အခန်း ၇၂၄
Vol. 36 Ch. 724
အခန်း (၇၂၄)ပလက်တီနမ်တံဆိပ်ဆင့် လူသတ်သမား
အဆင့်နိမ့် လူသတ်သမားများသည် အဆင့်မြင့် လူသတ်သမားများထံမှ သတင်းအချက်အလက်ကို မရရှိနိုင်ကြချေ။ သို့သော် ချင်ယွမ်ဖုန်းမှာမူ ပလက်တီနမ်တံဆိပ်ဆင့် လူသတ်သမားအဖြစ် ရာထူးတိုးမြှင့်ခံရကာစ ဖြစ်ပေရာ သတင်းပြန်ကြားရေး ဝန်ထမ်းများထံမှ ရှီးလျူနှင့် ပတ်သက်သော အချက်အလက်များကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။
ရှီးလျူသည် ကာမဂုဏ်ကို ခံစားမက်မောသူ တစ်ဦး ဖြစ်သည်။ သူသည် အလုပ်တစ်ခုပြီး၍ ဆုလာဘ်ရတိုင်း အပြင်သို့ ထွက်ကာ အပျော်အပါး လိုက်စားလေ့ရှိပြီး စည်းစိမ်ယစ်မူးသော ဘဝဖြင့် နေထိုင်တတ်ချေသည်။
တာဝန်နှင့် ပတ်သက်၍မူ သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရန်သာ လိုအပ်ပေသည်။
သတင်းပေးပို့ချက်ပါ အချက်အလက်များအတိုင်း ချင်ယွမ်ဖုန်းသည် ဝူချီအင်ပါယာ၏ ဗဟိုမြို့တော်ရှိ အကြီးဆုံးသော ပြည့်တန်ဆာအိမ်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာကား အမျိုးသား အများအပြား နေ့စဉ်နှင့်အမျှ ပျော်ပါးရန်အတွက် တိုးဝှေ့လာရောက်ကြသော နေရာတစ်ခုလည်း ဖြစ်သည်။
ဤနေရာသည် ရှီးလျူ အလာရောက်ဆုံးသော နေရာပင် ဖြစ်တန်ရာသည်။
လူသတ်သမားတစ်ဦးသည် မိမိ၏ မျက်နှာကို မကြာခဏ ဖော်ပြရန် မသင့်ပေ။
သို့သော် ရှီးလျူကမူ မိမိကိုယ်ကို ယမမင်းအဖွဲ့၏ လူသတ်သမားဖြစ်ကြောင်း မည်သူမျှ မသိနိုင်ဟု ယုံကြည်ထားပေရာ ထိုသို့သော အပျော်အပါးများတွင် မကြာခဏ နစ်မွန်းနေခဲ့ခြင်း ဖြစ်သည်။
ထုံးစံအတိုင်း ထိုနေ့တွင်လည်း ရှီးလျူသည် ဤနေရာသို့ လာရောက်ကာ မိမိနှင့် ရင်းနှီးသော မိန်းကလေးတစ်ဦးကို ရှာ၍ ပျော်မြူးနေခဲ့ချေသည်။
သို့သော် လူတစ်ယောက် လှမ်းဝင်လာသောအခါတွင်မူ ရှီးလျူသည် ရုတ်တရက် ထိတ်လန့်သွားရတော့သည်။
မြေကမ္ဘာတုန်ဟည်းမတတ် တိုက်ပွဲမျိုးလည်း မရှိခဲ့သလို ကျယ်လောင်သော ပေါက်ကွဲသံများလည်း ထွက်ပေါ်မလာခဲ့ချေ။
ရှီးလျူသည် မည်သည့် တွန်းလှန်မှုကိုမျှ မပြုလုပ်နိုင်ဘဲ ချင်ယွမ်ဖုန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပုံပေါ်သည်။
သူသည် မသေဆုံးမီမှာပင် "ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်ဆိုတာ ငါသိထားပြီးသားပါ" ဟု ပြောဆိုသွားခဲ့သည်။
"မင်းက ကိုယ့်အခြေအနေကိုယ် ကောင်းကောင်း သဘောပေါက်သားပဲ" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်ပြီး ရှီးလျူ၏ သိုလှောင်အိတ်ကို ယူကာ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
ထို့နောက် အိမ်နီးနားချင်းဖြစ်သော ကွန်ရှန်းချိုင့်ဝှမ်းသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့တော့သည်။
ရှီးလျူ သေဆုံးမှုအတွက်မူ သူ့အပေါ်တွင်သာ မလွဲမသွေ အပြစ်ပုံချလာကြပေလိမ့်မည်။
အကြောင်းမူကား ယခုအကြိမ်တွင် သူသည် မိမိကိုယ်ကိုယ် ဖုံးကွယ်ခြင်း မရှိဘဲ ရှီးလျူကို ဗြောင်ကျကျ တန်းတန်းမတ်မတ် လာရောက် ရှာဖွေခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ယမမင်းဌာနချုပ်သို့ တိုက်ရိုက် မပြန်တော့ဘဲ နတ်မင်းများ ပိတ်လှောင်ရာချိုင့်ဝှမ်းသို့ လာရောက်ခဲ့ခြင်း ဖြစ်ချေသည်။
သူသည် ယမမင်းဌာနချုပ်သို့ ပြန်ရန်ပင် မလိုအပ်တော့ဟု ယုံကြည်နေသည်။ သူလုပ်ဆောင်ရန် လိုအပ်သည်များကို အားလုံးနီးပါး လုပ်ဆောင်ပြီးစီးခဲ့ပြီ ဖြစ်ပေရာ ကျန်ရှိနေသော ရန်သူများမှာမူ သူ၏ လက်ရှိ စွမ်းရည်ဖြင့် ရင်ဆိုင်ရန် မဖြစ်နိုင်သေးသော သူများသာ ဖြစ်ကြသည်။
ချင်ယွင်မျှော်စင်သည် ကွန်ရှန်းချိုင့်ဝှမ်းတွင် အကြီးမားဆုံးသော အင်အားစုအဖြစ် တည်ရှိနေဆဲပင် ဖြစ်သည်။ ဤနေရာရှိ လူများသည်လည်း ယခင်အတိုင်းပင် မတူကွဲပြားနေကြပြီး မည်သည့်အရာမျှ ပြောင်းလဲသွားခြင်း မရှိသကဲ့သို့ ထင်မှတ်ရသည်။
ချင်ယွမ်ဖုန်းသည် တည်းခိုရန် တည်းခိုခန်းတစ်ခုကို ရှာဖွေခဲ့သော်လည်း သူ၏ စိတ်နှလုံးထဲတွင်မူ ဝေခွဲမရသော တွေဝေမှုများ စိမ့်ဝင်လာခဲ့သည်။
သူသည် လမ်းမထက်တွင် တွေဝေငေးမောစွာ လျှောက်လှမ်းနေမိပြီး နောက်ထပ် ဘာဆက်လုပ်ရမည်ကို မရေမရာ ဖြစ်နေမိချေသည်။
ထိုရန်သူများကို အောင်နိုင်ရုံနှင့်တင် သူလုပ်စရာအားလုံး ပြီးဆုံးသွားပြီလား။အမုန်းတရားနှင့် ကလဲ့စားချေခြင်းသည်သာ အသက်ရှင်သန်ခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်နေရော့သလား။
အတိအကျပင် ထိုစဉ်၌ ချင်ယွမ်ဖုန်းသည် လူရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသဖြင့် အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
သူမသည် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ပေရာ ကွန်ရှန်းချိုင့်ဝှမ်းကဲ့သို့သော နေရာမျိုးတွင် ချောမောလှပသော အမျိုးသမီးများသည် လူအများ၏ အာရုံစိုက်မှုကို အခံရဆုံး ဖြစ်သည်။
အချို့လူများကမူ ထိုလှပသော အမျိုးသမီးကို ကြည့်ကာ လေချွန်၍ပင် ကျီစယ်နေကြချေသည်။
သို့သော် ထိုအမျိုးသမီးမှာလည်း အနိုင်ကျင့်၍ ရမည့်သူ မဟုတ်ပေ။
သူမသည် တန်းတန်းမတ်မတ် လျှောက်သွားကာ လေချွန်ခဲ့သော လူမိုက်ကို မြေပြင်ပေါ်သို့ ဖိနှိပ်ချုပ်ကိုင်လိုက်ပြီး လွန်စွာ ထက်မြက်လှသော အရှိန်အဝါကို ပြသလိုက်သည်။
"နှစ်နှစ်တောင် ကုန်လွန်သွားခဲ့ပြီ၊ မင်းကတော့ အရင်အတိုင်း ဇွတ်တရွတ် လုပ်တုန်းပါလား" ချင်ယွမ်ဖုန်းသည် သက်ပြင်းချရင်း စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းမိသော်လည်း ဝင်ရောက် စွက်ဖက်ခြင်းမူ မပြုခဲ့ချေ။
ထိုသူကား အခြားသူမဟုတ်ဘဲ နှစ်နှစ်တိုင်တိုင် မတွေ့ရတော့သော မြောင်ယွီလန်ပင် ဖြစ်ချေသည်။
လွန်ခဲ့သော နှစ်နှစ်က မြောင်ယွီလန်သည် သူ့ကို ကယ်တင်ရန် အသက်စွန့်ခဲ့သော်လည်း အဆုံးသတ်တွင်မူ တတ်နိုင်ခြင်း မရှိတော့ဘဲ ချင်ယွမ်ဖုန်း ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်ကို ရင်နာစဖွယ် စောင့်ကြည့်ခဲ့ရရုံသာ ရှိခဲ့သည်။
ထိုလူမိုက်ကို ဆုံးမပြီးနောက် မြောင်ယွီလန်သည် လှည့်ထွက်သွားခဲ့သည်။ သို့သော် သူမ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ချင်ယွမ်ဖုန်း၏ မျက်လုံးများသည် တုန်လှုပ်မှုများဖြင့် ပြူးကျယ်သွားရတော့သည်။
မြောင်ယွီလန်သည် ကလေးငယ်တစ်ဦးကို ကျောပိုးထားခြင်း ဖြစ်ပေသည်။
ထိုမိန်းကလေးငယ်မှာ အသက် နှစ်နှစ်၊ သုံးနှစ်ခန့်သာ ရှိဦးမည်ပုံရပြီး လွန်စွာ လိမ္မာယဉ်ကျေးလှသည်။
ချင်ယွမ်ဖုန်း သူမကို မြင်လိုက်ရသောအခါ သူ၏ မျက်သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားရချေသည်။
ဤမိန်းကလေးငယ်၏ ရုပ်သွင်မှာ သူနှင့် လွန်စွာ တူညီနေခြင်းကြောင့် ဖြစ်သည်။
"သူမက ငါနဲ့ တစ်ပုံစံတည်း တူနေပါလား..."
ချင်ယွမ်ဖုန်းသည် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မြောင်ယွီလန်၏ နောက်သို့ ငေးမှိုင်စွာ လိုက်ပါသွားမိကာ မျက်လုံးများကမူ ထိုမိန်းကလေးငယ်ထံမှ မခွာနိုင်တော့ချေ။
"မေမေ၊ တစ်ယောက်ယောက် သမီးတို့နောက်ကို လိုက်လာနေတယ်" မိန်းကလေးငယ်သည် ကလေးသံလေးဖြင့် မြောင်ယွီလန်၏ ကျောပြင်ကို ဖက်တွယ်ရင်း ပြောလိုက်သည်။
မြောင်ယွီလန် လှည့်ကြည့်လိုက်သောအခါ ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော ချင်ယွမ်ဖုန်းကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာတွင် ချက်ချင်းပင် စက်ဆုပ်ရွံရှာသော အရိပ်အယောင်များ ယှက်သန်းသွားသည်။
"ချင်ယွင်မျှော်စင်ရဲ့ ကျိုးထုံက ငါ့ရဲ့ သွေးသောက်ညီအစ်ကိုပဲ၊ မင်း ပြဿနာမဖြစ်ချင်ရင် အခုချက်ချင်း ထွက်သွားတာ ကောင်းလိမ့်မယ်" မြောင်ယွီလန်က အေးစက်စွာ ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းမှာမူ မြောင်ယွီလန်၏ စကားများကို လုံးဝ မကြားမိဘဲ သူ၏ စိတ်အာရုံတစ်ခုလုံးသည် ထိုမိန်းကလေးငယ်အပေါ်၌သာ နစ်မြန်းနေခဲ့ချေသည်။
"နန်ယွင်၊ သွားကြစို့" မြောင်ယွီလန်က သူမ၏ ကျောနောက်မှ မိန်းကလေးငယ်ကို ပြောလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
ထိုအမည်ကို ကြားလိုက်ရသောအခါ ချင်ယွမ်ဖုန်းသည် ဆွံ့အသွားရတော့သည်။
ဤအမည်တစ်ခုတည်းနှင့်တင် ထိုမိန်းကလေးငယ်၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
"ဒါ... တကယ်ပဲ ငါ့ရဲ့ သွေးသားလေးပဲပေါ့..." ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ ရေရွတ်မိရင်း ချက်ချင်းပင် ရှေ့သို့ တိုးကာ သမီးအဖြစ် အသိအမှတ်ပြုလိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာမိသည်။
သို့သော် ယခုအခါတွင် သူသည် အန္တရာယ်ကြီးမားသော အခြေအနေသို့ ရောက်ရှိနေသည်။ ယမမင်းအဖွဲ့သည် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိသွားနိုင်သလို မြူနှင်းဂိုဏ်းကလည်း မကြာမီ သိရှိသွားပေလိမ့်မည်။
ချင်ယွင်မျှော်စင်ပင်လျှင် ထိုအစွမ်းထက်လှသော ဂိုဏ်းကြီးနှစ်ခုကို တားဆီးနိုင်စွမ်း မရှိချေ။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် စိတ်အာရုံများ လုံးဝ ဗလာဖြစ်နေလျက် ထိုနေရာတွင် ငေးမှိုင်စွာသာ ရပ်တန့်နေနိုင်ခဲ့တော့သည်။
သူသည် ဘဝနှစ်ခုတိုင်တိုင် ကျင်လည်ခဲ့ဖူးသော်လည်း ဖခင်တစ်ဦး ဖြစ်ရသည့် ခံစားချက်ကိုမူ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးပေရာ သူ၏ စိတ်အစုံမှာ အမှန်တကယ်ပင် အံ့အားသင့်တွေဝေနေခဲ့ရခြင်း ဖြစ်သည်။
အတော်လှမ်းလှမ်းသို့ ရောက်ရှိသွားသောအခါ မြောင်ယွီလန်သည် ဝတ်ရုံနက်နှင့် လူကို နောက်သို့ ပြန်လည် လှည့်ကြည့်မိသည်။
သူသည် ထိုနေရာတွင် လွန်စွာ အထီးကျန်စွာ ရပ်နေပြီး ပတ်ဝန်းကျင်နှင့် တစ်စိမ်းပြင်ပြင် ဖြစ်နေပုံရသည်။
သို့သော် သူမအား တစ်စုံတစ်ခုသော... ရင်းနှီးသည့် ခံစားချက်မျိုးကိုလည်း ပေးစွမ်းနေသကဲ့သို့ ထင်မှတ်ရသည်။
"တကယ်ကို ထူးဆန်းလိုက်တာ" မြောင်ယွီလန်သည် ခေါင်းကို ယမ်းခါလိုက်ပြီး ချင်ယွင်မျှော်စင် အတွင်းသို့ လျှောက်လှမ်း ဝင်ရောက်သွားခဲ့တော့သည်။
အတန်ကြာမှ ချင်ယွမ်ဖုန်းသည် သတိပြန်ဝင်လာပြီး ထောင့်စွန်းတစ်ခုသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ အရိပ်တစ်ခုအဖြစ် အသွင်ပြောင်း၍ ချင်ယွင်မျှော်စင်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
ချင်ယွမ်ဖုန်း၏ လက်ရှိ ကျင့်စဉ်အဆင့်အရ ကျိုးထုံမှတစ်ပါး အခြားသူ မည်သူမျှ သူ့ကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ဟု သူက ယုံကြည်ထားပေသည်။
ချင်ယွမ်ဖုန်းသည် ချင်ယွင်မျှော်စင်တွင် အတန်ကြာ နေထိုင်ခဲ့ဖူးသူ ဖြစ်ပေရာ မြောင်ယွီလန်နှင့် သမီးဖြစ်သူတို့ ရှိမည့်နေရာကို လျင်မြန်စွာပင် စုံစမ်းသိရှိခဲ့သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် အခန်းအတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့မိသည်။
သို့သော် အခန်းတွင်းသို့ ရောက်ရှိသွားသောအခါတွင်မူ ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ အကြောင်းမူကား မြောင်ယွီလန်သည်... ရေချိုးနေခြင်း ဖြစ်သောကြောင့်ပင်။
"ငါ ချောင်းကြည့်ဖို့ လာတာမဟုတ်ဘူး၊ နန်ယွန့်ကို... ကြည့်ချင်ရုံတင်ပါ" ချင်ယွမ်ဖုန်းသည် မိမိကိုယ်ကိုယ် ရှက်ရွံ့စွာ တိုးတိုးလေး ရေရွတ်မိသည်။
မကြာမီမှာပင် ချင်ယွမ်ဖုန်းသည် ထိုနေရာ၌ ထိုင်နေသော နန်ယွင်ကို မြင်လိုက်ရသည်။ သူမသည် အသက်အရွယ် ငယ်သော်လည်း လွန်စွာ လိမ္မာပုံရပြီး အရုပ်လေးများကို ကိုင်ကာ တစ်ယောက်တည်း ဆော့ကစားနေချေသည်။
"ဒါက ဖေဖေ၊ ဒါက မေမေ၊ ဒါကတော့ နန်ယွင်လေးပေါ့..." နန်ယွင်လေးသည် အရုပ်သုံးရုပ်ကို သူမ၏ ရှေ့တွင် အစီအရင်ချလျက် တိုးတိုးလေး ရေရွတ်နေရှာသည်။
ချင်ယွမ်ဖုန်းသည် စိတ်နှလုံးထဲတွင် ဆို့နင့်သော ခံစားချက်ကို ခံစားလိုက်ရသည်။ သူသည် နန်ယွင်လေးနှင့် မြောင်ယွီလန်တို့ သားအမိအပေါ် လွန်စွာ အကြွေးတင်နေခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
၎င်းတို့ သားအမိတင်မကဘဲ အခြားသော လူအများအပြားအပေါ်တွင်လည်း ချင်ယွမ်ဖုန်းသည် လွန်စွာပင် အကြွေးတင်နေခဲ့ရချေသည်။
ရက်ပေါင်း အတန်ကြာအောင်ပင် ချင်ယွမ်ဖုန်းသည် နန်ယွင်နှင့် မြောင်ယွီလန်တို့၏ နောက်ကွယ်မှ အရိပ်များထဲ၌သာ ပုန်းအောင်းနေခဲ့သဖြင့် မြောင်ယွီလန်မှာမူ တစ်စုံတစ်ယောက်က မိမိအား စောင့်ကြည့်နေသကဲ့သို့ အမြဲတစေ သံသယဝင်နေစေခဲ့သည်။
အဆုံးသတ်တွင်မူ ချင်ယွမ်ဖုန်းသည် ဤနေရာမှ ထွက်ခွာခဲ့တော့သည်။ သူ နောက်ထပ် လုပ်ဆောင်ရမည့် အရာများသည် မိမိကိုယ်တိုင်အတွက်သာမက နန်ယွင်လေးအတွက်လည်း ဖြစ်ပေသည်။
သူသည် ချင်ကွေ့၏ အကြံပြုချက်ကို သေချာစွာ စဉ်းစားပြီးနောက် ယမမင်းအဖွဲ့၏ သတင်းပြန်ကြားရေးများကို ရှာဖွေကာ အချို့သော အချက်အလက်များကို စုံစမ်းခဲ့သည်။
သို့သော် သူ့အား ထိခိုက်နစ်နာစေမည့် မည်သည့် သတင်းအချက်အလက်ကိုမျှ မတွေ့ရှိခဲ့ရချေ။
တုန်ကော်နှင့် ရှီးလျူတို့ သေဆုံးမှုအပေါ် မည်သူမျှ ဂရုမစိုက်ကြသလို စုံစမ်းစစ်ဆေးရန်လည်း မည်သူမျှ စိတ်မဝင်စားကြပုံပေါ်သည်။
သို့သော် ချင်ယွမ်ဖုန်းကမူ ဤကိစ္စအားလုံးကို ချင်ကွေ့က နောက်ကွယ်မှ စီမံပေးထားခြင်း ဖြစ်ကြောင်း ကောင်းစွာ သိရှိနေခဲ့ပေသည်။