အငြိုးကြီးတစ္ဆေအုပ်စုကို သုတ်သင်ခြင်း
Vol. 31 Ch. 316
စုန့်ဝမ်လည်း နွာခေါင်းနှင့် အငြိုးကြီးတစ္ဆေကို အပြတ်ရှင်းရန် မဟာဂူမိုးကြိုးနည်းစနစ်ကို အသက်သွင်းလိုက်သည်။
"ဝုန်း.. ဂျိမ်း…"
ငွေရောင် မိုးကြိုးလျှပ်စီးကြောင်းတစ်ခု အငြိုးကြီးတစ္ဆေကို ထိမှန်သွားပြီး လျှပ်စီးများက ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ စီးဆင်းသွားသည်။
အငြိုးကြီးဝိညာဥ်မှာ ခုခံနိုင်စွမ်း မရှိတော့ဘဲ ဝိညာဥ်ခန္ဓာပင် ပျောက်ကွယ်လုမတတ် မှေးမှိန်လာသည်။ စုန့်ဝမ်လည်း အရင်းအမြစ်တစ်ခု အလဟသမဖြစ်စေရန် လျင်မြန်စွာ ချဥ်းကပ်ပြီး၊ အငြိုးကြီးတစ္ဆေ၏ ဝိညာဥ်ကို သိစိတ်ပင်လယ်ရှိ ဆန်းကြယ်တွင်းနက်ထဲ စုပ်ယူဝါးမြိုလိုက်တော့သည်။
အပေါက်ဝတွင်မူ အငြိုးကြီးတစ္ဆေတချို့ ဓားဝက်ပါကို ချိုးဖျက်ရန် အဆက်မပြတ် တိုက်ခိုက်နေကြသည်။ သို့သော်လည်း ၎င်းတို့ ချဥ်းကပ်လာသည့် အကြိမ်တိုင်းတွင် မိုးကြိုးများ ပစ်ခတ်ခြင်း ခံရသဖြင့် ရှေ့မတိုးနိုင်ဘဲ နောက်ပြန်လန်သွားသည်။ အကြိမ်ကြိမ် ကြိုးပမ်းသော်လည်း အရာမထင်သဖြင့် နောက်ဆုံးတွင် ငြိမ်သက်သွားကြသည်။
နာရီဝက်ခန့် ကြာပြီးနောက် ဂူလမ်းကြောင်းအဝတွင် မည်သည့်လှုပ်ရှားမှုမျှ ထွက်ပေါ်မလာတော့သည့်နောက် စုန်းဝမ်သည် ဓားဝက်ပါကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ရုပ်သိမ်းလိုက်သည်နှင့် မလှမ်းမကမ်းတွင် ပုန်းအောင်း ချောင်းမြောင်းနေပုံရသည့် တတိယအဆင့် အငြိုးကြီးတစ္ဆေ နှစ်ကောင် ဂူလမ်းကြောင်းအတွင်း တရှိန်ထိုး ပြေးဝင်လာကြသည်။
စုန့်ဝမ်လည်း လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး သွေးသန့်စင်ဂူထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ အငြိုးကြီးတစ္ဆေနှစ်ကောင်လည်း တုံ့ဆိုင်းမှု မရှိဘဲ ဂူထဲသို့ လိုက်ပါလာကြသည်။ နှစ်ကောင်လုံး အတွင်းပိုင်း ရောက်လာသည်နှင့် စုန့်ဝမ်က ယခင်နည်းဗျူဟာအတိုင်း လှုပ်ရှားလိုက်ပြန်သည်။ မိုးကြိုးလှံသုံးစင်းက တစ္ဆေနှစ်ကောင်အား ယာယီရပ်တန့်သွားစေပြီး၊ မိစ္ဆာနှိမ်နင်းဓားဝက်ပါက ဂူလမ်းကြောင်းအဝကို ပိတ်ဆို့လိုက်ပြန်သည်။ ထို့နောက် မဟာဂူမိုးကြိုးနည်းစနစ် အသက်သွင်းကာ အငြိုးကြီးတစ္ဆေနှစ်ကောင်ကို အားနည်း ချည့်နဲ့စေပြီး ဝါးမြိုလိုက်သည်။
ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် စုန့်ဝမ်သည် တစ်နာရီကျော်အတွင်း ကျန်ရှိနေသော အငြိုးကြီးတစ္ဆေ ၄ ကောင်ကိုပါ ဝါးမြိုသုတ်သင်နိုင်ခဲ့သည်။
အငြိုးကြီးတစ္ဆေများကို ရှင်းလင်းပြီးနောက် စုန့်ဝမ် အလောင်းခွဲစိတ်ဂူထဲသို့ ထွက်လာခဲ့သည်။ အစောပိုင်းက တိုက်ခိုက်သံများကြောင့် ဂူအပြင်ဘက်မှ လူများ၏ အာရုံကို ဆွဲဆောင်သလို ဖြစ်မည်ကို စိုးရိမ်သဖြင့် သတိဖြင့်သာ လှုပ်ရှားနေခဲ့သည်။ နာရီဝက်ခန့်ကြာအောင် ဂူအတွင်း လှည့်ပတ်စစ်ဆေးသော်လည်း အဖိုးတန်ရတနာ တစ်ခုမျှ မတွေ့ရသလို၊ ပြင်ပမှ လူများလည်း ဝင်ရောက်လာခြင်း မရှိပေ။
ထို့ကြောင့် ပြန်ထွက်ရန် ဆုံးဖြတ်ပြီး တစ္ဆေဘုရင်ကို ဂူဝင်ပေါက်ဆီသို့ သွားရောက်ကင်းထောက်ရန် ညွှန်ကြားလိုက်သည်။ တစ္တေဘုရင်က ဂူအပြင်ဘက်သို့ တရှိန်ထိုး ပြေးထွက်သွားသဖြင့် စုန့်ဝမ် စိုးရိမ်သွားသော်လည်း မည်သည့်တိုက်ခိုက်မှုမျှ ပေါ်မလာသဖြင့် စိတ်သက်သာရာ ရသွားသည်။
စုန့်ဝမ်ကိုယ်တိုင် အပြင်ထွက်လာပြီး စစ်ဆေးသော်လည်း ကျင်းလေ့နှင့် ရှင်းယီရွှမ်းတို့၏ အရိပ်အယောင်ကို လုံးဝမတွေ့ရချေ။ အမှန်တကယ်လည်း မည်သူမျှ ခြောက်လတိုင်တိုင် အချိန်ကုန်ခံပြီး ထိုင်စောင့်နေမည် မဟုတ်ပေ။
စုန့်ဝမ်လည်း တစ္ဆေဘုရင်ကို ပြန်သိမ်းပြီး တောင်အောက်သို့ သတိကြီးစွာထားရင်း ဖြည်းဖြည်းချင်း ပျံသန်းဆင်းသက်လာခဲ့သည်။ ထွက်လာ၍ ပေတစ်ရာ မပြည့်မီမှာပင် ငလျင်လှုပ်သကဲ့သို့ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ ချက်ချင်းဆိုသလို တောင်ထိပ်ပိုင်းမှ ကျောက်တုံးကြီးများ အရှိန်ပြင်းစွာ ကျလာသဖြင့် စုန့်ဝမ်လည်း အရှိန်ကုန်မြှင့်ပြီး ပျံသန်းထွက်ခွာလိုက်ရသည်။
........
ထိုအချိန် ပင်မတောင်ထိပ်ရှိ ခန့်ညားထည်ဝါပြီး ရှေးဆန်သော နန်းတော်ကြီးအတွင်း၌ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ ၄ ဦး ကြေးညိုတံခါးကြီးတစ်ခု ရှေ့တွင် ရှိနေကြသည်။ ထိုကြေးညိုတံခါး၏ ရှေ့ရှိ ကြေးညိုတံခါး ရှစ်ချပ်သည် ပွင့်သွားခဲ့ပြီး ဖြစ်ရာ၊ ၎င်းမှာ ကိုးခုမြောက်တံခါးကြီး ဖြစ်သည်။
ကြေးညိုတံခါးရှေ့တွင် ရှင်းဝမ်ယောင် ထိုင်နေပြီး၊ သူ့ပတ်ပတ်လည်တွင် အစိမ်းရောင် အလံငယ် ကိုးခု ပျံဝဲနေသည်။ ထိုအလံငယ်များသည် ရံဖန်ရံခါ အစိမ်းရောင် အလင်းတန်းများကို ထုတ်လွှတ်ကာ ကြေးညိုတံခါးကို ထိမှန်စေသည်။ အစိမ်းရောင် အလင်းတန်းများ ကြေးညိုတံခါးကို ထိမှန်သည့် အကြိမ်တိုင်းတွင် တံခါးမျက်နှာပြင်ပေါ်၌ တုန်ခါလှိုင်းများ ဖြာထွက်သွားပြီး တုန်ခါသွားသည်။ တံခါးကို ကာကွယ်ထားသော မှော်အစီအရင်မှာ ပွင့်လုနီးပါး ဖြစ်နေကြောင်း ထင်ရှားလှသည်။ ရှင်းကောင်းဟန်၊ ကျင်းဝူမင်နှင့် ယင်ရှို့တို့က ရှင်းဝမ်ယောင်၏ နောက်ဖက် ခပ်လှမ်းလှမ်းတွင် ရပ်နေကြသည်။
ယင်ရှို့က ရှင်းဝမ်ယောင်၏ ကျောပြင်ကို ကြည့်ပြီး ရှင်းကောင်းဟန်ကို စကားစလာသည်။
"ရှင်းကောင်းဟန်... မင်းတို့ ရှင်းမိသားစုက ဒီအကာအကွယ်ကို ဖြိုဖျက်နိုင်ရဲ့လား။ အချိန်ခြောက်လကျော်သွားပြီ၊ ဒီကြေးညိုတံခါးက အခုထိ မပွင့်သေးဘူး"
ရှင်းကောင်းဟန်က "ယင်ရှို့... မင်းကို ဒီမှာနေဖို့ ဘယ်သူမှ မတောင်းဆိုထားဘူး။ မင်းသွားချင်ရင် ထွက်သွား" ဟု အေးစက်ခက်ထန်စွာ ဖြေသည်။
"ဟဲ ဟဲ…. မင်းတို့ ရှင်းမိသားစုက ဒီလျှို့ဝှက်နယ်မြေကို အကြိမ်ကြိမ် ရှာဖွေခဲ့တာတောင် မှော်အစီအရင်တစ်ခုကြောင့် ပိတ်ဆို့ခံနေရတုန်းပဲ။ မင်းတို့ ဒီနှစ်ပေါင်း သုံးရာအတွင်းမှာ ဘာလုပ်နေကြတာလဲ"
"ဒီကြေးညိုတံခါး ကိုးချပ်စလုံးမှာ မတူညီတဲ့ အစီအရင်တွေ ခင်းကျင်းထားတာ။ အဲဒါတွေက အဆုံးမဲ့ပင်လယ် ကျင့်ကြံခြင်းလောကက နည်းစနစ်တွေနဲ့ လုံးဝ ခြားနားတယ်။ ငါတို့ နောက်ဆုံးအကြိမ် ရှာဖွေချိန်က သတ္တမမြောက် တံခါးအထိပဲ ရောက်ခဲ့တာ။ အဋ္ဌမနဲ့ နဝမမြောက် တံခါးတွေအကြောင်း ဘာမှ မသိဘူး၊ ဘယ်လိုလုပ် ကြိုတင်ပြင်ဆင်ထားနိုင်မှာလဲ။ အခုလို ၆ လအတွင်းမှာ တံခါးနှစ်ခုကို ဖြိုဖျက်နိုင်တာကတင် ကံကောင်းလှပြီ"
"ဒီနှစ်ပေါင်း ထောင်ချီအတွင်း မင်းတို့ ရှင်းမိသားစုက ဒီလျှို့ဝှက်နယ်မြေကနေ အကျိုးအမြတ်တွေ အများကြီး ရခဲ့တာ မဟုတ်ဘူးလား"
ရှင်းကောင်းဟန်က ယင်ရှို့ကို စူးစိုက်ကြည့်ရင်း "မင်းက ရှင်းမိသားစု ပိုင်ဆိုင်မှုကို လောဘတက်နေတုန်းပဲလား။ ဒီလျှို့ဝှက်နယ်မြေကို ငါတို့ဘိုးဘေးတွေ ရှာဖွေတွေ့ရှိခဲ့တာ၊ ဒါက ရှင်းမိသားစုနဲ့ပဲ ဆိုင်တယ်။ မင်းက ဒီလျှို့ဝှက်နယ်မြေရဲ့ တည်ရှိမှုနဲ့ ဖွင့်ရမဲ့အချိန်ကို ဘယ်လိုလုပ် သိနေတာလဲ"ဟု မေးလိုက်သည်။
ယင်ရှို့က ပခုံးတွန့်ပြလိုက်သည်။
"ငါတို့ ဝူကျိကျွန်းရဲ့ အမွေအနှစ်က ဝိညာဥ်နန်းတော်က ဆင်းသက်လာတာ။ ဒီလျှို့ဝှက်နယ်မြေက ဝိညာဥ်နန်းတော်ရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုပဲ။ ငါက ဝိညာဥ်နန်းတော်က ချန်ထားခဲ့တဲ့ ရှေးဟောင်းကျမ်းထဲကနေ သိခဲ့တာ။ အဲဒါက ဘာဆန်းလို့လဲ"
စကားပြောနေစဥ်မှာပင် ယင်ရှို့က ရှင်းဝမ်ယောင်ကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ သူ့အနေဖြင့် မင်ရှန်တောင်လျှို့ဝှက်နယ်မြေ တည်ရှိမှုကို ရှေးဟောင်းကျမ်းများ၊ ဖန်ကျူးကျွန်းပေါ်ရှိ ဝိညာဥ်နန်းတော်၏ အပျက်အစီးများထဲမှ အမှန်တကယ် သိရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် တိကျသော တည်နေရာနှင့် အသက်ဝင်မည့် အချိန်ကိုမူ မသိခဲ့ချေ။ နှစ်ပေါင်းများစွာ စုံစမ်းပြီးမှ ရှင်းမိသားစုလက်ထဲ ရောက်ရှိနေကြောင်း သိခဲ့ရသည်။
သို့သော်လည်း ရှင်းမိသားစုက အလွန်အမင်း လျှို့ဝှက်ထားပြီး၊ ဝင်ပေါက်ရှိရာ ချိုင့်ဝှမ်းအတွင်း၌ ၎င်းကို ဖုံးကွယ်ရန်အတွက် အစီအရင်တစ်ခု ခင်းကျင်းထားခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ကုန်သွယ်မှုပွဲတော်တစ်ခုတွင် ရှင်းဝမ်ယောင်နှင့် မတော်တဆ ဆုံတွေ့ခဲ့သည့်အချိန်အထိ တန်ဖိုးရှိသော သဲလွန်စတစ်ခုမျှ မရှာဖွေနိုင်ခဲ့ချေ။ ထိုအချိန်က ရှင်းဝမ်ယောင်သည် သူ၏ အသက်ဓာတ်ကို မြှင့်တင်မည့်ဆေး ဖော်စပ်ရန်အတွက် ကုန်ကြမ်းတစ်ခုကို အသည်းအသန် ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။
ရှင်းမိသားစုသည် အပြင်ပန်းတွင် စည်းလုံးညီညွတ်နေပုံရသော်လည်း အတွင်းပိုင်း၌မူ လုံးဝ စည်းလုံးခြင်း မရှိချေ။ ရှင်းမိသားစု၏ အဓိက အင်အားစု ၃ ခုသည် လျှို့ဝှက်တိုက်ပွဲများ၊ အာဏာလုပွဲများကြောင့် ပဋိပက္ခ ဖြစ်ပွားနေခဲ့သည်။ ယင်ရှို့က ဤအချက်ကို အခွင့်ကောင်းယူကာ ရှင်းဝမ်ယောင်ကို သူလိုအပ်သော ကုန်ကြမ်းပစ္စည်းများ ရှာဖွေပေးပြီး စည်းရုံးခဲ့သည်။ နောက်ဆုံးတွင် ရှင်းဝမ်ယောင်ဆီမှ လျှို့ဝှက်နယ်မြေ ဝင်ပေါက်၏ တည်နေရာနှင့် အသက်ဝင်မည့် အချိန်ကို သိရှိခဲ့ခြင်း ဖြစ်သည်။
ရှင်းကောင်းဟန်က ယင်ရှို့စကားကို မယုံ၊ ရှင်းမိသားစုတွင်းမှ သတင်းပေါက်ကြားသည်ဟုသာ သံသယ ရှိနေဆဲပင်။
"ပေါက်ကရတွေ… မင်းပြောသလိုသာဆို ဝူကျိကျွန်းက ဒီလျှို့ဝှက်နယ်မြေကို အရင်တည်းက ဖွင့်ခဲ့ကြမှာပေါ့၊ အခုလို ငါတို့ ဖွင့်တာကို စောင့်နေစရာ မလိုဘူး"
"ရှင်းကောင်းဟန်... ဒီလျှို့ဝှက်နယ်မြေထဲကို ဝင်လာတဲ့ အပြင်လူက ငါတစ်ယောက်တည်း မဟုတ်ဘူး။ မင်းက ဘာဖြစ်လို့ ငါ့ကိုပဲ ပစ်မှတ်ထားနေရတာလဲ"
ယင်ရှို့က ပြောနေရင်း ကျင်းဝူမင်ကို လှမ်းကြည့်လိုက်သည်။
ရှင်းကောင်းဟန်၏အကြည့်က ကျင်းဝူမင်အပေါ် ရောက်သွားသည်။
"ကျင်းမိသားစုဘိုးဘေး... မင်းကကော ဒီလျှို့ဝှက်နယ်မြေရဲ့ တည်ရှိမှုကို ဘယ်လိုလုပ် သိလာတာလဲ"
ကျင်းဝူမင်က "ဒီလောကမှာ လေမလုံတဲ့ အကာအရံဆိုတာ မရှိဘူး။ မင်းတို့ ရှင်းမိသားစုက ဒီလျှို့ဝှက်နယ်မြေကို နှစ်ပေါင်းတစ်ထောင်ကျော်ကြာ အပိုင်စီးထားခဲ့ပြီးပြီပဲ၊ မင်းတို့ ကျေနပ်သင့်ပါပြီ" ဟု ဝေ့လည်ကြောင်ပတ် ဖြေလိုက်သည်။
ရှင်းကောင်းဟန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ငါတို့ ရှင်းမိသားစုက ဒီလျှို့ဝှက်နယ်မြေမှာ ရေတွက်လို့မရတဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ရင်းမြစ်တွေကို ရင်းနှီးမြှုပ်နှံခဲ့ရတာ၊ ဒါပေမဲ့ ပြန်ရတဲ့ အကျိုးအမြတ်က လုံလောက်ရုံပဲ ရှိတယ်။ ငါတို့တွေ ဗဟိုနန်းတော်ရဲ့ အစီအရင်ကို ဖြိုဖျက်ခါနီးကျမှ မင်းတို့က အခွင့်ကောင်းယူဖို့ အချိန်ကိုက် ဝင်လာကြတယ်။ ဒီလောကမှာ တရားမျှတမှုဆိုတာ ရှိသေးရဲ့လား"
ကျင်းဝူမင်က ပြုံးလျက် "ညီအစ်ကိုရှင်း... ငါတို့ ရှင်းနဲ့ ကျင်း မိသားစုနှစ်ခုက မျိုးနွယ်စုချင်း လက်ထပ်ထိမ်းမြားမှုတွေ ရှိခဲ့တာ ကြာလှပြီ၊ ငါတို့က မိသားစုတစ်ခုတည်းလိုပါပဲ။ ငါ့တူမဆို မင်းရဲ့ တရားဝင်ဇနီးပဲ မဟုတ်လား။ အကယ်၍ နန်းတော်ထဲမှာ ရတနာတွေ ရှိနေရင် ရှင်းမိသားစုက အရင်ယူနိုင်ပါတယ်၊ ငါ့ရဲ့ ကျင်းမိသားစုအတွက် နည်းနည်းပဲ ချန်ထားပေးပါ။ ဒါတင်မကသေးဘူး စတုတ္ထအဆင့် မိစ္ဆာသားရဲ နှစ်ကောင်လည်း ဒီလျှို့ဝှက်နယ်မြေထဲကို ဝင်လာကြပြီ။ ယင်ရှို့နဲ့ ငါက အဲဒီမိစ္ဆာတွေကို တိုက်ခိုက်ဖို့ ကူညီပေးနိုင်ပါတယ်" ဟု ပြောလိုက်သည်။
"မိစ္ဆာတွေဆိုတာ ယင်ရှို့ အပြောသက်သက်ပဲ ရှိသေးတာ။ အဲဒါက အမှန်လားဆိုတာ ဘယ်သူက အာမခံနိုင်မှာလဲ"
ရှင်းကောင်းဟန်က ဆက်မပြောတော့ဘဲ ကြေးညိုတံခါးကြီးကို စိုက်ကြည့်နေခဲ့သည်။
ထိုနေရာ၌ ရှင်းကောင်းဟန်၊ ယင်ရှို့နှင့် ကျင်းဝူမင်တို့က ဝိညာဥ်သန္ဓေအဆင့် နှောင်းပိုင်းကျင့်ကြံသူများ ဖြစ်ကြပြီး၊ ရှင်းဝမ်ယောင်ကမူ အလယ်အဆင့်ကျင့်ကြံသူ ဖြစ်သည်။ ရှင်းမိသားစုက အရေအတွက် အသာစီးရနေသော်လည်း ယင်ရှို့နဲ့ ကျင်းဝူမင်တို့ ပူးပေါင်းလိုက်ပါက အနိုင်ယူရန် မဖြစ်နိုင်တော့ပေ။ ယင်ရှို့နဲ့ ကျင်းဝူမင်တို့ကလည်း ထိုအချက်ကို သဘောပေါက်သဖြင့် မဟာမိတ်ဖွဲ့သည်အထိ မယုံကြည်သော်လည်း အပြန်အလှန် ကူညီနေကြခြင်း ဖြစ်သည်။
ဤအချက်ကြောင့်ပင် နှစ်ဦးနှစ်ဖက်လုံးသည် ဗြောင်ကျကျ ပဋိပက္ခ မဖြစ်ပွားခြင်း ဖြစ်သည်။
…..