အခန်း ၇၂၃
Vol. 36 Ch. 723
အခန်း (၇၂၃) အဆင့်တက်ခြင်း
ချင်ကွေ့က ခေါင်းညိတ်လိုက်ပြီး "ငါကတော့ ဒီလိုဘဝမျိုးကို ငြီးငွေ့လှပြီ၊ ငါ့အသက်ကို အဆုံးစီရင်ပေးမယ့်သူတစ်ယောက်လောက် လိုအပ်နေတာပေါ့" ဟု ဆိုလေသည်။
"မင်းအနေနဲ့ ယမမင်းအဖွဲ့က လူသတ်သမားတစ်ယောက်ယောက်ကို အမြဲတမ်း ရှာဖွေလို့ရတာပဲ၊ သူတို့တွေလည်း မင်းကိုသတ်ရဖို့ အလွန်စိတ်အားထက်သန်ကြလိမ့်မယ်လို့ ငါထင်တယ်" ဟု အဘိုးအိုသူတောင်းစားက တည်ငြိမ်စွာ ပြောကြားလိုက်ချေသည်။
"ဟင့်အင်း၊ ယမမင်းအဖွဲ့က လူသတ်သမားတွေ ငါ့ကိုသတ်တာမျိုးကို ငါအဖြစ်မခံနိုင်ဘူး၊ အဲ့တာက ငါ့အတွက်တော့ စော်ကားမှုတစ်ခု ဖြစ်လိမ့်မယ်၊ ပြီးတော့ ဒီလူငယ်လေးက ယမမင်းအဖွဲ့ရဲ့ လက်အောက်ကို ရောက်နေပြီဆိုပေမဲ့ သူက ယမမင်းအဖွဲ့ကလူ မဟုတ်ဘူးဆိုတာ ငါသိတယ်" ဟု ချင်ကွေ့က တည်ငြိမ်စွာဖြင့်ပင် ဆိုပြန်သည်။
အဘိုးအိုသူတောင်းစားက ချင်ကွေ့ကို စိုက်ကြည့်ကာ "ဒါဆို အဲဒီလူငယ်က အမှန်တကယ်တော့ ဘယ်သူလဲ" ဟု မေးမြန်းလိုက်သည်။
"အေးလေ၊ ဘယ်သူဖြစ်မလဲ" ချင်ကွေ့က အူကြောင်ကြောင် လုပ်နေရင်း "သူက မင်းတို့အားလုံး ထင်မှတ်မထားတဲ့သူတစ်ယောက် အမြဲတမ်း ဖြစ်နေမှာပေါ့" ဟု ပြောလေသည်။
"ဟွန်း၊ မင်းကတော့ အမြဲတမ်း လျှို့ဝှက်ချက်တွေနဲ့ စကားပြောတတ်လွန်းတယ်၊ ငါသွားပြီ" ဟု ဆိုကာ အဘိုးအိုသူတောင်းစားက စိတ်မရှည်သလို လက်ယမ်းပြပြီး ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်တော့သည်။
"မိစ္ဆာနီကြီး၊ မင်း အပြင်မှာ ရှိနေခဲ့တာ ကြာပြီပဲ၊ ဘာလို့ ပြန်မလာသေးတာလဲ" ဟု ချင်ကွေ့က ရုတ်တရက် လှမ်း၍ မေးလိုက်သည်။
အဘိုးအိုသူတောင်းစားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘာမျှမပြောဘဲ ထိုနေရာမှ ဖြည်းညှင်းစွာ ထွက်ခွာသွားလေသည်။
"တွေ့လား၊ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြတာပဲ၊ ဒါကြောင့် လူတွေမှာ လျှို့ဝှက်ချက်ရှိတာ ဆန်းကြယ်တဲ့အရာ မဟုတ်ပါဘူး" ချင်ကွေ့၏ အသံသည် အဓိကခန်းမကြီးအတွင်း ပျောက်ကွယ်သွားတော့သည်။
ထို့နောက် အဘိုးအိုသူတောင်းစားသည် ရှောင်ဟန်ချိုးရှိရာသို့ ပြန်လည်ရောက်ရှိလာပြီး သူမအား ခေါ်ဆောင်ကာ ယမမင်းဌာနချုပ်မှ ထွက်ခွာလာခဲ့ချေသည်။
"ဆရာ၊ စုံစမ်းလို့ ရခဲ့ပြီလား" ဟု ရှောင်ဟန်ချိုးက မေးမြန်းလိုက်သည်။
အဘိုးအိုသူတောင်းစားက ခေါင်းညိတ်ပြကာ "သူ့နာမည်က အာဟိုင်တဲ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်က မျိုးတုန်းအောင် သတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုတစ်ခုရဲ့ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူလို့ ငါကြားခဲ့တယ်၊ သူက အခုတင်ပဲ ကလဲ့စားချေလို့ ပြီးသွားတာဆိုတော့ သံသယဝင်စရာတော့ မရှိပါဘူး" ဟု ဆိုသည်။
"အော်... ဒီလိုကိုး" ဟု ရှောင်ဟန်ချိုးက ခေါင်းညိတ်လိုက်မိသည်။
အဘိုးအိုသူတောင်းစားက ပြုံးလျက် "ဒါပေမဲ့ အဲ့တာက အပေါ်ယံမျှသာ ဖြစ်လိမ့်မယ်၊ အဲဒီလူငယ်က တစ်စုံတခုသော လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားပုံရတယ်၊ ဖြစ်နိုင်တာကတော့ အဲဒီလျှို့ဝှက်ချက်က ဘာလဲဆိုတာ ငါတို့တွေ မကြာခင် သိရတော့မှာပါပဲ" ဟု ပြောလေသည်။
ထိုစကားကို ကြားရသောအခါ ရှောင်ဟန်ချိုး၏ နှလုံးသားသည် ထပ်မံ၍ ခုန်လှုပ်သွားရပြီး ရင်းနှီးလှသော ထိုခံစားချက်ကြီးက သူမ၏ စိတ်အာရုံထဲ၌ ဝဲလည်နေသကဲ့သို့ ခံစားလိုက်ရချေသည်။
"ဒါနဲ့ ဆရာ၊ ဘာလို့ ဒီလောက်တောင် ကြာသွားရတာလဲ" ဟု ရှောင်ဟန်ချိုးက မေးပြန်သည်။
"ငါ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ကို ကြားခဲ့ရလို့ပါ" အဘိုးအိုသူတောင်းစားက ချင်ကွေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှောင်ဟန်ချိုးအား ပြောပြလိုက်လေသည်။
ရှောင်ဟန်ချိုးသည်လည်း ချင်ယွမ်ဖုန်းကဲ့သို့ပင် တူညီသော သံသယမျိုး ဝင်လာကာ "ချင်ကွေ့က ဘာဖြစ်လို့ သူ့ကိုသတ်ဖို့ လူလွှတ်ရတာလဲ၊ သူက တကယ်ပဲ အသက်ရှင်ရတာကို ငြီးငွေ့နေပြီလား" ဟု တွေးတောမိသည်။
"ချင်ကွေ့က ဘယ်သူလဲဆိုတာ မင်းသိလား၊ သူက တစ်ချိန်က ကလဲ့စားချေသူတစ်ယောက်ပေါ့၊ သူ့ရဲ့ အနီးကပ်ဆုံး ဆွေမျိုးတွေက ယမမင်းအဖွဲ့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရလို့ သူက ကလဲ့စားချေဖို့အတွက် ယမမင်းအဖွဲ့ထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်တယ်"
"ပြီးတော့ကော" ရှောင်ဟန်ချိုး၏ မျက်လုံးများ ဝိုင်းစက်သွားရသည်။
"ပြီးတော့ ဘာဖြစ်လဲ ဟုတ်လား၊ သူက အမိန့်ထုတ်ခဲ့တဲ့ ယမမင်းအဖွဲ့က လူသတ်သမားကို သတ်ပစ်လိုက်ပြီး ချင်ကွေ့တစ်ယောက် ဖြစ်လာခဲ့တာပေါ့၊ ဒါပေမဲ့ သူက ယမမင်းအဖွဲ့အပေါ်မှာ နာကျည်းမှုကို ရင်ဝယ်ပိုက်ထားဆဲပဲ၊ ဒါကြောင့် သူ သေချင်တယ်ဆိုရင်တောင် ယမမင်းအဖွဲ့ကလူတွေကို သူ့ကိုသတ်ပေးဖို့ တောင်းဆိုမှာ မဟုတ်ဘူး" ဟု အဘိုးအိုသူတောင်းစားက တည်ငြိမ်စွာ ရှင်းပြချေသည်။
"သေရတာက လွယ်ကူတဲ့အရာ မဟုတ်ဘူးလား" ဟု ရှောင်ဟန်ချိုးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"မလွယ်ကူဘူးလေ၊ ချင်ကွေ့ရဲ့ အသက်က ဘယ်လောက်ရှိပြီလဲဆိုတာ မင်းသိလား၊ သူက အသက်တစ်သောင်းတောင် ရှိနေပြီ ဖြစ်တယ်၊ ဒါကြောင့် သူ့ရဲ့အသက်ကို အဆုံးစီရင်ပေးမယ့်သူကို ရှာဖွေချင်တယ်ဆိုရင် အဲ့လိုသူက အရည်အချင်း ပြည့်မီရမှာ ဖြစ်သလို ယမမင်းအဖွဲ့က လူသတ်သမားလည်း မဖြစ်ရဘူးပေါ့"
"ဒါဆို သူက အာဟိုင်ကို ရွေးချယ်လိုက်တာပေါ့၊ ဒါပေမဲ့ အာဟိုင်ကလည်း ယမမင်းအဖွဲ့က လူသတ်သမားတစ်ယောက်ပဲ မဟုတ်ဘူးလား" ဟု ရှောင်ဟန်ချိုးက သိလိုဇောဖြင့် မေးမြန်းပြန်သည်။
"သူ့စကားအတိုင်း ပြောရရင်တော့ အာဟိုင်က ယမမင်းအဖွဲ့ထဲ ဝင်ရောက်ခဲ့တယ်ဆိုပေမဲ့ သူက ယမမင်းအဖွဲ့ကလူ မဟုတ်ဘူးတဲ့" ဟု အဘိုးအိုသူတောင်းစားက ပြုံးလျက် ဆိုလေသည်။
ရှောင်ဟန်ချိုးသည် ထိုပတ်သက်ဆက်နွှယ်မှုများကို နားလည်သဘောပေါက်ရန် အတော်ပင် အားထုတ်လိုက်ရချေသည်။ အကျဉ်းချုပ်ရလျှင် ချင်ကွေ့သည် သူ့ကို သတ်ပေးမည့်သူတစ်ဦးအား ရှာဖွေနေခြင်း ဖြစ်သည်။
ထိုသူသည် ယမမင်းအဖွဲ့မှ လူသတ်သမား မဖြစ်ရသလို သူအထင်သေးသောသူလည်း မဖြစ်ရပေရာ သင့်တော်မည့် ကိုယ်စားလှယ်လောင်းကို ရှာမတွေ့နိုင်ဘဲ ရှိနေခဲ့သည်။
အာဟိုင် ပေါ်လာသည့် အချိန်ကျမှသာ ချင်ကွေ့တစ်ယောက် စိတ်လှုပ်ရှားသွားခဲ့ရခြင်း ဖြစ်ပြီး ယင်းက သူ ရှာဖွေနေခဲ့သည့် အကောင်းဆုံးသော ကိုယ်စားလှယ်လောင်းပင် ဖြစ်တော့သည်။
"တကယ့် အရူးတစ်ယောက်ပါပဲလား" ဟု ရှောင်ဟန်ချိုးက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
အဘိုးအိုသူတောင်းစားက ခပ်ဖွဖွ ရယ်မောလိုက်ရင်း "လောကအမှောင်ထုထဲမှာ အရူးမဟုတ်တဲ့သူ ဘယ်သူရှိလို့လဲ" ဟု ဆိုလေသည်။
တစ်ဖက်တွင်မူ ချင်ယွမ်ဖုန်းသည် နန်းတော်အတွင်းမှ ထွက်ခွာလာခဲ့သော်လည်း ဌာနချုပ်မှ လုံးဝထွက်မသွားဘဲ အဓိကခန်းမဆောင်ကြီးအတွင်း၌သာ ဆက်လက်ဆိုင်းတွနေခဲ့ချေသည်။
'အာဟိုင်' ဟူသော အမည်ပွားဖြင့် လှုပ်ရှားနေသည့် သူသည် အမှန်တကယ်တွင် ဘာကို စောင့်ဆိုင်းနေသည်ဆိုသည်ကိုမူ မည်သူမျှ ရိပ်မိခြင်း မရှိကြပေ။
တစ်ရက်၊ နှစ်ရက် စသည်ဖြင့် အချိန်များ ကုန်လွန်လာသောအခါ အားလုံးက ထောင့်စွန်းတစ်ခု၌ ထိုင်နေတတ်သော ချင်ယွမ်ဖုန်း၏ ပုံစံကို ကျင့်သားရသွားကြတော့သည်။
ထိုလူသတ်သမားများအနေဖြင့် တာဝန်များကို ရူးသွပ်စွာ လုပ်ဆောင်တတ်သော ဤလူကြီးမင်းမှာ ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးသွားလိမ့်မည်ဟု မယုံကြည်ကြချေ၊ အကြောင်းမူကား သူ တာဝန်များမှ ရရှိထားသော ဆုလာဘ်များသည် သူ့ကို မည်သည့်နေရာသို့ ရောက်ရှိပါစေ ပူပန်မှုကင်းမဲ့စွာ ရှင်သန်နိုင်စေသောကြောင့် ဖြစ်သည်။
သို့သော်လည်း မည်သူမျှ ရှေ့သို့တိုးကာ အာဟိုင် ဘာလုပ်နေသလဲဟူ၍ မမေးမြန်းရဲကြပေ။
ချင်ယွမ်ဖုန်းသည် တရားထိုင်ခြင်း အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသွားပုံရကာ ထိုနေရာ၌ ထိုင်လျက် အစဉ်တစိုက် ကျင့်ကြံနေခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ထူးဆန်းသော အခြေအနေတစ်ခုသို့ ဆိုက်ရောက်သွားခဲ့ချေသည်။
ဤကာလအတွင်း အဆက်မပြတ် သတ်ဖြတ်ခဲ့မှုများသည် ချင်ယွမ်ဖုန်း၏ စိတ်ခံစားချက်များကို ထိပ်ဆုံးအဆင့်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူက ရပ်တန့်လိုက်သည့်အတွက် ထိုစွမ်းအားများသည် ဖြည်းညှင်းစွာ သန့်စင်သွားပြီး ချင်ယွမ်ဖုန်း၏ ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။
သူ၏ ကျင့်စဉ်အဆင့်သည် ဖြည်းဖြည်းချင်း တိုးတက်လာနေပြီး ချင်ယွမ်ဖုန်းမှာမူ ထိုနေရာ၌ ကျောက်ဆစ်ရုပ်တုကြီးတစ်ခုကဲ့သို့ ငြိမ်သက်စွာ ထိုင်နေခဲ့ချေသည်။
ခြောက်လခန့် ကုန်လွန်သွားပြီး လူတိုင်းက ချင်ယွမ်ဖုန်းကို မေ့လျော့လုနီးပါး ဖြစ်နေချိန်တွင်မှ ချင်ယွမ်ဖုန်းသည် နောက်ဆုံး၌ သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ဟလိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ တစ်စုံတခုသော အချုပ်အနှောင်များ ကျိုးပျက်သွားသကဲ့သို့ ဖြစ်သွားပြီး ပဲလှော်လှော်သံကဲ့သို့ တဖြောက်ဖြောက် မြည်သံများသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကို အညောင်းဆန့်လိုက်ပြီးနောက် ချင်ယွမ်ဖုန်းက တိုးတိတ်စွာ ပြုံးလိုက်မိသည်။ သူသည် ဤနေရာ၌ အဆင့်တက်လှမ်းနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ထို့အပြင် ဤအဆင့်တက်ခြင်းသည် လွန်စွာ ရုတ်တရက် ဆိုက်ရောက်လာခြင်း ဖြစ်ရာ သူကိုယ်တိုင်ပင် မမည်သို့မျှ ပြင်ဆင်ထားခြင်း မရှိခဲ့သော်လည်း သဘာဝအတိုင်း ရင့်မှည့်လာသော တိုးတက်မှုမျိုး ဖြစ်ချေသည်။
"ငါ ဘိုးဘေးနယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်ကို ရောက်ရှိသွားပြီပဲ" ဟု ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ခြောက်လပတ်လုံး လှုပ်ရှားမှုမရှိဘဲ နေခဲ့ပြီးနောက် ချင်ယွမ်ဖုန်းသည် အတော်ပင် ပိန်လှီသွားခဲ့ပြီး သူ၏ ဇီဝအသက်စွမ်းအားကို ဆက်လက်ထိန်းသိမ်းရန် ကောင်းကင်နှင့် မြေကမ္ဘာ၏ ဝိညာဉ်စွမ်းအင်ကိုသာ လုံးလုံးလျားလျား အမှီပြုနေခဲ့ရသည်။
အာဟိုင် မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ ခန်းမအတွင်းရှိ လူသတ်သမားများအားလုံး အံ့အားသင့်သွားကြရသည်။ အာဟိုင်ထံမှ ပိုမိုပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာသည်ကို သူတို့ ခံစားမိလိုက်ကြသဖြင့် လူသတ်သမားများအားလုံး ခေါင်းငုံ့လိုက်ကြချေသည်။
'သူကို ကြည့်စမ်းပါဦး၊ ထိုနေရာမှာ ထိုင်နေရုံတင်နဲ့ အဆင့်တက်လှမ်းနိုင်ကြတယ်၊ ငါကတော့ ရေတွက်လို့မရတဲ့ ဆေးလုံးတွေကို စားသုံးခဲ့တာတောင် အခုထိ တစ်နေရာတည်းမှာ တန့်နေတုန်းပဲ၊ တကယ့်ကို ရှက်စရာကောင်းတယ်'
ချင်ယွမ်ဖုန်း နိုးလာပြီးသည်နှင့် အာယောင်သည် အမြန်ပြေးဝင်လာကာ သူ့ထံသို့ တံဆိပ်ပြားတစ်ခု ကမ်းပေးလိုက်သည်။
ထိုအရာသည် စိန်သားဖြင့် ထုဆစ်ထားသော တံဆိပ်ပြားတစ်ခု ဖြစ်ပြီး ယမမင်းဌာနချုပ်၏ ပလက်တီနမ်တံဆိပ်ဆင့် လူသတ်သမားများ၏ အမှတ်အသားပင် ဖြစ်တော့သည်။
ချင်ယွမ်ဖုန်းသည် ခေတ္တမျှ မှင်တက်သွားရပြီးမှ ခေါင်းညိတ်ပြလိုက်ချေသည်။
ချင်ကွေ့သည် သူ၏ ကျင့်စဉ်အဆင့်ကို သိမြင်ထားပြီး ဖြစ်ရာ သူ့အား ပလက်တီနမ်တံဆိပ်ဆင့် လူသတ်သမား အဆင့်အတန်းကို ပေးအပ်ခြင်းမှာ ပုံကြီးချဲ့ခြင်း မဟုတ်ပေ။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် သူ့ကို သတ်ပေးရန် ချင်ကွေ့၏ တောင်းဆိုချက်အပေါ် အလွန်အမင်း ဇဝေဇဝါ ဖြစ်နေဆဲပင်။ ထိုသို့သော တောင်းဆိုမှုမျိုးသည် အရူးတစ်ယောက်မှလွဲ၍ ယမမင်းအဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦး၏ မောက်မှ ထွက်ပေါ်မလာသင့်သောအရာဟု ထင်မြင်မိသည်။
သို့ရာတွင် သူသည် ထိုနေရာ၌ ကြာရှည်စွာ ဆိုင်းတွမနေဘဲ ယမမင်းဌာနချုပ်မှ တိုက်ရိုက် ထွက်ခွာလာခဲ့ကာ နေရာပြောင်းအစီအရင်ကို အသုံးပြု၍ ထွက်ခွာသွားခဲ့တော့သည်။
လွန်ခဲ့သော ခြောက်လအတွင်း ချင်ယွမ်ဖုန်းသည် ကျင့်ကြံထိုင်နေခဲ့ပြီး မလှုပ်မယှက် ထိုင်နေခဲ့သော်လည်း သူ၏ ဝိညာဉ်စွမ်းအားမှာ လွန်စွာ တက်ကြွနေခဲ့ရာ အကြောင်းအရာ အများအပြားကို သိရှိခဲ့ရချေသည်။
ဥပမာအားဖြင့်၊ တုန်ကော်နှင့်အတူ သူ့ကို ပူးပေါင်းလုပ်ကြံခဲ့သည့် ရှီးလျူကို သူ မြင်တွေ့ခဲ့ရပြီး ထိုသူသည် တာဝန်တစ်ခုကို လက်ခံရရှိပြီးနောက် ထပ်မံ၍ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် ထိုတာဝန်၏ တည်နေရာနှင့် အသေးစိတ် အချက်အလက်များကို ရှင်းလင်းစွာ ဖော်ပြပေးနိုင်ခဲ့ပြီး ဖြစ်ချေသည်။
ထို့ကြောင့် သူသည် တွန့်ဆုတ်မနေဘဲ နေရာပြောင်းအစီအရင်ကို အသုံးပြု၍ ရှီးလျူ တာဝန်ထမ်းဆောင်နေသည့်နေရာ ဖြစ်သော ဝူချီအင်ပါယာသို့ ရောက်ရှိလာခဲ့သည်။
ဝူချီအင်ပါယာနှင့် ကျန့်ဂီအင်ပါယာတို့သည် အစဉ်တစိုက် မသင့်မမြတ် ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ချင်ယွမ်ဖုန်းကြောင့် ကျန့်ဂီအင်ပါယာသည် နိုင်ငံနှစ်ခုကြားရှိ တင်းမာမှုများကို လျှော့ချရန် ဆုံးဖြတ်ခဲ့ကြသည်။
ယခုအချိန်အထိ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အတော်ပင် တိုးတက်ကောင်းမွန်လာခဲ့ပြီး အသေးအဖွဲ ကိစ္စရပ်များကြောင့် စစ်မီးတောက်လောင်ခြင်းမျိုး မရှိတော့ပေ။
ရှီးလျူ၏ တာဝန်မှာ ဝူချီအင်ပါယာအတွင်းရှိ ထင်ရှားကျော်ကြားသော မိသားစုကြီးတစ်ခု၏ အဖွဲ့ဝင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ဖြစ်ချေသည်။