အခန်း ၁၉၆
Vol. 19 Ch. 196
အခန်း (၁၉၆) - ညီအစ်မများ စည်းလုံးကြခြင်း
ချန်အန်အနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိဘဲ တည်ငြိမ်လျက် ရှိနေခဲ့သည်။
ဝမ်ကျိယန်၏ ဒေါသမီး အနည်းငယ် ငြိမ်းအေးသွားသည်အထိ စောင့်ဆိုင်းပြီးနောက်မှ သူက အေးအေးလူလူ ရှင်းပြလိုက်သည်။
"အဲဒီ မြေခွေးမိစ္ဆာကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်မယ်ဆိုတဲ့ ငါ့ရဲ့ ရဲတင်းတဲ့ အတွေးက... တဏှာရာဂကြောင့် မဟုတ်သလို၊ အဲဒီ မြေခွေးမိစ္ဆာရဲ့ ပြုစားတာကို ခံလိုက်ရလို့လည်း မဟုတ်ပါဘူး။ ဒါက ကောင်းကျိုးဆိုးပြစ်တွေကို သေသေချာချာ ချိန်ဆပြီးမှ ရွေးချယ်လိုက်တဲ့ အန္တရာယ်အကင်းဆုံး ဖြေရှင်းနည်းတစ်ခုပါ။"
"မင်းတို့လည်း ငါ့ရဲ့ လက်ရှိအခြေအနေကို သိကြတာပဲ။ ငါ အဲဒီ မြေခွေးမိစ္ဆာကို စော်ကားမိခဲ့လို့ သူမနဲ့ ရန်သူတွေ ဖြစ်ခဲ့ကြတယ်။ အကယ်၍ ငါသာ အဲဒီ မြေခွေးမိစ္ဆာကို သတ်ပစ်နိုင်ရင် ကလဲ့စားချေဖို့အတွက် ပြဿနာရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပြဿနာက ငါက အဲဒီ မြေခွေးမိစ္ဆာကို လုံးဝ သတ်လို့မရတာပဲ။"
"အဲဒါကြောင့် ငါက စိတ်ကူးပြောင်းပြီး သူမကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ဖို့ တွေးလိုက်တာ။ ဒီလိုဆိုရင် ငါတို့မိသားစုအတွက် ရွှေအမြူတေအဆင့်ရှိတဲ့ ရန်သူတစ်ယောက် လျော့သွားမယ့်အပြင်ရွှေအမြူတေအဆင့်ရှိတဲ့ မိသားစုဝင်အသစ်တစ်ယောက် တိုးလာမှာ ဖြစ်တယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။"
ချန်အန်သည် သူ ဤသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်းကို ရိုးရှင်းစွာ ရှင်းပြလိုက်ပြီး မိမိသည် မြေခွေးမိစ္ဆာ၏ ဖျားယောင်းမှုကို ခံလိုက်ရခြင်း မဟုတ်ကြောင်း သက်သေပြလိုက်သည်။
ဝမ်ကျိယန်က ထိုစကားကို ကြားသောအခါ နှာခေါင်းရှုံ့လျက် လှောင်ပြောင်သည့် မျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။ "အိပ်မက်မက်မနေနဲ့ဦး။ အဲဒီ မြေခွေးမိစ္ဆာက ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ယောက်နော်။ ရှင်က သိမ်းပိုက်ချင်တယ်လို့ ပြောလိုက်ရုံနဲ့ သူက ရှင့်ရဲ့ ကိုယ်လုပ်တော် အဖြစ်ခံမလား။ သူက ဘာလို့ ရှင့်ကို လိုလိုလားလား လက်ထပ်ရမှာလဲ။"
ချန်အန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့... သူမက စာမတတ်အက္ခရာမသိသေးတဲ့ မြေခွေးပေါက်စလေး ဖြစ်နေလို့ပဲ။ ပြီးတော့ သူမက ဒီနှစ်မှ အသက် ၁၈ နှစ်ပဲ ရှိသေးလို့။ နောက်ပြီး ငါက သူမကို တစ်ဆင့်ချင်းစီ စည်းရုံးသိမ်းသွင်းနေလို့ပဲ။ အဓိကအချက်ကတော့... ငါ့မှာ ရှေးဟောင်းတားမြစ်ချက် ပညာရပ်တစ်ခုဖြစ်တဲ့ 'အနှစ်သာရသွေးဖြင့် ကျွန်ပြုခြင်း'ရှိနေလို့ပဲ။"
ရှန်းချင်းယီသည် ထိုစကားများထဲမှ အဓိကအချက်ကို ဖမ်းမိသွားပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "ယောက်ျား... 'အနှစ်သာရသွေးဖြင့် ကျွန်ပြုခြင်း' ဆိုတာ ဘယ်လိုတားမြစ်ချက် ပညာရပ်မျိုးလဲ။ ယောက်ျားပြောတာကို ကျွန်မ တစ်ခါမှ မကြားဖူးပါလား။"
ယခင်က ချန်အန်တစ်ယောက် ရွှေအမြူတေအဆင့်သို့ မရောက်ရှိမီအချိန်အထိ သူမသည် သူနှင့်အတူ နေ့တိုင်း ကျင့်စဉ်များကို လေ့လာသင်ယူခဲ့ခြင်း ဖြစ်သည်။ သူမဘက်မှလည်း တတ်နိုင်သမျှသော ကျင့်စဉ်မှန်သမျှကို ချန်အန့်အား အကုန်သင်ကြားပေးခဲ့သည်။ သို့သော် ယခုအခါ ချန်အန့်ထံမှ ဤကဲ့သို့ စိမ်းသက်လှသော ကျင့်စဉ်အမည်ကို ကြားလိုက်ရသဖြင့် ချန်အန်သည် သူမအပေါ် တစ်ခုခု ဖုံးကွယ်ထားသည်ဟု ထင်မှတ်သွားကာ စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းစိတ်ပျက်သွားရရှာသည်။
ချန်အန်သည် လူကဲခတ် အလွန်တော်သူဖြစ်၍ ရှန်းချင်းယီတစ်ယောက် မိမိအပေါ် နားလည်မှုလွဲသွားကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ သို့သော်လည်း လက်ရှိအချိန်တွင် သူမကို အမှန်အတိုင်း ရှင်းပြရန် မဖြစ်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းတားမြစ်ချက် ပညာရပ်ဖြစ်သော 'အနှစ်သာရသွေးဖြင့် ကျွန်ပြုခြင်း' သည် စနစ်၏ ဆုလာဘ်မှ ရရှိခဲ့ခြင်းဖြစ်ရာ အခြားသူအား ရှင်းပြရန် တကယ်ကို ခက်ခဲလွန်းလှသည်။
ဤအခြေအနေကြောင့်ပင် သူသည် လောလောဆယ် မရှင်းပြရန်သာ ဆုံးဖြတ်လိုက်သည်။ နောင်တစ်ချိန်တွင် သင့်တော်ကောင်းမွန်သော အကြောင်းပြချက်တစ်ခု တွေးမိမှသာ ရှန်းချင်းယီကို ရှင်းပြတော့မည်။ တစ်ချိန်တည်းမှာပင် မိမိ၏ ကျင့်ကြံဆင့် အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်ခဲ့သည့် အကြောင်းရင်းကိုပါ တစ်ပါတည်း အကွက်ချ စီစဉ်ရပေလိမ့်မည်။ ဤသည်မှာ မိမိ၏ ဇနီးများအနေဖြင့် မိမိသည် တစ်ခုခုကို လျှို့ဝှက်ထားပြီး မရိုးသားဟု မတွေးမိစေရန် ဖြစ်သည်။
သူသည် ခဏမျှ အမြန်တွေးတောပြီးနောက် 'အနှစ်သာရသွေးဖြင့် ကျွန်ပြုခြင်း' ၏ အာနိသင်ကို သူ၏ ဇနီးများအား အကျဉ်းချုပ် မိတ်ဆက်ပေးလိုက်သည်။ သူက ဤတားမြစ်ချက်ပညာရပ်သည် မြေခွေးမိစ္ဆာကို ထိန်းချုပ်ထားနိုင်သဖြင့် နောင်တစ်ချိန်တွင် သူမ အိမ်ထဲသို့ ရောက်ရှိလာပါက ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရိမ်စရာမလိုကြောင်း ပြောပြလိုက်၏။
ထို့အပြင် သူက အထူးတလည် ဖြည့်စွက်၍ ဤတားမြစ်ချက်ပညာရပ်သည် ကျိန်စာတိုက်ခြင်း ခံထားရသဖြင့် အခြားသူများကို သင်ကြားပေး၍မရကြောင်း၊ မဟုတ်ပါက ကျိန်စာ အစွမ်းပြလာလိမ့်မည်ဖြစ်ကြောင်း ပြောလိုက်သည်။ တစ်နည်းအားဖြင့် ပြောရလျှင်... ငါက မင်းတို့ကို မသင်ပေးချင်တာ မဟုတ်ဘူး၊ ဒီပညာရပ်က လုံးဝ သင်ပေးလို့မရတာ ဖြစ်တယ် ဟူသည့် သဘောပင်။
ချန်အန်၏ ရှင်းပြချက်ကို ကြားရပြီးနောက်မှသာ ဇနီးလေးယောက်စလုံး ရင်ထဲမှ သက်ပြင်းချနိုင်ကြတော့သည်။ ၎င်းတို့သည် ချန်အန်တစ်ယောက် ထိုမြေခွေးမိစ္ဆာကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်မည့်အရေးကို ဆက်လက်၍ မထောက်ခံကြသေးသော်လည်း အနည်းဆုံးတော့ မိမိတို့၏ ယောကျ်ားသည် မြေခွေးမိစ္ဆာ၏ ပြုစားခြင်းကို ခံရခြင်းမဟုတ်ဘဲ ယခင်ကကဲ့သို့ပင် တည်ငြိမ်အမြော်အမြင် ရှိနေဆဲဖြစ်ကြောင်း သိရှိသွားကြသည်။
"ယောက်ျား... ကျွန်မ ထင်တာတော့ အဲဒီ မြေခွေးမိစ္ဆာကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ဖို့က စွန့်စားရာ ရောက်လွန်းပါတယ်။" ရှန်းချင်းယီက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ယောက်ျားမှာ သူမကို ကန့်သတ်ထားဖို့ 'အနှစ်သာရသွေးဖြင့် ကျွန်ပြုခြင်း' ရှိနေတယ်ဆိုပေမဲ့ ဒါက ကန့်သတ်တဲ့ နည်းလမ်းတစ်ခုသက်သက်ပဲလေ။ မြေခွေးမိစ္ဆာက ယောက်ျားအပေါ် မကောင်းတဲ့ စိတ်ကူး လုံးဝမရှိတော့ဘူးလို့ ပုံသေတွက်လို့ မရဘူး။"
"ကျွန်မတို့ ညီအစ်မသုံးယောက်ရယ်၊ ယုကျန့်လေးရယ်မှာ အဲဒီ မြေခွေးမိစ္ဆာကို တားဆီးနိုင်တဲ့ ကျင့်စဉ်တွေ မရှိကြဘူး။ သူမကြောင့် ကျွန်မတို့ ထိခိုက်ဒဏ်ရာ မရနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ။"
"ဒါ့အပြင် အရေးကြီးဆုံးအချက်က... တကယ်လို့ အားလုံးက မိသားစုဝင်တွေ ဖြစ်လာကြမယ်ဆိုရင် အားလုံးက စိတ်တူကိုယ်တူ တစ်သွေးတစ်သားတည်း ဖြစ်နေဖို့ပဲ လိုလားတာ။ ယောက်ျားကတော့ နည်းလမ်းတချို့ကို သုံးပြီး သူမကို မတတ်သာလို့ အညံ့ခံခိုင်းထားတာပဲ ရှိတာ။ တစ်နည်းပြောရရင် ယောက်ျားက အဲဒီ မြေခွေးမိစ္ဆာရဲ့ စိတ်နှလုံးကို လုံးဝ မသိမ်းပိုက်နိုင်သေးဘူး။"
ရှန်းချင်းယီ၏ စကားမှာ တကယ်ကို အဓိပ္ပာယ်ရှိလှပေသည်။ အခြားသော ဇနီးသုံးဦးသည် ထိုစကားကို ကြားသောအခါ မိမိတို့၏ ယောကျ်ားအပေါ် အလျှော့ပေးရန် စီစဉ်ထားသမျှ စိတ်ကူးများ ပျောက်ကွယ်သွားပြီး စိုးရိမ်ပူပန်မှုများနှင့် ဝေဖန်စရာများ ချက်ချင်း ပြန်လည်ပေါ်ပေါက်လာကြပြန်သည်။
၎င်းကို မြင်သော်လည်း ချန်အန်က ဘာမှ ထပ်မရှင်းတော့ဘဲ ယုံကြည်မှုအပြည့်ဖြင့်သာ ပြောလိုက်သည်။
"စိတ်မပူကြပါနဲ့... မင်းတို့ ပြောတဲ့အချက်တွေကို ငါ အကုန်လုံး ထည့်သွင်းစဉ်းစားထားပြီးသားပါ။"
"တကယ်လို့ ငါ တစ်နေ့နေ့မှာ အဲဒီ မြေခွေးမိစ္ဆာကို အိမ်ခေါ်လာခဲ့ရင်... ဒါက ငါက သူမရဲ့ စိတ်နှလုံးကို ရာနှုန်းပြည့် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဆိုလိုတာပဲ။ သူမကိုယ်တိုင်က ရင်ထဲကနေ လိုလိုလားလားနဲ့ ဒီမိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်လာစေရမယ်လို့ ငါ အာမခံပါတယ်။"
"ကဲ... အားလုံးပဲ လုပ်စရာရှိတာတွေ သွားလုပ်ကြတော့။ မိုးမမှောင်ခင်လေး ငါ အဲဒီ ဂူဘက်ကို သွားပြီး မြေခွေးမိစ္ဆာကို သွားကြည့်လိုက်ဦးမယ်။"
"ဒါ့အပြင် နောင်ကို ငါ အဲဒီ မြေခွေးမိစ္ဆာဆီ သွားတဲ့အခါတိုင်း ငါတို့ရဲ့ ဆက်ဆံရေး ပုံစံတွေကို ပုံရိပ်မှတ်ကျောက်တုံးနဲ့ တတ်နိုင်သမျှ မှတ်တမ်းတင်လာခဲ့ပါ့မယ်။ အဲဒီအချိန်ကျရင် မင်းတို့ကို ကြိုတင်ပြီး ပြသပေးမယ်၊ ဒါမှ အဲဒီ မြေခွေးမိစ္ဆာက ဘယ်လိုလူလဲဆိုတာ မင်းတို့ သေသေချာချာ နားလည်သဘောပေါက်ပြီး ဒီကိစ္စကို အားလုံး စုပေါင်းဆွေးနွေးလို့ရမှာ ဖြစ်တယ်။"
ပြောပြီးသည်နှင့် ချန်အန်သည် သူ၏ ဇနီး၊ သမီးများကို ရိုးရှင်းစွာ နှုတ်ဆက်ကာ ဓားပျံပေါ်သို့ တက်၍ လှိုဏ်ဂူအိမ်ထဲမှ ထွက်ခွာခဲ့တော့သည်။
သူ ပျံသန်းထွက်ခွာသွားပြီး ထိုမြေခွေးမိစ္ဆာကို တွေ့ရန် အလွန်အမင်း အလျင်လိုနေသည်ကို မြင်သောအခါ ဝမ်ကျိယန်ခမျာ စိတ်ထဲတွင် မမျှတသလို ခံစားလိုက်ရသည်။ သူမသည် မသိစိတ်အရ စတင်၍ ပွစိပွစိ ရေရွတ်မိတော့သည်။
သူမက ဒေါသတကြီးဖြင့် သူ မှားနေကြောင်း ပြောဆိုလေသည်။ လူနှင့် မိစ္ဆာက လမ်းစဉ်ချင်း မတူကြချေ။ လူသားကျင့်ကြံသူတစ်ဦး၏ ယောကျ်ားဖြစ်ပါလျက်နှင့် မည်သို့လျှင် မြေခွေးမိစ္ဆာတစ်ကောင်ကို လက်ထပ်နိုင်ပါမည်နည်း။ ၎င်းသည် မိမိ၏ ဘဝကို အေးအေးချမ်းချမ်း မနေချင်ဘဲ ပြဿနာရှာနေခြင်း မဟုတ်ပါလား။
သူမနှင့် နှိုင်းယှဉ်ပါက အိမ်ဦးနတ်ဇနီးကြီးဖြစ်သော ဆောင်ဟွာယင်းကမူ ပို၍ စိတ်သဘောထား ပြည့်ဝလှပေသည်။ သူမသည် မိမိ၏ ယောကျ်ားအကြောင်းကို ကောင်းစွာ သိရှိပြီး သူ ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုကို မိမိအနေဖြင့် ပြောင်းလဲ၍ မရနိုင်ကြောင်း သိထားသဖြင့် လိမ္မာယဉ်ကျေးသော ဇနီးကောင်းတစ်ဦးပီပီ သူ့ကို အလိုက်သင့် ထောက်ခံပေးရန်သာ ရွေးချယ်လိုက်သည်။
ဝမ်ကျိယန်တစ်ယောက် တကယ်ပဲ ဒေါသထွက်နေသည်ကို မြင်သောအခါ သူမက ပြုံးလျက် နှစ်သိမ့်ပေးလိုက်သည်။
"အစ်မဝမ်... မြေခွေးမိစ္ဆာကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်မယ့်အရေးကို အဲဒီလောက်အထိ အလွန်အမင်း စိုးရိမ်နေဖို့ မလိုပါဘူး။"
"ကျွန်မ ပန်းနတ်ဘုရားမ သွေးနှောမှု နိုးထလာကတည်းက ကျွန်မကိုယ်တိုင်လည်း မိစ္ဆာမျိုးနွယ်စုထဲမှာ အကျုံးဝင်နေခဲ့ပါပြီ။ မိစ္ဆာနဲ့ လူသားကြားက ခြားနားချက်ကို ကျွန်မ သိပါတယ်။"
"လူသားအသွင် ပြောင်းလဲပြီးသားဖြစ်တဲ့ မိစ္ဆာတွေအတွက်တော့... အမှန်အတိုင်း ပြောရရင် လူသားတွေနဲ့ သိပ်ပြီး ကွာခြားမှု မရှိတော့ပါဘူး။"
"တစ်ခုတည်းသော ခြားနားချက်ကတော့... လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်မြစ်ရှိပြီး၊ မိစ္ဆာတွေရဲ့ ခန္ဓာကိုယ်ထဲမှာတော့ မိစ္ဆာအနှစ်သာရရှိတာပဲ။ အဲဒါကလွဲရင် တခြား ဘာခြားနားချက်မှ မရှိပါဘူး။"
ဆောင်ဟွာယင်းသည် အကျိုးအကြောင်း ညီညွတ်စွာဖြင့် နားဝင်အောင် ပြောဆိုခဲ့သည်။
ရှန်းချင်းယီကလည်း ထောက်ခံချက်ပေးကာ "ဟွာယင်း ပြောတာ မှန်တယ်။ လူသားအသွင် ပြောင်းလဲပြီးသား ဖြစ်တဲ့ မိစ္ဆာတွေက တကယ်တော့ အတိအကျ ပြောရရင် လူသားတွေလိုပါပဲ။ လူသားတွေနဲ့အတူ ပျော်ပါးနိုင်သလို မျိုးပွားနိုင်စွမ်းလည်း ရှိကြတယ်" ဟု ဆိုသည်။
ဂူရှင်းယွဲ့က ဖြည့်စွက်၍ "တကယ်လို့ ယောက်ျားက အဲဒီ မြေခွေးမိစ္ဆာနဲ့ ကလေးတစ်ယောက် ရအောင် ယူနိုင်ခဲ့ရင်... အဲဒီ မြေခွေးမိစ္ဆာကို ကျွန်မတို့ မိသားစုထဲ ဝင်ဆံ့လာအောင် သေချာပေါက် လုပ်နိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ကလေးဆိုတာ မိခင်တိုင်း မစွန့်လွှတ်နိုင်တဲ့ သံယောဇဉ် တွယ်တာမှုတစ်ခုပဲလေ" ဟု ဆိုသည်။
ဝမ်ကျိယန်သည် မူလက အလွန်ပင် ဒေါသထွက်နေခဲ့သော်လည်း ညီအစ်မ သုံးဦး၏ စကားများကို ကြားရပြီးနောက်တွင်မူ ချက်ချင်းပင် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရကာ ဒေါသများ ပြေပျောက်သွားတော့သည်။
သူမသည် စိတ်အေးသွားပြီးနောက် ညီအစ်မ သုံးဦးကို ကြည့်ကာ ပြောလိုက်သည်။ "အစ်မရှန်း... လင်းယွဲ့... ဟွာယင်း... တကယ်လို့ ရွှေအမြူတေအဆင့်အလယ် ရှိတဲ့ အဲဒီ မြေခွေးမိစ္ဆာက ကျွန်မတို့ မိသားစုထဲ တကယ် ဝင်လာခဲ့ရင်... ကျွန်မတို့ ညီအစ်မတွေ စည်းစည်းလုံးလုံး ရှိကြရမယ်နော်၊ သူမရဲ့ နှိပ်စက်တာကို အခံရစေနဲ့။"
"သေချာပေါက်ပေါ့။"
"အင်း။"
"စိတ်မပူပါနဲ့ ယောက်ျားရှိနေသရွေ့တော့... အဲဒီ မြေခွေးမိစ္ဆာရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ပဲ မြင့်မြင့်၊ ကျွန်မတို့ သူမကို ကြောက်နေဖို့ မလိုပါဘူး။"
ကျန်ရှိသော သုံးဦးက တစ်ယောက်ပြီးတစ်ယောက် ကတိကဝတ် ပြုလိုက်ကြတော့သည်။
..............................................................