← Chapters

လျှို့ဝှက်နယ်မြေ ပြိုလေပြီလား

Vol. 31 Ch. 324

လျှို့ဝှက်နယ်မြေ ပြိုလေပြီလား

Vol. 31 Ch. 324

ဂူခန်းမဆောင်၏ မျက်နှာကြက်ဆီမှ ကျောက်သားများ အက်ကွဲသံများလည်း အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ကျောက်တိုင်နှင့် မျက်နှာကြက် ထိစပ်နေသော နေရာမှ ကျောက်တုံးများသည် စတင်ကွာကျလာသည်။ ကျောက်တိုင်ကြီးသည် မျက်နှာကြက်ကို ထောက်ထားရုံသက်သက် မဟုတ်ဘဲ မျက်နှာကြက်ကို ဖောက်ထွက်ကာ အထက်ရှိ ကျောက်ဆောင်များအတွင်းသို့ နက်ရှိုင်းစွာ မြုပ်ဝင်နေခြင်းပင်။

စင်မြင့်ထက်တွင် ငွေရောင်အလင်းတန်းများ လင်းလက်နေပြီး တဖြည်းဖြည်းနှင့် ကြီးမားသော စွမ်းအားတစ်ခုအဖြစ်သို့ စုစည်းသွားကာ ကျောက်တိုင်ကြီးကို အထက်သို့ ဖြည်းညှင်းစွာ တွန်းတင်လိုက်သည်။ ရုတ်တရက် ငွေရောင်အလင်းတန်းများသည် ကောင်းကင်မှ ကြယ်တာရာများ မြေပြင်သို့ သက်ဆင်းလာသည့်အလား စူးရှစွာ တောက်ပလာပြီး မြေအောက်ခန်းမဆောင်ကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။

ကျောက်တိုင်ကြီးသည် ထိုစွမ်းအား၏ ရိုက်ခတ်မှုကြောင့် ဇက်ကြိုးပြတ်သွားသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ရုတ်ချည်းပင် အထက်သို့ ထိုးတက်သွားတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

ကျောက်တိုင်ကြီးသည် ကျောက်သားမျက်နှာကြက်ကို ဖောက်ထွက်သွားရာ နားကွဲလုမတတ် အသံကြီးများ ထွက်ပေါ်လာပြီး မျက်နှာကြက်တစ်ခုလုံး ပြိုကျတော့မည့်အတိုင်း ဖြစ်နေသည်။ ခန်းမဆောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဖုန်မှုန့်များနှင့် ကျောက်တုံးအကျိုးအပဲ့များ နေရာအနှံ့ ကွာကျလာခဲ့သည်။ ကျောက်တိုင်ကြီးက မျက်နှာကြက်ကို ဆက်လက် ဖောက်ထွက်သွားပြီး ကျယ်ဝန်းသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

သံကြိုးလေးချောင်းစလုံး ပြတ်တောက်သွားသည်နှင့် လေမိုးကြိုးရွှေမျက်လုံးသားရဲလည်း အားကုန်သုံးပြီး ကျောက်ခေါင်းတလားပေါ်သို့ ခုန်တက်ကာ ၎င်း၏ ခြေလက်များတွင် စွဲမြုပ်နေသော သံကြိုးများကို ဆွဲထုတ်လိုက်သည်။ သံကြိုးများနှင့်အတူ နက်မှောင်ပြီး ဆွေးမြည့်နေသော အသားစိုင်များပါ ပြုတ်ထွက်သွားသည်။

“ဝူး...”

အချုပ်အနှောင်မှ လွတ်မြောက်သွားသော လေမိုးကြိုးရွှေမျက်လုံးသားရဲက ရှည်လျားစွာ အော်ဟစ်မြည်ဟီးလိုက်ရာ ထိုအသံသည် မိုးကြိုးပစ်သည့်အလား ခန်းမဆောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ပြင်းထန်လှသော အငွေ့အသက်များသည် သားရဲကြီးထံမှ ပေါက်ကွဲထွက်လာပြီး ၎င်းက ခန်းမဆောင်တစ်ခုလုံးကို အထင်သေးသော မျက်လုံးများဖြင့် ငုံ့ကြည့်လိုက်သည်။

ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူလေးဦးလည်း လှုပ်ရှားမှု တစ်စုံတစ်ရာ မလုပ်ဝံ့ဘဲ လေမိုးကြိုးရွှေမျက်လုံးသားရဲကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။ လေမိုးကြိုးရွှေမျက်လုံးသားရဲထံမှ ထွက်ပေါ်လာသော ဖိအားသည် ဝိညာဥ်သန္ဓေအဆင့် အထွတ်အထိပ် ရောက်နေသော ကျင့်ကြံသူထက်ပင် သာလွန်နေပေသည်။

ပြင်းထန်စွာ ဒဏ်ရာရထားသော ယွမ်ဟောက်ပင်လျှင် မတ်တပ်ရပ်လိုက်ပြီး ထောင့်တစ်နေရာသို့ ဆုတ်ခွာကာ လေမိုးကြိုးရွှေမျက်လုံးသားရဲကို စောင့်ကြည့်နေခဲ့သည်။

လေမိုးကြိုးရွှေမျက်လုံးသားရဲသည် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ လေးဦးကို အနည်းငယ်မျှ လှမ်းကြည့်ပြီးနောက် မျက်နှာလွှဲသွားခဲ့ကာ ၎င်းတို့ကို မျက်စိထဲပင် မထည့်တော့သည့်အလား ဂရုမစိုက်တော့ပေ။ ထို့နောက် အထက်သို့ မြင့်မားစွာ ခုန်တက်ကာ မျက်နှာကြက်ရှိ အပေါက်ကြီးမှတဆင့် ထွက်ခွာသွားလေတော့သည်။

လေမိုးကြိုးရွှေမျက်လုံးသားရဲ ထွက်ခွာသွားသည်ကို မြင်မှသာ အားလုံး သက်ပြင်းချနိုင်တော့သည်။ ထိုသားရဲကြီးထံမှ ဖိအားသည် ကြီးမားလွန်းလှသည်။ ၎င်း၏ ရှေ့မှောက်တွင် သူတို့သည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးထဲ၌ လွင့်မျောနေသော လှေငယ်တစ်စင်းကဲ့သို့ သေးငယ်ကာ အားနည်းလွန်းသည်ဟု ခံစားခဲ့ရသည်။

ယင်ရှို့တစ်ယောက်သာလျှင် တစ်ခုခုကို ရိပ်မိသွားသည့်အလား သံသယမျက်ဝန်းများဖြင့် မျက်နှာကြက်ရှိ အပေါက်ကြီးကို စိုက်ကြည့်ကာ မျက်မှောင်ကုတ်နေခဲ့သည်။ လေမိုးကြိုးရွှေမျက်လုံးသားရဲနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားနေရခြင်း ဖြစ်သည်။ ခဏအကြာတွင် မည်သည့်အရာ လွဲချော်နေသည်ကို သတိပြုမိသွားသည်။

လေမိုးကြိုးရွှေမျက်လုံးသားရဲ ထွက်ခွာသွားချိန်တွင် ၎င်းသည် ဆေးဖိုကိုပါ တစ်ပါတည်း ယူဆောင်သွားခဲ့သည်။ဟ၎င်း၏ အင်အားသည် ဝိညာဥ်သန္ဓေအဆင့် အထွတ်အထိပ်ထက်ပင် သာလွန်နေပါလျက်နှင့် ဝိညာဥ်ဖျက်နတ်ဆိုးဆေးလုံးကို ဘာ့ကြောင့် လိုအပ်နေရသနည်း။ ဆေးဖိုထဲတွင် ရှိနေသည်မှာ ဆေးလုံးများ မဟုတ်ဘဲ အခြားအရာတစ်ခုခု ဖြစ်နေ၍လော။ ယင်ရှို့သည် လေမိုးကြိုးရွှေမျက်လုံးသားရဲ၏ ခြေထောက်များပေါ်ရှိ မည်းမှောင်ပြီး ဆွေးမြည့်နေသော အသားစများကို ပြန်သတိရသွားသည်။

ယင်ရှို့၏ မျက်လုံးများ ရုတ်ချည်း တောက်ပလာပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်တော့သည်။

“လေမိုးကြိုးရွှေမျက်လုံးသားရဲက ငါတို့ကို လှည့်စားသွားတာပဲ။ သူ့အော်ရာက အတုတွေ။ သူက သေဆုံးခဲ့ပြသား။ ငါတို့ မြင်လိုက်ရတာက သားရဲရဲ့ ရုပ်အလောင်းကို အသုံးပြုပြီး လုပ်ထားတဲ့ အစွမ်းထက် အလောင်းရုပ်သေးတစ်ခုပဲ”

“အလောင်းရုပ်သေး ဟုတ်လား။”

ကျန်ရှိနေသော သုံးဦးက ယင်ရှို့ကို မယုံကြည်နိုင်သလို စိုက်ကြည့်လိုက်ကြသည်။

“ဒါဆို အဲဒါက ဘာလို့ လှုပ်ရှားနေရတာလဲ။ အလောင်းရုပ်သေးက အသိဉာဏ် ရသွားတာလား

ရှင်းကောင်းဟန်က စိတ်ရှုပ်ဟန်ဖြင့် မေးမြန်းလိုက်သည်။

“အလောင်းရုပ်သေးက အသိဉာဏ်ရသွားတာ မဟုတ်လောက်ဘူး၊ အစွမ်းထက်တဲ့ ဝိညာဥ်တစ်ခုက လေမိုးကြိုးရွှေမျက်လုံးသားရဲရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာပဲ ဖြစ်ရမယ်”

ယင်ရှို့က နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူပီပီ ဖြစ်နိုင်ခြေကို မှန်းဆဖြေကြားလိုက်သည်။

ထို့နောက် စကားပင် မဆုံးသေးခင်မှာပင် သူ့ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မျက်နှာကြက်ရှိ အပေါက်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ ကျန်ရှိနေသော သုံးဦးသည်လည်း ချက်ချင်းပင် နောက်မှ လိုက်ပါလျက် လေထဲသို့ ပျံတက်သွားကြသည်။

ယွမ်ဟောက်ကမူ လိုက်သွားရန် အလျင်မလိုခဲ့ပေ။ သူ့ဒဏ်ရာမှာ အလွန်ပြင်းထန်လှသဖြင့် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ လေးဦးနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေး မရှိတော့ပေ။ ရုတ်တရက် သူ့အထက်ကောင်းကင်တွင် အမှောင်ရိပ်တစ်ခု ဖုံးလွှမ်းသွားသဖြင့် မော့ကြည့်လိုက်ရာ လေလင်းယုန်က ၎င်း၏ တောင်ပံများကို ခတ်လျက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။

အနားရောက်သည်နှင့် လေဟုန်လင်းယန်ဖုန်းယင်က စကားစလာသည်။

“ယွမ်ဟောက်... မြင့်မြတ်နတ်ဆိုးသားရဲရဲ့ ရုပ်အလောင်းက မင်းရှေ့တင်မှာ ရှိနေတာကို ဘာလို့ သွားမလုတာလဲ”

ယွမ်ဟောက်သည် ကောင်းကင်ရှိ လေဟုန်လင်းယုန်ကို လှမ်းကြည့်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“ငါတို့ အသက်ရှင်ကျန်ရစ်တာတင် ကံကောင်းလှပြီ။ ဒီလောက် ဒဏ်ရာအပြင်းအထန် ရထားတာကို ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ လေးယောက်ဆီကနေ မြင့်မြတ်နတ်ဆိုးသားရဲရဲ့ ရုပ်အလောင်း လုဖို့ ကြိုးစားရင် သေဖို့ပဲ ရှိမယ်။ ယင်ရှို့ ပြောသလိုပဲ၊ အဲဒီသားရဲက အလောင်းရုပ်သေး ဖြစ်သွားပြီဆိုမှတော့ သူ့ရဲ့ သွေးအဆီအနှစ်တွေလည်း ကုန်ခမ်းသွားလောက်ပြီ။ ငါတို့ သန့်စင်ဖို့၊ စုပ်ယူဖို့ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး”

လေဟုန်လင်းယုန်က လှောင်ပြုံးပြုံးလိုက်သည်။

“မမေ့ပါနဲ့... ငါတို့ ဒီနေရာကို မြင့်မြတ်နတ်ဆိုးသားရဲရဲ့ သွေးမျိုးဆက်ကို အသုံးချပြီး လိုက်လာခဲ့တာ။ ဒါက သားရဲရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးအဆီအနှစ်အချို့ ကျန်ရှိနေသေးတာကို သက်သေပြနေတာပဲ၊ အဲဒီသွေးက အားနည်းမှာလည်း မဟုတ်ဘူး။ မဟုတ်ရင် သွေးမျိုးဆက် လျှို့ဝှက်နည်းစနစ်က အလုပ်လုပ်မှာ မဟုတ်ဘူး”

ယွမ်ဟောက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ “မင်းပြောတာကလည်း ကျိုးကြောင်းဆီလျော်မှု ရှိသားပဲ၊ ဒါပေမဲ့ ငါတို့က ရှင်းကောင်းဟန်တို့ လူစုကို ဘယ်လို အနိုင်ယူမှာလဲ”

“အားမလျှော့သရွေ့ အခွင့်အရေး ရှိလာမှာပါ”

ထိုအချိန်တွင် ဂူခန်းမဆောင်၏ မျက်နှာကြက်တစ်ခုလုံး အက်ကွဲလာပြီး ကျောက်တုံးများ အဆက်မပြတ် ကွာကျလာတော့သည်။

“သွားကြစို့။ ဒီခန်းမဆောင်က ပြိုကျတော့မယ်”

........

ထိုအချိန်တွင် အေးချမ်းစွာ ကျင့်ကြံနေသော စုန်ဝမ်မှာ ဆိုးရွားလှသည့် ကံကြမ္မာကြောင့် အတော်လေး စိတ်ပျက်နေသည်။ မြေအောက် ယာယီဂူထဲတွင် ကျင့်ကြံနေစဥ် မြေပြင်သည် ရုတ်တရက် တုန်ခါလာပြီး ပြိုကျလာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

ယခုမူ ကျင့်ကြံမှုကို ချက်ချင်းရပ်စဲပြီး အစီအရင်များ ရုပ်သိမ်းကာ မြေအောက်မှ တိုးထွက်လာခဲ့ရသည်။ မြေပေါ်ရောက်သည်နှင့် လျှို့ဝှက်နယ်မြေတစ်ခုလုံး ငလျင်လှုပ်ခတ်နေသည့်အလား ပြင်းထန်စွာ တုန်ခါနေသည်ကို သတိပြုမိလိုက်သည်။ တောင်များပေါ်မှ ကျောက်တုံးများ လိမ့်ဆင်းလာနေသည်။

“ဘာတွေဖြစ်နေတာလဲ။ လျှို့ဝှက်နယ်မြေ ပြိုကျတော့မှာလား”

စုန့်ဝမ် စိုးရိမ်စိတ်များ တိုးပွားလာကာ လေထဲသို့ ပျံတက်လိုက်ပြီး တောင်တန်းနှင့် ဝေးရာဆီသို့ ဦးတည်ပျံသန်းခဲ့သည်။ အကယ်၍ လျှို့ဝှက်နယ်မြေတစ်ခုလုံး အမှန်တကယ် ပျက်စီးနေပါက တောင်တန်းနှင့် နီးစပ်သော နေရာများသည် အန္တရာယ်အရှိဆုံး နေရာများ ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

မိုင်ဝက်ခန့် ပျံသန်းမိရုံရှိသေး အငြိုးကြီးတစ္ဆေ တစ်ကောင်နှင့် ပက်ပင်းတိုးတော့သည်။ ၎င်းမှာ ဒုတိယအဆင့်နှစ်မျှသာ ဖြစ်သဖြင့် မည်သည့်ခြိမ်းခြောက်မှုမျှ မရှိဘဲ အလွယ်တကူပင် နှိမ်နင်းကာ ဝါးမြိုပစ်လိုက်နိုင်သည်။ သို့သော်လည်း ထိုအကောင် ပေါ်ပေါက်လာခြင်းကြောင့် စုန့်ဝမ် ပိုမိုစိုးရိမ်စပြုလာသည်။

ဤလျှို့ဝှက်နယ်မြေ၏ အထက်ပိုင်းသို့ ရောက်လေလေ တစ္ဆေမြူခိုးများ ပိုမိုထူထပ်လာပြီး အငြိုးကြီးတစ္ဆေများလည်း ပိုမို အစွမ်းထက်လာလေ ဖြစ်သည်။ အောက်ခြေတွင်မူ ယခင်က အငြိုးကြီးတစ္ဆေများကို တစ်ခါမျှ မတွေ့ရှိခဲ့ဖူးပေ။

“ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲက ဒီကောင်တွေကိုပါ သက်ရောက်နေပြီ ထင်တယ်”

ထိုအခိုက် သူ့နောက်ဖက် ဝေးလံသော နေရာဆီမှ မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသံကြီးကို ကြားလိုက်ရသည်။ အသံကြီးများမှာ အားလျော့မသွားဘဲ ပိုမိုကျယ်လောင်လာပြီး တစ်စုံတစ်ယောက်က စည်ကြီးကို အဆက်မပြတ် တီးခတ်နေသည့်အလားပင်။

ဤအသံသည် တောင်ပေါ်မှ ကျောက်တုံးအမြောက်အမြား လိမ့်ဆင်းလာရုံမက၊ တောင်တန်းတစ်ခုလုံး ပြိုကျလာရာမှ ထွက်ပေါ်လာသည့် အသံဖြစ်ကြောင်း ရိပ်မိသည်နှင့် စုန့်ဝမ်လည်း အရှိန်ကုန်မြှင့်ပြီး တောင်တန်းနှင့် ဝေးရာဆီသို့ ခြေကုန်သုတ် ပြေးပါတော့သည်။

မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။

လေထုသည်လည်း မငြိမ်မသက် ဖြစ်လာပြီး လေပြင်းများက ဦးတည်ရာမဲ့ အရှိန်ပြင်းစွာ တိုက်ခတ်လာသည်။

လျှို့ဝှက်နယ်မြေတစ်ခုလုံး ကောင်းကင်နှင့် မြေကြီး ပြိုပျက်တော့မည့်အလား ပရမ်းပတာ ဖြစ်လာခဲ့သည်။

တောင်တန်းများ ပြိုကျပျက်စီးကုန်သည်။

မြေပြင်များ နိမ့်ဆင်းကျွံဝင်ကုန်သည်။

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာသည်။

ဖုန်မှုန့်များ အရပ်ရှစ်မျက်နှာ ပျံ့နှံ့သွားပြီး မြင်ကွင်းတစ်ခုလုံး ဝေဝါးလာသည်။

“ဘယ်မေဘေးကများ နယ်မြေပွင့်တဲ့အထိ မစောင့်ဘဲ သွားလက်သရမ်းလိုက်တာလဲဟ”

ကမ္ဘာပျက်မတတ် ပျက်စီးယိုယွင်းနေသော မြင်ကွင်းကို ကြည့်ရင်း စုန့်ဝမ် ရူးချင်ချင် ဖြစ်လာတော့သည်။ လျှို့ဝှက်နယ်မြေဆိုသည်မှာ မည်မျှကျယ်ဝန်းသည်ဖြစ်စေ အကန့်အသတ် ရှိစမြဲပင်။ တကယ်ပြိုပျက်ပါက ရှောင်တိမ်းရန် လုံးဝမဖြစ်နိုင်။ အပြင်လောကနှင့် မတူကွဲပြားသော ဟင်းလင်းပြင်တွင် ရှိနေသဖြင့် ပြိုပျက်ပါက ဘေးကင်းစွာ ပြန်ထွက်နိုင်မည်ဟု မည်သူမျှ အာမခံနိုင်မည် မဟုတ်ချေ။

……

All Chapters