဝူယန်းနှင့် သုံးပေမျှသာ ကွာဝေးတော့သည်။
"ချင်ဝူယန်း"
ချင်ယွမ်ဖုန်း၏ နက်ရှိုင်းလှသော အသံသည် ဝေးလံလှသော နေရာအထိ ပျံ့လွင့်သွားပြီး အသံလှိုင်းများသည် ဒြပ်သဏ္ဌာန်ပေါ်လွင်လာကာ ရှေ့သို့ ဖြန့်ကျက်သွားသကဲ့သို့ ဖြစ်နေသည်။
အသံလှိုင်းပညာရပ်ဖြစ်သော နဂါးဟိန်းသံပညာရပ်ပင်။
ထိုအသံတွင် လေးလံဆိုးဝါးလှသော အရှိန်အဝါတစ်ခု ပါရှိနေသဖြင့် လူတို့အား မသိစိတ်မှနေ၍ ဦးညွှတ်သွားစေနိုင်ပေသည်။
ထိုအသံသည် သူ၏နောက်ကွယ်ရှိ ဝမ်ချိုင်အပေါ်တွင် အထူးပင် သက်ရောက်မှုပြင်းထန်လှသဖြင့် ဝမ်ချိုင်အား တစ်စက္ကန့်မျှပင် တုံ့ဆိုင်းသွားစေခဲ့သည်။
နဂါးအရှိန်အဝါပင်။
ချင်ယွမ်ဖုန်းက အစောင့်အရှောက်နဂါးထံမှ စုပ်ယူထားခဲ့သော နဂါးအရှိန်အဝါသည် ဤအခိုက်အတန့်တွင် အသုံးတည့်သွားခဲ့ရချေသည်။
ရှေ့မှနေ၍ အသည်းအသန် ထွက်ပြေးနေသော ချင်ဝူယန်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ချင်ဝူယန်း၏ နောက်ကျောဘက်သို့ ရောက်ရှိလာပြီး လက်ညှိုးတစ်ချောင်းဖြင့် ထိုးနှက်လိုက်တော့သည်။
"ကောင်းကင်ဘုံ သန့်စင်ခြင်း နတ်ဘုရားလက်ဝါး"
ချင်ယွမ်ဖုန်းသည် တိုးညင်းစွာ အော်ဟစ်လိုက်ပြီး သူ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားများကို လက်ညှိုးထံမှတစ်ဆင့် သွန်းထုတ်လျက် ချင်ဝူယန်း၏ ဝိညာဉ်အား ပြင်းထန်စွာ တိုက်ခိုက်လိုက်ချေသည်။
ချင်ဝူယန်းသည် မိမိ၏ ဝိညာဉ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ခန္ဓာကိုယ်မှပင် ကွာထွက်လုနီးပါး ဖြစ်သွားရသည်ဟု ခံစားလိုက်ရသည်။
ဖော်ပြ၍မရနိုင်သော နာကျင်မှုဝေဒနာသည် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးထံမှ ပျံ့နှံ့လာပြီး သူမအား ချက်ချင်းပင် ဝါးမြိုသွားတော့သည်။
ကောင်းကင်ဘုံ သန့်စင်ခြင်း နတ်ဘုရားလက်ဝါးသည် သိုင်းပညာရှင်တစ်ဦး၏ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
အကယ်၍ ဝိညာဉ်စွမ်းအားသာ လုံလောက်စွာ အားမကောင်းပါက ဝိညာဉ်ကိုယ်တိုင်ပင် ကြေမွပျက်စီးသွားနိုင်ချေရှိသည်။
ချင်ဝူယန်းသည် ကိုးဆင့်မြောက် ဘိုးဘေးနယ်ပယ် သို့ ရောက်ရှိထားပြီးဖြစ်သဖြင့် သူမ၏ ဝိညာဉ်စွမ်းအားမှာ ဓမ္မတာအတိုင်း အလွန်ပင် အားကောင်းလှပေသည်။
ထို့ကြောင့် ကောင်းကင်ဘုံ သန့်စင်ခြင်း နတ်ဘုရားလက်ဝါး၏ တိုက်ခိုက်မှုအောက်တွင် သူမ၏ ဝိညာဉ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားရုံနှင့် ပြင်းစွာ နာကျင်ရုံမျှသာ ခံစားလိုက်ရချေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုနေရာတွင်ပင် ရှိနေခဲ့သည်။ သူ၏ မျက်ဝန်းအိမ်တွင် နီရဲသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး လက်ထဲရှိ နဂါးကျောရိုးဓားမကြီးဖြင့် ချင်ဝူယန်း၏ ဦးခေါင်းတည့်တည့်သို့ တိုက်ရိုက် ထိုးစိုက်ချလိုက်တော့သည်။
ချင်ဝူယန်းသည် ချင်ယွမ်ဖုန်း၏ အသွင်သဏ္ဌာန်ကို မှတ်မိနေစေရန် ကြိုးပမ်းသည့်အလား သူမ၏ မျက်လုံးများကို အဝိုင်းသား ပြူးကြည့်နေခဲ့ချေသည်။
သို့သော် သူမသည် ထိုသို့ ပြုလုပ်နိုင်ရန် ကံပါမလာခဲ့ပေ။ သူမသည် လွန်ခဲ့သော နှစ်နှစ်ကပင် သေဆုံးသွားခဲ့သင့်သော်လည်း ပျက်စီးနေသော ခန္ဓာကိုယ်ကို ဆွဲဆန့်လျက် ယနေ့တိုင် အသက်ရှင်သန်နေခဲ့ခြင်း ဖြစ်ပေသည်။
သူမကိုယ်တိုင်ပင် ဆေးနတ်ဘုရားဂိုဏ်း အား ဖျက်ဆီးပစ်ခဲ့ပြီး သူမ၏ စိတ်နှလုံးသည်လည်း မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကုစားရန် နည်းလမ်းမရှိတော့ပေ။
ချင်ယွမ်ဖုန်းသည် ကောင်းကင်ထက်မှ မြေပြင်သို့ တဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့ပြီး နီဖြူစွန်းပေနေသော အညစ်အကြေးများ ပေကျံနေသည့် သူ၏ နဂါးကျောရိုးဓားမကြီးကို ပြန်လည် နုတ်ယူလိုက်ချေသည်။
ချင်ဝူယန်းအား နောက်ဆုံးအကြိမ် ကြည့်ရှုပြီးနောက် ချင်ယွမ်ဖုန်းသည် မိမိ၏ လက်ညှိုးထိပ်မှ မီးလျှံတစ်ခုကို ထုတ်ဖော်လိုက်ရာ ယင်းက ချင်ဝူယန်း၏ ကိုယ်ပေါ်သို့ တဖြည်းဖြည်းချင်း လွင့်မျောကျဆင်းသွားပြီး သူမအား ပြာအတိဖြစ်သွားစေရန် လောင်ကျွမ်းပစ်လိုက်တော့သည်။
ထိုအခိုက်တွင် ချင်ယွမ်ဖုန်းသည် နောက်ဆုံး၌ အောင့်အည်းမထားနိုင်တော့ဘဲ သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရချေသည်။ တစ်ချိန်တည်းမှာပင် သူသည် ခေါင်းမူးဝေလာသည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် နောက်သို့ လဲပြိုကျသွားရတော့သည်။