ရှင်းမိသားစု ရောက်လာပြီ
Vol. 31 Ch. 321
ကျင်းဝူမင်သည် သက်ပြင်းတစ်ချက် အသာချလိုက်မိသည်၊ ထိုမိစ္ဆာနှစ်ကောင်သည် သူရှိရာ လမ်းကြောင်းအတိုင်း နောက်ဆုတ်မလာကြဘဲ ခန်းမဆောင်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ရွေ့လျားသွားခဲ့ကြသောကြောင့် ဖြစ်သည်။ မိစ္ဆာနှစ်ကောင် အဝေးသို့ ရောက်ရှိသွားပြီးနောက် ကျင်းဝူမင် စင်မြင့်ကို စိုက်ကြည့်ရင်း တွေးတောနေခဲ့သည်။ ထိုမိစ္ဆာများနှင့် မတူညီသည့်အချက်မှာ သူသည် လျှို့ဝှက်နယ်မြေထဲ မဝင်ခင်ကတည်းက စေ့စပ်သေချာစွာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ကိုယ်တိုင် အစီအရင် ကျွမ်းကျင်သူ ဖြစ်သော်လည်း လိုရမယ်ရ တန်ဖိုးကြီးလှသော တားမြစ်စည်းဖျက်ပုလဲကိုပါ ဝယ်ယူလာခဲ့သည်။ ထို့ကြောင့် အစီအရင်ကို ဖြိုဖျက်ရန်အတွက် အတိုင်းအတာတစ်ခုအထိ ယုံကြည်ချက် ရှိသည်။
သို့သော်လည်း ပတ်ဝန်းကျင်တွင် စတုတ္ထအဆင့် မိစ္ဆာသားရဲနှစ်ကောင်က သားကောင်ကို စောင့်ကြည့်နေသည့်အလား ပုန်းအောင်းနေကြသဖြင့် အရဲကိုး မလှုပ်ရှားဝံ့ချေ။ မဟုတ်ပါက ရတနာကို မရရှိနိုင်ရုံမျှမက မိစ္ဆာများ၏ လက်အောက်တွင် သေဆုံးသွားရနိုင်သည်။
ကျင်းဝူမင်လည်း တရွေ့ရွေ့ နောက်ဆုတ်သွားခဲ့ပြီး နောက်ဆုံး၌ ကြေးညိုတံခါးရှိရာ နေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ တံခါးအပြင်ဘက်တွင် မည်သူမျှ မတွေ့သောအခါ တခဏတာ စဥ်းစားပြီး ဝိညာဥ်စွမ်းအင်ကို အသုံးပြု၍ ကြေးတံခါးကြီးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် လမ်းကြောင်းတွင်းရှိ ဂူတစ်ခုအတွင်း၌ ပုန်းအောင်းလိုက်သည်။
နာရီအနည်းငယ်အကြာတွင် ရှင်းကောင်းဟန်တို့ ကြေးညိုတံခါးကြီးဆီ ရောက်လာကြသည်။ ရှင်းကောင်းဟန်က တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။
ရှင်းဝမ်ယောင်က လိုက်ဝင်လာသော်လည်း တစ်စုံတစ်ရာကို သံသယဝင်ဟန်ဖြင့် တုံ့ဆိုင်းဆိုင်း ဖြစ်နေသည်။
"ကျင်းဝူမင်က ငါတို့ထက် အရင်ရောက်နေတာ၊ ဘာဖြစ်လို့ ကြေးညိုတံခါးက ပိတ်နေရတာလဲ"
"ဘယ်သူမှ ရောက်မလာသေးဘူး ထင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာ ဖြစ်မှာပေါ့"
ရှင်းကောင်းဟန်က ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။
"အင်း.. ဖြစ်နိုင်တယ်။ ငါတို့ဆီမှာ သူ့အနံ့ကို ခြေရာခံနိုင်တဲ့ ဝိညာဥ်မြေခွေး ရှိနေတယ်ဆိုတာကို သူ မျှော်လင့်ထားမှာ မဟုတ်ဘူး"
ဂူထဲတွင် လမ်းကြောင်းနှစ်ခု ရှိသော်လည်း အန္တရာယ် ကြုံပါက အပြန်အလှန် ကူညီနိုင်ရန်အတွက် လူခွဲမသွားဘဲ အတူသွားရန် ဆုံးဖြတ်ပြီး အရှေ့ဘက်လမ်းကြောင်းအတိုင်း ဝင်လာခဲ့ကြသည်။
မကြာမီ စင်မြင့်ရှိရာ ကျောက်ခန်းမကြီးအတွင်း ရောက်ရှိလာကြသည်။ နတ်ဆိုးသားရဲနှစ်ကောင်၏ တိုက်ခိုက်မှုများ မရှိတော့သဖြင့် စင်မြင့်ပေါ်ရှိ အစီအရင် အတားအဆီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကျောက်စင်မြင့်၏ ပတ်ဝန်းကျင်ကို သေချာစွာ လိုက်လံကြည့်ရှုပြီးနောက် ရှင်းကောင်းဟန်က "မြေပြင်ပေါ်မှာ လှုပ်ရှားထားတဲ့ ခြေရာလက်ရာတွေ ရှိနေတယ်။ ဒီခြေရာတွေက လတ်ဆတ်နေတုန်းပဲဆိုတော့ အဲဒီလူ ထွက်သွားတာ မကြာသေးဘူး။ တစ်နာရီဝန်းကျင်ပဲ ရှိဦးမယ်" ဟု ပြောလိုက်သည်။
ရှင်းဝမ်ယောင်က မျက်မှောင်ကြုတ်လိုက်သည်။
"ကျင်းဝူမင်က အစီအရင်ကို မဖြိုဖျက်နိုင်လို့ နောက်ဆုတ်သွားတာများလား"
ရှင်းကောင်းဟန်က ခေါင်းညိမ့်လိုက်သည်။
"ဖြစ်နိုင်ခြေများတယ်"
"ဒါဆို သူ ဘယ်ကို သွားတာလဲ
"ဒါက လျှို့ဝှက်နယ်မြေတစ်ခုလုံးရဲ့ အလယ်ဗဟိုပဲ၊ တန်ဖိုးအရှိဆုံး ရတနာတွေလည်း ရှိတယ်။ ကျင်းဝူမင်က ဒီလောက်အလွယ်တကူနဲ့ စွန့်လွှတ်မှာ မဟုတ်ဘူး။ သူ ဒီအနီးအနား တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်လိမ့်မယ်။ သူတစ်ယောက်တည်းဆိုရင်တော့ ခြိမ်းခြောက်မှု မရှိပါဘူး။ မင်း အစီအရင်ကို ဖြိုဖျက်ဖို့ပဲ အာရုံစိုက်ပါ၊ ငါ မင်းကို ကာကွယ်ပေးမယ်"
ရှင်းဝမ်ယောင်က ချက်ချင်း လှုပ်လားလိုက်သည်။ စင်မြင့်ဆီသို့ ပျံသန်းသွားပြီး အလံငယ်ကိုးခုကို ဆင့်ခေါ်လျက် အစီအရင်ကို စတင်ဖြိုဖျက်တော့သည်။ အလံကိုးခုသည် စင်မြင့်၏ ပတ်ပတ်လည်တွင် စနစ်တကျ နေရာကျသည်နှင့် တောက်ပသော အပြာရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ အလင်းတန်းများမှာ ဝိညာဥ်မြွေများသဏ္ဍာန် ပြောင်းသွားပြီး စင်မြင့်၏ အလယ်ဗဟိုဆီသို့ တိုးဝင်သွားခဲ့ကြသည်။
ချက်ချင်းပင် ကျောက်စင်မြင့်ပေါ်ရှိ အစီအရင် ပြန်လည်အသက်ဝင်လာပြီး အတားအဆီးအလွှာက အပြာရောင်အလင်းတန်များအား ပိတ်ဆို့ထားလိုက်သည်။
ရှင်းဝမ်ယောင်က အေးဆေးတည်ငြိမ်စွာဖြင့် အလံကိုးခုကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြီး ချိုးဖျက်ရန် အဆက်မပြတ် ကြိုးစားနေခဲ့သည်။
သုံးရက်ခန့် ကုန်လွန်သွားခဲ့ပြီးနောက် တိုးညှင်းသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အကာအကွယ်အလွှာတွင် အက်ကွဲကြောင်းငယ်တစ်ခု ပေါ်ထွက်လာသည်။
ရှင်းဝမ်ယောင် အားတက်သွားပြီး အသက်ပြင်းပြင်းတစ်ချက် ရှူ၍ စိတ်ကို စုစည်းကာ ချိုးဖျက်မှုကို အရှိန်မြှင့်လိုက်သည်။
များမကြာမီ အက်ကွဲကြောင်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲအသံကြီးနှင့်အတူ အစီအရင်လည်း လုံးဝဥဿုံ ပျက်စီးသွားတော့သည်။
အစီအရင် ပျက်စီးသွားသည်နှင့် ရှင်းကောင်းဟန်က လျင်မြန်စွာ ပျံတက်ပြီး စင်မြင့်ဆီသို့ ဦးတည်သွားသည်။ ရှင်းဝမ်ယောင်က လိုက်ပါရန် ပြင်ဆင်လိုက်သော်လည်း ရှင်းကောင်းဟန်၏ စကားကြောင့် ရပ်လိုက်ရသည်။
"ဝမ်ယောင်... မင်း အဲဒီမှာပဲနေပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးပါ။ ငါ ဝိညာဥ်ဖျက်နတ်ဆိုးဆေးလုံးကို သွားယူလိုက်မယ်"
ရှင်းဝမ်ယောင်မှာ မကျေနပ်သော်လည်း ရှင်းကောင်းဟန်ကို မယှ်နိုင်သလို၊ ထွက်ပေါ်လာနိုင်သည့် ရန်သူကို စောင့်ကြည့်တားဆီးရန် လိုအပ်သဖြင့် စိတ်လျှော့လိုက်ရသည်။
ရှင်းကောင်းဟန်သည် ကျောက်ခေါင်းတလား အပေါ်သို့ ပျံသန်းရောက်ရှိသွားခဲ့ရာ ခေါင်းတလားအတွင်းရှိ ကြီးမားရှည်လျားလှသော နတ်ဆိုးသားရဲ အလောင်းကို မြင်လိုက်ရသဖြင့် အနည်းငယ် အံအားသင့်သွားသည်။
ထိုနတ်ဆိုးသားရဲသည် မြင်းဦးခေါင်း၊ သမင်ဦးချို၊ မြွေခန္ဓာကိုယ်၊ ခြင်္သေ့အမြီးနှင့် ခြေလေးချောင်း ပါရှိသည်။ ၎င်းသည် ဒဏ္ဍာရီလာ နတ်သားရဲပိုင်ပိုင်ဇီနှင့် ခပ်ဆင်ဆင် တူသည်။ နတ်ဆိုးသားရဲအလောင်းသည် စွမ်းအားတစ်ခုခုဖြင့် ထိန်းချုပ်ခံထားရပုံရပြီး အချိန်ကာလများစွာ ကုန်လွန်ခဲ့လင့်ကစား ဆွေးမြည့်မှု အရိပ်အယောင်မျှမရှိဘဲ ပြီးပြည့်စုံစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
စင်မြင့်ထက်မှ ဆန့်တန်းလာသော သံကြိုးလေးစင်းသည် ကျောက်ခေါင်းတလားအတွင်းသို့ ဝင်ရောက်နေခဲ့ပြီး နတ်ဆိုးသားရဲ၏ ခြေလေးချောင်းကို ဖောက်ထွင်း ချည်နှောင်ထားသည်။ အမိုးမျက်နှာကြက်ကို ဖောက်ထွက်သွားသည်အထိ ရှည်လျားစွာ ဆန့်တန်းနေသော လေးထောင့်ကျောက်တိုင်ကြီးသည်လည်း နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ်ပေါ်တွင် ဖိနှိပ်ထားသည်။ သံကြိုးများနှင့် ကျောက်တိုင်ကြီးသည် ဤအလောင်းကို ဖိနှိပ်ရန်အတွက် အသုံးပြုထားခဲ့ခြင်း ဖြစ်ပုံရသည်။
သို့သော်လည်း သေဆုံးနေပြီးသား နတ်ဆိုးသားရဲကို အဘယ်ကြောင့် ဤမျှနှိပ်ကွပ်ထားရန် လိုအပ်သည်ကို ရှင်းကောင်းဟန် တွေးမရဖြစ်နေသည်။ ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ သံကြိုးများနှင့် ကျောက်တိုင်ကြီးသည် ထိုနတ်ဆိုးသားရဲ အသက်ရှင်နေစဥ်က ၎င်းအား နှိပ်ကွပ်ပြီး ပိတ်လှောင်ထားရန်အတွက် အသုံးပြုခဲ့ခြင်း ဖြစ်ရမည်။
ကြည့်နေရင်း ရှေးကျမ်းစာလာ ထိုနတ်ဆိုးသားရဲကို ရှင်းကောင်းဟန် မှတ်မိသွားသည်။
"ဒါက လေမိုးကြိုးရွှေမျက်လုံးသားရဲပဲ"
လေမိုးကြိုးရွှေမျက်လုံးသားရဲ ခန္ဓာကိုယ်၏ ဘေးနားတွင် အမြင့်တစ်ပေခန့်ရှိသော ဆေးဖိုတစ်လုံး ရှိနေသည်။ ထိုဆေးဖိုသည်လည်း ကျောက်တိုင်ကြီး၏ အောက်တွင် ညပ်မိနေခဲ့ခြင်း ဖြစ်သည်။ ရှင်းမိသားစု၏ လျှို့ဝှက်နယ်မြေ ရှာဖွေရေးခရီးစဥ်များမှ ရရှိခဲ့သော ကျောက်စိမ်းပေလွှာ အမြောက်အမြားကြောင့် ဤနေရာအကြောင်း ရှင်းကောင်းဟန် အတော်အသင့် သိရှိထားသည်။
ဤနေရာမှာ ဆေးဖော်စပ်ခန်းတစ်ခု ဖြစ်သည်။ သို့သော်လည်း အခြားဆေးဖော်စပ်ခန်းများနှင့် မတူ၊ အလွန်တရာ ထူးခြားလှသည်။ ၎င်းသည် သီးခြားဆေးလုံးတစ်မျိုးဖြစ်သော ဝိညာဥ်ဖျက်နတ်ဆိုးဆေးလုံးကို သန့်စင်ရန်အတွက်သာ သီးသန့်ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဤဆေးလုံးသည် ကျင့်ကြံခြင်းလောကတွင် ပျောက်ဆုံးသွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော ဆေးလုံးတစ်မျိုးဖြစ်ပြီး၊ ၎င်းသည် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူအား အဆင့်ချိုးဖျက်ရန် အကူအညီပေးနိုင်သည်။
ရှင်းကောင်းဟန်နှင့် ရှင်းဝမ်ယောင်တို့သည် ဤဆေးလုံးကို ရရှိရန်အတွက်သာ ကြိုးစားပမ်းစား လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ စုဆောင်းရရှိထားသည့် အချက်အလက်များအရ ဝိညာဥ်ဖျက်နတ်ဆိုးဆေးလုံးကို ဆေးဖော်စပ်ခန်းရှိ ကျောက်ခေါင်းတလားအတွင်း သိမ်းဆည်းထားကြောင်း ခန့်မှန်းနိုင်ရုံမျှသာ ရှိခဲ့ပြီး၊ အရေအတွက်ကိုမူ မသိရှိခဲ့ကြချေ။
အကယ်၍ ဆေးလုံး နှစ်လုံး သို့မဟုတ် နှစ်လုံးထက်မက ရှိနေပါက ၎င်းတို့နှစ်ဦးစလုံး စိတ်ကျေနပ်ကြမည် ဖြစ်သည်။ ရှင်းကောင်းဟန်သည် ဝိညာဥ်သန္ဓေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဆေးလုံးတစ်လုံးကိုသာ သုံးစွဲရမည် ဖြစ်သည်။ ထို့ကြောင့် အနည်းဆုံး ဆေးလုံးတစ်လုံးသည် ရှင်းဝမ်ယောင်အတွက် ကျန်ရှိနေမည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ ဆေးလုံးတစ်လုံးတည်းသာ ရှိနေပါက ရှင်းဝမ်ယောင်သည် ၎င်းကို ရရှိနိုင်ရန် အခွင့်အလမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဝိညာဥ်ဖျက်နတ်ဆိုးဆေးလုံးကို စတုတ္ထအဆင့် အထွတ်အထိပ် နတ်ဆိုးသားရဲတစ်ကောင်၏ ဝိညာဥ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး၊ ထိုဝိညာဥ်ကို သားရဲ အသက်ရှင်နေစဥ်အတွင်း၌ ရယူခဲ့ခြင်း ဖြစ်သည်။ ကျောက်ခေါင်းတလားအတွင်းက သံကြိုးလေးစင်းသည် နတ်ဆိုးသားရဲ၏ စွမ်းအားကို ထိန်းချုပ်ပိတ်ဆို့ထားရန် ဖြစ်သည်။ အပေါ်ဘက်က ကျောက်တိုင်ကြီးမှာမူ အလောင်းစွမ်းအင်များကို ထောက်ပံ့ပေးရန် ဖြစ်သည်။ ဝိညာဥ်နန်းတော်သည် လျှို့ဝှက်နည်းလမ်းများကို အသုံးပြု၍ အလောင်းစွမ်းအင်ကို နှိုးဆွခဲ့ပြီး၊ နတ်ဆိုးသားရဲ၏ ဝိညာဥ်ကို အတင်းအဓမ္မ ထုတ်ယူခဲ့ကြခြင်း ဖြစ်သည်။
ရှင်းကောင်းဟန်သည် ဝိညာဥ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ကာ ကျောက်တိုင်အောက်တွင် ညပ်နေသော ဆေးဖိုကို ဆွဲထုတ်ရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း ကျောက်တိုင်၏ အောက်ခြေမှ ထူထပ်လှသော အလာင်းစွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး၊ မြွေတစ်ကောင်အသွင် ပြောင်းကာ ထိုဝိညာဥ်စွမ်းအင်ကို ဝါးမြိုပစ်လိုက်သည်။ ထို့နောက် အလောင်းစွမ်းအင်မြွေသည် ကျောက်တိုင်မှ ခွာပြီး ရှင်းကောင်းဟန်၏ မျက်နှာဆီသို့ ဦးတည်ပြေးဝင်လာသည်။
ရှင်းကောင်းဟန်က လျင်မြန်စွာ နောက်ဆုတ်ရင်း မိုးကြိုးနည်းစနစ်ကို အသက်သွင်းလိုက်သည်။
“ဂျိမ်း…”
မိုးကြိုးတစ်စင်း ကျဆင်းလာပြီး အလောင်းစွမ်းအင်မြွေ ချက်ချင်းပင် လွင့်ပြယ်ပျောက်ကွယ်သွားသည်။
ရှင်းကောင်းဟန်လည်း ဝိညာဥ်စွမ်းအင် ထုတ်လွှတ်ပြီး ဆေးဖိုကို ရယူရန် ကြိုးစားသည်။ သို့သော်လည်း ကျောက်တိုင်ကြီးထံမှ များပြားလှသော အလောင်းစွမ်းအင်များ ထွက်ပေါ်လာပြီး အလောင်းစွမ်းအင်မြွေများအဖြစ် အသွင်ပြောင်းကာ ရှင်းကောင်းဟန်၏ ဝိညာဥ်စွမ်းအင်ကို လွယ်ကူစွာပင် ဝါးမျိုဖျက်ဆီးပစ်လိုက်ကြသည်။
အခြေအနေက ရှုပ်ထွေး ခက်ခဲလာပြီဖြစ်ကြောင်း ရှင်းကောင်းဟန် ခံစားလိုက်ရသည်။ ကျောက်တိုင်မှ ထုတ်လွှတ်နေသော အလောင်းစွမ်းအင်များသည် အလွန်တရာ သန်မာလှသည်ဖြစ်ရာ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူပင် လွယ်ကူစွာ ကိုင်တွယ်နိုင်မည့် အနေအထား မရှိတော့။ အတင်းအဓမ္မ ထိုးဖောက်ရယူရန် ကြိုးပမ်းပါက အတွင်းရှိ ဆေးလုံးများ ပျက်စီးသွားမည်ကို စိုးရိမ်နေခဲ့သည်။
ရှင်းကောင်းဟန် ကျောက်တိုင်ကို စိုက်ကြည့်ရင်း ဖြေရှင်းနည်းကို တွေးတောနေစဥ်မှာပင် ရှင်းဝမ်ယောင်၏ ကျယ်လောင်သော အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"သတိထား"
…………