ဝိညာဥ်သန္ဓေအဆင့်တိုက်ပွဲ
Vol. 31 Ch. 322
ရှင်းကောင်းဟန် လှည့်ကြည့လိုက်ရာ ခုနစ်ပေခန့် ရှည်လျားသော လှံတစ်စင်း သူ့ဆီသို့ အရှိန်ပြင်းစွာ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။
ရှင်းဝမ်ယောင်က အော်ဟစ်သတိပေးရင်း အစိမ်းရောင် သစ်သားပေတံတစ်ခု ထုတ်ယူဝေ့ယမ်းလိုက် အစိမ်းရောင် အလင်းတန်းများက လက်ရှိဖဲကြိုးစသဖွယ် ဖွဲ့တည်လာပြီး လှံတံကို ကြားဖြတ်ခုခံလိုက်သည်။
အင်အားကွာဟမှုက သိသာလှသည်။ ဖဲကြိုးစမှာ အပိုင်းပိုင်းပြတ်ပြီး လေထဲ လွင့်ပြယ်သွားသော်လည်း လှံတံမှာမူ အရှိန်အနည်းငယ်သာ လျှော့နည်းသွားပြီး ဦးတည်ရာပစ်မှတ်ဆီ ဆက်တိုးဝင်သွားသည်။
ထိုမျက်တောင်တစ်ခတ် ထိတွေ့မှုအတွင်းမှာပင် ရှင်းကောင်းဟန် အချိန်မီ တုံ့ပြန်နိုင်ခဲ့သည်။ သူ့လက်ထဲတွင် အနီရောင်ယပ်တောင်တစ်ခု ထွက်ပေါ်လာပြီး ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် သုံးပေခန့် ရှည်လျားသော မီးလျှံမြွေတစ်ကောင် ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်ရှိ လေထုသည်ပင်လျှင် ထိုမီးလျှံမြွေ၏ အပူချိန်ကြောင့် အပူရှိန် ထိုးတက်သွားသည်။
မီးလျှံမြွေသည် လှံဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ လှံနှင့် ထိမိလုဆဲဆဲမှာပင် မီးလျှံမြွေက ခန္ဓာကိုယ်ကို ထူးဆန်းစွာ တွန့်လိမ်လိုက်ပြီး လှံကို ရစ်ပတ်လိုက်တော့သည်။ မီးလျှံမြွေ၏ ရစ်ပတ်မှုကြောင့် လှံ၏အလျင်မှာ ထိုးကျသွားပြီး၊ ပြင်းထန်သော အပူရှိန်အောက်တွင် အရည်ပျော်တော့မည့်အလား ရဲရဲနီလာခဲ့သည်။
ထိုအခိုက်အတန့်တွင် ဆယ်ပေခန့် ရှည်လျားသော သုံးခွလှံတစ်စင်း တဟုန်ထိုး တိုးဝင်လာပြန်သည်။ ထိုသုံးခွလှံသည် လေထုကို ဖြတ်သန်းလာခဲ့ရာ ပြင်းထန်သော ရေလှိုင်းကြီးများ ကပ်ပါလာသည့်အလား ဖြစ်နေပြီး ရေလှိုင်းကြီးများ၏ အသံကိုပင် ကြားနေရသည်။
သုံးခွလှံသည် လှံရှည်၏ ဘေးမှ ဖြတ်ကျော်သွားပြီး၊ ပုံရိပ်ယောင် ရေလှိုင်းကြီးများက မီးလျှံမြွေကို လွှမ်းခြုံဝါးမျိုလိုက်သည်။ မီးလျှံမြွေမှာ ချက်ချင်း အားနည်းသွားပြီး ငြိမ်းသတ်ခံလိုက်ရတော့သည်။
မီးလျှံမြွေ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသော လှံရှည်မှာ စွမ်းအင်များ ပြန်လည်ပြည့်ဝသွားသည့်အလား အရှိန်ပြန်မြင့်လာပြီး သုံးခွလှံနှင့်အတူ ရှင်းကောင်းဟန်ဆီသို့ တိုက်ရိုက် ဦးတည်ဝင်လာတော့သည်။
"လေဓာတ်နဲ့ ရေဓာတ် မိစ္ဆာစွမ်းအင်တွေပဲ"
ရှင်းကောင်းဟန် ထိတ်လန့်သွားသည်။ လျှို့ဝှက်နယ်မြေအတွင်း၌ ပုန်းအောင်းနေသော နတ်ဆိုးသားရဲနှစ်ဦး ရှိနေကြောင်း ယင်ရှို့ သတိပေးခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။
ယခုမှတော့ ရင်ဆိုင်ရန်သာ ရှိတော့သည်။ ရှင်းကောင်းဟန်က အနီရောင်ယပ်တောင်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ဆယ်ပေကျော် ရှည်လျားသော မီးနဂါးတစ်ကောင် ဟိန်းဟောက်ရင်း ထွက်ပေါ်လာသည်။ ထိုမီးနဂါးမှာ မီးလျှံမြွေထက် များစွားသန်မာသည်။ မီးနဂါး ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ခန်းမဆောင်၏ အပူချိန်ပင် သိသိသာသာ မြင့်တက်သွားသည်။
မီးနဂါးသည် ရှေ့သို့ တိုးဝင်သွားပြီး သုံးခွလှံနှင့် လှံရှည်ကို ပြင်းထန်စွာ တိုက်ခိုက်တားဆီးလိုက်သည်။ သုံးခွလှံနှင့် လှံရှည်တို့လည်း အားကောင်းသော မီးနဂါးကို မကျော်လွန်နိုင်တော့ဘဲ ရပ်တန့်သွားခဲ့သည်။
ထိုအချိန်တွင် ရှင်းဝမ်ယောင်၏ သစ်သားပေတံမှ အစိမ်းရောင်အလင်းတန်းများ နောက်တစ်ဖန် တောက်ပလာပြီး တုတ်ခိုင်လှသော နွယ်ပင်နှစ်ပင် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ နွယ်ပင်များ အသက်ဝင်လာသည်နှင့် လက်တံများက မြွေနှစ်ကောင်ကဲ့သို့ တွန့်လိမ်ရစ်ပတ်လျက် လှံတံများ ထွက်ပေါ်လာရာ ခန်းမဆောင်၏ နက်ရှိုင်းသော နေရာတစ်ခုဆီသို့ လျင်မြန်စွာ ဆန့်တန်းသွားကြသည်။
“ဝုန်း.. ဝုန်း..”
နားကွဲလုမတတ် ပြင်းထန်သော ပေါက်ကွဲသံနှစ်ခု အပြီးတွင် ခန်းမဆောင်တစ်ခုလုံး တုန်ခါသွားပြီး ကျောက်သားများ ပြိုကျလာကာ နွယ်ပင်များလည်း အပိုင်းပိုင်း ပျက်စီးသွားခဲ့ရသည်။
ယွမ်ဟောက်နှင့် ဖုန်းယင်တို့လည်း ဆက်ပုန်းမနေတော့ဘဲ ပြောင်ပြောင်တင်းတင်း ထွက်လာခဲ့ရတော့သည်။ အင်ပြည့်အားပြည့် တိုက်ခိုက်ရတော့မည် ဖြစ်သဖြင့် နတ်ဆိုးသားရဲနှစ်ကောင်စလုံးသည် ၎င်းတို့၏ စစ်မှန်သော ပုံသဏ္ဍာန်များအဖြစ် ပြောင်းလဲထားခဲ့ကြပြီး ဖြစ်သည်။ ယွမ်ဟောက်က ဆယ်ပေခန့် မြင့်မားသော ဒီရေသားရဲအဖြစ် ပြန်ပြောင်းလဲထားသလို၊ ဖုန်းယင်လည်း တောင်ပံအလျား ပေနှစ်ဆယ်ခန့်ရှိသော လင်းယုန်ကြီးတစ်ကောင်အဖြစ် ပြန်ပြောင်းလဲထားသည်။
ရှင်းကောင်းဟန်က မျက်နှာတွင် မထေမဲ့မြင် အမူအရာတစ်ခု ပေါ်ထွက်လာသည်။
"ဟွန်း. ရေမိစ္ဆာတစ်ကောင်နဲ့ လေထဲက သတ္တဝါတစ်ကောင်က ဒီမြေအောက်ဂူထဲကို လာဝံ့တယ်ပေါ့။ မင်းတို့ နှစ်ကောင် သေလမ်းရှာနေတာပဲ"
စကားဆုံးသည်နှင့် ယပ်တောင်ကို လေထဲသို့ မြှောက်လိုက်ရာ ဧရာမ မီးလျှံကြီးတစ်ခု တောက်လောင်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုမီးလျှံများသည် ကြီးမားသော ဖီးနစ်ငှက်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ဖီးနစ်ငှက်ကြီးသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တောင်ပံများကို ဖြန့်ကာ၊ ပါးစပ်ကို ဖွင့်လျက် မီးတောက်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။ ချက်ချင်းပင် ခန်းမဆောင်၏ တစ်ဝက်ခန့်သည် မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ယွမ်ဟောက်က ပြေးဝင်လာသော မီးမုန်တိုင်းကို အေးစက်စွာ စိုက်ကြည့်ရင်း ပြန်ဆင့်ခေါ်ထားသော သုံးခွလှံကို မြေပြင်ပေါ်သို့ ထိုးစိုက်ချလိုက်သည်။
“ရွှမ်ယင်ရေအမြုတေ”
ယွမ်းဟောက်က လေးနက်တည်ငြိမ်စွာ ရေရွတ်လိုက်သည်။ ချက်ချင်းပင် သုံးခွလှံ၏ ထိပ်ဖျားမှနေ၍ အေးစက်လှသော စွမ်းအင်တစ်ခု ဖြာထွက်လာပြီး ပြာလဲ့လဲ့ရေစီးကြောင်းတစ်ခု စီးထွက်လာသည်။ ထိုရေများမှာ အလွန်တရာ အေးစက်ပြီး သိပ်သည်းစလည်း မြင့်မားသည်။ ရေများက ဆယ်ပေခန့် မြင့်မားသော ဧရာမ ရေလှိုင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ယွမ်ဟောက်က ထိုရေလှိုင်းကြီး၏ ထိပ်ထက်တွင် မတ်မတ်ရပ်ပြီး၊ ရေလှိုင်းနှင့်အတူ မီးပင်လယ်ဆီသို့ ဦးတည်တိုးဝင်သွားသည်။
ဖုန်းယင်ကလည်း တောင်ပံများကို ခါယမ်းလိုက်ပြီး "ချင်းမင်လေပြင်း"ဟု ဟစ်ကြွေးလိုက်သည်။ ချက်ချင်းပင် ဖုန်းယင်ကို ဗဟိုပြု၍ ကြီးမားသော လေဆင်နှာမောင်းတစ်ခု ထွက်ပေါ်လာပြီး မီးပင်လယ်ဆီသို့ တိုးဝင်သွားတော့သည်။
ဖုန်းယင်နှင့် ယွမ်ဟောက်တို့သည် တစ်ဖက်တစ်ချက်စီမှနေ၍ မီးပင်လယ်အတွင်းသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။ လေပြင်းသည် ဒြပ်ထုမရှိသော်လည်း ၎င်း၏ လမ်းကြောင်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအား ရှိသည်။ မီးပင်လယ်သည် လေပြင်း၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသဖြင့် တဖြည်းဖြည်း ကျုံ့ဝင်သွားခဲ့ရတော့သည်။ မီးလျှံများသည် ဖရိုဖရဲ လွင့်စင်ပြီး၊ တဖြည်းဖြည်း ပြန့်ကျဲပျောက်ကွယ်သွားခဲ့သည်။
တစ်ဖက်တွင် ရေလှိုင်းကြီးကလည်း မီးပင်လယ်ကို ဖိနှိပ်ဝါးမျိုလာသည်။ ရေလှိုင်း၏ ပုံသဏ္ဍာန်သည် ယွမ်ဟောက်၏ စိတ်အလိုအတိုင်း လိုက်ပါပြောင်းလဲနေခဲ့ပြီး နောက်ဆုံးတွင် ပေတစ်ရာခန့် မြင့်မားသော ရေလှိုင်းကြီးအဖြစ် မြင့်တက်လာကာ မီးပင်လယ်ကို လွှမ်းအုပ်ငြိမ်းသတ်ပစ်လိုက်တော့သည်။
လေပြင်းနှင့် ရေလှိုင်းတို့ အတူတကွ တိုးဝင်လာခဲ့ကြရာ မည်သည့်အရာကမျှ တားဆီးနိုင်ပုံမပေါ်ချေ။ မီးလျှံများမှာ လေပြင်းနှင့် ရေလှိုင်းကို အရှုံးပေးလိုက်ရသည့်အလား ဆက်တိုက် နောက်ဆုတ်သွားခဲ့ရသည်။
ဖုန်းယင်နှင့် ယွမ်ဟောက်တို့က မီးပင်လယ်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လျင်မြန်စွာ တိုးဝင်သွားကြရာ မကြာမီမှာပင် ပေ ၅၀ ခန့် အကွာအဝေးသို့ ရောက်ရှိလာကြသည်။
"ရှင်းကောင်းဟန်... ဘယ်သူက သေလမ်းရှာနေတာလဲ"
ယွမ်ဟောက်က မောက်မာစွာ ပြောဆိုရင်း ရေခဲဆူးချွန်ကြီးတစ်ခု ဖန်တီးကာ ရှင်းကောင်းဟန်ကို ပစ်ခတ်လိုက်တော့သည်။
ရှင်းကောင်းဟန်၏ မျက်နှာတွင် ထိတ်လန့်ဟန် လုံးဝမရှိဘဲ ထို့အစား အောင်နိုင်သူတစ်ယောက်၏ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူသည် လျင်မြန်စွာ နောက်ဆုတ်ပြီး ရေခဲဆူးချွန်ကို အသာအယာ ရှောင်တိမ်းရင်း ရှင်းဝမ်ယောင်အား အချက်ပြလိုက်သည်။
ရှင်းကောင်းဟန်ကလည်း လက်မနှေးချေ။
ရှင်းကောင်းဟန်နှင့် ရှင်းဝမ်ယောင်တို့ဆီမှ ဝိညာဥ်စွမ်းအင်ဓား ၉ စင်းစီ ထွက်ပေါ်လာပြီး ယွမ်ဟောက်နှင့် ဖုန်းယင်တို့ထံ အရှိန်ပြင်းစွာ တိုးဝင်သွားကြသည်။ ရှင်းမိသားစု၏ လျှို့ဝှက်နည်းစနစ်ဖြစ်သော ဝိညာဥ်ထိုးဖောက်ပညာဖြင့် အားကုန်ထုတ် တိုက်ခိုက်လိုက်ခြင်းပင်။
နတ်ဆိုးသားရဲနှစ်ကောင်မှာ အသက်ရှူရပ်မတတ် ထိတ်လန့်သွားတော့သည်။ သားရဲများသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကိုသာ အဓိက ကျင့်ကြံကြပြီး ဝိညာဥ်ကိုမူ လျစ်လျူရှုတတ်ကြသည်။ ဝိညာဥ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုနည်းစနစ်လည်း မရှိချေ။ အကျိုးဆက်က ရုပ်ပိုင်းဆိုင်ရာအရ သန်မာသော်လည်း ဝိညာဥ်ရေးရာတွင်မူ အမြဲလိုလို အားနည်းခြင်းပင် ဖြစ်ပေတော့သည်။ တစ်ဖက်လူ၏ အားသာချက်မှာ စိတ်ဝိညာဥ်တိုက်ခိုက်မှု ဖြစ်ပါက ၎င်းမှာ သားရဲများ အကြောက်ရွံ့ဆုံး တိုက်ခိုက်မှု အမျိုးအစားများထဲမှ တစ်ခု ဖြစ်သည်။
ယွမ်ဟောက်တို့မှာ စိတ်ဝိညာဥ်တိုက်ခိုက်မှု ကျွမ်းကျင်သော ရှင်းမိသားစုနှင့် ရင်ဆိုင်ရမည်ကို သိထားသဖြင့် ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ထားခဲ့ကြသည်။ ချက်ချင်းပင် ၎င်းတို့၏ ရှေ့တွင် တတိယအဆင့် ဝိညာဥ်မြေခွေး ဦးခေါင်းခွံနှစ်ခု ပေါ်ထွက်လာသည်။ ဝိညာဥ်မြေခွေး၏ မျက်ခုံးရိုးသည် စိတ်ဝိညာဥ်တိုက်ခိုက်မှုကို အနည်ငယ် ကာကွယ်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။
သို့သော် သားရဲလောက၏ မှော်ရတနာ သန့်စင်ခြင်းအတတ်သည် လူသားများကဲ့သို့ စေ့စပ်သေချာခြင်း မရှိသဖြင့် ထိုဝိညာဥ်မြေခွေးဦးခေါင်းခွံများ၏ စွမ်းဆောင်ရည်အား အပြည့်အဝ ထုတ်သုံးနိုင်စွမ်း မရှိချေ။ ပါးလွှာသော မှိန်ပျပျ စွမ်းအင်အလွှာပါလေးသာ ထွက်ပေါ်လာခဲ့သည်။ ထိုအရာမှာ ဝိညာဥ်ထိုးဖောက်နည်းစနစ်အတွက် ဟာသသာ ဖြစ်သည်။ သားရဲနှစ်ကောင်ကလည်း ထိုအဖြစ်ကို ရိပ်မိသဖြင့် အချိန်ဆွဲရန်သာ မျှော်လင့်ပြီး ထွက်ပြေးရင်း ရှောင်တိမ်းရန် ကြိုးပမ်းလိုက်ကြသည်။
သို့သော် လိုဏ်ဂူ၏ ပထဝီဝင်အနေအထားက လှုပ်ရှားမှုကို ပြင်းထန်စွာ ကန့်သတ်ထားခဲ့သည်။ အကယ်၍ ပင်လယ်ပြင်ထဲတွင်သာ ဖြစ်ပါက ယွမ်ဟောက်သည် ရေထဲတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်မည် ဖြစ်သလို၊ ဖုန်းယင်သည်လည်း ကောင်းကင်ယံထက်သို့ မြင့်မားစွာ ပျံသန်းနိုင်မည် ဖြစ်သည်။ သို့သော်လည်း ဤဂူအတွင်း၌မူ ပုန်းအောင်းစရာ နေရာဟူ၍ မရှိချေ။
မည်သို့ ရှောင်တိမ်းစေကာမူ ဝိညာဥ်စွမ်းအင်ဓားများက ချက်ချင်းလိုလို လိုက်မီလာခဲ့သည်။ ပါးလွှာသော အကာအကွယ်က ဝိညာဥ်စွမ်းအင်ဓား လေးလက်ကိုသာ ချေဖျက်နိုင်ခဲ့ပြီး၊ ကျန်ဝိညာဥ်စွမ်းအင်ဓားများက သားရဲနှစ်ကောင်ကို ဆက်တိုက် ထိမှန်သွားတော့သည်။
တစ်ကောင်ကို ဝိညာဥ်စွမ်းအင်ဓား ၇ လက်စီ ထိမှန်ခံရသော သားရဲနှစ်ကောင်မှာ မစားသာလှချေ။ အော်သံမျှပင် မထွက်နိုင်ဘဲ၊ ခန္ဓာကိုယ်များ တောင့်တင်းသွားကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ပြုတ်ကျကုန်ပါတော့သည်။ လေပြင်းနှင့် ဒီရေလှိုင်းများသည်လည်း ချက်ချင်းပင် ထိန်းချုပ်မှု ကင်းမဲ့သွားပြီး ပြယ်လွင့်သွားခဲ့ရသည်။
ဤအချက်က စိတ်ဝိညာဥ်တိုက်ခိုက်မှု၏ ထိတ်လန့်ဖွယ်ရာ စွမ်းအားကို ဖော်ပြနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဝိညာဥ်ကို ဒဏ်ရာရစေနိုင်ရုံမျှမက ဝိညာဥ်စွမ်းအင် ထိန်းချုပ်နိုင်စွမ်းကိုပါ ပြိုလဲသွားစေနိုင်သည်။
ယွမ်ဟောက်အပေါ် ကျရောက်ခဲ့သော တိုက်ခိုက်မှုသည် ရှင်းကောင်းဟန်ထံမှ လာခြင်းဖြစ်သည်။ ရှင်းကောင်းဟန်၏ ကျင့်ကြံခြင်းအဆင့်က ရှင်းဝမ်ယောင်ထက် မြင့်မားသဖြင့် သူ့ဝိညာဥ်စွမ်းအားမှာ ပိုမိုပြင်းထန်လှသည်။ ထို့ကြောင့် ယွမ်ဟောက် ရရှိခဲ့သော ဒဏ်ရာများသည် ဖုန်းယင်ထက် များစွာ ပိုမိုဆိုးရွားလှသည်။
ဤအခွင့်အရေးကို အသုံးချရင်း ရှင်းဝမ်ယောင်နှင့် ရှင်းကောင်းဟန်တို့သည် လဲကျနေသော ရန်သူများကို အပြတ်ရှင်းရန် အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ ရှင်းကောင်းဟန်၏ ယပ်တောင်သည် ဖီးနစ်ငှက်အဖြစ် တစ်ဖန်ပြောင်းလဲသွားခဲ့ပြီး မီးလျှံများက ယွမ်ဟောက်ကို လွှမ်းခြုံပစ်လိုက်သည်။
ရှင်းဝမ်ယောင်၏ အစိမ်းရောင် သစ်သားပေတံမှလည်း တုတ်ခိုင်လှသော နွယ်ပင်တစ်ပင် ကြီးထွားလာခဲ့ပြီး ၎င်း၏ ထိပ်ဖျားသည် ဓားသွားကဲ့သို့ ဖုန်းယင်၏ ဦးခေါင်းဆီသို့ ဦးတည်သွားခဲ့သည်။
ဖုန်းယင်သည် သူ့ဦးခေါင်းကို ကြိုးစားပမ်းစား ယိမ်းလိုက်နိုင်သဖြင့် ထိုသေစေနိုင်သော တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော်လည်း နွယ်ပင်သည် ၎င်း၏ လည်ပင်းတွင် ရစ်ပတ်သွားခဲ့ပြီး တစ်ကိုယ်လုံးအား ရစ်ပတ်ထားလိုက်သဖြင့် မလှုပ်ရှားနိုင်အောင် ဖြစ်သွားခဲ့ရသည်။
ရှင်းကောင်းဟန်တို့ နတ်ဆိုးသားရဲနှစ်ကောင်ကို အသေသတ်ရန် ပြင်ဆင်နေကြစဥ်မှာပင် ရုတ်တရက် ဂူလမ်းကြောင်းအတွင်းမှ ဓားပျံနှစ်စင်း ပေါ်ထွက်လာပြီး ၎င်းတို့ဆီသို့ တိုက်ရိုက် ဦးတည်လာသည်။
………