အခန်း ၇၂၇
Vol. 36 Ch. 727
အခန်း (၇၂၇)
မကြာမီပင် ချင်ယွမ်ဖုန်းသည် မိမိအလိုရှိအပ်သော အချက်အလက်များကို ရှာဖွေတွေ့ရှိလေသည်။ ယခင်အကြိမ်က ရှာဖွေကြည့်ရှုခဲ့ဖူးသော မှတ်တမ်းများနှင့် နှိုင်းယှဉ်လျှင် ယခုတစ်ကြိမ်၌ ပိုမိုပြည့်စုံသော အသေးစိတ် အချက်အလက်အချို့ တိုးပွားနေသည်ကို တွေ့ရ၏။
ယင်းက မုန့်ချီလော့ ရက်စက်လှသော တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်သွားသည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ အထူးတလည် မှတ်တမ်းတင်ထားခြင်း ဖြစ်ချေသည်။
ထိုသို့သော ရက်စက်လှသော တားမြစ်နယ်မြေသည် ဘေးအန္တရာယ် အပေါင်းနှင့် ပြည့်နှက်နေပြီး ယင်းအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခြင်းသည် မိမိကိုယ်မိမိ သေတွင်းထဲသို့ ပို့ဆောင်သည်နှင့် မခြားနားသော်လည်း ယင်းနေရာမှ အသက်ရှင်လျက် ပြန်လည်ထွက်ခွာလာသူ မရှိဖူးသည်တော့ မဟုတ်ပေရာ မြူနှင်းဂိုဏ်း၏ သမိုင်းမှတ်တမ်းများအရ ထိုရက်စက်လှသော တားမြစ်နယ်မြေအတွင်းမှ အသက်ရှင်လျက် လျှောက်လှမ်းထွက်ခွာလာနိုင်သူ နှစ်ဦး ရှိခဲ့ဖူးသည်ဟု ဆိုသည်။
ယင်းကို ဖတ်ရှုမိသောအခါ ချင်ယွမ်ဖုန်း၏ မျက်မှန်သူငယ်အိမ်တို့သည် ရုတ်ခြည်း ကျဉ်းမြောင်းသွားရ၏။ ထိုအကြောင်းအရာကို သူ လုံးဝ သတိမမူမိဘဲ ကျော်လွန်ခဲ့မိသည် ဖြစ်တန်ရာသည်။
ရက်စက်လှသော တားမြစ်နယ်မြေသို့ ဝင်ရောက်ခြင်းသည် သေဆုံးခြင်းကို ဆိုလိုသည်မဟုတ်လော။
သို့သော် ချင်ယွမ်ဖုန်းသည် ကမ္ဘာဦးအစ အာဃာတစိတ်တို့ ဖုံးလွှမ်းနေခဲ့သဖြင့် မုန့်ချီလော့သည် ထိုနယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီးကတည်းက သေဆုံးသွားခဲ့ပြီဟုသာ အထင်ရောက်နေခဲ့မိသည်။
ထိုသို့သော အခြေအနေတွင် ချင်ယွမ်ဖုန်းသည် ငြိမ်သက်စွာ ထိုင်မနေနိုင်တော့ချေ။
ချင်ယွမ်ဖုန်း၏ အမူအရာကို မြင်လျှင် တုချင်းသည် တုန်တုန်ရင်ရင်ဖြင့် “အကြီးအကဲ ချင်ကွေ့၊ ဘာများ လိုအပ်လို့လဲ” ဟု မေးမြန်းရှာသည်။
“ဘာမှ မလိုတော့ဘူး” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုရင်း လက်ထဲမှ စာရွက်စာတမ်းများကို တုချင်းထံသို့ ကမ်းပေးလိုက်လေသည်။
နန်းတော်အပြင်ဘက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ခွာသွားသော ချင်ယွမ်ဖုန်း၏ ကျောပြင်ကို ကြည့်ရင်း တုချင်းသည် သတ္တိကို မွေးမြူကာ လှမ်း၍ အော်ဟစ်ပြောဆိုလိုက်၏။
“အကြီးအကဲ ချင်ကွေ့၊ ကျွန်မတို့ ယမမင်းအဖွဲ့ဆီကို သတင်းတစ်ခု အခုလေးတင် ရောက်လာပါတယ်၊ မှတ်တမ်းထဲမှာတောင် အချိန်မီ မရေးရသေးပါဘူး၊ အဲ့တာက မုန့်ချီလော့နဲ့ ပတ်သက်တဲ့ သတင်းပါပဲ”
ချင်ယွမ်ဖုန်းသည် ရုတ်ခြည်း လှည့်ပြန်လာပြီး တုချင်းအား အေးစက်စက် အကြည့်တို့ဖြင့် စိုက်ကြည့်ကာ “ပြောစမ်း” ဟု ဆိုသည်။
“ သူလျှိုတွေဆီက ရတဲ့သတင်းအရ မုန့်ချီလော့ဟာ အသက်ရှင်နေဆဲ ဖြစ်ပြီးတော့ သူမရဲ့ဆရာ ဖြစ်တဲ့ ကူရှီချိူးဆီကို သတင်းစကား ပေးပို့လိုက်တယ်လို့ သိရပါတယ်” ဟု တုချင်းက လျှောက်တင်လေသည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးတို့သည် အံ့ဩတကြီး ကျယ်ပြန့်သွားရပြီး ရင်ထဲ၌လည်း အချိန်အတော်ကြာအောင် တည်ငြိမ်မှု မရနိုင်ဘဲ ရှိချေသည်။
မုန့်ချီလော့သည် မသေသေးဘဲ အသက်ရှင်နေဆဲ ဖြစ်ပေသည်။
အကယ်၍သာ ဤနေရာ၌ တုချင်း ရှိမနေပါက ချင်ယွမ်ဖုန်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်လွန်းသဖြင့် ခုန်ပေါက်မိတော့မည် ဖြစ်သည်။
သို့သော် မကြာမီပင် ချင်ယွမ်ဖုန်းသည် အခြားအကြောင်းအရာ တစ်ခုကို တွေးတောမိပြန်သည်။ ရက်စက်လှသော တားမြစ်နယ်မြေသည် အန္တရာယ်များလှသော နေရာအဖြစ် ကျော်ကြားလှပေရာ ယင်းအတွင်း၌ အလွန်တရာ ဘေးဆိုးလှပေလိမ့်မည်။
မုန့်ချီလော့သည် သေဆုံးခြင်း မရှိသေးဟု ဆိုသော်ငြား အစဉ်အမြဲ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ချေသည်။
“မဖြစ်ဘူး၊ ငါ သူမကို သွားကယ်ရမယ်” ဟူသော အတွေးသည် ချင်ယွမ်ဖုန်း၏ စိတ်အစဉ်၌ ချက်ချင်း ပေါ်ပေါက်လာပြီး မည်သို့မျှ ဖိနှိပ်ထား၍ မရနိုင်တော့ပေ။
“ကောင်းပြီ၊ ငါ သိပြီ၊ မင်း သွားပြီး မြူနှင်းဂိုဏ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ယူလာခဲ့ပေး” ချင်ယွမ်ဖုန်းသည် ကိုယ်ကို လှည့်ကာ မိမိ၏ နေရာထိုင်ခုံသို့ ပြန်လည် လျှောက်လှမ်းလာခဲ့သည်။
တုချင်းသည် ချင်ယွမ်ဖုန်း အလွန်တရာ ဝမ်းမြောက်နေသည်ကို ရိပ်မိသဖြင့် အလျင်အမြန်ပင် စာရွက်စာတမ်းများကို သွားရောက်ယူဆောင်ရန် ထွက်ခွာသွားတော့သည်။
ယခုအခါမှသာ တုချင်းသည် သက်ပြင်းချနိုင်တော့၏။ ယခင်က ချင်ယွမ်ဖုန်းအပေါ် ထားရှိခဲ့ဖူးသော မိမိ၏ မချေမငံ အပြုအမူများကြောင့် ချင်ယွမ်ဖုန်းက မိမိအား ဒုက္ခပေးလိမ့်မည်ကို သူမ စိုးရိမ်ပူပန်နေခဲ့ရခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ရာဇပလ္လင်ထက်၌ ထိုင်ရင်း မုန့်ချီလော့အား မည်သို့ ကယ်ဆယ်ရမည်ကို စဉ်းစားခန်း ဖွင့်နေမိသည်။ ရက်စက်လှသော တားမြစ်နယ်မြေသည် မြူနှင်းဂိုဏ်း၏ ကမ္ဘာငယ်လေးအတွင်း တည်ရှိနေသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
သို့သော် ထိုကမ္ဘာငယ်လေးအတွင်းသို့ မည်သို့ ဝင်ရောက်ရမည်ဟူသည်က ပြဿနာတစ်ရပ် ဖြစ်နေဆဲ ဖြစ်သည်။
သူ့စိတ်တို့ တဖြည်းဖြည်း တည်ငြိမ်လာသောအခါ ချင်ယွမ်ဖုန်းသည် ပြဿနာတစ်ခုကို ရုတ်ခြည်း သတိပြုမိသွားသည်။
ဤသတင်းသည် ဘာကြောင့် ယခုအချိန်ကျမှ ထွက်ပေါ်လာရသနည်း။
မြူနှင်းဂိုဏ်း၏ အကြီးအကဲများသည် ယခင်က လုပ်ကြံခြင်း မခံရဖူးသလို ဤကဲ့သို့သော သတင်းမျိုးလည်း မရှိခဲ့ဖူးချေ။
ထို့အပြင် ကူရှီချိူးသည်လည်း သီးသန့်ကျင့်ကြံခြင်း အားထုတ်နေခဲ့ပြီးကတည်းက လူလုံးပြခဲ့ခြင်း မရှိပေ။ သို့ဖြစ်ရာ မုန့်ချီလော့ ပေးပို့သော သတင်းစကားကို မည်သူက လက်ခံရရှိပြီး သူမထံသို့ တဆင့် ပေးပို့ခဲ့သနည်း။
မြူနှင်းဂိုဏ်းသည် ပြင်ပလောကနှင့် ဆက်ဆံမှု အလွန်နည်းပါးလှပြီး အချိန်အများစုတွင် မိမိတို့၏ ကမ္ဘာငယ်လေးအတွင်း၌သာ တရားကျင့်ကြံနေလေ့ ရှိကြသည်။
သို့ဆိုလျှင် ဤသတင်းသည် မည်သို့ကြောင့် ပြင်ပသို့ ပေါက်ကြားကာ ယမမင်းအဖွဲ့၏ သူလျှိုများ နားထဲသို့ ရောက်ရှိလာရသနည်း။
မေးခွန်းပေါင်းများစွာ ဆက်တိုက် ပေါ်ပေါက်လာသဖြင့် ချင်ယွမ်ဖုန်းသည် မစဉ်းစားဘဲ မနေနိုင်တော့ချေ။ ထိုမျှလောက် များပြားလှသော တိုက်ဆိုင်မှုများ ရှိနေခြင်းသည် မြူနှင်းဂိုဏ်းက ဆင်ထားသော ထောင်ချောက်တစ်ခု ဖြစ်သည်ဟုသာ ကောက်ချက်ချရပေလိမ့်မည်။
ယင်းက ချင်ယွမ်ဖုန်းအတွက် ဆင်ထားသော ထောင်ချောက် ဖြစ်ချေသည်။
မြူနှင်းဂိုဏ်းသည် ၎င်းတို့၏ အကြီးအကဲကို မည်သူက သတ်ဖြတ်ခဲ့သည်ကို မသိရှိကြသော်လည်း ယင်းက မုန့်ချီလော့နှင့် ပတ်သက်နေသည် ဖြစ်ရာ ဤသို့သော ထောင်ချောက်ကို ဆင်ထားခြင်း ဖြစ်တန်ရာသည်။
ဤသည်ကား မည်သို့မျှ ဖုံးကွယ်ထားခြင်း မရှိဘဲ ပေါ်ပေါ်ထင်ထင် ဆင်ထားသော အကြံအစည် အကွက်တစ်ခုပင် ဖြစ်သည်။
သို့သော် ချင်ယွမ်ဖုန်းသည် လောင်းကြေးမထပ်ရဲချေ။
အကယ်၍ ဤသတင်းက မှန်ကန်နေပြီး မုန့်ချီလော့သည် ရက်စက်လှသော တားမြစ်နယ်မြေထဲတွင် အမှန်တကယ် မသေသေးလျှင် မည်သို့လုပ်မည်နည်း။
မည်သို့သော အခြေအနေမျိုး ဖြစ်ပါစေ၊ ချင်ယွမ်ဖုန်းသည် ထိုရက်စက်လှသော တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက် ခိုင်မာစွာ ချမှတ်လိုက်ပြီ ဖြစ်သည်။
အကယ်၍ မုန့်ချီလော့ သေဆုံးသွားခဲ့ပြီ ဆိုလျှင်ပင် သူမ၏ ရုပ်အလောင်းကို သူ ရှာဖွေရပေမည်။
စိတ်ပိုင်းဖြတ်ပြီးနောက် ချင်ယွမ်ဖုန်းသည် မြူနှင်းဂိုဏ်းနှင့် ပတ်သက်သည့် အချက်အလက်များကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။
ထိုအချိန်တွင် ယမမင်းအဖွဲ့၏ ကမ္ဘာငယ်လေးအတွင်း၌ အဘိုးအိုသူတောင်းစားသည် သက်ပြင်းကို မတတ်သာဘဲ ချနေမိသည်။
အကြောင်းမူကား ယမမင်းအဖွဲ့သည် ယခင်က အကြီးအကဲ ချင်ကွေ့ တာဝန်ယူ စီမံခဲ့ရသော ကိစ္စရပ်အားလုံးကို မိမိထံသို့ လွှဲပြောင်းပေးအပ်လိုက်သောကြောင့် ဖြစ်၏။
“ငါတော့ ဒီလို အေးအေးဆေးဆေး နေရတဲ့ ဘဝမျိုး ရှိတော့မှာ မဟုတ်ဘူး” ဟု အဘိုးအိုသူတောင်းစားက ခေါင်းကို ခါယမ်းရင်း ဆိုရှာသည်။
မကြာမီပင် အာယောင်သည် အဘိုးအိုသူတောင်းစား သီတင်းသုံးရာ နေရာအပြင်ဘက်သို့ ရောက်ရှိလာပြီး ရိုသေစွာဖြင့် “အကြီးအကဲ ၊ မြူနှင်းဂိုဏ်းက အကြီးအကဲတွေ ရောက်ရှိလာပါတယ်” ဟု လျှောက်ထားလေသည်။
အဘိုးအိုသူတောင်းစား နေထိုင်ရာ အရပ်သည် အကြီးအကဲ ချင်ကွေ့၏ နေရာနှင့် လုံးဝ ခြားနားလှပေသည်။ ယင်းက ဝါးတောအုပ်ကြီးတစ်ခုကဲ့သို့ ရှိပြီး အလင်းရောင်သည်လည်း မှောင်မှောက်ခြင်း မရှိချေ။
သူနှင့် ရှောင်ဟန်ချိုးတို့ နေထိုင်ရာ နေရာသည် ဝါးအိမ်ငယ် နှစ်လုံးမျှသာ ဖြစ်သည်။
“သူတို့ကို ဝင်ခွင့်ပြုလိုက်ပါ” ဟု အဘိုးအိုသူတောင်းစားက တည်ငြိမ်စွာ ဆိုသည်။
ထိုအခါ ရှောင်ဟန်ချိုးသည် အဘိုးအိုသူတောင်းစားအနီးသို့ ချဉ်းကပ်လာကာ “ဆရာ၊ မြူနှင်းဂိုဏ်းက လူတွေ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ” ဟု မေးမြန်းသည်။
သူမ၏ လေသံထဲတွင် မြူနှင်းဂိုဏ်းအပေါ် ရွံရှာမုန်းတီးမှုများ ပြည့်နှက်နေ၏။ အကြောင်းမူကား ချင်ယွမ်ဖုန်းသည် မြူနှင်းဂိုဏ်း၏ ယုတ်မာသိက္ခာမဲ့လှသော တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်ဟု သူမ ထင်မှတ်နေသောကြောင့် ဖြစ်သည်။
“အခြား ဘာကိစ္စ ရှိရဦးမှာလဲ၊ မြူနှင်းဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ဟာ အရိပ်ဆိုးသတ်ဖြတ်ခြင်း ပညာရပ်ကြောင့် သေဆုံးသွားခဲ့ရတယ်လေ၊ အဲဒါကြောင့် သူတို့ ငါတို့ဆီကို အကြောင်းပြချက် တောင်းဖို့ လာကြတာပေါ့” အဘိုးအိုသူတောင်းစားက ခေါင်းကို ခါယမ်းရင်း ဆိုသည်။
၎င်းတို့ စကားပြောဆိုနေကြစဉ် မြူနှင်းဂိုဏ်းမှ အကြီးအကဲ အချို့သည် ဒေါသအုန်းမွှန်နေသော အမူအရာများဖြင့် ရောက်ရှိလာကြလေသည်။
“နင်ဖြစ်နေတာလား၊ အကြီးအကဲ ချင်ကွေ့ ဘယ်မှာလဲ” ဟု မြူနှင်းဂိုဏ်း၏ မဟာအကြီးအကဲက အေးစက်စွာ မေးမြန်းလိုက်သည်။
“သေပြီ” ဟု အဘိုးအိုသူတောင်းစားက အေးဆေးစွာ ဆိုရင်း “ပြောစရာ ရှိတာကိုသာ ငါ့ကို တိုက်ရိုက်ပြောပါ” ဟု ဆက်ပြောသည်။
“ငါတို့ မြူနှင်းဂိုဏ်းရဲ့ အကြီးအကဲဟာ မင်းတို့ ယမမင်းအဖွဲ့ရဲ့ အရိပ်ဆိုးသတ်ဖြတ်ခြင်း အောက်မှာ သေဆုံးခဲ့ရတယ်၊ ဒါကို မင်းတို့ဘက်က ဘာရှင်းလင်းချက်မှ မပေးသေးဘူး၊ ငါတို့ မြူနှင်းဂိုဏ်းကို စကားပြောရတာ လွယ်ကူတဲ့သူတွေလို့ တကယ်ပဲ ထင်နေတာလား” မဟာအကြီးအကဲက ပြင်းထန်စွာ မေးမြန်းလေသည်။
အဘိုးအိုသူတောင်းစားကမူ တည်ငြိမ်နေဆဲ ဖြစ်ပြီး “အကြီးအကဲ၊ အဲ့လိုပြောဆိုခြင်းက မမှန်ကန်ဘူး၊ အရိပ်ဆိုးသတ်ဖြတ်ခြင်း ပညာရပ်က ယမမင်းအဖွဲ့ရဲ့ သိုင်းပညာရပ်တစ်ခု ဖြစ်ပေမယ့် တစ်ဦးတည်းသာ ပိုင်ဆိုင်သော ပညာရပ် မဟုတ်ဘူး ဘယ်သူမဆို အရိပ်ဆိုးသတ်ဖြတ်ခြင်း နည်းစနစ်ကို ရရှိကာ လေ့လာကျင့်ကြံနိုင်တာပဲ ဘာကြောင့် ယမမင်းအဖွဲ့ကိုပဲ အပြစ်ပုံချနေရတာလဲ” ဟု ဆိုသည်။
“ဒီကိစ္စဟာ နင်တို့ ယမမင်းအဖွဲ့နဲ့ လုံးဝ ခွဲခြားလို့မရအောင် ပတ်သက်နေတယ်” မဟာအကြီးအကဲက ဆင်ခြေဆင်လက် လေသံမျိုးဖြင့် အေးစက်စွာ ဆိုပြန်သည်။
အဘိုးအိုသူတောင်းစားက ခပ်ဖွဖွ ပြုံးလိုက်ရင်း “အကြီးအကဲ၊ အလုပ်တစ်ခုကို လုပ်ဆောင်ရသ် သက်သေအထောက်အထား လိုအပ်တယ် သက်သေမရှိဘဲ ငါတို့ကို စွပ်စွဲနေတာက ငါတို့ ယမမင်းအဖွဲ့ကို အနိုင်ကျင့်ရလွယ်တ်ထင်နေတာလား ၊ အချိန်ဖြုန်းနေမည့်အစား မင်းတို့ မြူနှင်းဂိုဏ်းက ဘယ်နတ်ဘုရားကို သွားရောက် ပြစ်မှားမိလဲ ပြန်လည် တွေးတောသင့်တယ်” ဟု ဆိုလိုက်၏။
“နင်” အကြီးအကဲသည် အဘိုးအိုသူတောင်းစားအား လက်ညှိုးငေါက်ငေါက်ထိုးရင်း ဒေါသထွက်လွန်းသဖြင့် မတ်တတ်ပင် ထရပ်မိသည်။
သို့သော် အချိန်အနည်းငယ် ကြာသည့်တိုင်အောင် သူမသည် အဘိုးအိုသူတောင်းစားအား ပြန်လည် ချေပပြောဆိုရန် စကားလုံး ရှာမတွေ့တော့သဖြင့် ဒေါသတကြီးဖြင့်ပင် လက်ကို ပြန်လည် ချလိုက်ရတော့သည်။
“နင်တို့ ယမမင်းအဖွဲ့ ဒီကိစ္စအတွက် နောင်တမရစေနဲ့လို့ ငါ မျှော်လင့်တယ်” မဟာအကြီးအကဲသည် ဤစကားကို အေးစက်စွာ ပြောကြားပြီးနောက် ကိုယ်ကို လှည့်၍ ထွက်ခွာသွားလေသည်။
“မိန်းမအိုကြီး၊ ငါက နင့်ကို ကြောက်နေလိမ့်မယ်လို့ ထင်နေတာလား” အဘိုးအိုသူတောင်းစားက မျက်လုံးကို ဝေ့ယမ်းကာ ဆိုသည်။
ရှောင်ဟန်ချိုးသည် အဝေးမှ ပြေးလွှားလာပြီး အဘိုးအိုသူတောင်းစား၏ ပုခုံးကို တက်ကြွစွာ နှိပ်နယ်ပေးရင်း “ဆရာ၊ အဲဒီအကြီးအကဲကြီး ဒေါသထွက်ပြီး သေတော့မလို့ပဲ၊ တကယ်ကို ကျေနပ်စရာကောင်းလိုက်တာ” ဟု ဆိုရှာသည်။
“သတိမလွတ်စေနဲ့၊ မြူနှင်းဂိုဏ်းက ဒီအတိုင်း လက်လျှော့မှာ မဟုတ်ဘူး၊ သူမ ပြောခဲ့တဲ့ စကားက လူကို ခြောက်လှန့်ရုံတင် မဟုတ်ဘူး”
အဘိုးအိုသူတောင်းစားက တည်ငြိမ်စွာ ဆိုသည်။
မုန့်ချီလော့သည် “အို” ဟုသာ ခပ်တိုးတိုး တုံ့ပြန်ပြီး လုံးဝ ဂရုမစိုက်ဟန် ရှိချေသည်။
အခြားတစ်ဖက်တွင်မူ ချင်ယွမ်ဖုန်းသည် မြူနှင်းဂိုဏ်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ရရှိထားပြီး ဖြစ်ကာ ဂိုဏ်းတော်၏ အင်အားကိုပင် ခန့်မှန်းတွက်ချက်နေမိသည်။
မြူနှင်းဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ်၏ အင်အားသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသင့်ပြီ ဖြစ်သည်။ ယင်းနေရာသည် သန့်ရှင်းသော နယ်မြေတစ်ခု ဖြစ်သဖြင့် ရှေးဦးကမ္ဘာဦးအစ လောကဓာတ်၏ မူလအနှစ်သာရ အကြွင်းအကျန်များ တည်ရှိနေဆဲ ဖြစ်ပေရာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းရန်မှာ ပြဿနာတစ်ရပ် မဟုတ်ချေ။