ဂူထဲတွင် ကျင့်ကြံခြင်း
Vol. 31 Ch. 315
မိစ္ဆာနှိမ်နင်းဓားဝက်ပါကို ခင်းကျင်းထားပြီး ဖြစ်သော်လည်း စုန့်ဝမ် လုံးဝဥဿုံ စိတ်မချနိုင်သေး။ ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် တစ္ဆေဘုရင်ကို စေလွှတ်လိုက်ပြီး၊ ယင်ယန်လေးသွယ်အစီအရင်ကိုပါ ထပ်မံခင်းကျင်းခဲ့သည်။ ထိုမှသာ စိတ်အေးသွားတော့သည်။
ထို့နောက် ဂူ၏အလယ်ဗဟိုရှိ ကျင်းနက်ကြီးတွင်း ဝင်ရောက်ပြီး ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ကျင်းကြီးမှာ နှစ်ပေါင်းများစွာ သွေးများ ထည့်သွင်းထားခဲ့ဖြင့် မြေသားတွင် သွေးနီရောင်များ ဖျက်မရအောင် စွဲထင်နေသည်။ အလောင်းခွဲစိတ်ဂူတွင် ကာလရှည် လုပ်ကိုင်ခဲ့သော စုန့်ဝမ်အတွက် ထိုသို့သော ပတ်ဝန်းကျင်မှာ အဆန်းမဟုတ်။
တည်ငြိမ်စွာ ထိုင်လိုက်ပြီး ဝိညာဥ်ထိုးဖောက်နည်းစနစ်၏ ဒုတိယအဆင့် ကျင့်စဥ်နည်းလမ်း ပါရှိသော ကျောက်စိမ်းပြားကို ထုတ်ယူပြီး စတင်လေ့လာတော့သည်။ ပထမအဆင့်နှင့် နှိုင်းယှဥ်ပါက ဒုတိယအဆင့်မှာ သိသိသာသာ ပိုမိုခက်ခဲသည်။ ဒုတိယအဆင့်တွင် ပိုမိုများပြားသော ဝိညာဥ်စွမ်းအင်ကို ထိန်းချုပ်ပြီး ဝိညာဥ်စွမ်းအင်ဓားများအဖြစ် ဖွဲ့တည်ရမည် ဖြစ်သည်။ ဓားအရွယ်အစား ပိုမိုကြီးမားလာသလို၊ အရေအတွက်လည်း ပိုလာကာ စွမ်းအားသည်လည်း ဆယ်ဆမက ပိုမိုပြင်းထန်လာသည်။ ဒုတိယအဆင့် အောင်မြင်ပါက အများဆုံး ဓားသုံးစင်းအထိ တပြိုင်နက် ဖန်တီးနိုင်သည်။
စုန့်ဝမ်သည် ကျင့်ကြံခြင်းထဲသို့ စိတ်နှစ်မြှုပ်ထားခဲ့ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် အချိန်ခြောက်လခန့် ကုန်လွန်သွားခဲ့လေသည်။ ဤအချိန်အတောအတွင်း ချီနှင့် ဝိညာဥ်စွမ်းအင် ပြန်လည်ဖြည့်တင်းရန် ဆေးလုံးများကို အကြိမ်အနည်းငယ် သောက်သုံးခဲ့ရသည်။ အထူးသဖြင့် ကျင့်ကြံမှုတွင်သာမက၊ မိစ္ဆာနှိမ်နင်းဓားဝက်ပါ အခင်းအကျင်းကို အားဖြည့်တင်းရသဖြင့် ဝိညာဥ်စွမ်းအင် ကုန်ခမ်းမှုကို ပိုမိုများပြားခဲ့ရသည်။
ကျင့်စဥ် အရှိန်မြှင့်တင်ရမည့်နေ့တွင် စုန့်ဝမ် ကောင်းကင်ဝိညာဥ်ဆေးလုံးကို မျိုချလိုက်သည်။ ချက်ချင်းပင် ထိုဆေးလုံးက စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သိစိတ်ပင်လယ်ထဲသို့ စီးဝင်သွားသည်။ ဆေးလုံးစွမ်းအင်က ဝိညာဥ်စွမ်းအင်ကို ပိုမိုသိပ်သည်းစေရန် အထောက်အကူ ပြုသဖြင့် များမကြာမီ သုံးလက်မခန့်ရှိသော ကြည်လင်ပြတ်သားသည့် ဝိညာဥ်စွမ်းအင်ဓားတစ်စင်း နဖူးရှေ့တွင် ဖြစ်ပေါ်လာသည်။ ခဏအကြာတွင် ဒုတိယဓားတစ်စင်းလည်း ထပ်မံထွက်ပေါ်လာသည်။
လောလောဆယ်တွင် ဝိညာဥ်စွမ်းအင်ဓားနှစ်စင်း ဖန်တီးနိုင်ခြင်းမှာ စုန့်ဝမ်၏ အကန့်အသတ်ပင် ဖြစ်သည်။ တတိယမြောက်ဓားကို ဖန်တီးရန်အတွက်မူ ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကြံသူတစ်ဦး၏ ဝိညာဥ်စွမ်းအင် လိုအပ်မည် ဖြစ်သည်။
ဝိညာဥ်စွမ်းအင်ဓားနှစ်စင်းသည် စုန့်ဝမ်၏ စိတ်စေရာအတိုင်း သူ့ပတ်ပတ်လည်တွင် ပျံဝဲနေကြပြီး လိပ်ပြာများကဲ့သို့ ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနေကြသည်။ အတန်ကြာ လေ့ကျင့်ပြီးနောက် ထိုဓားများကို ပြန်လည်ရုပ်သိမ်းကာ ကျင့်ကြံမှုကို အပြီးသတ်လိုက်သည်။
ဝိညာဥ်စွမ်းအင်ဓားများသည် ဝိညာဥ်စွမ်းအင်ကို ခဲထားခြင်းဖြစ်ရာ ၎င်းတို့ကို ထုတ်ဆင့်ခြင်းက ဝိညာဥ်စွမ်းအင်ကို လျင်လျင်မြန်မြန် ကုန်ခမ်းစေသည်။ အန္တရာယ်များက နေရာအနှံ့ ပုန်းအောင်းနေသဖြင့် မမျှော်လင့်ထားသော အခြေအနေများအတွက် အင်အားကို ချွေတာထားရဦးမည် ဖြစ်သည်။
စုန့်ဝမ်သည် မတ်တပ်ရပ်ပြီးနောက် ကျင်း၏ အောက်ခြေကို ငုံ့ကြည့်လိုက်သည်။ ကျင်း၏ အလယ်ဗဟိုရှိ သေးငယ်သော နေရာတစ်ခုတွင် ယခင်က နီညိုရောင်ရှိသော မြေပြင်သည် ပိုမိုတောက်ပသော သွေးနီရောင်အဖြစ်သို့ ပြောင်းလဲနေပြီး၊ ၎င်းသည် သူ့အော်ရာကြောင့် တစ်ခုခု နိုးထလာသည့်အလား ဖြစ်နေသည်။ ဤထူးဆန်းသော အခြေအနေကို လွန်ခဲ့သော ငါးလကတည်းက သတိပြုမိခဲ့သော်လည်း ထိုအချိန်က သိပ်ပြီး ဂရုမစိုက်မိခဲ့ချေ။ သို့သော်လည်း လွန်ခဲ့သော လများအတွင်း တဖြည်းဖြည်း ပိုမိုနီရဲလာခဲ့ရာ၊ ယခုအခါ ပတ်ဝန်းကျင်နှင့် ကွဲပြားစွာ ထင်ရှားလှသော သွေးနီရောင်ရင့်ရင့် ဖြစ်နေပြီ ဖြစ်သည်။
ခဏမျှ တွေးတောပြီးနောက် ဝိညာဥ်စွမ်းအားကို အသုံးပြု၍ ကြေးညိုမီးဖိုကြီး၏ ပျက်စီးနေသော အောက်ခြေခုံကို ဆွဲယူလိုက်ပြီး သေချာစွာ စစ်ဆေးကြည့်ရာ ဖို၏အောက်ခြေတွင် အပ်တစ်ချောင်းစာ အရွယ်အစားရှိသော အပေါက်ငယ်တစ်ခုကို တွေ့ရသည်။ ထိုအောက်ခံခုံကို ကျင်းထဲတွင် ပြန်ချထားပါက ထိုအပေါက်သည် အရောင်ပြောင်းနေသော နေရာအကွက်၏ အလယ်ဗဟိုနှင့် ကွက်တိကျနေမည် ဖြစ်သည်။
စုန့်ဝမ် အလောင်းဘုရင်သွေးသန့်စင်ကျင့်စဥ် လည်ပတ်ပြီး၊ ဖုတ်ကောင်လက်ဖြင့် မြေပြင်ကို တူးဆွရန် ပြင်လိုက်သည်။ သို့သော် မြေပြင်နှင့် ထိလုဆဲဆဲတွင် အရှိန်သတ်ပြီး လက်ပြန်ရုပ်လိုက်သည်။ သူ့စိတ်ထဲတွင် တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားမိပြီး စိတ်ထင့်လာသဖြင့် လက်ပြန်ရုပ်ကာ ကျင့်စဥ်လည်ပတ်မှု ရပ်စဲလိုက်ခြင်းပင်။
ထို့နောက် ကျင်းနှုတ်ခမ်းဝသို့ ခုန်တက်ကာ မြေပြင်ကို တူးဖောက်ရန် ဓားပျံတစ်လက် ဆင့်ခေါ်လိုက်သည်။ သို့တိုင်အောင် စိတ်ထဲ၌ မတင်မကျ ဖြစ်နေဆဲပင်။ ထို့ကြောင့် ပိုမိုသေချာစေရန် သွေးသန့်စင်ဂူ၏ ဝင်ပေါက်ဆီသို့ သွားပြီး၊ အရေးကြုံပါက ဓားဝက်ပါကို ချက်ချင်းဖျက်သိမ်းကာ ထွက်ပြေးရန် အသင့်ပြင်ထားလိုက်သည်။
ပြီးနောက် ဓားပျံကို သိမ်းဆည်းကာ တစ္ဆေဘုရင်ကို ကျင်းထဲသို့ စေလွှတ်လိုက်သည်။ တစ္ဆေဘုရင်လည်း အရောင်ပြောင်းလဲနေသော နေရာကို စတင်တူးဆွတော့သည်။ သူစိုးရိမ်ခဲ့သော အန္တရာယ်များ ထွက်ပေါ်မလာခဲ့သဖြင့် စုန့်ဝမ် စိတ်သက်သာရာ ရသွားသည်။ သို့တိုင်အောင် အန္တရာယ် အငွေ့အသက်ကို ခံစားနေရဆဲပင်။
ကျင်းအောက်ခြေရှိ ကျောက်သားပြင်မှာ အလွန်တရာ မာကျောလှသည်။ ၎င်းမှာ လူလုပ်အရာဝတ္ထု ဖြစ်ပြီး၊ အထူးနည်းလမ်းများဖြင့် ပြုပြင်မွမ်းမံထားပုံရသည်။ အစီအရင်အင်းကွက်များ ထွင်းထုထားသော်လည်း၊ အချိန်ကာလ ကြာမြင့်မှုကြောင့် စွမ်းရည်များ ဆုံးရှုံးနေခဲ့သဖြင့်သာ တော်ရော့သည်။
အမွှေးတိုင် နှစ်တိုင်ထွန်းစားခန့် အချိန်ယူပြီးမှသာ တစ္ဆေဘုရင်လည်း ထိုအရောင်ပြောင်းနေသော ကျောက်သားပြင်ကို ဖြတ်ထုတ်နိုင်ခဲ့သည်။ တစ္ဆေဘုရင်လည်း ဖြတ်ထုတ်ပြီးသည်နှင့် သွေးနီရောင် အရာဝတ္ထုကို စုန့်ဝမ်ဆီသို့ သယ်ဆောင်လာခဲ့သည်။ ထိုအရာသည် အလျား၊ အနံ၊ အထူ တစ်ပေစီခန့် ရှိပြီး လမ်းခင်းကျောက်ပြားတစ်ခုနှင့် တူလှသည်။
တစ္ဆေဘုရင်သည် ထိုအရာကို တစ္ဆေစွမ်းအင်ဖြင့် ပင့်မထားစဥ် မနည်းရုန်းကန်နေရသဖြင့် ၎င်းအရာဝတ္ထုမှာ အလွန်တရာ လေးလံကြောင်း သိသာစေသည်။
စုန့်ဝမ်က ထိုသွေးကျောက်ပြားကို ချက်ချင်းမယူဘဲ၊ ဝိညာဥ်အာရံဖြင့် အတန်ကြာ စစ်ဆေးသော်လည်း ထူးခြားသော အချက်ကို ရှာမတွေ့နိုင်ခဲ့ပေ။ မည်သို့သော စွမ်းအင်အငွေ့အသက်မှ ထွက်ပေါ်မလာသဖြင့် ၎င်းသည် သာမန် သွေးနီရောင် ကျောက်တုံးတစ်ခုထက် မပိုပုံရသည်။
စုန့်ဝမ်လက်ကို ဆန့်ထုတ်လျက် တစ္ဆေဘုရင်ထံမှ ထိုသွေးကျောက်ပြားကို လှမ်းယူလိုက်သည်။ သွေးကျောက်ပြားကို ဆုပ်ကိုင်မိသည်နှင့် ၎င်း၏ အလေးချိန်ကြောင့် လက်ပင် ချက်ချင်း နိမ့်ဆင်းသွားပြီး၊ လွတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။ ထိုကျောက်ပြား၏ အလေးချိန်မှာ အံ့ဩစရာ ကောင်းလှပြီး ကီလိုဂရမ် သိန်းချီ၍ လေးလံနေသည်။ အကယ်၍ ဤအရာကို လက်နက်တစ်ခုအဖြစ် သန့်စင်နိုင်ပါက၊ သာမန်အတိုင်း ပစ်ပေါက်လိုက်ရုံမျှဖြင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို သေဆုံးစေလိမ့်မည်။
ချက်ချင်းပင် စုန့်ဝမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ထိုသွေးကျောက်ပြားကို အလျင်အမြန် လွှတ်ချလိုက်သည်။ ထိုသွေးကျောက်ပြားကို ကိုင်ထားသည့် အခိုက်အတန့်တွင် ပြင်းထန်လှသော သွေးစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည် မဟုတ်ပါလား။ ထိုခံစားချက်သည် သူတစ်ပါး၏ သွေးအဆီအနှစ်ကို စုပ်ယူစဥ် ခံစားရသည့် ခံစားချက်နှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။ သို့သော် အဆမတန် အားပြင်းလွန်းလှသည်။
စုန့်ဝမ် ဝိညာဥ်အာရုံဖြင့် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သည်။ သွေးစွမ်းအင် တိုးတက်လာခြင်းမှလွဲ၍ ပုံမှန်မဟုတ်သော ဖြစ်စဥ်များ မရှိခဲ့ချေ။
"ဒီအရာက ရေတွက်လို့မရတဲ့ သွေးအဆီအနှစ် ပမာဏနဲ့ သွန်းလုပ်ထားတာများလား"
စုန့်ဝမ်သည် မြေပြင်တွင် ရှိနေသော သွေးကျောက်ပြားကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
သူ ယခုလေးတင် စုပ်ယူလိုက်မိသော သွေးအဆီအနှစ်သည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ စုစုပေါင်း သွေးအဆီအနှစ် ပမာဏနှင့် ညီမျှသော်လည်း၊ ဤသွေးကျောက်ပြားအတွက်မူ ဤပမာဏသည် ပြောပလောက်ခြင်း မရှိပုံရသည်။ ကျောက်ပြားသည် ဘာမျှ ပြောင်းလဲခြင်း မရှိပေ။
"ဘယ်သူက ဒီလို ထူးဆန်းတဲ့ အရာမျိုးကို ဖန်တီးခဲ့တာလဲ" တွေးရင်း စုန့်ဝမ်သည် စိတ်ရှုပ်ထွေးသွားသည်။
မင်ရှန်တောင်ဟု အမည်ရသော ဤလျှို့ဝှက်နယ်မြေမှာ မြင့်မြတ်သွေးတံခါးဂိုဏ်း လက်အောက်ခံဖြစ်သည့် ဝိညာဥ်နန်းတော်၏ အဆုံးမဲ့ပင်လယ်ရှိ အခြေစိုက်စခန်းတစ်ခု ဖြစ်နိုင်ခြေ များသည်။ မြင့်မြတ်သွေးတံခါးဂိုဏ်းသည် ၎င်း၏ အကောင်းဆုံးအချိန်တွင် မည်မျှအထိ အင်အားကြီးမားခဲ့မည်နည်းဟု တွေးတောရင်း စုန့်ဝမ် မအံ့ဩဘဲ မနေနိုင်ခဲ့ချေ။ ဤမျှ အစွမ်းထက်သော အင်အားစုကြီးပင် အချိန်မြစ်၏ တိုက်စားမှုအတွင်း ပျောက်ကွယ်သွားခဲ့ရသည်။
ထိုသွေးကျောက်ပြားသည် လောလောဆယ်တွင် အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက်၊ ၎င်းကို သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းလိုက်သည်။ ထိုသွေးကျောက်ပြားမှာ အစွမ်းထက် စည်းတံဆိပ်ဖြင့် ခပ်နှိပ်ထိန်းချုပ်ထားပုံ ရသည်။ ၎င်း၏ သွေးအဆီအနှစ် တစ်စက်မျှ အပြင်သို့ ယိုစိမ့်ခြင်း မရှိချေ။ ဤအချက်ကြောင့်ပင် ၎င်းသည် ဘာဆုံးရှုံးမှုမျှမရှိဘဲ ခေတ်အဆက်ဆက် တည်ရှိနေခဲ့ခြင်း ဖြစ်နိုင်သည်။
ရှင်းမိသားစု၏ ကျင့်ကြံသူများသည် ၎င်း၏ တည်ရှိမှုကို ရိပ်မိခဲ့ပုံ မရ။ စုန့်ဝမ်သာ မြင့်မြတ်သွေးတံခါးဂိုဏ်းမှ ဆင်းသက်လာသည့် အလောင်းဘုရင်ကျင့်စဥ်များ ကျင့်ကြံထားသဖြင့် တိုက်တိုက်ဆိုင်ဆိုင် ကံစပ်ခဲ့ခြင်းပင်။ ထိုကျောက်ပြား၏ အသုံးဝင်ပုံကို ရေရေရာရာ မသိသေးသော်လည်း၊ ၎င်းသည် ရေရှည်အတွက် သွေးအဆီအနှစ်များ အမြဲမပြတ် ထောက်ပံ့ပေးနိုင်မည်ကိုမူ စုန့်ဝမ် သေချာပေါက် သိရှိသည်။ အခြား အသုံးဝင်မှု မရှိလျှင်ပင်၊ သွေးအဆီအနှစ် ပြန်လည်ဖြည့်တင်းနိုင်စွမ်း မြင့်မားလွန်းသဖြင့် သွေးအဆီအနှစ် ရောင်းချပြီး ဝိညာဥ်ကျောက် အမြောက်အမြား ရှာဖွေရန် ဖြစ်နိုင်ခြေပင် ရှိသေးသည်။
ထို့နောက် သွေးသန့်စင်ဂူအတွင်း လှည့်ပတ်စစ်ဆေးပြီး ထူးခြားချက် တစ်စုံတစ်ရာ မတွေ့ရတော့သဖြင့် ပြန်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ တစ္ဆေဘုရင်ကို တစ္ဆေအလံထဲသို့ ပြန်လည်သိမ်းဆည်းပြီးနောက် မိုးကြိုးနည်းစနစ် အသက်သွင်းကာ တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။ အပြည့်အဝ ပြင်ဆင်ပြီးနောက် မိစ္ဆာနှိမ်နင်းဓားဝက်ပါကို ဖျက်သိမ်းလိုက်သည်။
လမ်းကြောင်းထဲ ဝင်လိုက်သည်နှင့် မျှော်လင့်ထားသလို အငြိုးကြီးတစ္ဆေအုပ်စုကို မတွေ့ရဘဲ၊ တစ်ကောင်တည်းသာ ရှိနေသဖြင့် စုန့်ဝမ် အနည်းငယ် အံအားသင့်သွားသည်။ ထိုအငြိုးကြီးတစ္ဆေမှာ တတိယအဆင့် နှောင်းပိုင်းဖြစ်သဖြင့် အားတော့ မနည်းလှပေ။ ၎င်းတွင် သွေးကဲ့သို့ နီရဲသော မျက်လုံးများရှိသည့် ဧရာမနွားခေါင်းတစ်ခု ရှိပြီး၊ အကြေးခွံများ ဖုံးလွှမ်းနေသော လူသားပုံသဏ္ဍာန် ခန္ဓာကိုယ်နှင့် နောက်ကျောတွင် ငှက်တောင်ပံတစ်စုံ ပါရှိသည်။
ကျဉ်းမြောင်းလှသော လမ်းကြောင်းထဲတွင် ဝပ်နေသော အငြိုးကြီးတစ္ဆေကလည်း မိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားသည်ကို မြင်လျှင်မြင်ချင်း စုန့်ဝမ်ဆီသို့ ချက်ချင်း ပြေးဝင်လာသည်။
စုန့်ဝမ်က အေးဆေးတည်ငြိမ်စွာဖြင့် လျှပ်စီးလှံနှစ်စင်းကို ပစ်လွှတ်လိုက်သည်။ အငြိုးကြီးတစ္ဆေက တိုးဝင်လာသော လျှပ်စီးလှံများကို ဖယ်ရှားပစ်ရန် တောင်ပံကြီးများကို ခါယမ်းလိုက်သော်လည်း ကျဉ်းမြောင်းသော လမ်းကြောင်းကြောင့် အပြည့်အဝ မဖြန့်နိုင်သဖြင့် ကာကွယ်ရန် အချိန်မရခဲ့ချေ။ မိုးကြိုးလှံများက အငြိုးကြီးတစ္ဆေ၏ နွားခေါင်းကြီးကို ထိမှန်သွားခဲ့ပြီး စူးရှလှသော အလင်းတန်းနှင့် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ လမ်းကြောင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး၊ ဂူမျက်နှာကြတ်မှ ကျောက်သားများပင် ပဲ့ကြွေကျလာသည်။
မိုးကြိုးစွမ်းအင်ကြောင့် အထိနာသွားသော အငြိုးကြီးတစ္ဆေမှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ စူးရှာစွာ အော်ဟစ်နေတော့သည်။ ၎င်း၏ ခွန်အားမှာလည်း မျက်တောင်ခတ်အတွင်းမှာပင် သိသိသာသာ အားနည်းသွားသည်။
ထိုတစ္ဆေ၏ အသံကြောင့် အခြားကောင်များ အုံလိုက်ကျင်းလိုက် ရောက်မလာစေရန် စုန့်ဝမ် မိစ္ဆာနှိမ်နင်းဓားဝက်ပါကို အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို ဓားပျံ ၉ လက်က အငြိုးကြီးတစ္ဆေဘေးမှ ဖြတ်ကျော်ကာ ဂူလမ်းကြောင်းအဝကို ပိတ်ဆို့လိုက်သည်။ များမကြာမီ စုန့်ဝမ် စိတ်ပူသည့်အတိုင်း အငြိုးကြီးတစ္ဆေများ စုပြုံရောက်လာကြသည်။ သိူ့သော် မိုးကြိုးတိမ်တိုက်များ ထူထပ်စွာ စုဝေးနေသဖြင့် ဂူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ရဲခြင်း မရှိဘဲ၊ အဝတွင်သာ တဝဲလည်လည် ဖြစ်နေကြသည်။
……..