အခန်း ၇၃၈
Vol. 36 Ch. 738
အခန်း (၇၃၈)
ထိုမဟူရာ အလင်းတန်းသည် တစ်ပါးကျွန်းသား မိစ္ဆာများ၏ အထူးဆန်းပြားသော ပညာရပ်တစ်ခု ဖြစ်ချေသည်၊၊ ယင်းပညာရပ်သည် သေဆုံးပြီးသော သတ္တဝါများကို ထိန်းချုပ်နိုင်စွမ်း ရှိသော်လည်း ထိုသတ္တဝါများသည် မဟူရာ အလင်းတန်းနှင့် ဝေးကွာလွန်းသော နေရာသို့ သွားရောက်နိုင်ခြင်း မရှိကြချေ၊၊
“ဒါဖြင့်ရင် နင်လည်း ဒီနေရာမှာ ပိတ်မိနေပြီး ထွက်ပေါက်ကို မသိဘူးပေါ့ ဟုတ်လား”
မုန့်ချီလော့က မေးမြန်းလိုက်သည်၊၊
အလောင်းကောင်မိစ္ဆာသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး စကားဆိုသည်၊၊
“ထွက်ပေါက်ကတော့ ဒီနေရာမှာ ရှိတာပေါ့၊ ငါ့ရဲ့ အနောက်တည့်တည့်မှာပဲ ရှိတယ်၊ မင်းတို့ ရှာမတွေ့တာက ငါ့ရဲ့ လှည့်ကွက်တစ်ခုကြောင့်ပါ”
သူ့စကား ဆုံးသည်နှင့်တစ်ပြိုင်နက် ထိုနေရာ၏ အနောက်ဘက်ရှိ မှောင်မိုက်မှုများသည် တံခါးတစ်ချပ် ပွင့်သွားသကဲ့သို့ ရုတ်ချည်း ပွင့်ဟသွားပြီး နေရောင်ခြည်များ ဖြာကျလာတော့သည်၊၊
ယင်းသည်ကား ထွက်ပေါက်ပင် ဖြစ်ချေသည်၊၊
“သိပ်ကောင်းတာပဲ၊ ယွမ်ဖုန်း၊ ငါတို့တွေ အပြင်ကို ထွက်လို့ရပြီ”
မုန့်ချီလော့သည် ဝမ်းသာအားရဖြင့် ခုန်ဆွခုန်ဆွ ဖြစ်သွားတော့သည်၊၊
ချင်ယွမ်ဖုန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း ရုတ်ချည်းပင် အခြားအကြောင်းအရာတစ်ခုကို သတိရသွားဟန်ဖြင့် စကားဆိုသည်၊၊
“မင်းရဲ့ အနောက်မှာ ရှိနေတာက ဘာလဲ၊ အဲ့ဝိညာဉ်အဆောင်ပုံရိပ်တွေက ဘာကို ဆိုလိုတာလဲ”
ချင်ယွမ်ဖုန်းက လှမ်း၍ မေးလိုက်သည်၊၊
အလောင်းကောင်မိစ္ဆာသည် ဖြဲခြောက်ပြုံး ပြုံးလိုက်ပြီးနောက် စကားဆိုသည်၊၊
“ဒါက ငါ့အပေါ်မှာ တင်ထားတဲ့ ကျိန်စာပဲ၊ ငါ့ကို ဒီနေရာကနေ ထွက်မသွားနိုင်အောင် တားဆီးထားတာပေါ့”
မုန့်ချီလော့သည် ချင်ယွမ်ဖုန်းကို ဆွဲကိုင်လိုက်ပြီး စကားဆိုသည်၊၊
“ချင်ယွမ်ဖုန်း၊ ငါတို့ ဒီနေရာကနေ မြန်မြန် ထွက်ကြရအောင်၊ ငါ ဒီနေရာမှာ တစ်စက္ကန့်မျှတောင် ဆက်ပြီး မနေချင်တော့ဘူး”
သုံးနှစ်တာ ကာလပတ်လုံး ဖြတ်သန်းခဲ့ရပြီးနောက် မုန့်ချီလော့သည် ယင်းနေရာကို အလွန်အမင်း စိတ်ပျက်ငြီးငွေ့နေပြီ ဖြစ်ရာ ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီလော့ကို ဆွဲကာ အပြင်ဘက်သို့ လျှောက်လှမ်းခဲ့တော့သည်၊၊
လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်နှက် ခံထားရသော အလောင်းကောင်မိစ္ဆာသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားပြီး သူတစ်ပါး သတိမမူမိနိုင်သော အပြုံးတစ်ခုကို ဖော်ပြလိုက်ချေသည်၊၊
ထိုသို့သော အခြေအနေတွင် အပြင်ဘက် တံခါးဝသို့ ရောက်လုဆဲဆဲ၌ ချင်ယွမ်ဖုန်းသည် ရုတ်တရက် လှည့်ပြန်လာပြီး ဆန်းကြယ်သော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်၊၊
“မင်းက ငါ့ကို ဒီနေရာကနေ မြန်မြန် ထွက်သွားစေချင်နေတာ မဟုတ်လား”
ချင်ယွမ်ဖုန်းက မျက်ခုံးတစ်ဖက်ကို ပင့်ကာ စကားဆိုသည်၊၊
“မင်းက ဒီနေရာမှာ ပိတ်မိနေတာတောင်မှ အငြိမ်မနေဘူးပဲ”
“မင်း... မင်း ဘာတွေ ပြောနေတာလဲ”
အလောင်းကောင်မိစ္ဆာသည် ချင်ယွမ်ဖုန်းကို ကျောခိုင်းထားရင်း ပျာပျာသလဲ မေးမြန်းလိုက်သည်၊၊ အကယ်၍ သူသည် သာမန်လူသားတစ်ယောက် ဖြစ်ပါက ယခုအချိန်တွင် ချွေးစေးများဖြင့် ရွှဲနစ်နေပေလိမ့်မည်၊၊
သို့သော်လည်း အလောင်းကောင်မိစ္ဆာတွင် ချွေးထွက်နိုင်သော သွေးသား မရှိချေ၊၊
“မင်းပြောတော့ မင်းရဲ့ အနောက်က ဝိညာဉ်အဆောင်ပုံရိပ်တွေက မင်းကို ဒီမှာ ပိတ်လှောင်ထားဖို့ ဆို၊ ဒါပေမဲ့ ငါသိရသလောက်တော့ လောကကြီးရဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ်က ဝိညာဉ်အဆောင်ပုံရိပ်တွေထဲမှာ သွေးနဲ့ ရေးဆွဲထားတာမျိုး တစ်ခုမှ မရှိဘူး”
“သွေးဝိညာဉ်အဆောင်ပုံရိပ်တွေက များသောအားဖြင့် ယဇ်ပူဇော်တဲ့ အခမ်းအနားတွေနဲ့ ဆက်စပ်နေတတ်တာ၊ တိုက်ဆိုင်ချင်တော့ ငါက ဝိညာဉ်အဆောင်ပုံရိပ်တွေအကြောင်းကို တော်တော်လေး နှံ့နှံ့စပ်စပ် သိထားတော့ ထိုဝိညာဉ်အဆောင်ပုံရိပ်တွေက အမှန်တကယ်တော့ ဟင်းလင်းပြင်ဆိုင်ရာ နိယာမနဲ့ ဆက်စပ်နေတယ်ဆိုတာကို သိလိုက်ရတယ်”
“ငါ အရင်ကတည်းက သံသယဝင်နေတာ၊ ငါတို့တွေ မကောင်းဆိုးဝါးတွေကို အမြောက်အမြား သတ်ခဲ့ပေမဲ့ အဲ့ဒီမကောင်းဆိုးဝါးတွေရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေက လူပဲဖြစ်ဖြစ်၊ မိစ္ဆာသားရဲပဲဖြစ်ဖြစ် အကုန်လုံး ခြောက်ကပ်နေတာပဲ၊ အဲ့တာက သာမန် သွေးဆုံးရှုံးမှုမျိုး မဟုတ်တာ သေချာတယ်”
“မင်း...”
အလောင်းကောင်မိစ္ဆာသည် မိမိ၏ အနောက်က ဝိညာဉ်အဆောင်ပုံရိပ်ကို တစ်စုံတစ်ယောက်က ခွဲခြားသိမြင်နိုင်လိမ့်မည်ဟု ထင်မှတ်မထားသဖြင့် အလွန်အမင်း အံ့ဩသွားရသည်၊၊ ယင်းသည်ကား ၎င်းတို့ မိစ္ဆာမျိုးနွယ်စု၏ သီးသန့် ဝိညာဉ်အဆောင်ပုံရိပ်များ ဖြစ်ပေ၏၊၊
ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် မိစ္ဆာမျိုးနွယ်စုနှင့် အခြားသော မျိုးနွယ်စုများ၏ ဝိညာဉ်အဆောင်ပုံရိပ်များ အပါအဝင် ပျောက်ဆုံးသွားပြီဖြစ်သော ဝိညာဉ်အဆောင်ပုံရိပ်များအကြောင်း စုံလင်စွာ မှတ်တမ်းတင်ထားသည့် ဝိညာဉ်အဆောင်ပုံရိပ် စွယ်စုံကျမ်း ရှိနေချေသည်၊၊
ထို့ကြောင့် ထိုဝိညာဉ်အဆောင်ပုံရိပ်များကို စတင် မြင်တွေ့ရကတည်းက ယင်းတို့၏ ရည်ရွယ်ချက်ကို သူ ရိပ်မိခဲ့ခြင်း ဖြစ်သည်၊၊
အလောင်းကောင်မိစ္ဆာ၏ ဖုံးကွယ်ထားမှုများ ရှိနေသော်လည်း ချင်ယွမ်ဖုန်းအဖို့ ယင်းတွင် မသင်္ကာဖွယ်ရာ တစ်ခုခု ရှိနေသည်ကို အလွယ်တကူပင် သိမြင်နိုင်ခဲ့ချေသည်၊၊
“လူသား၊ ဒီနေရာကနေ ချက်ချင်း ထွက်သွားစမ်း၊ ဒါ မင်းနဲ့ မဆိုင်တဲ့ ကိစ္စပဲ”
မိမိ၏ လျှို့ဝှက်ချက်ကို သိရှိသွားပြီးနောက် အလောင်းကောင်မိစ္ဆာသည် ဒေါသတကြီး အော်ဟစ်လိုက်ရာ လေထုထဲရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ပြင်းထန်စွာ တုန်ခါလာတော့သည်၊၊
ချင်ယွမ်ဖုန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး စကားဆိုသည်၊၊
“ဟန်မဆောင်နိုင်တော့ဘူးပေါ့ ဟုတ်လား၊ မင်း တကယ်ကို သည်းမခံနိုင်တော့တာပဲ၊ ဒါပေမဲ့ မင်းရဲ့ လက်ရှိ အခြေအနေနဲ့ ဘာတတ်နိုင်ဦးမှာလဲ”
အလောင်းကောင်မိစ္ဆာ၏ ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်လုံးအိမ်များထဲမှ မဟူရာ အလင်းတန်း နှစ်ခုသည် ရုတ်ချည်း ထွက်ပေါ်လာပြီး ကြွက်နက်ကြီး နှစ်ကောင်ကဲ့သို့ ချင်ယွမ်ဖုန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်၊၊
သို့သော်လည်း ချင်ယွမ်ဖုန်းနှင့် တစ်ပေခန့်အကွာ လေထုထဲသို့ ရောက်ရှိလာသောအခါ ရွှေရောင် လျှပ်စီးကြောင်းများသည် ဝုန်းခနဲ လင်းလက်လာပြီး ထိုမဟူရာ အလင်းတန်း နှစ်ခုကို ပြင်းထန်စွာ ရိုက်ခတ်ပစ်လိုက်ချေသည်၊၊
“အား”
အလောင်းကောင်မိစ္ဆာသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ရသည်၊၊ ထိုမဟူရာ အလင်းတန်း နှစ်ခုသည် ရွှေရောင် မိုးကြိုးလျှပ်စီးကြောင့် ချက်ချင်းပင် လွင့်စင် ပျက်ပြယ်သွားရသည်။
မိုးကြိုးလမ်းစဉ်သည် ထိုသို့သော ယုတ်မာညစ်ထေးသည့် အရာများအတွက် သဘာဝတရား၏ အကြောက်ရွံ့ဆုံးသော ရန်သူတော်ကြီး ဖြစ်သည်ဟူသော ဂုဏ်သတင်းနှင့် လျော်ညီလှပေသည်၊၊
“ငါ သံသယဝင်မိတာက မင်းကို ဒီလို နှိပ်စက်ထားတာက မင်း မသေနိုင်လို့ မဟုတ်ဘဲ မင်းကိုယ်တိုင်က မသေချင်လို့ပဲ ဖြစ်ရမယ်၊ မင်းက ထိုမြူနှင်းဂိုဏ်းချုပ်ထက် ပိုပြီး အသက်ရှည်ခဲ့တာပဲ”
ထိုဂိုဏ်းချုပ်သည် ၎င်းတို့၏ ယုံကြည်မှုကို ရရှိရန်အတွက် အားနည်းဟန် ဆောင်ခဲ့ပြီး ထိုနယ်မြေကို ရက်စက်လှသော တားမြစ်နယ်မြေအဖြစ် သတ်မှတ်စေခဲ့ခြင်း ဖြစ်တန်ရာသည်၊၊
“အဲ့ဒီနောက်မှာ မင်းက မင်းရဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို သုံးပြီး ဒီနေရာကို စတင် ပြောင်းလဲခဲ့တယ်၊ မကောင်းဆိုးဝါးတွေကို ဒီနေရာကို လာဖို့ မဟူရာ အလင်းတန်းနဲ့ ထိန်းချုပ်ပြီး သူတို့ရဲ့ သွေးတွေကို ထုတ်ကာ ဝိညာဉ်အဆောင်ပုံရိပ်တွေကို ဖြည့်ဆည်းခဲ့တာပေါ့”
“မင်းရဲ့ နောက်ဆုံး ရည်ရွယ်ချက်က မိစ္ဆာနယ်မြေနဲ့ ရှန်းဝူ စကြဝဠာ တိုက်ကြီးအကြားက ဟင်းလင်းပြင် ဆက်သွယ်မှုကို ဖွင့်လှစ်ဖို့ပဲ မဟုတ်လား၊ မင်းသာ နောက်ထပ် ဆယ်နှစ် ဒါမှမဟုတ် နှစ်အနည်းငယ်လောက် အချိန်ရမယ်ဆိုရင် အောင်မြင်သွားလောက်တယ်”
ချင်ယွမ်ဖုန်း၏ အနောက်တွင် ရပ်နေသော မုန့်ချီလော့သည် အံ့အားသင့်သွားရသော်လည်း အလောင်းကောင်မိစ္ဆာကို လှမ်းကြည့်လိုက်သည့်အခါ ချင်ယွမ်ဖုန်း ပြောဆိုနေသည်မှာ အကြွင်းမဲ့ မှန်ကန်ကြောင်း သိလိုက်ရသည်၊၊
“ဟားဟားဟား၊ လူသား၊ မင်းက သိပ်ကို ဉာဏ်ကောင်းတာပဲ၊ အရင်က ရောက်လာတဲ့ လူသားတွေကတော့ ငါ့ကို သွေးတွေ အသာတကြည် ပူဇော်ခဲ့ကြတာ၊ မင်းက သိပ်ကို တော်တာပဲ၊ ဒါပေမဲ့ မင်း သိသွားတော့ရော ဘာတတ်နိုင်မှာလဲ၊ ဝိညာဉ်အဆောင်ပုံရိပ်တွေက ပြည့်စုံသွားပြီ၊ လမ်းကြောင်းကလည်း ပွင့်တော့မှာ၊ မင်း တားနိုင်ပါ့မလား”
“မိစ္ဆာမျိုးနွယ်စုတွေ ဒီနေရာကို နင်းခြေဝင်ရောက်လာတာနဲ့ မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်”
အလောင်းကောင်မိစ္ဆာက ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုလိုက်ပြီးနောက် ၎င်း၏ မျက်လုံးအိမ်များထဲတွင် အပြာရောင် တစ္ဆေမီးလျှံ နှစ်ခု ထွက်ပေါ်လာတော့သည်၊၊
ထိုသို့သော ကြုံးဝါးစကားများကို ပြောကြားပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် ရုတ်ချည်းပင် မိမိ၏ လက်ကောက်ဝတ်ကို ဓားဖြင့် မွှန်းလိုက်ပြီး ဝိညာဉ်အဆောင်ပုံရိပ်များ အနီးသို့ လျှောက်လှမ်းကာ သွေးစက်အချို့ကို ချပေးရင်း ထူးဆန်းသော သင်္ကေတတစ်ခုကို စတင် ရေးဆွဲလေတော့သည်၊၊
“ငါ မင်းကို ပြောဖို့ မေ့သွားတယ်၊ ငါက အဆောင်လက်ဖွဲ့ ဖန်တီးသူ တစ်ယောက်လည်း ဖြစ်တယ်၊ ဝိညာဉ်အဆောင်ပုံရိပ်တွေကို ဖျက်ဆီးတာက ငါ့ရဲ့ အထူးပြု ပညာရပ်ပဲ”
ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေတွင် ဝိညာဉ်အဆောင်ပုံရိပ်များကို ဖြည့်စွက်ခဲ့စဉ်ကကဲ့သို့ပင် ရိုးသားစွာ ပြုံးလိုက်ချေသည်၊၊
ယေဘုယျအားဖြင့် ပြောရလျှင် ပြည့်စုံသွားသော ဝိညာဉ်အဆောင်ပုံရိပ်များကို ဖျက်ဆီးခြင်းသည် ပြင်းထန်သော နောက်ဆက်တွဲ အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်၊၊
ကမ္ဘာနှစ်ခုအကြား ဟင်းလင်းပြင် ဆက်သွယ်မှုကို ဖန်တီးထားသည့် ဝိညာဉ်အဆောင်ပုံရိပ်များကို အတင်းအဓမ္မ ဖျက်ဆီးလိုက်ပါက ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် မြူနှင်းဂိုဏ်း၏ ကမ္ဘာငယ်လေးပင် ပျက်စီးသွားနိုင်ချေ ရှိသည်၊၊
သို့သော် ချင်ယွမ်ဖုန်းကမူ ထိုသို့ မဟုတ်ချေ၊ သူသည် ထိုလမ်းစဉ်အပေါ်တွင် မတူညီသော အမြင်နှင့် နက်ရှိုင်းသော နားလည်မှု ရှိထားသူ ဖြစ်ရာ မိမိ၏ သွေးကို အသုံးပြု၍ နေရာအနှံ့တွင် သင်္ကေတများကို ရေးဆွဲလိုက်ခြင်း ဖြစ်သည်၊၊
နောက်ဆုံး သင်္ကေတကို ရေးဆွဲပြီးသွားသောအခါ ဝိညာဉ်အဆောင်ပုံရိပ်တစ်ခုလုံးသည် ၎င်း၏ တောက်ပမှုများ ချက်ချင်း ပျောက်ဆုံးသွားပြီး သွေးများသည် ခြောက်ကပ်သွားကာ မြေပြင်ပေါ်တွင် သွေးခြောက်ကွက်များသာ ကျန်ရစ်တော့သည်၊၊
“ကဲ ပြီးပြီ”
ချင်ယွမ်ဖုန်းက အလောင်းကောင်မိစ္ဆာကို ကြည့်ကာ ရိုးရှင်းစွာ ပြုံးပြလိုက်သည်၊၊
“မဖြစ်နိုင်တာ”
အလောင်းကောင်မိစ္ဆာတွင် နှလုံးနှင့် အဆုတ်များ မရှိတော့သော်လည်း မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်ရသည်၊၊
ရေတွက်၍မရနိုင်သော နှစ်ကာလများကို အသုံးပြု၍ ခက်ခက်ခဲခဲ ဖြည့်ဆည်းခဲ့ရသော ဝိညာဉ်အဆောင်ပုံရိပ်များသည် ယခုကဲ့သို့ အလွယ်တကူ ဖျက်ဆီးခြင်း ခံလိုက်ရသဖြင့် အလောင်းကောင်မိစ္ဆာအဖို့ မိမိ၏ ဉာဏ်ပညာကို စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရချေသည်၊၊
ထို့အပြင် ထိုဟင်းလင်းပြင် လမ်းကြောင်းသည် မကြာမီ ဖြစ်ပေါ်လာတော့မည် ဖြစ်ပြီး မိစ္ဆာမျိုးနွယ်စု စစ်တပ်ကြီးသည်လည်း ထိုလမ်းကြောင်းမှတစ်ဆင့် ဒီနေရာသို့ ချီတက်လာကြတော့မည် မဟုတ်လော။
ထိုဝိညာဉ်အဆောင်ပုံရိပ်များထဲမှ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ထွက်ပေါ်လာပြီး ဝူခွေး တစ်ကောင်အဖြစ် ပုံသဏ္ဌာန် ပေါ်လာခြင်းသည် မိစ္ဆာနယ်မြေနှင့် ချိတ်ဆက်တော့မည်ဟူသော အတိတ်နိမိတ်ပင် ဖြစ်ချေသည်၊၊
သို့သော် ယခုအခါတွင်မူ အရာအားလုံးသည် ပျောက်ကွယ် သုဉ်းပျက်သွားခဲ့ရပြီ ဖြစ်သည်၊၊
“မင်းကို ငါ သတ်မယ် မင်းကို ငါ သတ်ပစ်မယ်”
ထိုအခြေအနေတွင် အလောင်းကောင်မိစ္ဆာသည် ရူးသွပ်သွားသည့်အလား လက်ဝါးကပ်တိုင်ပေါ်တွင် အတင်းအဓမ္မ ရုန်းကန်လှုပ်ရှားနေတော့သည်၊၊
ရေတွက်၍မရသော နှစ်ကာလများကို ကုန်ဆုံးစေပြီး မိမိ၏ စိတ်ဝိညာဉ်ကို သွန်းလောင်းကာ ဖန်တီးခဲ့ရသော အရာတစ်ခု ပျက်စီးသွားသည်ကို မြင်တွေ့ရသူတိုင်းသည် အလွန်အမင်း ဝမ်းနည်းပူဆွေးရမည်မှာ ဧကန်မလွဲပင် ဖြစ်ချေသည်၊၊
ချင်ယွမ်ဖုန်းသည် အလောင်းကောင်မိစ္ဆာကို မျက်မှောင်ကုတ်၍ ကြည့်လိုက်ရာ မြူနှင်းဂိုဏ်းက ထိုအလောင်းကောင်မိစ္ဆာကို ပိတ်လှောင်ထားသည်မှာ အမှန်တကယ်ပင် အစွမ်းထက်လှကြောင်း သတိပြုမိသည်၊၊
ထိုလက်ဝါးကပ်တိုင်နှင့် အလောင်းကောင်မိစ္ဆာကို ရိုက်နှက်ထားသော သံမှိုများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုတိုင်အောင် ခိုင်ခံ့မြဲမြံနေဆဲပင် ဖြစ်ပေရာသတည်း၊၊