အခန်း ၇၃၆
Vol. 36 Ch. 736
အခန်း (၇၃၆) တံလျှပ်အိပ်မက်
မုန့်ချီလော့သည် တားမြစ်နယ်မြေအတွင်း၌ ပိတ်မိနေခဲ့သည်မှာ သုံးနှစ်တိုင်တိုင် ရှိခဲ့လေပြီ။ အကယ်၍ ချင်ယွမ်ဖုန်းသာ ယင်းနေရာသို့ အတင်းအဓမ္မ ဝင်ရောက်မလာခဲ့ပါက သူမသည်လည်း သူမမတိုင်မီ ဝင်ရောက်ခဲ့ကြသူများနည်းတူ အလောင်းကောင်မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ တဖြည်းဖြည်း ပုပ်သိုးဆွေးမြည့်သွားရပေလိမ့်မည်။
ထို့ကြောင့် ချင်ယွမ်ဖုန်း ဘာပဲလုပ်လုပ် မုန့်ချီလော့အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမရှိဘဲ သဘောတူမည်သာ ဖြစ်ချေသည်။
ဤနေရာ၌ ချင်ယွမ်ဖုန်းသည် သူမ၏ စိတ်ပိုင်းဆိုင်ရာ အမှီသဟဲပင် ဖြစ်လေသည်။
စားသောက်ပြီးနောက် နှစ်ဦးစလုံး အင်အားအချို့ ပြန်လည်ပြည့်ဝလာကြရာ ချင်ယွမ်ဖုန်းသည် ဆေးလုံးအမြောက်အမြားကိုပင် ထုတ်ပေးလိုက်သေးသည်။
မုန့်ချီလော့ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ရန်အတွက် ဝိညာဉ်ကျောက်တုံးများကို မုန့်ချီလော့၏ သိုလှောင်အိတ်ထဲသို့ ထည့်ပေးထားလေသည်။
“ကဲ... သွားကြစို့” ချင်ယွမ်ဖုန်းသည် ပြုံးလျက် မုန့်ချီလော့နှင့်အတူ ခရီးဆက်ရန် ပြင်ဆင်လိုက်တော့သည်။
ချင်ယွမ်ဖုန်းသည် အလောင်းကောင်မိစ္ဆာအရှိန်အဝါအပေါ် မိမိ၏ အာရုံခံစားနိုင်စွမ်းကို အသုံးပြု၍ မည်သည့်အရပ်မျက်နှာတွင် ထိုအရှိန်အဝါ အစွမ်းထက်ဆုံးဖြစ်သည်ကို သိရှိနိုင်ကာ ယင်းမှတစ်ဆင့် ရှေ့ဆက်ရမည့် လမ်းကြောင်းကို ဆုံးဖြတ်လေသည်။
သူတို့သည် အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလေ သားရဲများမှာလည်း ပိုမိုအစွမ်းထက်လာလေလေ ဖြစ်သည်။ သို့သော်လည်း ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ လက်တွဲပူးပေါင်းလိုက်သောအခါ သူတို့၏ ခရီးစဉ်သည် အတော်အတန် ချောမွေ့လှပေသည်။
ချင်ယွမ်ဖုန်းသည် စွမ်းအင်လှိုင်းဂယက်များကို အာရုံခံရန်အတွက် ခဏခဏ ရပ်တန့်တတ်ပေသည်၊ အကြောင်းမူကား သူတို့မျက်စိရှေ့၌ မြင်တွေ့နေရသော လမ်းခရီးသည် မှန်ကန်သော လမ်းကြောင်း ဟုတ်ချင်မှ ဟုတ်နိုင်သောကြောင့် ဖြစ်သည်။
“ဒီမှာ လမ်းက တစ်လမ်းပဲ ရှိတာ။ ငါ ဒီလမ်းအတိုင်း သုံးနှစ်ပတ်လုံး လျှောက်လာတာတောင် အပြင်ကို မရောက်သေးဘူး။ ဒီလမ်းက အဆုံးမရှိတဲ့အတိုင်းပဲ” ဟု မုန့်ချီလော့က ပြောလိုက်သည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။ ဖြစ်နိုင်သည်မှာ ထိုလမ်းခရီးသည် အဆုံးမရှိခြင်းမျိုး မဟုတ်ဘဲ အစဉ်သဖြင့် ပတ်ချာလည်နေခြင်းသာ ဖြစ်တန်ရာ၏။
ဘေးပတ်ဝန်းကျင် အနေအထားကသာ အမြဲတမ်း ပြောင်းလဲနေသဖြင့် အမြဲတမ်း ရှေ့သို့ လျှောက်လှမ်းနေရသည်ဟု ထင်မှတ်ရခြင်း ဖြစ်ပေလိမ့်မည်။
ဤနေရာသို့ ဝင်ရောက်လာသူများသည် မိမိတို့၏ မှတ်ဉာဏ်နှင့် အလေ့အထများအတိုင်း ထိုလမ်းအတိုင်း လျှောက်လှမ်းမိရန် လွယ်ကူလှပြီး လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ အန္တရာယ်ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော တောအုပ်ကြီး ရှိနေသဖြင့် ဤနေရာ၏ ထောင်ချောက်ထဲသို့ သက်ဆင်းသွားကြရခြင်း ဖြစ်သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းမှာမူ ထူးခြားချက်တစ်ခု ရှိနေပေသည်၊ သူသည် ထိုအလောင်းကောင်မိစ္ဆာအရှိန်အဝါကို အာရုံခံနိုင်ပြီး စုပ်ယူနိုင်စွမ်းရှိသော ပထမဆုံး သိုင်းပညာရှင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“တကယ်လို့ ဒီလမ်းက အဆုံးမရှိဘဲ အနန္တ ဆန့်တန်းနေတာဆိုရင် မင်းက ဒီလမ်းပေါ်မှာ သုံးနှစ်တောင် လျှောက်နေတာကို ငါက ရောက်တာ ရက်ပိုင်းပဲ ရှိသေးတာ၊ ငါတို့ ဘယ်လိုလုပ် ဆုံနိုင်မှာလဲ” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
မုန့်ချီလော့သည် ရုတ်တရက် အသိဝင်လာသည်။ အလောင်းကောင်မိစ္ဆာများသည် အချိန်မရွေး တိုက်ခိုက်လာနိုင်သဖြင့် သူတို့သည် အချိန်အတော်များများကို တိုက်ခိုက်ရင်းသာ ကုန်ဆုံးခဲ့ရသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဘေးပြင်ပမှ စောင့်ကြည့်လေ့လာသူတစ်ဦးကဲ့သို့ ဖြစ်နေသဖြင့် မှန်ကန်သော လမ်းကြောင်းကို သဘာဝကျကျ မြင်တွေ့နိုင်ခြင်း ဖြစ်ပေသည်။
“ဒါဆိုရင်... ဒီလမ်းက ပတ်ချာလည် လမ်းတစ်ခုပဲပေါ့”
ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြကာ “ဟုတ်တယ်၊ ဒါက မျက်စိလှည့်စားတဲ့ တံလျှပ်အိပ်မက်တစ်ခု ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒီနေရာရဲ့ အရှင်သခင်က သာမန်လူတော့ ဟုတ်ပုံမရဘူး”
“ငါ မကြောက်ပါဘူး၊ ဘာလို့လဲဆိုတော့ နင်က ငါနဲ့အတူ ရှိနေတာပဲဥစ္စာ” မုန့်ချီလော့သည် ချင်ယွမ်ဖုန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ချိုသာသော စကားအချို့ကို ကပ်ချွဲ၍ ပြောလိုက်လေသည်။
“ဒီဘက်ကို သွားမယ်” လမ်းပေါ်၌ လျှောက်လှမ်းနေသော ချင်ယွမ်ဖုန်းသည် ရုတ်တရက် မုန့်ချီလော့ကို ဆွဲကိုင်ကာ လမ်းမကြီးပေါ်မှ ဖယ်ခွာလျက် ဘေးနားရှိ တောအုပ်ဆီသို့ ဦးတည်လိုက်သည်။
“ဒီဘက်လား” မုန့်ချီလော့ မျက်မှောင်ကြုတ်လိုက်ပြီး “ဒါပေမဲ့ ဟိုဘက်မှာ လမ်းရှိပုံမရဘူးနော်”
“အဲဒါကြောင့်မလို့ပဲ မင်းကို အဲဒီလို ထင်စေချင်တာပေါ့၊ ဒါမှ မင်းက ဘာမှ သံသယမဝင်ဘဲ ဒီလမ်းအတိုင်း ဆက်လျှောက်နေမှာ။” ချင်ယွမ်ဖုန်းသည် ပြုံးလျက် တောအုပ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
ထိုထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် သစ်ပင်များသည် မိစ္ဆာတစ်ကောင်ကဲ့သို့ ရှိနေကြပြီး လူတိုင်း၏ စိတ်အာရုံကို တင်းမာသွားစေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် မီတာတစ်ဆယ်အတွင်းသာ အာရုံခံနိုင်သော်ငြားလည်း ဘေးပတ်ဝန်းကျင် အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန်နှင့် ရုတ်တရက် တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက်မူ လုံလောက်လှပေသည်။
“သတိထား”
ချင်ယွမ်ဖုန်းသည် ရုတ်တရက် မုန့်ချီလော့ကို မိမိ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရာ ဖြူဖွေးသော အရိုးစုလှံတစ်စင်းသည် ချင်ယွမ်ဖုန်း၏ ဘေးမှ ဖြတ်ပျံသွားပြီး သူတို့ဘေးရှိ သစ်ပင်ကြီးထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားတော့သည်။
မုန့်ချီလော့သည် ရှေ့သို့ ကြည့်လိုက်ရာ သားရဲတစ်ကောင် တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို မြင်သဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။
“နောက်ထပ် သားရဲတစ်ကောင်လား” မုန့်ချီလော့သည် ဆဋ္ဌမအဆင့် ရတနာလက်နက်ကို တဖြည်းဖြည်း ထုတ်ယူလိုက်သည်။ ဤသည်မှာ မုန့်ချီလော့၏ ယခင်ရတနာလက်နက် ပျက်စီးသွားပြီး အသုံးပြု၍ မရတော့သဖြင့် ချင်ယွမ်ဖုန်းက မိမိ၏ သိုလှောင်လက်စွပ်ထဲမှ ရှာဖွေပေးထားသော လက်နက်ဖြစ်ပေသည်။
“ဒီတစ်ကောင်တည်း မဟုတ်ဘူး၊ သားရဲတွေ အများကြီး ဒီဘက်ကို ဦးတည်လာနေတာ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
မုန့်ချီလော့ မျက်မှောင်ကြုတ်လျက် “သူတို့က ငါတို့ ရှေ့ဆက်မသွားနိုင်အောင် တားဆီးဖို့ ကြိုးစားနေတာ ထင်တယ်”
ချင်ယွမ်ဖုန်းသည် သူ၏ ဖြူဖွေးသော သွားများကို ပေါ်လွင်စေလျက် တောက်ပစွာ ပြုံးလိုက်ပြီး “ဒါက ငါတို့ လမ်းမှန်ပေါ် ရောက်နေတယ်ဆိုတာကို သက်သေပြလိုက်တာပဲ”
သွေးထွက်သံယို တိုက်ပွဲတစ်ခုမှာ ရှောင်လွှဲ၍မရနိုင်တော့ပေ၊ သို့သော်လည်း ထိုအလောင်းကောင်မိစ္ဆာများတွင် သွေး သိပ်မရှိသဖြင့် မြင်ကွင်းမှာမူ အလွန်အမင်း ရက်စက်ကြောက်မက်ဖွယ်ကောင်းခြင်း မရှိလှပေ။
ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့သည် အသားကြိတ်စက်ကြီးကဲ့သို့ ပြေးဝင်လာသော သားရဲအားလုံးကို တစ်စစီ ခုတ်ထစ်ပစ်ကာ ပြာအဖြစ်သို့ မီးရှို့ပစ်လိုက်ကြသည်။
လေထုထဲတွင် အသားများ လောင်ကျွမ်းနေသော အနံ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။
ခေတ္တမျှ ကြာပြီးနောက် ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့သည် သားရဲများကို နောက်ဆုံးတွင် ရှင်းလင်းနိုင်ခဲ့ကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။
ချင်ယွမ်ဖုန်းနှင့် ခွဲခွာပြီးနောက် မုန့်ချီလော့၏ ကျင့်စဉ်အဆင့်သည်လည်း တိုးတက်လာခဲ့သည်။ သူမသည် တားမြစ်နယ်မြေထဲသို့ ဝင်ရောက်လာပြီးကတည်းက နေ့စဉ်နှင့်အမျှ သေခြင်းနှင့် ရှင်ခြင်းအကြား ရုန်းကန်ခဲ့ရသဖြင့် သူမ၏ ကျင့်စဉ်အဆင့်သည်လည်း တိုးတက်လာကာ ယခုအခါတွင် ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများကို အကန့်အသတ်မရှိ ထောက်ပံ့ပေးထားသဖြင့် သူမအနေဖြင့် ဝိညာဉ်ချီ ကုန်ဆုံးသွားမည်ကို စိုးရိမ်စရာမလိုဘဲ အားမနာတမ်း အသုံးပြုနိုင်ပေသည်။
“ကဲ... ဆက်သွားကြစို့။ ဒီမှာ တကယ်ပဲ သားရဲတွေ အများကြီး ရှိနေလိမ့်မယ်လို့ ငါမယုံဘူး။ ပြီးခဲ့တဲ့ နှစ်ခေါက်လုံးမှာ ငါတို့ တော်တော်များများကို သတ်ခဲ့ပြီးပြီပဲဥစ္စာ”
ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်ရှိ ပြာပုံများကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
မုန့်ချီလော့နှင့် မဆုံတွေ့မီကလည်း ချင်ယွမ်ဖုန်းသည် ဝူခွေးကဲ့သို့သော သတ္တဝါများအပါအဝင် သားရဲအမြောက်အမြားကို သုတ်သင်ခဲ့ပြီး ဖြစ်သည်။
နှစ်ဦးသားသည် ချင်ယွမ်ဖုန်း အာရုံခံမိသော အရပ်မျက်နှာအတိုင်း ဆက်လက်လျှောက်လှမ်းခဲ့ကြသော်လည်း မကြာမီမှာပင် ကျောက်နံရံကြီးတစ်ခုနှင့် တိုးမိတော့သည်။
“ဒါက တကယ်ပဲ လမ်းမှန် ဟုတ်ရဲ့လား” မုန့်ချီလော့သည် သူတို့ရှေ့တွင် မြင့်မားစွာ ထိုးထွက်နေသော ကျောက်နံရံကြီးကို ကြည့်ကာ မေးလိုက်သည်။
ချင်ယွမ်ဖုန်းသည် စိုးရိမ်တကြီးဖြင့် ခေါင်းကို ကုတ်လိုက်ပြီး “ဖြစ်နိုင်တာပဲ...”
သူသည် ထိုအရပ်မျက်နှာအတိုင်း အာရုံခံမိခြင်း ဖြစ်သော်လည်း မမျှော်လင့်ဘဲ ကျောက်နံရံကြီးက လမ်းကို ပိတ်ဆို့ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ငါတို့ ပျံသန်းပြီး သွားကြည့်ရအောင်။ ဒါက တောင်တန်းတစ်ခု ဖြစ်ရမယ်” မုန့်ချီလော့က တည်ငြိမ်စွာ ပြောလိုက်သည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်သော်လည်း လျင်မြန်စွာပင် ပြန်၍ ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်၊ “ချီလော့... မင်း ဝင်လာတုန်းက အထဲမှာ အဘိုးအိုနဲ့ အဘွားအို ရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို မြင်ခဲ့လား”
“မြင်တာပေါ့။ ငါ ရောက်ပြီး ရက်ပိုင်းမှာတင် မြင်ခဲ့တာ၊ ဒါပေမဲ့ အဲဒါတွေက တံလျှပ်အိပ်မက်ပုံရိပ်ယောင်တွေချည်းပဲ။ ငါက တစ်ချက်တည်းနဲ့ ရိပ်မိလို့ အဲဒီလက်ဖက်ရည်ဆိုင်ကို မီးရှို့ပစ်လိုက်တာ” ဟု မုန့်ချီလော့က ပြောသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ငါလည်း တစ်ခေါက် မီးရှို့ခဲ့သေးတယ်။ ဒါပေမဲ့ ငါ မီးရှို့နေတုန်းမှာ အသံတစ်သံက ‘နောက်တစ်ခါ ထပ်ပြီး အရှို့ခံရပြန်ပြီ’ လို့ ပြောသံကြားရလို့ အဲဒါ မင်း ဖြစ်လိမ့်မယ်လို့ ငါ သံသယဝင်နေတာ”
မုန့်ချီလော့ ပြုံးလိုက်ပြီး “ဒါပေမဲ့ အဲဒါက အခု ငါတို့နဲ့ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့။ ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ ဒီနေရာရဲ့ အရှင်သခင်က တံလျှပ်အိပ်မက် အတတ်ပညာကို အသုံးပြုတဲ့နေရာမှာ အလွန် ကျွမ်းကျင်ပုံရတယ်”
“တံလျှပ်အိပ်မက်လား” မုန့်ချီလော့ မျက်လုံးများ တောက်ပသွားကာ “နင် ပြောချင်တာက...”
“မှန်တယ်၊ သူ လုပ်သမျှ အရာအားလုံးက ငါတို့ကို သေမင်းရဲ့ သတ္တဝါတွေအဖြစ် ပြောင်းလဲပစ်ဖို့နဲ့ ငါတို့ သူ့ကို မမြင်နိုင်အောင် တားဆီးဖို့ပဲ”
ချင်ယွမ်ဖုန်းသည် နက်နဲစွာ ပြုံးလိုက်ပြီး ရုတ်တရက် ကျောက်နံရံပေါ်သို့ သူ၏ လက်ကို တင်လိုက်တော့သည်။
ခဏချင်းတွင်ပင် ထိုကျောက်နံရံကြီးသည် ကွဲအက်နေသော မှန်တစ်ချပ်ကဲ့သို့ အပိုင်းပိုင်းအစစ ကွဲအက်သွားကာ မည်သည့်ခြေရာလက်ရာမျှမကျန် ပျောက်ကွယ်သွားတော့သည်။ သူတို့၏ မျက်စိရှေ့မှောက်တွင်မူ ကျောက်ပြားများဖြင့် ခင်းကျင်းထားသော လမ်းသစ်တစ်လမ်း ပြန်လည်ပေါ်ပေါက်လာချေသည်။
“ဒါက တကယ့် လမ်းစဉ်အစစ်အမှန်ပေါ့ ဟုတ်လား” မုန့်ချီလော့သည် တိုးတိုးလေး ရေရွတ်လိုက်မိတော့သည်။