← Chapters

​ရှာ​​ဖွေလေ တွေ့ရှိလေ

Vol. 31 Ch. 318

​ရှာ​​ဖွေလေ တွေ့ရှိလေ

Vol. 31 Ch. 318

ထိုအချိန်တွင် တောင်ပေါ်မှ ဆင်းသက်လာသော စုန့်ဝမ် တောင်ခြေသို့ ရောက်ရှိလာသည်။ တစ္ဆေမြူခိုးများကြောင့် တောင်ခြေတွင်လည်း တောင်ကြီးကဲ့သို့ပင် မြက်တစ်ပင်မျှ မပေါက်ဘဲ ခြောက်သွေ့ပြောင်တလင်းခါနေကာ သက်ရှိအရှိန်အဝါ လုံးဝကင်းမဲ့နေသည်။

တောင်နှင့် ပေတစ်ရာခန့်အကွာရှိ မြေပြန့်နေရာတစ်ခုတွင် လျှိုမြောင်တစ်ခု ရှာဖွေတွေ့ရှိသဖြင့် အန္တရာယ်မရှိကြောင်း စစ်ဆေး အတည်ပြုပြီးနောက် အောက်သို့ ခုန်ဆင်းခဲ့သည်။ လျှိုမြောင်သည် သိပ်မနက်လှ၊ ပေငါးဆယ်ခန့်သာ ရှိသည်။ စုန့်ဝမ်လည်း လျှိုမြောင်အောက်ခြေတွင် ယာယီဂူတစ်ခု ထုဆစ်ဖန်တီးလိုက်သည်။

ယာယီဂူ ဖန်တီးပြီးသည်နှင့် ဆန့်ကျင်ဘက်အရပ်များဆီ မြေအောက်ဂူလမ်းကြောင်း ၂ ခု တူးဖော်ပြီး ပေ ၅၀ ခန့်အကွာသို့ လမ်းဖောက်ခဲ့သည်။ ဤလမ်းကြောင်းနှစ်ခုကို အပြင်သို့ လုံးဝပေါက်ထွက်အောင် မတူးဘဲ မျက်နှာပြင်တွင် ကျောက်လွှာထု တစ်ပေခန့် ချန်ထားခဲ့သည်။ အရေးပေါ်အခြေအနေ ကြုံလာပါက ထိုကျောက်လွှာကို ရိုက်ခွဲကာ ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်သည်။

ပြေးပေါက် လက်စသတ်ပြီးနောက် မြေပြင်ပေါ်ရှိ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် တစ္ဆေဘုရင်ကို လျှိုမြောင်ထိပ်နားတွင် ပုန်းအောင်းနေစေခဲ့သည်။

ထို့နောက် ဂူအတွင်း၌ ဖုံးကွယ်အစီအရင်များ ခင်းကျင်းလိုက်ပြီး ကျင့်ကြံမှု စတင်တော့သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သားရဲဝိညာဥ် အမြောက်အမြားကို ဝါးမြိုခဲ့ပြီး ဖြစ်သလို၊ လျှို့ဝှက်နယ်မြေထဲ ရောက်ပြီးနောက်တွင်လည်း တတိယအဆင့် အငြိုးကြီးတစ္ဆေ ရှစ်ကောင်ကို စုပ်ယူခဲ့ပြီး ဖြစ်သည်။ ယခုအခါ ဝိညာဥ်စွမ်းအင်က အဆင့်တက်လှမ်းမည့် အရိပ်အယောင်များ ပြသလာခဲ့သည်။

ရှင်းဝမ်ယောင်၏ ပြောကြားချက်အရ လျှို့ဝှက်နယ်မြေသည် နောက်ထပ် ခြောက်လအကြာတွင် ပိတ်သိမ်းမည် ဖြစ်သည်။ အခြားထွက်ခွာရမည့်နည်းလမ်းလည်း မသိသဖြင့် အန္တရာယ်များသော လျှို့ဝှက်နယ်မြေအတွင်း လျှောက်မသွားဘဲ ပုန်းခိုကျင့်ကြံရင်း အချိန်ကုန်လွန်စေရန် ဆုံးဖြတ်ထားသည်။

မြေပြင်ပေါ်တွင် ထိုင်လိုက်ပြီး စိတ်ကို တည်ငြိမ်စေလျက် တားမြစ်ဝိညာဥ်နည်းစနစ်ကို စတင်လည်ပတ်လိုက်သည်။ ဝါးမြိုထားသော ဝိညာ်စွမ်းအင်မှာ အဆမတန် များနေသဖြင့် ဝိညာဥ်အာရုံမှာ ရွှေအမြုတေ အလယ်အဆင့်ထိ မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ရောက်ရှိခဲ့သည်။

ဝိညာဥ်အမြောက်အမြားကို ဝါးမြိုခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်၊ များပြားလှသော ဝိညာဥ်အပိုင်းအစများသည် သိစိတ်ပင်လယ် ချဲ့ထွင်ရန်အတွက် ရင်းမြစ်အဖြစ် သန့်စင်ပြောင်းလဲခဲ့သည်။ လဝက်အတွင်းမှာပင် ဝိညာဥ်အာရုံသည် ပိတ်ဆို့မှုကို ဖောက်ထွက်ပြီး အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။ သိစိတ်ပင်လယ်နှင့် ဝိညာဥ်လည်း တဖြည်းဖြည်း ပိုမိုသန်မာလာခဲ့သည်။

နောက်တစ်လခွဲခန့် ကြာမြင့်ခဲ့ပြီးနောက် သိစိတ်ပင်လယ်နှင့် ဝိညာဥ်သည် တည်ငြိမ်သွားကာ၊ ဝိညာဥ်အာရုံသည်လည်း ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ပင် တက်လှမ်းသွားခဲ့သည်။ တားမြစ်ဝိညာဥ်နည်းစနစ်နှင့် သိစိတ်ပင်လယ်မှ ဆန်းကြယ်တွင်းနက်၏ ထောက်ပံ့မှုဖြင့် စုန့်ဝမ်၏ ဝိညာဥ်အာရုံသည် ကျင့်ကြံမှုအဆင့်ထက် ပိုမိုသာလွန်နေပြီး၊ အားသာချက်တစ်ခု ဖြစ်နေခဲ့သည်။

...

ရှင်းယီရွှမ်းမှာ စုန့်ဝမ် ဂူအတွင်း ဝင်သွားပြီးနောက် သုံးလတိတိ စောင့်ကြပ်နေခဲ့သည်။ စုန့်ဝမ်သည် ဂူအတွင်းရှိ အငြိုးကြီးတစ္ဆေများ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီလားဟု သူမ အကြိမ်ကြိမ် သံသယဝင်မိခဲ့သည်။ မှော်အဆောင်များ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ရှင်းယီရွှမ်းတစ်ယောက် အခြေအနေကို စစ်ဆေးရန် ဂူအတွင်းသို့ မဝင်ရဲတော့ချေ။ သူမ ရင်ဘတ်တွင် ဆင်မြန်းထားသော ကျောက်စိမ်းဆွဲသီးလည်း တစ္ဆေမြူများ၏ တိုက်စားမှုကို ရေရှည် မခုခံနိုင်ချေ။ ကျောက်စိမ်းဆွဲသီးကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေရန်အတွက် တစ္ဆေမြူခိုးများ ထူထပ်သော ဤနေရာမှ ထွက်ခွာပြီး နောက်တစ်ကြိမ် ပြန်လည်သန့်စင်ရမည် ဖြစ်သည်။ သို့သော်လည်း လျှို့ဝှက်နယ်မြေတစ်ခုလုံးသည် တစ္ဆေမြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် မြူခိုးမရှိသော နေရာဟူ၍ မရှိချေ။

တစ္ဆေမြူခိုးများကြောင့် ကျောက်စိမ်းဆွဲသီး လုံးဝတိုက်စားခံရပြီး ကာကွယ်နိုင်စွမ်း ဆုံးရှုံးသွားခြင်းမှ ရှောင်ရှားရန်အတွက် ရှင်းယီရွှမ်းမှာ နောက်ဆုတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။ တောင်ခြေမြေပြန့်တွင် တစ္ဆေမြူခိုးများ ကျဲပါးသဖြင့် ထိုဆွဲသီးသည် နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်အထိ တောင့်ခံနိုင်မည် ဖြစ်သည်။

စုန့်ဝမ်နှင့် ပတ်သက်၍မူ ရှင်းဝမ်ယောင်နှင့် ဆုံတွေ့ပါက ထိုဂူကို သွားရောက်စစ်ဆေးပေးဖို့ တောင်းဆိုရန် စီစဥ်ထားသည်။ သို့မဟုတ်ပါကလည်း လျှို့ဝှက်နယ်မြေမှ ထွက်ခွာပြီးနောက်တွင် ရှင်းလီယန်သည် ထိုသူ၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရကြောင်း အစီရင်ခံပြီး၊ ရှင်းဝမ်ယောင်၊ ရှင်းကောင်းဟန်တို့နှင့် ထိပ်တိုက်တွေ့ပေးရန် စဥ်းစားထားသည်။

ရှင်းယီရွှမ်း ကွင်းပြင်ငယ်သို့ ရောက်ရှိလာသည့်အခါ ကွင်းပြင်တစ်ခုလုံး လုံးဝ လွတ်နေသည်ကို တွေ့ရှိခဲ့ရသည်။ တောင်ခြေတွင် ရှေးဟောင်းအပျက်အစီးအချို့ ရှိကြောင်း ရှင်းဝမ်ယောင် ပြောခဲ့သည်ကို ရှင်းယီရွှမ်း သတိရသွားသည်။ သူမ၏ လက်အောက်ငယ်သားနှစ်ဦးသည် ရတနာများကို ရှာဖွေရန် ထွက်ခွာသွားကြခြင်း ဖြစ်မည်ဟု ခန့်မှန်းမိသည်။ ထို့ကြောင့် ငယ်သားနှစ်ဦး၏ ခြေရာလက်ရာများကို ရှာဖွေရင်း တောင်ခြေရှိ ရှေးဟောင်းအပျက်အစီးများကိုပါ လိုက်လံရှာဖွေတော့သည်။

လျှို့ဝှက်နယ်မြေသည် သူမ မျှော်လင့်ထားသည်ထက် ပိုမိုကျယ်ဝန်းလှရာ၊ ငယ်သားနှစ်ဦးကို ရှာဖွေတွေ့ရှိရန် တစ်လခွဲခန့် အချိန်ယူခဲ့ရသည်။ ပေါင်းစည်းမိသည်နှင့် ၎င်းတို့သုံးဦး အတူတကွ သွားလာကြပြီး ရတနာများကို လိုက်လံရှာဖွေခဲ့ကြသည်။ သို့သော်လည်း လျှို့ဝှက်နယ်မြေကို ရှင်းမိသားစု ဘိုးဘေးများက ရှာဖွေခဲ့ကြပြီးဖြစ်ရာ ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုများသည် များပြားခြင်း မရှိခဲ့ချေ။

တစ်နေ့တွင်မူ မြေအောက်ဝင်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤဝင်ပေါက်သည် တောင်ခြေတွင် တည်ရှိပြီး ကျောက်ခဲပုံကြီးတစ်ခုဖြင့် ဖုံးလွှမ်းနေသည်။ ကျောက်ခဲများ ရှင်းလင်းပြီးနောက် ကျောက်လှေကားတစ်ခု ပေါ်ထွက်လာသည့်အခါ ၎င်းတို့သုံးဦးစလုံး စိတ်လှုပ်ရှားသွားသည်။ ဤအပျက်အစီးနေရာသည် ယခင်က မည်သူမျှ ရှာဖွေတွေ့ရှိခြင်း မခံခဲ့ရဖူးသည့် နေရာဖြစ်နိုင်ခြေ အလွန်များလှသည်။ သို့ဆိုလျှင် အချီကြီး ရိတ်သိမ်းရခြင်းပင် ဖြစ်လိမ့်မည်။

တစ်မိုင်ခန့် ဆင်းသွားပြီးနောက် ကျောက်လှေကား၏ အဆုံးသို့ ရောက်ရှိသွားခဲ့ကြသည်။ ၎င်းသည် မြေအောက်ကျင်းကြီးတစ်ခုဆီသို့ ဦးတည်နေခဲ့သည်။ ထိုကျင်းကြီးသည် မိုင်နှင့်ချီ ကျယ်ဝန်းပြီး အတွင်း၌ အရိုးအကြွင်းအကျန်များ အပုံလိုက် ရှိနေသည်။ ဤမျှကြီးမားသော အရိုးပုံကြီး ဖြစ်ပေါ်လာရန်အတွက် သက်ရှိသတ္တဝါ မည်မျှအထိ သေဆုံးခဲ့ရမည်ဆိုသည်မှာ မှန်းဆရန်ပင် ခက်ခဲလှသည်။

ကျင်းကြီး၏ အလယ်ဗဟိုတွင် ကျောက်စင်မြင့်တစ်ခု ရှိနေသည်။ ထိုကျောက်စင်မြင့်သည် အလျားနှင့် အနံ ပေနှစ်ဆယ်ခန့် ရှိပြီး၊ အောက်ခြေသည် အရိုးပုံကြီးအောက်တွင် နစ်မြုပ်နေကာ အပေါ်ဘက် အစိတ်အပိုင်းအနည်းငယ်သာ ပေါ်နေခဲ့သည်။

၎င်းတို့သုံးဦးသည် လေထဲသို့ ပျံတက်လိုက်ကြပြီး ထိုကျောက်စင်မြင့်ဆီသို့ ဦးတည်ပျံသန်းခဲ့ကြသည်။

"ဝုန်း"

ရုတ်တရက် ကြည်လင်ပြတ်သားသော အစီအရင် အကာအကွယ်တစ်ခု ကျောက်စင်မြင့်ပေါ်တွင် ပေါ်လာသည်။

ရှေ့ဆုံးမှ ပျံသန်းလာသော မြင်းမျက်နှာဖုံးနှင့်လူမှာ အရှိန်မထိန်းနိုင်တော့ဘဲ အစီအရင် အတားအဆီးနှင့် တိုက်မိသွားသည်။ ချက်ချင်းပင် အကာအကွယ်ထံမှ နက်မှောင်သောအလင်းတန်းများ ဖြာထွက်လာခဲ့ပြီး၊ ပြင်းထန်သော ရုပ်အလောင်းစွမ်းအင်များ ဧရာမလှိုင်းလုံးကြီးကဲ့သို့ ဖြာထွက်သွားသည်။

မြင်းမျက်နှာဖုံးနှင့်လူမှာ အငိုက်မိသွားသိဖြင့် ခုခံရန် အချိန်မရလိုက်၊ ပေတစ်ရာခန့်အထိ လွင့်စင်ထွက်သွားပြီး သွေးများပင် အန်ထွက်လာသည်။

"မာချီ... မင်း အဆင်ပြေရဲ့လား"

ရှင်းယီရွှမ်းက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"သခင်မလေး... ငါအဆင်ပြေပါတယ်။ အတွင်းဒဏ်ရာ အနည်းငယ်ပဲ ရလိုက်တာပါ" ဟု မာချီက ပြန်လည်ဖြေကြားသည်။

"တော်သေးတာပေါ့၊ သက်သာအောင် ဆေးကုလိုက်ဦး" စကားဆုံးသည်နှင့် ရှင်းယီရွှမ်း၏အကြည့်က စင်မြင့်ဆီသို့ ရွေ့လျားသွားခဲ့ပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပနေသည်။ နှစ်ပေါင်းသောင်းချီ ကုန်လွန်သွားခဲ့သည့်တိုင် ဤစင်မြင့်ပေါ်ရှိ မှော်အစီအရင် အလုပ်လုပ်နိုင်သေးသည်က ဤနေရာ၏ အရေးပါမှုကို ဖော်ပြနေသည် မဟုတ်ပါလား။ ထိုစင်မြင့်ထက်တွင် တန်ဖိုးဖြတ်မရနိုင်သော ရတနာတစ်ခုခု သေချာပေါက် ရှိနေရမည်။

ရှင်းယီရွှမ်းက ဘေးနားရှိ နွားမျက်နှာဖုံးနှင့်လူကို လှည့်ကြည့်ရင်း "နူယင်း... ဒီအစီအရင်ကို ဖြိုဖျက်ဖို့ ယုံကြည်ချက် ရှိရဲ့လား"ဟု မေးလိုက်သည်။

နူယင်းက စင်မြင့်ပေါ်ရှိ အစီအရင်ပုံစံကို ခဏမျှ လေ့လာပြီးနောက် "ဒီအစီအရင်က တိုက်ခိုက်ရေး ဒါမှမဟုတ် ကာကွယ်ရေး အစီအရင် မဟုတ်နိုင်ဘူး။ ဒါက နတ်ဆိုးအစီအရင်ဖြစ်တဲ့ အလောင်းသန့်စင်ခြင်းအစီအရင် ဖြစ်ပုံရတယ်၊ ရုပ်အလောင်းတွေရဲ့ ဝိညာဥ်တွေကို ခွဲထုတ်သန့်စင်ဖို့ အသုံးပြုတာပါ" ဟု ဆိုလာသည်။

ရှင်းယီရွှမ်း အံအားသင့်သွားပြီး "အလောင်းသန့်စင်ခြင်းအစီအရင် ဟုတ်လား။ အဲဒါကို ဖြိုဖျက်ဖို့ နည်းလမ်းရှိလား" ဟု ထပ်မေးသည်။

နူယင်းက ခေါင်းညိမ့်ပြရင်း "ဖြိုဖျက်ဖို့က မခက်ခဲပါဘူး၊ ဒါပေမဲ့ ဒီအစီအရင်ကို နားလည်မှုက အကန့်အသတ်ရှိနေလို့ အချိန်အနည်းငယ် ယူရမယ်" ဟု ပြန်ဖြေသည်။

ရှင်းယီရွှမ်း မျက်မှောင်ကြုတ်သွားသည်။ လျှို့ဝှက်နယ်မြေ ပွင့်မည့်အချိန် မတိုင်မီ လက်စသတ်နိုင်မှသာ အဆင်ပြေမည် မဟုတ်ပါလား။

"အချိန် ဘယ်လောက်ကြာမှာလဲ"

"အမြန်ဆုံးဆိုရင် သုံး​၊လေးရက်။ အကြာ​ဆုံးဆို တစ်လ၊ နှစ်လလောက် ကြာနိုင်ပါတယ်"

"ဒါဆို အဆင်ပြေတယ်။ လျှို့ဝှက်နယ်မြေ ပိတ်ဖို့က ငါးလလောက် လိုသေးတာဆိုတော့ အချိန်လုံလောက်တယ်။ ဒီနေရာက ပစ္စည်းတွေက သေချာပေါက် ထူးခြားမှာပဲ၊ အရေးကြီးတဲ့ အခြေအနေမျိုး မဟုတ်ရင် စင်မြင့်ပေါ်က ရတနာတွေ ပျက်စီးသွားတာမျိုး မဖြစ်ရအောင် အတင်းအဓမ္မ ချိုးဖျက်တာမျိုး မလုပ်နဲ့။ မင်းက အစီအရင်ကို ဖြိုဖျက်ဖို့ပဲ အာရုံစိုက်ပါ၊ ငါ မင်းကို ကာကွယ်ပေးမယ်"

နူယင်းက ခေါင်းညိမ့်ပြပြီး အစီအရင်ကို လေ့လာရန် ချဥ်းကပ်သွားသည်။

ရှင်းယီရွှမ်းက မာချီဘက်သို့ လှည့်ကာ "မာချီ... ဒဏ်ရာတွေကို မြန်မြန်သက်သာအောင် အရင်ကုလိုက်"ဟု အမိန့်ပေးပြီး ဝင်ပေါက်ဆီသို့ လှည့်ထွက်သွားသည်။ ထို့နောက် ကျောက်ပုံကို စနစ်တကျ နေရာပြန်ချကာ လုံခြုံသောနေရာတွင် ခိုအောင်း ကင်းစောင့်နေခဲ့သည်။

…………

All Chapters