လျှို့ဝှက်နယ်မြေဗဟိုချက်
Vol. 31 Ch. 317
များမကြာမီ တောက်ပသော အစိမ်းရောင်အလင်းတန်းတစ်ခု ကြေးညိုတံခါးကြီးမှနေ၍ ပေါက်ကွဲထွက်လာသည်။ ရှင်းဝမ်ယောင်၏မျက်နှာ တည်ကြည်လေးနက်သွားပြီး မန္တန်လက်ဟန်များ ပိုမို၍ လျင်မြန်လာခဲ့ရာ၊ အရိပ်များကိုသာ မြင်တွေ့နိုင်တော့သည်။ အစိမ်းရောင် အလံငယ်ကိုးခုသည် ရုတ်ချည်း ပျံတက်သွားပြီး၊ ကြေးညိုတံခါးကြီးဆီသို့ မြှားကိုးစင်းပမာ တရှိန်ထိုး တိုးဝင်သွားတော့သည်။
"အစီအရင် ပျက်တော့မယ်၊ မြန်မြန် နောက်ဆုတ်ကြ"
ရှင်းဝမ်ယောင်က ကျယ်လောင်စွာ အော်ဟစ်သတိပေးရင်း လျင်မြန်စွာ နောက်ဆုတ်သွားသည်။ အခြားသူများလည်း ချက်ချင်းပင် နောက်ဆုတ်လိုက်ကြသည်။
ကြေးညိုတံခါးပေါ်ရှိ ကြည်လင်ပြတ်သားသော အလင်းတံတိုင်းက အလံငယ်ကိုးခုကို ပိတ်ဆို့ထားသည်။ အလံများမှ စူးရှသော အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး၊ အလင်းတံတိုင်းကို ပြင်းထန်စွာ ရိုက်ခတ်ဖျက်ဆီးလိုက်ကြသည်။
အသက်တစ်ရှိုက်စာအကြာတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အလင်းတံတိုင်း ကြေမွသွားပြီး ကြေးညိုတံခါးကြီးတွင် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ပြင်းထန်သော ပေါက်ကွဲအားလှိုင်းက အရပ်ရပ်သို့ ဖြာထွက်သွားခဲ့ပြီး တောင်တစ်ခုလုံး ငလျင်လှုပ်သည့်အလား တုန်ခါသွားသည်။
အတန်ကြာမှ မြင်ကွင်း ရှင်းလင်းသွားသည့်အခါ ကြေးညိုတံခါးကြီးသည် နောက်ဆုံးတွင် အက်ကွဲကြောင်းတစ်ခုဖြင့် ပွင့်ဟသွားခဲ့ပြီး မှောင်မိုက်နေသော အတွင်းပိုင်းကို ဝိုးတဝါး မြင်တွေ့လိုက်ကြရသည်။ သို့သော် အတွင်းပိုင်းမှ တစ္ဆေမြူခိုးများ တံခါးအက်ကွဲကြောင်းမှတဆင့် အပြင်သို့ ယိုစိမ့်ထွက်လာသည်။ ထိုမြူခိုးများမှာ ထူထပ်လွန်းလှသဖြင့် အရည်အဖြစ်သို့ ခဲသွားနိုင်လုနီးပါးပင် ဖြစ်နေသည်။
ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ လေးယောက်စလုံး ကြေးညိုတံခါးကြီးကို စိုက်ကြည့်နေကြသော်လည်း မည်သူမျှ ဇွတ်တရွတ် အထဲသို့ မတိုးဝင်ဝံ့ကြချေ။ သတိဖြင့်သာ စူးစမ်းနေကြသည်။
ကျင်းဝူမင်မှာ ကြေးညိုတံခါးမှ ယိုစိမ့်ထွက်လာသော တစ္ဆေမြူခိုးများကို ကြည့်ရင်း မအံ့ဩဘဲ မနေနိုင်တော့ချေ။
"ဒီတံခါးအတွင်းထဲက တစ္ဆေမြူခိုးတွေက အရမ်းထူထပ်တာပဲ။ အဲဒါက မြူခိုးဝိညာဥ်နယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာနဲ့တောင် သိပ်ကွာခြားမှာ မဟုတ်ဘူး"
ရှင်းကောင်းဟန်နှင့် ရှင်းဝမ်ယောင်တို့ နှစ်ဦးစလုံးသည် မျက်မှောင်ကြုတ်လိုက်ကြပြီး ၎င်းတို့၏ မျက်နှာအမူအရာများ လေးနက်သွားခဲ့သည်။ တံခါးနောက်ကွယ်က တစ္ဆေမြူခိုးများ ဤမျှအထိ ထူထပ်ပြီး ဖောက်ထွင်းရခက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြသဖြင့် အခက်ကြုံသွားသည်။
"ဒီတစ္ဆေမြူခိုးတွေက အရမ်းထူထပ်လွန်းတယ်၊ ငါတို့ ပြင်ဆင်ထားတဲ့ မှော်ရတနာတွေ ကြာရှည်ခံမှာ မဟုတ်ဘူး" ဟု ရှင်းဝမ်ယောင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"အဲလိုဆိုရင်တောင် ငါတို့ ဝင်ရမှာပဲ။ ငါတို့မိသားစုက ဒီလျှို့ဝှက်နယ်မြေအတွက် နှစ်ပေါင်းတစ်ထောင်ကျော်ကြာ ပြင်ဆင်ခဲ့ရတာ။ ငါတို့ အခုမှ ဘယ်လိုလုပ် နောက်ဆုတ်လို့ ရမှာလဲ"
ရှင်းကောင်းဟန်က စိတ်ပိုင်းဖြတ်ထားဟန်နှင့် ဆိုလာသည်။
ယင်ရှို့ကမူ ဘာမှပူပန်ပုံမရဘဲ ပြုံးနေခဲ့သည်။ သူသည် ရှေးဟောင်းကျမ်းစာ အမြောက်အမြားကို ရရှိထားခဲ့ဖူးပြီး၊ အချို့မှာ ဤနန်းတော်အကြောင်း အသေးစိတ် ပါရှိနေသဖြင့် ဤနန်းတော်နှင့် ပတ်သက်သည့် သူသိထားသမျှမှာ ရှင်းမိသားစုထက် မနည်းဟု ယုံကြည်ထားသည်။ ထို့အပြင် သူ ကျင့်ကြံထားသော အလောင်းဘုရင်သွေးသန့်စင်ပညာက တစ္ဆေမြူခိုးများ၏ တိုက်စားမှုကို ခံနိုင်ရည်ရှိစေပြီး၊ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံခြင်းနှင့်ဆိုလျှင် ခြိမ်းခြောက်မှု မရှိသလောက်ပင်။
"ကဲ… မင်းတို့ မဝင်ဘူးဆိုရင် ငါ အရင်သွားတာကိုတော့ အပြစ်မတင်ကြနဲ့ပေါ့" ဟု ယင်ရှို့က ၎င်းတို့သုံးဦးကို သတိကြီးစွာဖြင့် ကြည့်ရင်း ပြောလိုက်ပြီး ကြေးညိုတံခါးဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းသွားခဲ့သည်။ ကြေးညိုတံခါးဝသို့ ရောက်ရှိသွားသည့်အခါ ရှင်းကောင်းဟန်နှင့် ရှင်းဝမ်ယောင်တို့ လှုပ်ရှားမည့် အရိပ်အယောင် မရှိသည်ကို မြင်ရသဖြင့်၊ တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲသို့ လှမ်းဝင်သွားသည်။
ကျင်းဝူမင်လည်း တစ်ယောက်တည်း ကျန်နေခဲ့ရန် မဖြစ်နိုင်သဖြင့် အံကြိတ်ပြီး စိတ်ကူးတစ်ချက်ဖြင့် အဝါရောင်မီးလျှံငယ်တစ်ခု တောက်လောင်နေသည့် ဆီမီးခွက်တစ်ခု ထုတ်လိုက်သည်။ ၎င်းက သူ့ရှေ့တွင် ပျံဝဲရင်း တစ္ဆေမြူခိုများအား ရှင်းလင်းပြီး လမ်းရှင်းပေးနေသည်။
"မင်းတို့နှစ်ယောက် တုံ့ဆိုင်းနေကြတာဆိုတော့ ငါပဲ အရင်ဝင်လိုက်မယ်"
ကျင်းဝူမင်လည်း စကာဆုံးသည်နှင့် ကြေးညိုတံခါးတွင်းသို့ လျင်မြန်စွာ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
ရှင်းကောင်းဟန်နှင့် ရှင်းဝမ်ယောင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ၊ ၎င်းတို့၏ မျက်နှာတွင် ယင်ရှို့နှင့် ကျင်းဝူမင်တို့ မိုက်ရူးရဲဆန်မှုကို လှောင်ပြောင်နေသည့်အလား အပြုံးကိုယ်စီ ထွက်ပေါ်လာသည်။ ရှင်းမိသားစုသည် ဤလျှို့ဝှက်နယ်မြေထဲသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ဖူးပြီး ရှေးဟောင်းကျမ်းစာများနှင့် ကျောက်စိမ်းပေလွှာ အမြောက်အမြားကို ရရှိထားခဲ့ပြီး ဖြစ်သည်။ ကြေးညိုတံခါးနောက်ကွယ်တွင် ဘာရှိနေမည်ကို ၎င်းတို့က ဘယ်လိုလုပ် မသိဘဲ နေပါမည်နည်း။
ရှင်းကောင်းဟန်က "ယင်ရှို့က အလောင်းဘုရင် သွေးသန့်စင်ပညာ ကျင့်ကြံထားတာဆိုတော့ တစ္ဆေမြူခိုးတွေကို ခံနိုင်ရည်ရှိတယ်။ ဝိညာဥ်နန်းတော်က ချန်ထားခဲ့တဲ့ ရှေးဟောင်းကျမ်းစာတွေနဲ့ဆိုရင် သူက ဝင်္ကပါရဲ့ ထွက်ပေါက်ကို ရှာတွေ့နိုင်လိမ့်မယ်" ဟု ပြောဆိုလိုက်သည်။
ရှင်းဝမ်ယောင်က ခေါင်းညိတ်လိုက်ပြီးနောက် "ကျင်းဝူမင်ကျတော့ကော" ဟု မေးမြန်းလိုက်သည်။
ရှင်းကောင်းဟန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"သူက ဝိညာဥ်သန္ဓေအဆင့် နှောင်းပိုင်းမှာ ရှိနေတာ၊ သူသာ အပြင်လောကကို ထွက်ပြေးချင်တယ်ဆိုရင် ငါတို့နှစ်ယောက် ပူးပေါင်းရင်တောင် တားဆီးဖို့ ခက်လိမ့်မယ်။ ဒါပေမဲ့ ကြေးညိုတံခါးနောက်ကွယ်က ဝင်္ကပါထဲကို ဝင်သွားရင် ထွက်ပြေးစရာ နေရာမရှိဖြစ်သွားလိမ့်မယ်။ သူက သေကြောင်းကြံစည်နေမှတော့ ငါတို့ကပဲ သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့"
ရှင်းဝမ်ယောင်က ခေါင်းညိမ့်ရင်း ခါးတွင်ချိတ်ထားသော ဝိညာဥ်သားရဲအိတ်ကို အသာအယာ ပုတ်လိုက်ရာ၊ အမြီးနှစ်ချောင်းပါသော ဝိညာဥ်မြေခွေးတစ်ကောင် ချက်ချင်း ခုန်ထွက်လာသည်။ ရှင်းကောင်းဟန်က ကျန်းဝူမင်၏ အော်ရာငွေ့တစ်ခုကို ဝိညာဥ်မြေခွေး၏ နှာခေါင်းထဲသို့ ထည့်သွင်းပေးလိုက်သည်။ ဝိညာဥ်မြေခွေးက တစ်ချက် နမ်းရှုံ့ကြည့်ပြီး ရုတ်တရက် လှည့်ကာ ကြေးညိုတံခါးဆီသို့ ခုန်ဝင်သွားသည်။ ရှင်းကောင်းဟန်နှင့် ရှင်းဝမ်ယောင်တို့လည်း လျင်မြန်စွာ လိုက်ပါသွားခဲ့ကြသည်။
…..
လူအားလုံး ကြေးညိုတံခါးအတွင်း ဝင်သွားသည်နှင့် တပြိုင်နက် လူရိပ်နှစ်ခု ကြေးညိုတံခါးအပြင်ဘက်တွင် ထွက်ပေါ်လာကြသည်။
"လူသားမျိုးနွယ်တွေက တကယ်အောက်တန်းကျတာပဲ။ အမြဲတမ်း လှည့်ဖြားမှုတွေနဲ့ ပဋိပက္ခတွေ ရှိနေတာပဲ။ လူသားမျိုးနွယ်က ဒီပင်လယ်ပြင်ကို အုပ်ချုပ်ဖို့ မထိုက်တန်ဘူး။ သူတို့က ငါတို့ရဲ့ အစားအစာ ဖြစ်ဖို့ပဲ ထိုက်တန်တာ"
သန်မာထွားကျိုင်းသော ပင်လယ်မိစ္ဆာကြီးယွမ်ဟောက်က အက်ရှရှအသံကြီးနှင့် ပြောလာသည်။
"လူသားမျိုးနွယ်တွေရဲ့ အတွင်းပဋိပက္ခတွေကြောင့်ပဲ ငါတို့ မိစ္ဆာသားရဲတွေ တိုက်ခိုက်ဖို့ အခွင့်အရေး ရခဲ့တာပေါ့" ဟု လူသားပုံသဏ္ဍာန်သို့ အပြည့်အဝ ပြောင်းလဲထားသော လေဟုန်လင်းယုန်က အေးစက်စွာ ပြန်လည် ပြောဆိုလိုက်သည်။
"သွားကြစို့။ ငါတို့ မြင့်မြတ်နတ်ဆိုးသားရဲရဲ့ ခန္ဓာကိုယ်ကို ယူရမယ်" ဟု ယွမ်ဟောက်က ဆိုသည်။
"မင်းခန္ဓာကိုယ် အရွယ်အစားက ကြီးလွန်းတယ်၊ အဲဒါက လှုပ်ရှားမှုတွေကို နှောင့်နှေးစေလိမ့်မယ်"
ယွမ်ဟောက်က "ဒါဆို ပြောင်းလိုက်ရုံပေါ့" ဟု ပြန်ပြောလိုက်သည်။ စကားအဆုံးတွင် သူ့ခန္ဓာကိုယ်သည် အရပ် ၆ ပေခန့်ရှိသော လူထွားကြီးအသွင် ပြောင်းသွားသည်။ ကြီးမားလှသော ဝတ်ရုံကြီးမှာမူ သေးငယ်သွားသော ခန္ဓာကိုယ်က ပင့်မမထားနိုင်သဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ယွမ်ဟောက်က ခပ်တည်တည်ဖြင့် ကြေးညိုတံခါးကို ဖြတ်ကျော်ဝင်ရောက်သွားသည်။ လေဟုန်လင်းယုန်မှာမူ မြေပြင်ပေါ်သို့ ပြုတ်ကျကျန်ရစ်ခဲ့သော ဝတ်ရုံကြီးကို တစ်ချက်ကြည့်လိုက်ပြီး၊ အနည်းငယ် အကူအညီမဲ့ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။ ဤသတ္တဝါဖြင့် လူမသိစေရန် လှုပ်ရှားရသည်မှာ ခက်လှပါဘိဟု တွေးရင်း ဝတ်ရုံကြီးကို သိမ်းဆည်းပြီးမှ ကြေးညိုတံခါးအတွင်းသို့ ဝင်သွားသည်။
………
ကြေးညိုတံခါးကို ဖြတ်သန်းပြီးနောက် ရှင်းဝမ်ယောင်သည် သူ၏ ရှေ့မှောက်က မြင်ကွင်းများသည် လျင်မြန်စွာ မှုန်ဝါးသွားသည်ကို ခံစားလိုက်ရသည်။ ခဏမျှ အသိစိတ် ဝေဝါးသွားပြီးနောက် မှောင်မိုက်နေသော မြေအောက်ဂူအသေးစားတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ထိုမြေအောက်ဂူသည် သေးငယ်လှပြီး ၎င်း၏ အချင်းသည် ခြေလှမ်းနှစ်ဆယ်ခန့်သာ ကျယ်ဝန်းသည်။ ပတ်လည်တွင် အမြင့် ဆယ်ပေခန့်ရှိသော ဝင်ပေါက် ရှစ်ခု ရှိနေသည်။ ဂူဝင်ပေါက်တစ်ခုချင်းစီသည် လုံးဝ ထပ်တူကျနေပြီး ထင်ရှားသော ကွဲပြားမှု မရှိချေ။
ဤနေရာတွင် တစ္ဆေမြူခိုးများ အလွန်တရာ ထူထပ်သည်။ ရှင်းဝမ်ယောင် ဝိညာဥ်အာရုံကို ထုတ်လွှတ်ကြည့်လိုက်ရာ၊ ပတ်ပတ်လည် လေးပေန့်အကွာအဝေးကိုသာ အာရုံခံနိုင်ကြောင်း တွေ့ရှိရသည်။ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ ထိုမျှသော အာရုံခံနိုင်စွမ်းသည် အသုံးမဝင်သလောက်ပင် ဖြစ်ပြီး၊ သာမန်မြင်နိုင်စွမ်းထက်ပင် စွမ်းဆောင်ရည် နိမ့်ကျနေသည်။
ထိုအခိုက် ဝိညာဥ်မြေခွေးက ရုတ်တရက် ဂူဝင်ပေါက်တစ်ခုဆီသို့ ဦးတည်ပြေးဝင်သွားသည်။ ရှင်းကောင်းဟန်တို့လည်း ထိုဂူပေါက်ထဲသို့ ချက်ချင်း လိုက်ဝင်ခဲ့သည်။ ထိုဂူလမ်းကြောင်းမှာ ရှုပ်ထွေးလှပြီး အနည်းငယ် သွားပြီးတိုင်း လမ်းဆုံလမ်းခွများသို့ ရောက်ရှိလေ့ရှိသည်။ ဂူအတွင်းပိုင်းမှာ မှောင်မိုက်နေပြီး ဝိညာဥ်အာရုံကလည်း ကန့်သတ်ခံထားရသဖြင့်၊ ဝိညာဥ်မြေခွေး၏ လမ်းပြမှုသာမရှိပါက ကျန်းဝူမင်ကို လိုက်လံရှာဖွေရန် ခက်ခဲပေလိမ့်မည်။
"သတိထား"
ရုတ်တရက် ရှင်းကောင်းဟန်က အော်ရင်း ဝိညာဥ်စွမ်းအင်လှိုင်းတစ်ခု ထုတ်ဖော်ပြီး ဝိညာဥ်မြေခွေးကို နောက်သို့ ဆွဲယူလိုက်သည်။ တပြိုင်နက်တည်းမှာပင် ရှင်းကောင်းဟန်၏ နဖူးအလယ်မှ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ဝိညာဥ်စွမ်းအင်ဓားမြှောင် ကိုးစင်း လျင်မြန်စွာ ပျံထွက်သွားခဲ့သည်။
"ဂီး..."
မျက်တောင်တစ်ခတ်အချိန်အတွင်း စူးရှသည့် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရာ ရှင်းကောင်ဟန်ပင် ကျောရိုးထဲထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ ထိုအသံက နားစည်ကို ဖြတ်သန်းသွားသော မြှားတစ်စင်းကဲ့သို့ပင် ၎င်းတို့၏ အသိစိတ်ထဲသို့ တိုက်ရိုက် ရိုက်ခတ်သွားခဲ့သည်။
ရှင်းမိသားစုသည် ဤလျှို့ဝှက်နယ်မြေထဲသို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ဖူးသဖြင့် အငြိုးကြီးဝိညာဥ်များ၏ စိတ်ဝိညာဥ်တိုက်ခိုက်ကို ရင်ဆိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ရှင်းကောင်းဟန်နှင့် ရှင်းဝမ်ယောင်တို့ နှစ်ဦးစလုံး၏ နဖူးအလယ်တွင် ရုတ်တရက် ပုလဲလုံးတစ်ခုစီ လင်းလက်လာခဲ့သည်။ ထိုပုလဲလုံးများမှာ ခိုဥအရွယ်အစားခန့် ရှိပြီး အပြာရောင်အလင်းတန်းကို ထုတ်လွှတ်ကာ၊ အငြိုးကြီးဝိညာဥ်၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုမှ ကာကွယ်ပေးထားသည်။ ရှင်းဝမ်ယောင်သည် စိတ်ဝိညာဥ်တိုက်ခိုက်မှုကြောင့် ဝိညာဥ်မြေခွေး သေဆုံးမသွားစေရန် ၎င်းအား ဝိညာဥ်သားရဲအိတ်ထဲသို့ လျင်မြန်စွာ ပြန်လည်သိမ်းဆည်းလိုက်သည်။
"သေချာတယ်... ဒါက စတုတ္ထအဆင့် နှောင်းပိုင်း အငြိုးကြီးဝိညာဥ်ပဲ" ဟု ရှင်းကောင်းဟန်က ဆိုသည်။ ထိုဝိညာဥ်သည် သူတို့၏ဝိညာဥ်ထိုးဖောက်နည်းစနစ်ကို တောင့်ခံနိုင်ခဲ့သဖြင့် အနည်းဆုံး စတုတ္ထအဆင့် နှောင်းပိုင်း သတ္တဝါတစ်ကောင် ဖြစ်ကြောင်း ထင်ရှားသည်။
ရှင်းကောင်းဟန်က မန္တန်နည်းစနစ်တစ်ခု အသက်သွင်းလိုက်ရာ သူ့ပတ်လည်တွင် မိုးကြိုးလျှပ်စီးများ စုစည်းလာပြီး၊ နဖူးရှေ့တွင် ဝိညာဥ်စွမ်းအင်ဓားငယ် ၉ ခုအဖြစ် ဖွဲ့တည်ကာ မြူထုထဲသို့ ပစ်လွှင့်သွားပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ အငြိုးကြီးဝိညာဥ်၏ အော်ဟစ်သံ ချက်ချင်းပင် အားနည်းသွားခဲ့သည်။ အငြိုးကြီးဝိညာဥ်အား ပြန်လည်နာလန်ထူရန် အချိန်မပေးဘဲ ရှင်းကောင်းဟန်က ဆက်လက်တိုက်ခိုက်လိုက်သည်။ ငွေရောင်မိုးကြိုး ငါးစင်း ထွက်ပေါ်လာပြီး အော်ဟစ်သံ ထွက်ပေါ်ရာဆီသို့ ကျရောက်သွားသည်။
"ဝုန်း၊ ဝုန်း..."
မိုးကြိုး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် တစ္ဆေမြူခိုးများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ လူသားပုံသဏ္ဍာန်ရှိသော်လည်း ရေဘဝဲလက်တံများစွာ ပါရှိသော အငြိုးကြီးဝိညာဥ်တစ်ကောင် မိုးကြိုးလျှပ်စီးများကြားတွင် ရုန်းကန်နေရသည့်မြင်ကွင်း ထင်ထင်ရှားရှား ပေါ်လာသည်။ အငြိုးကြီးဝိညာဥ်က ထိုးဖောက်ထွက်ပြေးရန် ကြိုးစားသော်လည်း နောက်ဆုံး၌ မီးခိုးငွေ့တစ်ခုအဖြစ်သို့ ပြောင်းလဲကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"ငါတို့ ဝင်ခါစပဲ ရှိသေးတယ်၊ စတုတ္ထအဆင့် နှောင်းပိုင်း အငြိုးကြီးဝိညာဥ်တစ်ကောင်နဲ့ ဆုံတွေ့ခဲ့ပြီးပြီ။ ဒီလိုကောင်တွေ အများကြီး ရှိနေဦးမှာပဲ။ သတိကြီးကြီးထားရမယ်" ဟု ရှင်းကောင်းဟန်က သတိပေးလိုက်သည်။
ရှင်းဝမ်ယောင်က ဘာမှပြန်မပြောဘဲ ခေါင်းညိတ်လိုက်ပြီး ဝိညာဥ်မြေခွေးကို နောက်တစ်ကြိမ် ပြန်လွှတ်လိုက်သည်။ ရှင်းကောင်းဟန်နှင့် ရှင်းဝမ်ယောင်တို့လည်း နောက်ကွယ်မှ ကပ်လျက် လိုက်ပါသွားခဲ့ကြသည်။
ဝိညာဥ်မြေခွေးနောက် လိုက်လာရင်း ပုံမှန်မဟုတ်သည်ကို နှစ်ဦးသား ရိပ်စားမိလာသည်။ ဝင်္ကပါအတွင်း ဖြတ်သန်းသွားလာရင်း လမ်းကွေ့ပေါင်းများစွာကို တွေ့ခဲ့ကြသော်လည်း လမ်းပိတ်နေသော လမ်းကြောင်းတစ်ခုကိုမျှ မကြုံတွေ့ခဲ့ရပေ။ ကျင်းဝူမင်က ဤဝင်္ကပါလမ်းကြောင်းကို အလွတ်ရနေသည့်အလား ဖြစ်နေသည်။ ဘယ်ကိုသွားရမည်၊ ဘယ်လိုသွားရမည်ကို သေသေချာချာ သိရှိနေပုံရပြီး လမ်းပျောက်ခြင်း မရှိခဲ့ချေ။
ရှင်းဝမ်ယောင်၏ မျက်နှာတွင် အံ့အားသင့်မှုနှင့် သံသယစိတ်များ ထွက်ပေါ်လာခဲ့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက လမ်းကြောင်းကို ဘယ်လိုလုပ် ဆုံးဖြတ်နေတာလဲ။ ပြီးတော့ ထွက်ပေါက်ရဲ့ တည်နေရာကိုရော ဘယ်လိုလုပ် သိနေတာလဲ"
ရှင်းကောင်းဟန်လည်း မျက်မှောင်ကြုတ်ပြီး အတွေးနက်နေသည်။ ခဏအကြာတွင်မှ တစ်ခုခုကို စဥ်းစားမိသွားသည့်အလား စူးရှသောအလင်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"မင်း ဘိုးဘေးရှင်းရှီကို မှတ်မိသေးလား"
ရှင်းဝမ်ယောင်က စိတ်ရှုပ်ထွေးစွာဖြင့် ရှင်းကောင်းဟန်ကို လှည့်ကြည့်လိုက်သည်။
"ဘိုးဘေးရှင်းရှီ၊ မင်း ဆိုလိုတာက..."
ရှင်းရှီသည် ရှင်းမိသားစု၏ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးပင်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က ဤလျှို့ဝှက်နယ်မြေကို ရှာဖွေပြီးနောက်တွင် မည်သည့်အကြောင်းကြောင့် မသိ၊ ရှင်းမိသားစုသို့ ချက်ချင်း ပြန်မလာဘဲ ခရီးသွားခဲ့သည်။ ထို့နောက် အကြောင်းရင်း မသိရဘဲ ပြင်ပတွင်ပင် သေဆုံးသွားခဲ့သည်။ ရှင်းရှီ ဘယ်လိုသေဆုံးခဲ့လဲ၊ သူ့သေဆုံးမှုက ဘယ်သူ့မှာ တာဝန်ရှိလဲဆိုသည်မှာ ယနေ့တိုင် အဖြေရှာမရသေးသည့် ပဟေဠိတစ်ခု ဖြစ်နေသည်။
ရှင်းကောင်းဟန်က ခေါင်းညိတ်လိုကသည်။
"ဘိုးဘေးရှင်းရှီရဲ့ သေဆုံးမှုက ကျင်းမိသားစုနဲ့ ဆက်နွှယ်မှု ရှိနိုင်ခြေများတယ်။ ကျင်းမိသားစုက ငါတို့ အခုထိ မသိသေးတဲ့ အရေးကြီး အချက်အလက်တချို့ကို ရှင်းရှီဆီကနေ ရထားတာ ဖြစ်နိုင်တယ်"
ရှင်းဝမ်ယောင် မျက်နှာပျက်သွားသဉ်။
"ဒါဆိုရင် ကျင်းဝူမင်က ဝိညာဥ်ဖျက်နတ်ဆိုးဆေးလုံးဆီကို အရင်ရောက်သွားနိုင်တယ်လို့ ဆိုလိုတာလား"
ရှင်းကောင်းဟန်က "မလန့်ပါနဲ့။ ဝိညာဥ်ဖျက်နတ်ဆိုးဆေးကို ရယူဖို့က အဲဒီလောက် မလွယ်ကူပါဘူး။ ကျင်းဝူမင်ကိုပဲ လမ်းပြခိုင်းလိုက်ပါ၊ ငါတို့က သူ့နောက်ကနေ လိုက်ရုံပဲ" ဟု တည်ငြိမ်စွာ ပြောလိုက်သည်။
ဤစကားကို ကြားရသည့်အခါ ရှင်းဝမ်ယောင်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သော်လည်း စိုးရိမ်ပူပန်မှုများ ရှိနေဆဲပင်။ ရှင်းမိသားစုသည် ဤလျှို့ဝှက်နယ်မြေကို ရှာဖွေရန်အတွက် နှစ်ပေါင်းတစ်ထောင်ကျော် အချိန်ပေးခဲ့ရပြီး၊ ရတနာသည်လည်း လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ယခုအချိန်တွင် အမှားအယွင်း အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် နှစ်ယောက်သား ပိုမိုမြန်ဆန်စွာ လှုပ်ရှားလာကြတော့သည်။
...................