စူးစမ်းလေ့လာခြင်း
Vol. 31 Ch. 319
တစ်လခွဲခန့် ကုန်လွန်သွားခဲ့ပြီးနောက် နူယင်းက အစီအရင်ကို ဖျက်ဆီးရန် စတင်ကြိုးစားသည်။ သူ့တိုက်ခိုက်မှုကြောင့် ရုပ်အလောင်းကျင်းကြီး ပြင်းထန်စွာ တုန်ခါသွားသည်။ ထိုတုန်ခါမှုက တောင်ကြီးကိုပါ သက်ရောက်စေခဲ့ပြီး တောင်ခြေ ပတ်ဝန်းကျင် အရပ်ရပ်ကိုပါ အနည်းငယ် တုန်ခါသွားစေသည်။ ကျောက်ခဲများ တောင်ကုန်းပေါ်မှ ပြုတ်ကျလာပြီး တောင်ခြေသို့ လိမ့်ဆင်းသွားရာ ကျယ်လောင်လှသော အသံများပင် ထွက်ပေါ်လာသည်။
များမကြာမီ ရုပ်အလောင်းကျင်း၏ အတွင်းပိုင်းမှ အလောင်းစွမ်းအင်များ ဆူပွက်လာပြီး ကျောက်စင်မြင့်ထက်သို့ တဟုန်ထိုး ထွက်ပေါ်လာသည်။ အရိုးအကြွင်းအကျန်များလည်း လေထဲတွင် ဦးတည်ရာမဲ့ လွင့်ပျံကုန်ကြသည်။
ရှင်းယီရွှမ်းတို့ အုပ်စုလည်း အကာအကွယ်များ ကြိုပြင်ဆင်ထားသည့်တိုင် မရှုမလှ ခံလိုက်ရသည်။ အလောင်းစွမ်းအင်များ၏ ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်စင်သွားပြီး ကျောက်နံရံများနှင့် ပြင်းထန်စွာ ရိုက်မိကုန်သည်။ ပြန်မထနိုင်မီ စွမ်းအင်လှိုင်းများသာမက အရိုးစများ၊ ကျောက်စကျောက်နများပါ ဓားများသဖွယ် အရှိန်ဖြင့် ဝင်ရောက်လာတော့သည်။
သတိကြီးသော မာချီက ငွေရောင်ခေါင်းလောင်းပုံသဏ္ဍာန် သက်ကယ်မှော်ရတနာကို အမြန်အသက်သွင်းလိုက်သည်။ ချက်ချင်းပင် ငွေရောင်ခေါင်းလောင်းဆီမှ စွမ်းအင်များ ထွက်ပေါ်ကာ ခေါင်းလောင်းပုံ အကာအကွယ်အလွှာအဖြစ် ပြောင်းလဲသွားပြီး သုံးဦးလုံးကို အုပ်မိုးကာကွယ်ထားခဲ့သည်။ ရှင်းယီရွှမ်းနှင့် နူယင်းတို့လည်း မာချီအပေါ် ကျရောက်နေသော ဖိအားများကို လျော့ပါးစေရန်အတွက် ၎င်းတို့၏ ဝိညာဥ်စွမ်းအင်များကို အသုံးပြု၍ ကူညီပေးကြသည်။
ခဏအကြာတွင် ရုပ်အလောင်းစွမ်းအင်များသည် ကျဉ်းမြောင်းသော ကျောက်လှေကား လမ်းကြောင်းတွင်းသို့ တဟုန်ထိုး စီးဝင်သွားသည်။
"ဝုန်း"
လမ်းကြောင်း ဝင်ပေါက်ရှိ ကျောက်ခဲပုံကြီးမှာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အဝေးသို့ လွင့်စင်ပြန့်ကျဲသွားသည်။ ရုပ်အလောင်းစွမ်းအင်များသည် လမ်းကြောင်းထဲမှနေ၍ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ တစ္ဆေမြူထုကိုပင် ပုံပျက်ပန်းပျက် ဖြစ်သွားစေခဲ့သည်။ ခဏအကြာတွင်မှ အလောင်းစွမ်းအင်များ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ထိုအချိန်ကျမှသာ ရှင်းယီရွှမ်းတို့လည်း ကျောက်နံရံတွင် ကပ်နေရာမှ ရုန်းထွက်နိုင်ခဲ့ကြသည်။ မာချီက သွေးများကို သုတ်လိုက်ရင်း၊ တုန်ယင်နေသာလေသံဖြင့် "နူယင်း... ဒါက မင်းပြောတဲ့ အစီအရင် ဖြိုဖျက်တာလား။ အစီအရင် ပျက်သွားပေမဲ့ ရုပ်အလောင်းစွမ်းအင်တွေ ထွက်လာမှာ မရိပ်မိဘူးလား။ မင်း ငါတို့ကို သေအောင် သတ်မလို့လား"ဟု ပြောလိုက်သည်။
အစီအရင် ဖြိုဖျက်ခြင်းက သူ့ဝိညာဥ်စွမ်းအင် အမြောက်အမြား ကုန်ခမ်းစေခဲ့သဖြင့် နူးယင်၏ မျက်နှာသည် အနည်းငယ် ဖြူလျော်နေခဲ့သည်။ အကယ်၍ ရှင်းယီရွှမ်း၏ လျင်မြန်သော တုံ့ပြန်မှုနှင့် မာချီ၏ မှော်ရတနာသာ မရှိခဲ့ပါက ရုပ်အလောင်းစွမ်းအင်လှိုင်းအောက်တွင် သေဆုံးသွားခဲ့ပြီး ဖြစ်နိုင်သည်။ သို့သော် အပြစ်တင်ခံရခြင်းကို လက်မခံလိုသဖြင့် "အစီအရင်ထဲမှာ ဒီလောက်များတဲ့ ရုပ်အလောင်းစွမ်းအင်တွေ ရှိနေမယ်လို့ ဘယ်သူက သိမှာလဲ။ ဖြိုဖျက်ဖို့ ကြိုးစားတဲ့သူတိုင်း ဒီရိုက်ခတ်မှုလှိုင်းကို ရင်ဆိုင်ရမှာပဲ" ဟု ပြန်လည်ချေပလိုက်သည်။
ရှင်းယီရွှမ်းက မျက်မှောင်ကြုတ်လျက် ၎င်းတို့နှစ်ဦးကို ကြည့်ကာ တိုးညှင်းသော အသံဖြင့် "တော်ကြပါတော့၊ အခုက ငြင်းခုံနေရမယ့် အချိန်မဟုတ်ဘူး။ ကျောက်စင်မြင့်ပေါ်က ရတနာတွေ ယူပြီး အမြန်ဆုံး ထွက်ခွာကြရအောင်။ ငါတို့ လုပ်လိုက်မိတဲ့ ဆူညံသံက အခြားလူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိနေလောက်ပြီ"ဟု သတိပေးလိုက်သည်။
ရှင်းယီရွှမ်းက ကျင်းမိသားစုကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤလျှို့ဝှက်နယ်မြေအတွင်း၌ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူအနည်းငယ်မှလွဲ၍ သူမကို ခြိမ်းခြောက်နိုင်သည့် တစ်ဦးတည်းသောသူမှာ ကျင်းမိသားစုမှ ကျင်းလေ့သာ ဖြစ်သည်။
ရှင်းယီရွှမ်း စကားပြောပြီးနောက် မာချီနှင့် နျူရင်းတို့ ငြိမ်သက်သွားခဲ့ကြသည်။ ထို့နောက် သုံးဦးစလုံး သတိကြီးစွာထားပြီး ရုပ်အလောင်းကျင်း၏ အလယ်ဗဟိုရှိ ကျောက်စင်မြင့်ဆီသို့ ချဥ်းကပ်သွားခဲ့ကြသည်။ ကျောက်စင်မြင့်တွင် မည်သည့်အန္တရာယ်မျှ မရှိတော့ချေ။ ကျောက်စင်မြင့်ထက်တွင် ပုံဆောင်ခဲ အမြောက်အမြား ပြန့်ကျဲနေသည်။ ထိုပုံဆောင်ခဲများသည် ကလေးတစ်ဦး၏ လက်သီးဆုပ်ခန့် အရွယ်အစားရှိပြီး စိန်ပုံသဏ္ဍာန်ရှိကာ နက်မှောင်နေသည်။ ကျောက်စင်မြင့်ပေါ်တွင် ပုံဆောင်ခဲပေါင်း နှစ်ရာကျော် ဖရိုဖရဲ ပြန့်ကျဲနေရာ၊ ၎င်းတို့သည် အစောပိုင်းက အလောင်းစွမ်းအင်လှိုင်းကြောင့် လွင့်စင်သွားခဲ့ကြခြင်း ဖြစ်နိုင်သည်။
"ဒါတွေက မိစ္ဆာခရစ္စတယ်ကျောက်တွေမလား"
ရှင်းယီရွှမ်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိသည်။ ဤမိစ္ဆာခရစ္စတယ်ကျောက်များသည် ဝိညာဥ်ကျောက်တုံး နှစ်သိန်းကျော်ထက်မက တန်ဖိုးရှိသော်လည်း သူမ မျှော်လင့်ထားခဲ့သော တန်ဖိုးဖြတ်မရသည့် ရတနာများနှင့်မူ များစွာ ကွာခြားလှသည်။
နူယင်းက သက်ပြင်းချရင်း "ဒီနေရာက မိစ္ဆာပုံဆောင်ခဲတွေကို သန့်စင်တဲ့ နေရာဖြစ်လိမ့်မယ်။ ရုပ်အလောင်းကျင်းထဲက အရိုးအကြွင်းအကျန်တွေက ရုပ်အလောင်းစွမ်းအင်တွေကို သန့်စင်ပြီး ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေပဲ" ဟု ပြောလိုက်သည်။
ရှင်းယီရွှမ်းက လက်ကို အသာအယာ ဝှေ့ယမ်းလျက် ဝိညာဥ်စွမ်းအင်ကို အသုံးပြုကာ ကျောက်စင်မြင့်ပေါ်က ပုံဆောင်ခဲအားလုံးကို သိမ်းဆည်းလိုက်သည်။
"အရိုးပုံထဲကို ပြုတ်ကျသွားတာ ရှိလိမ့်မယ်။ ငါတို့တွေ လူခွဲပြီး လိုက်ရှာကြရအောင်"
လာပြီးမှတော့ အကျိုးမဲ့ မဖြစ်စေရန် ရနိုင်သမျှ ရိတ်သိမ်းရမည်သာ။ သုံးဦးသား လူခွဲလိုက်ကြပြီး ရုပ်အလောင်းကျင်း ပတ်လည်တွင် စတင်ရှာဖွေကြသည်။
ရှင်းယီရွှမ်း ပုံဆောင်ခဲများ ရှာဖွေရင်း အာရုံများနေချိန် လေစွမ်းအင်ဓားတစ်လက်က အသံတစ်စုံတစ်ရာ မပြုဘဲ ဝင်ပေါက်လမ်းကြောင်းအတိုင်း ဝင်လာပြီး သူမထံ လျှပ်တပြက် တိုးဝင်လာသည်။ ကံကောင်းထောက်မစွာဖြင့် အလောင်းစွမ်းအင်လှိုင်းကြောင့် တစ္ဆေမြူထု ကျဲပါးနေပြီး ဝိညာဥ်အာရုံ အတော်ဝေးဝေးထိ ထုတ်လွှတ်ထားနိုင်သဖြင့် ရှင်းယီရွှမ်း အချိန်မီ ရှောင်လိုက်နိုင်သည်။
အလျား ဆယ်ပေကျော်ရှိပြီး လဆန်းပုံသဏ္ဍာန်ရှိသော လေစွမ်းအင်ဓားက အသိစိတ် ရှိနေသည့်အလား လေထုထဲတွင် ထူးဆန်းစွာ ကွေ့ဝိုက်သွားခဲ့ပြီး ရှင်းယီရွှမ်းကို လိုက်လံတိုက်ခိုက်တော့သည်။
ရှင်းယီရွှမ်းသည် ဓားပျံတစ်လက်ဖြင့် လေစွမ်းအင်ဓားကို ဖြတ်တောက်လိုက်ရာ လေစွမ်းအင်ဓားမှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး လေထုထဲတွင် ပျောက်ကွယ်သွားသည်။
သို့သော်လည်း ရှင်းယီရွှမ်း အသက်ရှူချိန်ပင် မရလိုက်။ များပြားလှသော လေစွမ်းအင်ဓားများ ဝင်ပေါက်လမ်းကြောင်းမှတဆင့် တဟုန်ထိုး ဝင်လာပြီး၊ လေနဂါးကြီးတစ်ကောင်အဖြစ် ပေါင်းစပ်ကာ တိုးဝင် တိုက်ခိုက်လာပြန်သည်။
ရှင်းယီရွှမ်း၏ မျက်နှာအမူအရာ လေးနက်သွားပြီး ဓားပျံကို သိမ်းဆည်းကာ လှိုင်းတံပိုးအလံကို ထုတ်ယူ ဝေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို လေထုထဲတွင် ရေတံတိုင်းကြီးတစ်ခု ပေါ်လာပြီး လေနဂါးကြီးကို တိုက်မိသွားသည်။
"ကျင်းလေ့... ငါ့ကို ခြုံခိုတိုက်ခိုက်ပြီး မျက်နှာမပြရဲဘူးလား"
ဤလျှို့ဝှက်နယ်မြေအတွင်း၌ လေဓာတ်စွမ်းအင်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သော ရွှေအမြုတေအဆင့် ကျင့်ကြံသူဆို၍ ကျင်းလေ့တစ်ဦးတည်းသာ ရှိသည်။ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ ဖြစ်ပါက ဤကဲ့သို့ ခြုံခိုတိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြုရန် မလိုအပ်ချေ။
ရှင်းယီရွှမ်း၏ စကားအဆုံးတွင် ဝင်ပေါက်၌ လူသုံးယောက် ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ကျင်းလေ့နှင့် ကျင်းမိသားစုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦး ဖြစ်သည်။ ကျင်းလေ့တို့အုပ်စုက ဘာစကားမျှ မပြောဘဲ၊ ရှင်းယီရွှမ်းကို တပြိုင်နက်တည်း ဦးတည်တိုက်ခိုက်လိုက်ကြသည်။
အဆင့်တူသုံးဦး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ရှင်းယီရွှမ်းလည်း မပေါ့ဆဝံ့ဘဲ အပြည့်အဝ အာရုံစိုက် ခုခံလိုက်ရသည်။
"သခင်မလေး သတိထား"
နူယင်းက အော်ဟစ်သတိပေးရင်း အလံငယ်လေးခု ဆင့်ခေါ်လိုက်ပြီး ကာကွယ်ရေး အစီအရင်တစ်ခု ခင်းကျင်းရန် ကြိုးပမ်းလိုက်သည်။ သို့သော် အစီအရင် ဖျက်ဆီးချိန်က ဝိညာဥ်စွမ်းအင် အမြောက်အမြား ကုန်ခမ်းသွားခဲ့သဖြင့် လှုပ်ရှားမှု နှေးကွေးနေသည်။
မာချီက ငွေရောင်ခေါင်းလောင်းကို အသက်သွင်းလိုက်ရာ ငွေရောင်ခေါင်းလောင်းသည် ဆယ်ပေခန့် အရွယ်အစားအထိ ကြီးမားသွားပြီး ရှင်းယီရွှမ်း၏ ဦးခေါင်းထက်တွင် ပျံဝဲလျက်၊ ငွေရောင်ခေါင်းလောင်း အကာအကွယ်တစ်ခု ဖန်တီးပေးလိုက်သည်။
ကျင်းလေ့ အေးစက်စွာ လှောင်ပြောင်ရယ်မောရင်း လေနဂါးအလံကို ဝှေ့ယမ်းလိုက်ရာ၊ လေနဂါးကြီးသည် လမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်ပြီး မာချီဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
မာချီ မျက်နှာပျက်သွားသည်။ ငွေရောင်ခေါင်းလောင်းကို ဆင့်ခေါ်ရန် နောက်ကျသွားသဖြင့် ဓားပျံဖြင့်သာ လေနဂါးကြီးကို ခုခံလိုက်သည်။ သို့သော် ကျင်းလေ့ထက် ကျင့်ကြံမှု အဆင့်ငယ်တစ်ခု နိမ့်ကျသည့်အပြင် ဒဏ်ရာလည်း ရထားသဖြင့် ခုခံမှုမှာ အရာမရောက်တော့ပေ။
ပြင်းထန်သော ထိတွေ့မှုအပြီး ဓားပျံက အဝေးသို့ လွင့်ထွက်သွားသည်။ လေနဂါးကြီးက ရုတ်တရက် မရေမတွက်နိုင်သာ လေစွမ်းအင်ဓားများအဖြစ် ပြောင်းကာ မာချီထံသို့ အရှိန်ပြင်းစွာ တိုးဝင်သွားသည်။
“အား…”
မာချီမှာ များပြားလှသော လေစွမ်းအင်ဓားများကို လွတ်အောင် မရှောင်တော့ပေ။ နာနာကျင်ကျင် အော်သံနှင့်အတူ အသားစိုင်များအဖြစ် အပိုင်းပိုင်း ပြတ်တောက်ပြီး ဇီဝိန်ချုပ်သွားတော့သည်။
သွေးများလည်း ဦးတည်ရာမဲ့ ပန်းထွက်သွားပြီး အရိုးအကြွင်းအကျန်များနှင့် ကျောက်စင်မြင့်ပေါ်တွင် စွန်းထင်သွားသည်။
"မာချီ"
ရှင်းယီရွှမ်းသည် ဝမ်းနည်းမှုနှင့်အတူ ဒေါသတကြီး အော်ဟစ်လိုက်ရင်း လှိုင်းတံပိုးအလံကို ဝေ့ယမ်းလိုက်သည်။ ရေစီးကြောင်းများက ရေနဂါးများအလား စုရုံးသွားပြီး ကျင်းလေ့တို့ထံ တိုးဝင်သွားတော့သည်။
ကျင်းလေ့ကလည်း ရှင်းယီရွှမ်းထံ လေစွမ်းအင်ဓားများဖြင့် ပစ်လွှင့် တိုက်ခိုက်လိုက်သည်။
………….