← Chapters

ရွှေအမြုတေ အထွတ်အထိပ်အဆင့်တိုက်ပွဲ

Vol. 31 Ch. 320

ရွှေအမြုတေ အထွတ်အထိပ်အဆင့်တိုက်ပွဲ

Vol. 31 Ch. 320

လေဓားများ ထိမိလုဆဲဆဲမှာပင် နူယင်းသည် နောက်ဆုံး၌ အစီအရင်ကို အောင်မြင်စွာ ခင်းကျင်းနိုင်ခဲ့သည်။ မှိန်ပျပျ ရွှေရောင်အလင်းတံတိုင်းတစ်ခု လင်းလက်လာပြီး အတွင်းရှိ နူယင်းကို ကာကွယ်ထားလိုက်သည်။ လေဓားများမှာ အစီအရင်ကို ထိုးဖောက်နိုင်ခြင်း မရှိဘဲ အပိုင်းပိုင်း ပြတ်တောက်သွားသည်။

အစီအရင်၏ အလင်းတံတိုင်းသည်လည်း ဖျော့တော့သွားပြီး တုန်ခါနေသည်။ နူယင်းလည်း အံတင်းတင်းကြိတ်ကာ အစီအရင်ကို တည်ငြိမ်စေရန် လက်ကျန်ဝိညာဥ်စွမ်းအင် အကုန်ထုတ်သုံးခဲ့ရသည်။

ထိုအချိန်တွင် ရှင်းယီရွှမ်း၏ ဒေါသတကြီး တိုက်ခိုက်မှုများကို ပူးပေါင်းခုခံနေသော ကျင်းမိသားစုမှ ရွှေအမြုတေ ကျင့်ကြံသူနှစ်ဦးမှာ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ အင်အားကုန်ခမ်းမည့် အရိပ်အယောင်များ ပြသလာသည်။ ကျင်းလေ့လည်း သူ့လူနှစ်ယောက်အား ကာကွယ်ရန် ရှင်းယီရွှမ်းကို ရင်ဆိုင်လိုက်ရသည်။

အသက်လုတိုက်ပွဲ ပြင်းထန်နေသဖြင့် သေဆုံးသွားသော မာချီ၏ ရုပ်အလောင်းနှင့် သွေးစသွေးနများ အပြောင်းအလဲ ဖြစ်သွားသည်ကို မည်သူမျှ သတိမပြုမိကြပေ။ ကျောက်စင်မြင့်နှင့် အရိုးအကြွင်းအကျန်များပေါ် ပြန့်ကျဲနေခဲ့သော သွေးများ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သလို၊ အပိုင်းပိုင်း ပြတ်တောက်နေခဲ့သော အသားစိုင်များမှာလည်း နှစ်ပေါင်းများစွာ တိုက်စားခံခဲ့ရသည့်အလား ခြောက်သွေ့ ဆွေးမြည့်သွားခဲ့သည်။ ဝိညာဥ်အပိုင်းအစများပင်လျှင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။

သေဆုံးသွားသော မာချီ၏ အသွေးအသားနှင့် ဝိညာဥ်က မြေအောက်နက်ရှိုင်းသော နေရာတစ်ခုရှိ ထူးဆန်းသော တည်ရှိမှုတစ်ခုကို နှိုးဆွလိုက်သည့်အလား ဖြစ်သွားပြီး၊ ထိုအရာက သွေးနှင့် ဝိညာဥ်အပိုင်းအစအားလုံးကို အကြွင်းမဲ့ ဝါးမြိုပစ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် အေးစက်လှသော ကျောက်စင်မြင့်ထက်တွင် သွေးကဲ့သို့ နီရဲသော စာသားများ၊ အမှတ်အသားများ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ ဤအမှတ်အသားများသည် အသက်ရှိသော သွေးကြောများကဲ့သို့ပင် ကျောက်တုံးမျက်နှာပြင်ပေါ်တွင် ပျံ့နှံ့စီးဆင်းသွားသည်။

သွေးနီရောင် အမှတ်အသားများ ပျံ့နှံ့သွားသည်နှင့်အမျှ ကျောက်စင်မြင့်တစ်ခုလုံး သွေးနီရောင် ဖုံးလွှမ်းသွားပြီး ထူးဆန်း၍ နားလည်ရခက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

ကျောက်စင်မြင့်၏ ထူးဆန်းသော ပြောင်းလဲမှုများက တိုက်ခိုက်နေသူများပင် သတိမမူဘဲ မနေနိုင်အောင် ဖြစ်လာသည်။ ရှင်းယီရွှမ်းနှင့် ကျင်းလေ့တို့ တိုက်ခိုက်မှု ရပ်စဲပြီး နောက်ဆုတ်ကာ ကျောက်စင်မြင့်ကို သတိကြီးစွာ ကြည့်နေမိသည်။

ကျင်းလေ့က အချိန်ဆွဲမနေတော့၊ လျို့ဝှက်နယ်မြေတွင် ပုံမှန်မဟုတ်သော မည်သည့်ပြောင်းလဲမှုမဆို ခန့်မှန်းမရနိုင်အောင် အန္တရာယ်ကြီးသည်ကို နားလည်သဖြင့် သူ့လူများကို ခေါ်ကာ ကျောက်လှေကား လမ်းကြောင်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

"ရှင်းယီရွှမ်း... မင်း ဒီဂူထဲကနေ ထွက်ချင်တယ်ဆိုရင် ရတနာတွေ ငါ့ကိုပေးဖို့ ယူလာခဲ့" ဟု ကျင်းလေ့က အော်ဟစ်သတိပေးသွားသည်။ ဤနေရာတွင် ထွက်ပေါက်တစ်ခုသာ ရှိသည်။ ကျောက်လှေကားကို ခဏတာ ပိတ်ဆို့ထားလိုက်ပါက ရှင်းယီရွှမ်းတို့ ဘေးကင်းစွာ ထွက်ပြေးနိုင်ကြမည် မဟုတ်ပေ။

"အိပ်မက်မက်နေလိုက်" ဟု ရှင်းယီရွှမ်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။ ဤရုပ်အလောင်းကျင်းအတွင်း၌ မိစ္ဆာပုံဆောင်ခဲများမှ လွဲ၍ အခြားရတနာများ မရှိချေ။ အကယ်၍ ရှိနေဦးတော့၊ ၎င်းတို့ကို ကျင်းလေ့ထံ အပ်နှံလိုက်ပါကလည်း ထိုသူက လမ်းဖွင့်ပေးမည် မဟုတ်ကြောင်း သူမ သိပြီးသားပင်။

ရှင်းယီရွှမ်းက အချိန်ဖြုန်းမနေဘဲ လှိုင်းတံပိုးအလံကို ဝှေ့ယမ်းလိုက်ရာ၊ လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားကြသော ကျင်းလေ့တို့ဆီသို့ ပြင်းထန်လှသော ရေစီးကြောင်းကြီးများ တဟုန်ထိုး စီးဆင်းသွားသည်။ လမ်းကြောင်းအတွင်း၌ ရေလှိုင်းကြီးများ အပေါ်သို့ တဟုန်ထိုး ထိုးတက်သွားရာ ကျောက်နံရံများကို ဆက်တိုက် ရိုက်ခတ်မိသဖြင့် နားကွဲလုမတတ် ဆူညံလှသော အသံကြီးများ ချက်ချင်း ထွက်ပေါ်လာသည်။

ကျင်းလေ့လည်း “ခွေးမ..”ဟု ဆဲရေးရင်း လေတံတိုင်းတစ်ခု ထုတ်ဆင့်ကာ ရေလှိုင်းများကို ပိတ်ဆို့ဟန့်တားရင်း အမြန်ဆုံး ပြေးထွက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ရုပ်အလောင်းကျင်း၏ အလယ်ဗဟိုရှိ ကျောက်စင်မြင့်သည် မြေအောက်နက်ရှိုင်းသော နေရာရှိ ပြင်းထန်သော စွမ်းအားတစ်ခု နိုးထလာသည့်အလား ပြင်းထန်စွာ တုန်ခါလာပြီး အပေါ်သို့ ကြွတက်လာသည်။ ၎င်းသည် ကျောက်စင်မြင့်သက်သက် မဟုတ်ဘဲ ဧရာမ ကျောက်တိုင်ကြီးတစ်ခု ဖြစ်နေခဲ့ကာ၊ အစိတ်အပိုင်း အများစုမှာ မြေအောက်တွင် နစ်မြုပ်နေခဲ့ခြင်း ဖြစ်သည်။

“ဝုန်း..”

ကျောက်တိုင်ကြီးသည် ရုပ်အလောင်းကျင်း၏ အမိုးမျက်နှာကြက်ကို ပြင်းထန်စွာ ရိုက်မိသွားသည်။ ထိုရိုက်ခတ်မှုက အားပြင်းလွန်းလှသဖြင့် အမိုးမျက်နှာကြက်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခတ်သွားကာ ကျောက်သားအပိုင်းအစများ ပြုတ်ကျလာသည်။ ကျောက်တိုင်ကြီးတွင်လည်း ထိုရိုက်ခတ်မှုကြောင့် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။

သို့သော်လည်း ပိုမို၍ ထိတ်လန့်သွားစေသည်မှာ ကျောက်တိုင်ကြီးသည် အမိုးမျက်နှာကြက်နှင့် ရိုက်မိပြီးနောက် ရပ်တန့်မသွားဘဲ အမိုးမျက်နှာကြက်ကို ဖောက်ထွင်းသွားခဲ့ခြင်းပင်။ ကျောက်တိုင်ကြီးက အဆုံးမရှိသည့်အလား ဆက်လက်မြင့်တက်နေသလို၊ အမိုးမျက်နှာကြက်မှ ပြိုကျလာသော ကျောက်တုံးကြီးများက ရုပ်အလောင်းကျင်းကို မြှုပ်နှံပစ်တော့မည့်အလား ဖုံးလွှမ်းလာသည်။

...

ရှင်းနှင့် ကျင်းမိသားစုဝင်များ အခက်ကြုံနေချိန်တွင် မြေအောက်ဝင်္ကပါတွင်းရှိ ဝိညာဥ်သန္ဓေ ကျင့်ကြံသူများလည်း ကိုယ်စီပြဿနာနှင့် အခက်ကြုံနေကြသည်။

ကျင်းဝူမင်မှာ ဝင်္ကပါမြေပုံ ရှိနေလင့်ကစား အငြိုးကြီးတစ္ဆေများက မကြာခဏ ပေါ်ထွက်လာတတ်သဖြင့် အခက်တွေ့နေသည်။ တွေ့သမျှ အကောင်တိုင်းမှာ စတုတ္ထအဆင့် အငြိုးကြီးတစ္ဆေများ ဖြစ်ကြသဖြင့် အလွန်တရာ သန်မာလှသည်။ ကျင်းဝူမင်မှာ မိုးကြိုးမှော်အတတ် ကျွမ်းကျင်ခြင်း မရှိသလို စိတ်ဝိညာဥ်တိုက်ခိုက်မှုပညာလည်း ကင်းမဲ့နေသည်။ အကယ်၍ အဆင့်မြင့် မိုးကြိုးအဆောင်များ ယူဆောင်မလာခဲ့ပါက ယခုအချိန်တွင် အသက်ပျောက်နေပေလိမ့်မည်။

တိုက်ခိုက်လိုက်၊ အနားယူအားဖြည့်လိုက်ဖြင့် ဆက်တိုးရင်း တစ်လခန့်ကြာမှသာ ဝင်္ကပါ၏ အဆုံးသတ်သို့ ရောက်ရှိခဲ့သည်။

၎င်းက ကြေးညိုတံခါးကြီးတစ်ခု ဖြစ်သည်။

ရောက်ရောက်ချင်း ကြေးညိုတံခါးကြီး တစ်ဝက်ခန့် ပွင့်နေသည်ကို မြင်လိုက်ရသဖြင့် ကျင်းဝူမင် အမောဆို့သွားတော့သည်။

"တစ်ယောက်ယောက် ငါ့ထက် အရင်ရောက်နေတာလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူ့ထံတွင် ဝင်္ကပါမြေပုံ ရှိနေသဖြင့် အခြားလူများထက် အသာစီးရနေခြင်း ဖြစ်သည်။ ဝင်္ကပါအတွင်း ဝိညာဥ်အာရုံမှာ ပြင်းထန်စွာ ကန့်သတ်ခံထားရသဖြင့် မြေပုံမရှိပါက လျှို့ဝှက်နယ်မြေ ပိတ်သိမ်းသည့်တိုင်အောင် လမ်းကြောင်းကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ကြောင်း ယုံကြည်ထားခဲ့သည်။ ယခုမူ အထင်နှင့် အမြင် လွဲချော်နေသည်။

ကျင်းဝူမင်လည်း မယုံကြည်နိုင်စွာဖြင့် တွေးတောနေရင်း အော်ရာကို ဖုံးကွယ်လိုက်ပြီး ကြေးညိုတံခါးကို သတိကြီးစွာဖြင့် ဖြတ်သန်း ဝင်ရောက်ခဲ့သည်။ ကြေးညိုတံခါး၏ အခြားတစ်ဖက်တွင်မူ ကျယ်ဝန်းလှသော မြေအောက်လမ်းကြောင်းကြီးတစ်ခု ရှိနေသည်။ ထိုလမ်းကြောင်းအတွင်း၌ တစ္ဆေမြူခိုးများ လုံးဝမရှိသလောက်ပင် ဖြစ်ပြီး ကြေးညိုတံခါး၏ အနီးနားတွင်သာ အနည်းငယ် ရှိနေခဲ့သည်။ ကြေးညိုတံခါး ပွင့်သွားသည့်အခါ ဝင်္ကပါအတွင်းက တစ္ဆေမြူခိုးများ ဤနေရာအတွင်းသို့ ပျံ့နှံ့ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပုံရသည်။

ထိုဂူလမ်းကြောင်းသည် ကွေ့ကောက်နေပြီး သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်တိုင်ချွန် အမြောက်အမြား ရှိနေသည်။ ဂူအတွင်း၌ မှောင်မိုက်မနေဘဲ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများမှ တောက်ပလှသော အနီရောင် အလင်းတန်းများ ထွက်လာနေပြီး ဂူအတွင်းကို အတော်အသင့် လင်းထိန်နေစေသည်။ ထိုအက်ကွဲကြောင်းများအတွင်း၌ ချော်ရည်ပူများ စီးဆင်းနေသည်။

ဂူအတွင်းသို့ ရောက်ရှိလာသည်နှင့်အမျှ ဝိညာဥ်အာရုံအပေါ် ဖိနှိပ်ထားမှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သဖြင့် ကျင်းဝူမင် စိတ်ပေါ့ပါးသွားသည်။ သို့သော်လည်း မိမိထက် အရင်ရောက်နှင့်နေသော လူကို သတိပေးသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဝိညာဥ်အာရုံကို မထုတ်လွှတ်ဘဲ တိတ်တဆိတ်သာ လှုပ်ရှားနေခဲ့သည်။

ထိုဂူသည် အရှေ့မှ အနောက်သို့ သွယ်တန်းနေသည်။ အရှေ့ဘက်လမ်းကြောင်း တဖြည်းဖြည်း ကျဉ်းမြောင်းသွားပြီး အနောက်ဘက် လမ်းကြောင်းကမူ ပိုမိုကျယ်ဝန်းလာပုံရသည်။ အများကြီး တွေးမနေတော့ဘဲ ကျင်းဝူမင်သည် အနောက်ဘက်သို့ ဦးတည်ရန် ဆုံးဖြတ်ခဲ့သည်။ သူ အဝေးကြီး မသွားရသေးခင်မှာပင် အရှေ့ဘက်လမ်းကြောင်းမှ ထွက်ပေါ်လာသော တိုက်ခိုက်သံများကို ကြားလိုက်ရသည်။

ကျန်းဝူမင်လည်း နောက်ပြန်လှည့်ပြီး သတိကြီးစွာဖြင့် အရှေ့ဖက်လမ်းကြောင်းအတိုင်း ချဥ်းကပ်သွားခဲ့သည်။ တိုက်ခိုက်သံများ ထွက်ပေါ်ရာအနီး ရောက်သောအခါ လမ်းကွေ့တစ်ခုရှိ ကျောက်နံရံတွင် ခန္ဓာကိုယ်ကို ကပ်ထားပြီး လှမ်းချောင်းကြည့်လိုက်သည်။

ထိုနေရာမှာ ကျယ်ဝန်းလှသော မြေအောက်ခန်းမကြီးတစ်ခု ဖြစ်သည်။ အလယ်ဗဟိုတွင် ပေရာပေါင်းများစွာ ကျယ်ဝန်းလှသော မြင့်မားသည့် စင်မြင့်တစ်ခု ရှိနေသည်။ စင်မြင့်၏ အလယ်ဗဟိုတွင် လေးထောင့်ကျောက်တိုင်ကြီး ရှိနေပြီး၊ ထိုကျောက်တိုင်ကြီးသည် အပေါ်ဘက် မျက်နှာကြက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်နေသည်။

ကျောက်တိုင်၏ အောက်ခြေတွင်မူ ဧရာမ ကျောက်ခေါင်းတလားကြီးတစ်ခု ရှိနေသည်။ ထိုခေါင်းတလားမှာ ကြီးမားလွန်းလှသဖြင့် ကျောက်ခန်းမတစ်ခုဟုပင် သတ်မှတ်နိုင်သည်။ ခေါင်းတလားတွင် အဖုံးမရှိချေ၊ ကျောက်တိုင်ကြီးသည် ခေါင်းတလားအတွင်းသို့ တိုက်ရိုက် စိုက်ဝင်နေခဲ့ခြင်း ဖြစ်သည်။ ခေါင်းတလား၏ ထောင့်လေးထောင့်တွင် လူတစ်ယောက်၏ လက်မောင်းခန့် တုတ်ခိုင်လှသော သံကြိုးလေးခု ရှိနေသည်။ သံကြိုးများ၏ တစ်ဖက်စွန်းကို စင်မြင့်၏ထောင့်တွင် မြှုပ်နှံထားပြီး အခြားတစ်ဖက်စွန်းကမူ ခေါင်းတလားအတွင်းသို့ ဆန့်တန်းဝင်ရောက်နေသည်။ အထဲရှိ တစ်စုံတစ်ရာကို ချုပ်နှောင်ထားသည့်အလားပင်။ စင်မြင့်တစ်ခုလုံးကို အနက်ရောင် အစီအရင် အကာအကွယ်အလွှာတစ်ခုက ဖုံးလွှမ်းထားသည်။

အစီအရင်၏ ပြင်ပတွင်မူ လူနှစ်ယောက် လေထဲတွင် ပျံဝဲနေကြသည်။ ၎င်းတို့မှာ ယွမ်ဟောက်နှင့် လေဟုန်လင်းယုန်ဖုန်းယင်တို့ပင် ဖြစ်သည်။ ထိုမိစ္ဆာနှစ်ကောင်မှာ အစီအရင်ကို တိုက်ခိုက်ခဲ့ကြသော်လည်း ဘာတိုးတက်မှုမျှ မရှိခဲ့သဖြင့် အကြံအိုက်နေကြသည်။

"ငါတို့နှစ်ယောက်တည်းရဲ့ အင်အားနဲ့ဆိုရင် ဒီအစီအရင်ကို အတင်းအဓမ္မ ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူးထင်တယ်" ဟု ဖုန်းယင်က စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။

ယွမ်ဟောက်က "ဒါဆိုရင် ဘာလုပ်ကြမလဲ" ဟု ပြန်မေးသည်။

ဖုန်းယင်က မျက်မှောင်ကြုတ်လိုက်ပြီး ခဏမျှ တွေးတောကာ "အခုလောလောဆယ် လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ငါတို့တွေ ယာယီနောက်ဆုတ်ပြီး အမှောင်ထဲမှာ ပုန်းအောင်းနေရင်း လူသားမျိုးနွယ်တွေ ရောက်လာတာကို စောင့်ဖို့ပဲ။ လူသားတွေက အစီအရင်ကို ဖြိုဖျက်နိုင်တာနဲ့ အခွင့်ကောင်းယူ တိုက်ခိုက်ပြီး မြင့်မြတ်နတ်ဆိုးသားရဲရဲ့ ခန္ဓာကိုယ်ကို လုယူကြတာပေါ့"ဟု ဆိုလိုက်သည်။

"ငါတို့တွေ ဒါကို ရှာဖွေဖို့ အများကြီး ကြိုးစားခဲ့ရတာ၊ အခု ငါတို့ ရှေ့မှာတင် ရှိနေပြီ။ ဒီလို အခွင့်အရေးကြီးကို လွယ်လွယ်နဲ့ မစွန့်လွှတ်နိုင်ဘူး။ အကယ်၍ လူသားတွေရဲ့ ဝိညာဥ်သန္ဓေ ကျင့်ကြံသူ လေးယောက်စလုံး ပူးပေါင်းပြီး ရောက်လာရင် မြင့်မြတ်နတ်ဆိုးသားရဲရဲ့ ခန္ဓာကိုယ်ကို လုယူဖို့က မဖြစ်နိုင်သလောက်ပဲ"

"လူသားမျိုးနွယ်တွေက မင်းထင်သလို စည်းလုံးကြတာ မဟုတ်ပါဘူး။ သူတို့တွေ အချင်းချင်း တိုက်ခိုက်ပြီး အားနည်းတဲ့အချိန်ကျမှ အမြတ်ထုတ်ကြတာပေါ့"

ယွမ်ဟောက်၏ အကြည့်က အစီအရင်အတွင်းရှိ ခေါင်းတလားဆီသို့ ရောက်သွားပြီး သူ့မျက်လုံးထဲတွင် လိုချင်တက်မက်စိတ်၏ အရိပ်အယောင်များ ပြည့်နှက်နေသည်။ နောက်မဆုတ်ချင်သော်လည်း ပိုမိုကောင်းမွန်သော အစီအစဥ်ကို မစဥ်းစားနိုင်သဖြင့် ဖုန်းယင်၏ အကြံကို သဘောတူလိုက်ရတော့သည်။

"ကောင်းပြီ၊ မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ အရာရာတိုင်းက မင်းပြောသလို ချောချောမွေ့မွေ့ ဖြစ်သွားဖို့ မျှော်လင့်ရတာပဲ"

အစီအစဥ်ကို သဘောတူလိုက်ကြပြီးနောက် မိစ္ဆာနှစ်ကောင် တရွေ့ရွေ့ နောက်ဆုတ်သွားကြသည်။

……

All Chapters