အခန်း ၇၂၆
Vol. 36 Ch. 726
အခန်း (၇၂၆)
"အောင်မြင်သွားတာလား။"
ခန်းမဆောင်အတွင်းရှိ လူသတ်သမားများသည် ဘာမှန်းမသိဘဲ ဟိုဟိုဒီဒီ ငေးမှိုင်ကြည့်ရှုနေကြချေသည်။
မိစ္ဆာသံဝါဒများ လွင့်ပျယ်သွားခဲ့ပြီဖြစ်ရာ ယင်းက စိန်ခေါ်ပွဲ ပြီးဆုံးသွားခြင်းကို ညွှန်ပြနေပေသည်။
"ဘယ်သူပါလိမ့်။" နောက်ထပ် လူသတ်သမားတစ်ဦးက မေးမြန်းလိုက်သည်။
အာယောင်က ခေါင်းကို ခါယမ်းလိုက်ရင်း "ခုနတင်ကမှ အာဟိုင်တစ်ယောက်ပဲ နန်းတော်ဆီ သွားခဲ့တာ။ သူက အကြီးအကဲချင်ကွေ့ကို သွားရှာတာလေ။" ဟု ပြောဆိုသည်။
"အရူးအာဟိုင်က အကြီးအကဲချင်ကွေ့ကို စိန်ခေါ်တယ် ဟုတ်လား။"
ထိုအချိန်၌ လူသတ်သမားအများအပြား မျက်မှောင်ကြုတ်သွားကြကုန်၏။ အကြီးအကဲချင်ကွေ့သည် မကောင်းဆိုးဝါး တစ္ဆေကြီး ဆယ်ကောင်အနက် အကြောက်စရာအကောင်းဆုံးနှင့် အနက်ရှိုင်းဆုံးသော ပုဂ္ဂိုလ်ဖြစ်ပေသည်။
အကြီးအကဲချင်ကွေ့အား စိန်ခေါ်ရန် ကြိုးပမ်းခဲ့ကြသူများစွာ ရှိခဲ့သော်လည်း ခြွင်းချက်မရှိ အားလုံး ကျရှုံးခဲ့ရသည်ချည်း ဖြစ်၏။
ယင်းအပြင် အကြီးအကဲချင်ကွေ့သည် လုပ်ကြံသတ်ဖြတ်မှု တာဝန်များကို စီမံခန့်ခွဲရသူဖြစ်သောကြောင့် သူ့အကြောင်းနှင့် ပတ်သက်၍ ထိတ်လန့်ဖွယ်ရာ ကောလာဟလများစွာ ပျံ့နှံ့နေခဲ့သည်။
မကောင်းဆိုးဝါး တစ္ဆေကြီးများကို စိန်ခေါ်ချင်သူ ရှိလျှင်ပင် အကြီးအကဲချင်ကွေ့အား စိန်ခေါ်ရန် မည်သူမျှ မဝံ့ရဲကြပေ။
"ပြောနေဖို့တောင် မလိုပါဘူး။ အာဟိုင် သေချာပေါက် ကျရှုံးသွားမှာပေါ့။ အကြီးအကဲချင်ကွေ့ကို စိန်ခေါ်ရဲတယ်ဆိုတော့ သူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။"
လူသတ်သမားအချို့က လှောင်ပြောင်ရယ်မောလျက် ပြောဆိုကြသည်။ ထိုသို့သော အပြုအမူသည် သူတို့၏ စိုးရိမ်စိတ်ကို ဖုံးကွယ်ရန်အတွက်သာ ဖြစ်ပေရာ သူတို့ကိုယ်တိုင်ပင်လျှင် အကြီးအကဲချင်ကွေ့အား စိန်ခေါ်ရန် သတ္တိမရှိကြချေ။
မကြာမီ ခန်းမဆောင်၏ အနောက်ဘက်မှ လူရိပ်တစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ လူတိုင်းက စူးစိုက်ကြည့်ရှုလိုက်ကြရာ ထိုသူမှာ အာဟိုင် ဖြစ်နေသည်ကို တွေ့ရှိသွားကြကုန်၏။
"အာဟိုင်၊ အကြီးအကဲချင်ကွေ့က ဘယ်မှာလဲ။ မင်းက ဘယ်လိုတောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး အကြီးအကဲချင်ကွေ့ကို စိန်ခေါ်ရဲရတာလဲ။"
လူသတ်သမားအချို့က ချင်ယွမ်ဖုန်းအား အော်ဟစ်မေးမြန်းကြသည်။
ချင်ယွမ်ဖုန်းက မဲ့ပြုံးပြုံးလိုက်ပြီး ခန္ဓာကိုယ်ကို နှစ်ချက်မျှ လှုပ်ခါလိုက်ကာ ပြန်လည်တည်ငြိမ်သွားစေသည်။
"ဒီနေ့ကစပြီး ငါက ချင်ကွေ့ပဲ။ မင်းတို့ထဲက ဘယ်သူမဆို ငါ့ကို စိန်ခေါ်ချင်ရင် ငါ အနောက်မှာ စောင့်နေမယ်။" ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်ပေသည်။
လူတိုင်း အံ့အားသင့်သွားကြရ၏။ အထူးသဖြင့် ကြေးညိုအဆင့်နှင့် ငွေအဆင့် လူသတ်သမားများသည် ယခင်က ချင်ယွမ်ဖုန်းနှင့် အဆင့်တူဖြစ်ခဲ့ကြသော်လည်း ယခုအခါ၌မူ သူက ချင်ကွေ့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ထိုသတင်းသည် ကောင်းကင်ပြိုမိုးကြိုးလုံးပမာ ဖြစ်သွားခဲ့ပြီး ခန်းမဆောင်ကြီးတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ချေသည်။
"တစ်ယောက်ယောက်က အကြီးအကဲချင်ကွေ့ကို အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့တာလား။"
"အစားထိုးခံလိုက်ရပြီပေါ့။"
"အာဟိုင် ဖြစ်နေတာလား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
လူတိုင်း၏ နားထဲ၌ ရေရွတ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယင်းတို့မှာ သူတို့၏ ရင်ထဲမှ ထွက်ပေါ်လာသော အသံများ ဖြစ်ပေရာ ချင်ယွမ်ဖုန်း ချင်ကွေ့ ဖြစ်လာခြင်းအပေါ် မည်သူမျှ မကျေနပ်နိုင်ကြသေးချေ။
ထိုအချိန်၌ စုန်းမအိုကြီး တုချင်းက ရုတ်တရက် ပြေးထွက်လာပြီး ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ တိုက်ရိုက် ဒူးထောက်လိုက်လေသည်။
"တုချင်းက အကြီးအကဲချင်ကွေ့ ကို ဂါရဝပြုပါတယ်။"
တုချင်း၏ အပြုအမူကို မြင်တွေ့ရသောအခါ လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြပြီး မြေပြင်ပေါ်၌ အလျင်အမြန် ဒူးထောက်ကာ ချင်ယွမ်ဖုန်းအား ဦးညွှတ်ဂါရဝပြုကြကုန်၏။
ဤသူကား လူသတ်သမားများ၏ အသက်ကို သတ်ပိုင်ခွင့် ယူပိုင်ခွင့်ရှိသော ချင်ကွေ့ အသစ် ဖြစ်ပေသည်။
အကယ်၍ သူက တစ်စုံတစ်ယောက်အား သေစေချင်လျှင် တာဝန်တစ်ခု ထုတ်ပြန်လိုက်ရုံမျှဖြင့် ထိုသူသည် ယခင်က ချင်ယွမ်ဖုန်း ကြုံတွေ့ခဲ့ရသလို အဆုံးမဲ့ လုပ်ကြံသတ်ဖြတ်မှုများကို ခံစားရမည် ဖြစ်သည်။
ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြလိုက်ပြီး ခန်းမဆောင်အတွင်း၌ ကြာရှည်စွာ မနေဘဲ အနောက်ဘက်ရှိ မှုံမှိုင်းနေသော ကမ္ဘာငယ်လေးဆီသို့ တိုက်ရိုက် ပြန်လည်ဝင်ရောက်သွားခဲ့ချေသည်။
ရှီကီ၏ နန်းတော်မှာ ပြာကျသွားခဲ့ပြီ ဖြစ်ရာ ချင်ယွမ်ဖုန်း ထိုအရေးအတွက် စိုးရိမ်ပူပန်နေစဉ်မှာပင် နားထဲ၌ အသံတစ်သံ ရုတ်တရက် မြည်ဟိန်းလာခဲ့သည်။
"ရှီကီကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါက သူ့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုရဲ့ ရလဒ်ပဲမလို့ ငါကတော့ သူ့ဆုံးဖြတ်ချက်ကို လေးစားပါတယ်။"
ချင်ယွမ်ဖုန်း လန့်ဖျပ်သွားရပြီး လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ပတ်ဝန်းကျင်၌ မည်သူမျှမရှိသည်ကို တွေ့ရချေသည်။
"ဘယ်သူလဲ။" ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
"ငါက ယမမင်းအဖွဲ့ရဲ့ အရှင်သခင်၊ ယမမင်းဘုရင်ပဲ။" ထိုအသံက ဆက်လက်ထွက်ပေါ်လာခဲ့သည်။
ချင်ယွမ်ဖုန်း ကျောချမ်းသွားရ၏။ ဤသူကား ယမမင်းအဖွဲ့၏ အမြင့်ဆုံး ခေါင်းဆောင်ကြီး ဖြစ်ပေသည်။ သူသည် မျက်နှာပြင်ပေါ်၌ ရိုသေခန့်ညားသော အမူအရာကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"အဲ့လိုပြုမူနေဖို့ မလိုပါဘူး။ ငါက ဒါတွေကို ဂရုမစိုက်ဘူး။" ယမမင်းဘုရင်က ပြုံးလျက် ပြောဆိုသည်။ "ရှီကီက ယမမင်းအဖွဲ့ကို ဖျက်သိမ်းချင်ခဲ့ပေမယ့် သူ မတတ်နိုင်ခဲ့ဘူး။ မင်းက သူ့ရဲ့ ဆန္ဒကို ဆက်ခံလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။"
ချင်ယွမ်ဖုန်း စိတ်သက်သာရာရသွားခဲ့ချေသည်။ ယမမင်းဘုရင်သည် ရှီကီ၏ အကြံအစည်ကို အမြဲတစေ သိရှိနေခဲ့သော်လည်း သူကို တားဆီးခြင်းမပြုဘဲ ဤနေရာ၌ နေထိုင်ခွင့်ပြုခဲ့ခြင်းက မိမိ၏ ကိုယ်ပိုင်ခွန်အားအပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိကြောင်း ပြသနေပေသည်။
"ငါ ဒီနေရာမှာပဲ မင်းကို စောင့်နေမယ်။ အကယ်၍ မင်းမှာ အရည်အချင်းရှိရင် ငါ့ကို အချိန်မရွေး စိန်ခေါ်နိုင်တယ်။ မင်း နိုင်ရင် ယမမင်းအဖွဲ့ကို ဖျက်သိမ်းနိုင်မှာပေါ့။ ဒါက အရိုးရှင်းဆုံးပဲ။"
ယမမင်းဘုရင်က တည်ငြိမ်စွာ ပြောဆိုသည်။
"ကျွန်တော် နားလည်ပါပြီ။" ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လိုက်၏။
"ဒါက မင်းအတွက် လက်ဆောင်ပဲ။ ရှီကီရဲ့ အရေးကိစ္စတွေကို ငါ သွေးဆာ မိစ္ဆာဆီ လွှဲပြောင်းပေးလိုက်မယ်။ မင်း ဘာပဲလုပ်လုပ် လုပ်နိုင်တယ်၊ ဒါပေမဲ့ ယမမင်းအဖွဲ့ကတော့ မင်းအတွက် တာဝန်ယူမှာ မဟုတ်ဘူး။"
ချင်ယွမ်ဖုန်း သက်ပြင်းချလိုက်မိသည်။ ယမမင်းအဖွဲ့သည် အခြားဂိုဏ်းများနှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။
"ကျွန်တော် ဘာမှလုပ်ဖို့ မလိုဘူးလား။" ချင်ယွမ်ဖုန်းက မေးမြန်းဆဲ ဖြစ်သည်။
ယမမင်းဘုရင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး "မကောင်းဆိုးဝါး တစ္ဆေကြီး ဆယ်ကောင်ဆိုတာ ယမမင်းအဖွဲ့ရဲ့ သက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုအရှိဆုံး ဆယ်ယောက်ပဲ။ သူတို့ကို ယမမင်းအဖွဲ့ရဲ့ စံပြပုဂ္ဂိုလ်တွေလို့ ပြောလို့ရတယ်။ လူသတ်သမားအားလုံးက မကောင်းဆိုးဝါး တစ္ဆေကြီးတွေကို သူတို့ရဲ့ ပန်းတိုင်အဖြစ် သတ်မှတ်ကြတာ။ ဒါကြောင့် လူငါးယောက်လောက်ပဲ ကိစ္စအချို့ကို စီမံဖို့ လိုအပ်ပြီး ကျန်တဲ့လူတွေကတော့ ဘာမှလုပ်ဖို့ မလိုပါဘူး။" ဟု ဆိုသည်။
'ဒါဆို အဆောင်အယောင်သက်သက်ပဲပေါ့' ဟု ချင်ယွမ်ဖုန်း စိတ်ထဲက တွေးတောလိုက်မိသည်။
"ကဲ... နောက်မှ ပြန်ဆုံကြတာပေါ့။" ယမမင်းဘုရင်၏ အသံသည် တဖြည်းဖြည်း လွင့်ပျယ်သွားခဲ့ပြီး ချင်ယွမ်ဖုန်းသည် ယမမင်းဘုရင် ပေးသနားခဲ့သော လက်ဆောင်ကို မြင်တွေ့လိုက်ရသည်။
ယင်းကား ရှီကီ၏ နန်းတော်ဟောင်းနေရာ၌ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော အသစ်စက်စက် နန်းတော်ကြီးတစ်ခု ဖြစ်ပြီး ပျက်စီးယိုယွင်းမှုများမှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ဒါက တကယ့်ကို ကမ္ဘာငယ်လေးပဲ။" ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်၏။
ကမ္ဘာငယ်လေးတစ်ခုအတွင်း၌သာ မျက်တောင်တခတ်အတွင်း နန်းတော်တစ်ခုကို တည်ဆောက်နိုင်ပြီး အသံကိုလည်း ထိုကမ္ဘာငယ်လေးအတွင်းရှိ မည်သူ့ထံသို့မဆို ပေးပို့နိုင်မည် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည်လည်း မိမိ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်း ထိုသို့ ပြုလုပ်နိုင်ပေသည်။
ချင်ယွမ်ဖုန်း ချက်ချင်းပင် ဖိအားကို ခံစားလိုက်ရ၏။ ကမ္ဘာငယ်လေးတစ်ခုအတွင်းရှိ ကမ္ဘာငယ်အရှင်သခင်အား အနိုင်ယူရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှပေလိမ့်မည်။
ထို့သို့သော်လည်း ဤအရာများသည် ယခုအချိန်၌ သူ စိုးရိမ်ပူပန်ရမည့် ကိစ္စရပ်များ မဟုတ်ပေ။
ချင်ယွမ်ဖုန်း အတွင်းသို့ ဝင်ရောက်ကြည့်ရှုလိုက်ရာ ဤနန်းတော်သည် ရှီကီ၏ နန်းတော်နှင့် ဆင်တူပြီး ကျယ်ဝန်း၍ ဖွင့်လှစ်ထားသော ခန်းမဆောင်ကြီးတစ်ခု ဖြစ်ကာ ခန်းမ၏ အနောက်ဘက်တွင်မူ အခန်းများနှင့် ဝင်းခြံတစ်ခု ရှိနေသည်ကို တွေ့ရသည်။
ရှီကီ၏ ရုပ်အလောင်းမှာ ထိုနေရာ၌ တိတ်ဆိတ်စွာ လဲလျောင်းနေချေသည်။ ချင်ယွမ်ဖုန်း ရှေ့သို့ လှမ်းသွားကာ ရုပ်အလောင်းကို ပွေ့ချီလျက် ယမမင်းဌာနချုပ်အပြင်ဘက်သို့ လျှောက်လှမ်းခဲ့သည်။
ရှီကီ၏ နောက်ဆုံးဆန္ဒနှင့်အညီ သူမအား မြှုပ်နှံရန်အတွက် ပန်းပွင့်များဖြင့် ပြည့်နှက်နေသော တောင်ကုန်းတစ်ခုကို ရှာဖွေခဲ့ပေသည်။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် ချင်ယွမ်ဖုန်းသည် ယမမင်းအဖွဲ့ဆီသို့ ပြန်လာခဲ့ပြီး တုချင်းအား ခေါ်ယူလိုက်၏။
တုချင်းသည် မိမိရှေ့မှောက်ရှိ အာဟိုင်အား ကြည့်ရှုရင်း အနည်းငယ် အိမ်မက်ဆန်နေသကဲ့သို့ ခံစားနေရသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်ကမှ အာဟိုင်သည် ယမမင်းဌာနချုပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း မျက်တောင်တခတ်အတွင်းမှာပင် မည်ကဲ့သို့ မကောင်းဆိုးဝါး တစ္ဆေကြီးများအနက် တစ်ဦး ဖြစ်လာခဲ့ရသနည်း။
ဤအလှည့်အပြောင်းသည် တုချင်းအား အငိုက်မိစေခဲ့သော်လည်း သူမအနေဖြင့် ချင်ယွမ်ဖုန်း၏ ညွှန်ကြားချက်ကို ရိုသေစွာ စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမရှိချေ။
"သွားပြီးတော့ မြူနှင်းဂိုဏ်းက မုန့်ချီလော့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အားလုံးကို ငါ့ဆီ ယူလာပေးစမ်း။" ချင်ယွမ်ဖုန်းက မိန့်ဆိုလိုက်သည်။
တုချင်း အံ့အားသင့်သွားရပြီး "မုန့်ချီလော့ရဲ့ သတင်းအချက်အလက်ကို စုံစမ်းချင်တာလား။ မင်းက..."
ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း "ဟုတ်တယ်၊ ခန့်မှန်းနေဖို့ မလိုပါဘူး။ ငါက ချင်ယွမ်ဖုန်းပဲ။ ဒါပေမဲ့ မင်းက ဒီသတင်းကို ဖြန့်ရဲလို့လား။" ဟု ပြောဆိုလိုက်ပေသည်။
တုချင်း လန့်ဖျပ်သွားရပြီး ကျောချမ်းသွားခဲ့ရ၏။ ချင်ယွမ်ဖုန်းက မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အမှန်တကယ် ဝန်ခံလိုက်ခြင်း ဖြစ်ပေသည်။
ထိုသို့သော်လည်း ယမမင်းအဖွဲ့၏ လိုက်လံလုပ်ကြံခြင်းကို ခံနေရသော ဤသူသည် ယခုအခါ မကောင်းဆိုးဝါး တစ္ဆေကြီးများအနက် တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်ရာ ယခုအချိန်တွင် ယမမင်းအဖွဲ့အတွင်း မည်သူက သူ့ကို လိုက်လံလုပ်ကြံရဲတော့မည်နည်း။
"အမြန်သွားတော့။" ချင်ယွမ်ဖုန်းက နှိုးဆော်လိုက်သည်။
တုချင်းက ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ နဖူးပြင်ပေါ်၌ အေးစက်သော ချွေးစက်များ စီးကျနေခဲ့ပြီ ဖြစ်သည်။
သူမသည် နန်းတော်အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်ခဲ့ရပြီး အတန်ကြာမှသာ စိတ်ပြန်လည် တည်ငြိမ်သွားခဲ့ချေသည်။
'ငါ ဒါကို လျှို့ဝှက်ထားရမယ်၊ သေချာပေါက် လျှို့ဝှက်ထားရမယ်၊ မဟုတ်ရင် နောက်ထပ် လိုက်လံလုပ်ကြံခံရမယ့်သူက ငါ ဖြစ်သွားလိမ့်မယ်။' တုချင်းသည် မိမိ၏ စိတ်ထဲ၌ ထိုစကားစုကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေမိတော့သည်။