အခန်း ၇၃၁
Vol. 36 Ch. 731
အခန်း (၇၃၁) အလောင်းကောင်မိစ္ဆာ စွမ်းအင်
အလောင်းကောင်မိစ္ဆာနှင့် တူလှသော ခွေးနက်ကြီးသည် ပါးစပ်မှ နံစော်လှသည့် တံတွေးများ တစုတ်စုတ်ကျလျက် ချင်ယွမ်ဖုန်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာချေသည်။
ချင်ယွမ်ဖုန်းသည် ကိုယ်ကို အနည်းငယ် နှိမ့်လိုက်ပြီးလျှင် လက်သီးဆုပ်၌ ထူထဲသော ကိုယ်တွင်းစွမ်းအင် အလွှာတစ်ခုကို စုစည်းလိုက်တော့သည်။
ခွေးနက်ကြီး မိမိရှေ့မှောက်သို့ တဟုန်ထိုး ပြေးဝင်လာသည့် ခဏ၌ သူသည် လက်သီးဖြင့် အရှိန်ပြင်းစွာ ထိုးနှက်လိုက်လေတော့သည်။
ခွေးနက်ကြီး၏ အရှိန်မှာ မြန်ဆန်လှသည်မဟုတ်ရာ ဆဋ္ဌမအဆင့် ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော ချင်ယွမ်ဖုန်းအတွက် မည်သို့မျှ ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။
မှန်ပေသည်၊ လက်သီးတစ်ချက်တည်းဖြင့်ပင် ထိုခွေးနက်ကြီး၏ ခန္ဓာကိုယ်မှာ အနောက်ဘက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားချေသည်။
သို့သော် ချင်ယွမ်ဖုန်းကို အံ့အားသင့်စေသည်မှာ ခွေးနက်ကြီးသည် လက်သီးချက်ကြောင့် လွင့်စင်သွားသော်လည်း ၎င်း၏ ခန္ဓာကိုယ်မှာ တစ်စုံတစ်ရာ ပျက်စီးပြောင်းလဲခြင်း မရှိပေ။
တစ်နည်းဆိုရသော် ချင်ယွမ်ဖုန်း၏ လက်သီးချက်သည် ခွေးနက်ကြီးကို အစစ်အမှန် ထိခိုက်ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါ ကိုယ်တွင်းစွမ်းအား ထက်ဝက် သုံးလိုက်တာတောင်” ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။
သူ၏ ကိုယ်တွင်းစွမ်းအား ထဝက်က်မျှသည်ပင် နဝမအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို အလဲထိုးရန် လုံလောက်ပေသည်။
ထိုခွေးနက်ကြီးသည် ယိုင်တိုင်တိုင်ဖြင့် ပြန်လည် ထရပ်လာပြီးနောက် ၎င်း၏ဦးခေါင်းကို ခါယမ်းလိုက်ရာ ပုပ်ပွနေသော အသားစအချို့ မြေပေါ်သို့ ပြုတ်ကျလာပြီးလျှင် ချင်ယွမ်ဖုန်းထံသို့ တစ်ဖန် ပြန်လည် ပြေးဝင်လာပြန်သည်။
“ဒါ ဘာကောင်ကြီးလဲ” ချင်ယွမ်ဖုန်းသည် ကျောချမ်းသွားသလို ခံစားလိုက်ရသည်။
ထူးဆန်းသော အရာများကို မကြောက်စတမ်း ဆိုသော်လည်း မိမိ ဖြေရှင်း၍မရသော အရာတစ်ခုနှင့် ကြုံတွေ့ရလျှင် မည်သူမဆို စိတ်မသက်မသာ ဖြစ်ရချေမည်။
“သခင်၊ ဒါက တကယ်ပဲ သဘာဝလွန် အရာတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ရှောင်လင်က မျက်ခုံးအစုံကို ကျုံ့လျက် ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ပြောကြားလိုက်သည်။
“ဒီခွေးနက်က တစ်စုံတစ်ရာသော အလောင်းကောင်မိစ္ဆာနဲ့ တူနေပြီး ဒီနေရာမှာ ပျံ့နှံ့နေတဲ့ စွမ်းအင်ကလည်း ‘အလောင်းကောင်မိစ္ဆာ’ ဝိညာဉ်ရဲ့ စွမ်းအားတစ်မျိုး ဖြစ်ဖို့ များပါတယ်” ဟု ရှောင်လင်က တည်ငြိမ်စွာ ဆိုလေသည်။
ရှန်းဝူ စကြဝဠာ တိုက်ကြီးတွင် လူတို့သည် ဘဝကူးပြောင်းခြင်းကို ယုံကြည်ကြပြီး နာကျည်းနေသော ဝိညာဉ်များကိုလည်း မြင်တွေ့နိုင်ကြသည်။
အချို့သော မိစ္ဆာကျင့်ကြံသူများသည် နာကျည်းနေသော ဝိညာဉ်များကို အသုံးပြု၍ ရုပ်သေးများနှင့် အစားထိုးလဲလှယ်ခြင်း အရာများကိုပင် ဖန်တီးနိုင်ကြချေသည်။
သို့သော်ငြားလည်း နောင်တမလွန် ဘဝအကြောင်းကိုမူ မည်သူမျှ မသိရှိကြပေ။ ကမ္ဘာမြေပေါ်ရှိ ငရဲနှင့် နတ်ပြည် စသည်ဖြင့် ပြည့်စုံသော စနစ်ရှိသည့် ဒဏ္ဍာရီများနှင့်မတူဘဲ ဤနေရာတွင် ထိုသို့သော ဒဏ္ဍာရီများမှာ မရှိသလောက်ပင် ရှားပါးလှသည်။
ထို့ကြောင့် အလောင်းကောင်ဝိညာဉ်များကို စုန်းကဝေအတတ်ဖြင့် စီရင်သူများမှာ အလွန် ရှားပါးလှပေသည်။
ချင်ယွမ်ဖုန်းသည်လည်း ဤခွေးနက်ကြီး မည်မျှအထိ စွမ်းအားကြီးမားသည်ကို စမ်းသပ်လိုစိတ် ပေါ်လာသည်။ ခွေးနက်ကြီး ယခုလေးတင် ပြသခဲ့သော စွမ်းအားမှာ နဝမအဆင့် ဘိုးဘေးနယ်ပယ်ကိုပင် ကျော်လွန်နေပြီ ဖြစ်ရာပေသည်။
ယခုအကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် မိမိ၏ ခွန်အားအားလုံးကို အသုံးချလိုက်ရာ ခွေးနက်ကြီး၏ ခန္ဓာကိုယ်မှာ လက်သီးချက်ကြောင့် တစ်စစီ ကြေမွသွားပြီး ပုပ်ပွနေသော အသားစများ နေရာအနှံ့ လွင့်စင်သွားတော့သည်။
သို့သော်လည်း ထိုခွေး၏ ဦးခေါင်းမှာ ချင်ယွမ်ဖုန်း၏ ခြေဖျားနားသို့ လိမ့်စင်လာပြီးလျှင် ချင်ယွမ်ဖုန်း၏ ခြေထောက်ကို အငြိုးတကြီး ကိုက်ခဲလိုက်လေတော့သည်။
ခွေးခေါင်း၏ သွားများသည် သူ၏အရေပြားကို ဖောက်ဝင်သွားပြီဖြစ်သဖြင့် ချင်ယွမ်ဖုန်းသည် ခြေထောက်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရချေသည်။
“တောက်... ငါက ဒါတွေကို သတ်ဖို့ ခေါင်းတွေကိုပါ တစ်စစီ မှုတ်ထုတ်ပစ်ရမှာလား” ချင်ယွမ်ဖုန်းသည် ဒေါသတကြီးဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ခွေးနက်ကြီး၏ ဦးခေါင်းကို ဆွဲခွာရန် ပြင်လိုက်သည်။
သို့သော် သူ မည်မျှပင် ကြိုးစားပတ်ကုတ် အားထုတ်ပါသော်လည်း ဆွဲခွာနိုင်ခြင်း မရှိသည့်အပြင် ထိုခွေးခေါင်းသည် ဆန်းကြယ်သော စွမ်းအင်တစ်မျိုးကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းစေနေသည်ကို ခံစားလိုက်ရသည်။
“သူတို့က ငါ့ကိုလည်း ဒီလို သတ္တဝါမျိုးအဖြစ် ပြောင်းလဲပစ်ချင်နေတာပဲ” ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။
ဤစွမ်းအားမှာ အလွန်ပင် ဆန်းကြယ်လှပြီး ချင်ယွမ်ဖုန်း၏ မျက်သူငယ်အိမ်များကို ဖြည်းညှင်းစွာ ဖြူလျော်သွားစေသည်။ သို့ရာတွင် ချင်ယွမ်ဖုန်းသည် အလွန်တရာ အစွမ်းထက်သူဖြစ်သောကြောင့် ဤသို့ ပြောင်းလဲခြင်းမှာ အချိန်တိုအတွင်း ပြီးမြောက်နိုင်ခြင်း မရှိပေ။
ခွေးခေါင်းကို ရိုက်ခွဲရန် ကြေးညိုရောင် တံခါးကြီးကို ထုတ်ယူတော့မည့် ဆဲဆဲတွင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ အကြောင်းမူကား သူသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးတောမိသောကြောင့် ဖြစ်၏။
ယင်းမှာ ဤထူးဆန်းသော စွမ်းအင်ကို သူ စုပ်ယူနိုင်မည်လောဟူ၍ ဖြစ်သည်။
ချင်ယွမ်ဖုန်း၏ စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်သည် ဤစွမ်းအားနှင့် ပေါင်းစပ်နိုင်စွမ်း အဆင်သင့် ရှိနေပေသည်။
အကယ်၍ ချင်ယွမ်ဖုန်းသည် ဤဆန်းကြယ်သော စွမ်းအားနှင့် ပေါင်းစပ်နိုင်ခဲ့ပါက သူသည် ယင်းကို ထပ်မံ ကြောက်ရွံ့နေစရာ လိုတော့မည်မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဤစွမ်းအားသည် ချင်ယွမ်ဖုန်းကို စွမ်းအင်များပင် ထောက်ပံ့ပေးနိုင်ပေဦးမည်။
ဤတားမြစ်နယ်မြေအတွင်းသို့ ခြေချမိသည့် အချိန်မှစ၍ ကောင်းကင်နှင့် မြေကမ္ဘာ၏ ဝိညာဉ်စွမ်းအင်မှာ အလွန် ပါးလွှာလှပြီး ဤနေရာတွင် ပြည့်နှက်နေသော စွမ်းအင်များသာ နေရာအနှံ့ ရှိနေသည်ကို ချင်ယွမ်ဖုန်း အာရုံခံမိသည်။
အကယ်၍ သိုင်းပညာရှင်တစ်ဦးသည် မိမိ၏ ကိုယ်တွင်းစွမ်းအင်ကို ပြန်လည်ဖြည့်တင်းလိုပါက မိမိကိုယ်ပေါ်၌ ပါရှိသော ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများမှတစ်ပါး အခြားနည်းလမ်း မရှိချေ။
ဤနေရာသို့ ဝင်ရောက်လာကြသော သိုင်းပညာရှင်များသည် ဤကဲ့သို့ပင် အားအင်ကုန်ခမ်းကာ သေဆုံးသွားကြရခြင်း ဖြစ်တန်ရာသည်
အကယ်၍ ချင်ယွမ်ဖုန်းသည် ယခုလောလောဆယ်တွင် အလောင်းကောင်မိစ္ဆာ စွမ်းအင်နှင့် ပေါင်းစပ်နိုင်လျှင် ဤနေရာရှိ အလောင်းကောင်မိစ္ဆာ စွမ်းအင်အားလုံးကို ချင်ယွမ်ဖုန်းက စုပ်ယူပြီး မိမိ၏ ကိုယ်တွင်းစွမ်းအင်အဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ခွေးခေါင်းကို ရိုက်ခွဲရန် အလျင်မလိုတော့ဘဲ စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ် ကျင့်စဉ်ကို လှည့်ပတ်၍ ထိုသေမင်း၏ စွမ်းအင်ကို စတင် ပေါင်းစပ်လေတော့သည်။
မှန်ကန်လှပေသည်၊ ချင်ယွမ်ဖုန်းသည် ဤစွမ်းအင်နှင့် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ချေပြီ။
ချင်ယွမ်ဖုန်းသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားပြီး ခွေးခေါင်းကို မိမိ၏ ခြေထောက်ပေါ်တွင်ပင် အသာအယာ တင်ထားလိုက်ကာ တားမြစ်နယ်မြေအတွင်းမှ အလောင်းကောင်မိစ္ဆာ စွမ်းအင်များကို တစ်ပြိုင်နက်တည်း စုပ်ယူနေတော့သည်။
ဤသို့ ပေါင်းစပ်ခြင်းမှာ အလွန် နှေးကွေးလှသဖြင့် ချင်ယွမ်ဖုန်းသည် ခရီးကို မရပ်တန့်ဘဲ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ သူ၏ မျက်သူငယ်အိမ် အရောင်မှာလည်း တဖြည်းဖြည်းနှင့် မူလအတိုင်း ပြန်လည် ဖြစ်ပေါ်လာချေသည်။
လမ်းဘေးတစ်လျှောက်တွင် သစ်ပင်များမှာ အထိန်းအကွပ်မဲ့စွာ ပေါက်ရောက်နေကြပြီး ထိုသစ်ပင်များသည် အလွန် ထူးဆန်းသော ပုံစံများဖြင့် ကောက်ကွေးလိမ်ယှက်နေကြသည်။
သေချာစွာ စေ့စေ့စပ်စပ် မကြည့်ရှုပါက ထိုနေရာတွင် လူများ မတ်တတ်ရပ်နေသည်ဟု ထင်မှတ်မှားစရာ ရှိချေသည်။
ချင်ယွမ်ဖုန်းသည် လမ်းအတိုင်း ဆက်လက် လျှောက်လှမ်းလာခဲ့သော်လည်း ရုတ်တရက် ခြေလှမ်းများ တန့်သွားခဲ့သည်။
လမ်းဘေးရှိ သစ်ပင်များအကြားတွင် လူရိပ်တစ်ခုကို ချင်ယွမ်ဖုန်း အထင်အရှား မြင်တွေ့လိုက်ရသောကြောင့် ဖြစ်၏။
ထိုသူသည် ဘေးဘက်မှ ဖြည်းညှင်းစွာ ထွက်ခွာလာပြီး ခန္ဓာကိုယ်တွင် မြူနှင်းဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း အဝတ်အစား အများစုမှာ ဆွေးမြည့်ပုပ်ပွနေပြီ ဖြစ်၍ အဝတ်စုတ် အနည်းငယ်မျှသာ ကိုယ်ပေါ်တွင် တွဲလောင်းကျနေတော့သည်။
“ဒါတွေက... အရင်က ဒီနေရာကို ဝင်လာခဲ့ကြတဲ့ မြူနှင်းဂိုဏ်းက တပည့်တွေလား” ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
ခွေးနက်ကြီးကဲ့သို့ပင် ဤမြူနှင်းဂိုဏ်း တပည့်၏ ခန္ဓာကိုယ်မှာလည်း ပုပ်ပွနေပြီဖြစ်ရာ ၎င်း၏ ပုပ်စော်နံနေသော ကိုယ်တွင်းကလီစာများကိုပင် လှမ်း၍ မြင်တွေ့နိုင်ပေသည်။
၎င်း၏ ဦးခေါင်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။ နှုတ်ခမ်းများ ပုပ်ပြတ်သွားသဖြင့် ဖြူဆွတ်သော သွားများ ပေါ်ထွက်နေပြီး မျက်တွင်းများ ချိုင့်ဝင်လျက် ပုံပန်းသဏ္ဌာန်မပေါ်သော မျက်လုံးအိမ်နှစ်လုံးမှာ ကျုံ့ဝင်နေချေသည်။
“ဒါဟာ ဒဏ္ဍာရီထဲက အလောင်းကောင်မိစ္ဆာ ဖြစ်ရမယ်” ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။
မိမိရှေ့မှောက်ရှိ အရာသည် ချင်ယွမ်ဖုန်း စိတ်ကူးယဉ်ခဲ့ဖူးသော အလောင်းကောင်မိစ္ဆာ ပုံစံနှင့် အတိအကျ ကိုက်ညီနေပေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ အလွန်အမင်း ပုပ်ပွနေပြီး ရွေ့လျားမှုမှာလည်း လူသေကောင် လျှောက်လှမ်းနေသကဲ့သို့ အလွန်တရာ နှေးကွေးလှ၏။
ချင်ယွမ်ဖုန်းသည် ထိုအလောင်းကောင်မိစ္ဆာကို ကောင်းရာသုဂတိ ရောက်အောင် ပို့ဆောင်ပေးရန် ပြင်လိုက်စဉ်မှာပင် အလောင်းကောင်မိစ္ဆာသည် ရုတ်တရက် အရှိန်အဟုန် မြှင့်တင်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ရိပ်ခနဲ ဖြစ်သွားကာ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာချေသည်။
ဖြူဆွတ်သော အရိုးများ ပေါ်ထွက်နေသည့် လက်ဝါးသည် ချင်ယွမ်ဖုန်း၏ မျက်နှာဆီသို့ ရက်စက်ကြမ်းကြုတ်စွာ လှမ်း၍ ကုတ်ခြစ်လိုက်တော့သည်။
ချင်ယွမ်ဖုန်း လန့်ဖျန့်သွားရသည်။ ဤမျှ ပုပ်ပွနေသော အလောင်းကောင်မိစ္ဆာက မည်သို့ တဟုန်ထိုး ပြေးဝင်လာနိုင်သနည်း။
သို့သော် သူ၏ ကြီးမားလှသော ခွန်အားကြောင့် ချင်ယွမ်ဖုန်းသည် အလောင်းကောင်မိစ္ဆာကို လျင်မြန်စွာ နှိမ်နင်းလိုက်နိုင်သော်လည်း သူ၏ ပခုံးပေါ်တွင်မူ နောက်ထပ် အလောင်းကောင်ဦးခေါင်းတစ်ခု လာရောက် ကပ်ငြိနေခဲ့ချေပြီ။
ချင်ယွမ်ဖုန်းသည် အလောင်းကောင်မိစ္ဆာ စွမ်းအင်များကို ပိုမိုစုပ်ယူနိုင်ရန်နှင့် ဤစွမ်းအင်နှင့် ပိုမိုလျင်မြန်စွာ ပေါင်းစပ်နိုင်ရန်အတွက် ထိုအလောင်းကောင်မိစ္ဆာများ မိမိအား ကိုက်ခဲခြင်းကို အခွင့်ပေးထားလိုက်သည်။
အကယ်၍ အလောင်းကောင်မိစ္ဆာများ ပိုမိုများပြားလာပါက ချင်ယွမ်ဖုန်းသည် ပို၍ပင် လျင်မြန်စွာ ပေါင်းစပ်နိုင်မည် ဖြစ်ပေသည်။
ဤနေရာသည် သေဆုံးခြင်းမရှိသော သတ္တဝါဆန်းများဖြင့် ပြည့်နှက်နေပုံရပြီး တိရစ္ဆာန် ဖြစ်စေ၊ လူဖြစ်စေ၊ အပင်ဖြစ်စေ အားလုံးမှာ သေမင်းတစ္ဆေ သတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားကြရချေပြီ။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီး အချိန်တိုလေးအတွင်းမှာပင် ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်၌ ပုပ်ပွနေသော ဦးခေါင်းနှစ်လုံး၊ မြွေခေါင်းတစ်လုံးနှင့် သူ၏လက်မောင်းတွင် အမြစ်တွယ်နေသော သစ်မြစ်တစ်စတို့ ထပ်မံ တိုးပွားလာခဲ့သည်။
ချင်ယွမ်ဖုန်းသည် လမ်းလျှောက်နေသော ဆန်းပြားသည့် ပြတိုက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး လမ်းတစ်လျှောက် ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေတော့သည်။
ဤနေရာ၏ လျှို့ဝှက်ချက်ကို သိရှိသွားပြီးနောက် ချင်ယွမ်ဖုန်းသည် ပိုမို လျင်မြန်စွာ လှုပ်ရှားခဲ့သည်။ သူသည် မုန့်ချီလော့ကို ဤကဲ့သို့သော အခြေအနေမျိုးဖြင့် တစ်ဖန် ပြန်လည် မတွေ့ဆုံလိုတော့ပေ။