အန္တရာယ်ကို နှိုးဆွမိခြင်း
Vol. 31 Ch. 323
ဓားပျံများမှာ လျင်မြန်ပြီး အားကောင်းလွန်းသဖြင့် ရှင်းကောင်းဟန်တို့၏ မျက်နှာအမူအရာများ တင်းမာသွားခဲ့ပြီး ၎င်းတို့၏ အာရုံကို ထိုဓားပျံများဆီသို့ ချက်ချင်း လွှဲပြောင်းလိုက်ရသည်။
ဖီးနစ်ငှက်က ဓားပျံတစ်လက်ကို ဆီးကြိုတိုက်ခိုက်လိုက်သလို၊ နွယ်ပင်ကလည်း ကွေ့ဝိုက်ပြီး ဓားပျံတစ်လက်ကို ရိုက်ထုတ်လိုက်သည်။ နွယ်ပင်တွင် ရစ်ပတ်ခံထားရသော ဖုန်းယင်မှာ ခေါင်းနှင့် ဓားပျံ ထိမှန်လုဆဲဆဲပင် ဖြစ်သွားသည်။ ခေါင်းကို မထိသော်လည်း ကျောပြင်တွင် အရိုးပင် ပေါ်လာသည်အထိ နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ကျန်ရစ်ခဲ့ရသည်။ အမွှေးအတောင် အမြောက်အမြား ဖြတ်တောက်ခံလိုက်ရပြီး လေထုထဲတွင် ပြန့်ကျဲသွားသည်။
ကံတရားက ဖေးမခြင်းပင်၊ ပြင်းထန်လွန်းသော နာကျင်မှုက ဝိညာဥ်ဒဏ်ရာကြောင့် ဖြစ်ပေါ်နေသော စိတ်ရှုပ်ထွေးမှုများထဲမှ ရုန်းထွက်နိုင်ခဲ့သည်။ စိတ်အာရုံ စုစည်းနိုင်သည်နှင့် သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ သဘာဝအသိအတိုင်း စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်မိတော့သည်။ ဖုန်းယင်သည် တောင်ပံများကို အစွမ်းကုန် ဖြန့်လိုက်ရာ အမွှေးအတောင်များက ဓားသွားများကဲ့သို့ ဖြစ်ပေါ်လာပြီး နွယ်ပင်ကို ဖြတ်တောက်လိုက်ကာ လွတ်မြောက်သွားသည်။ သို့သော်လည်း လေထဲသို့ ပျံမတက်နိုင်ဘဲ ကျောက်နံရံဖြင့် ပြင်းထန်စွာ တိုက်မိကာ မြေပြင်ပေါ် လဲကျသွားပြန်သည်။ ယွမ်ဟောက်မှာမူ တစ်ကိုယ်လုံး မီးကျွမ်းပြီး အကင်ဖြစ်လုဆဲဆဲ အနေအထားဖြင့် အသက်ငင်နေတော့သည်။
ဤအခိုက်အတန့်တွင် ထိုနတ်ဆိုးသားရဲနှစ်ကောင်ကို မည်သူမျှ ဂရုမစိုက်ကြတော့ချေ။
ရှင်းကောင်းဟန်တို့ကို တိုက်ခိုက်ခဲ့သော ဓားပျံနှစ်စင်းသည် အာရုံလွှဲရန် သက်သက်သာ ဖြစ်သည်။ ၎င်းတို့နှစ်ဦး ထိုဓားပျံများကို ကိုင်တွယ်ရင်း အာရုံများနေစဥ်မှာပင် အနီးနားရှိ အက်ကွဲကြောင်းတစ်ခုအတွင်းမှ လူနှစ်ယောက် ထွက်ပေါ်လာပြီး စင်မြင့်ပေါ်ရှိ ခေါင်းတလားဆီသို့ တဟုန်ထိုး ပျံသန်းသွားခဲ့ကြတော့သည်။
ထိုလူနှစ်ဦးမှာ အခွင့်အရေးယူရန် ပုန်းအောင်း စောင့်ကြည့်နေသော ယင်ရှို့နှင့် ကျင်းဝူမင်တို့ပင်။ ယင်ရှို့မှာ သူသိထားသမျှ အချက်အလက်များကို အားကိုးပြီး စမ်းတဝါးဝါး သွားလာရင်း ရှင်းကောင်းဟန်တို့ သားရဲနှစ်ကောင်နှင့် တိုက်ခိုက်နေချိန်တွင်မှ ရောက်လာခြင်း ဖြစ်သည်။ ရောက်သည်နှင့် တိတ်တဆိတ် စောင့်ကြည့်နေသော ကျင်းဝူမင်နဲ့ ပက်ပင်းတိုးတော့သည်။
၎င်းတို့နှစ်ဦးစလုံးသည် တိုက်ပွဲကြားမှ အမြတ်ထုတ်ရန် ရည်ရွယ်ချက်ရှိကြသဖြင့် တစ်ဦးကိုတစ်ဦး ရန်မပြုဘဲ ပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။ စကားစမြည် ပြောဆိုပြီးနောက် ကျင်းဝူမင်၏ ရည်မှန်းချက်မှာ ဝိညာဥ်ဖျက်နတ်ဆိုးဆေးလုံးဖြစ်ပြီး ယင်ရှို့၏ ရည်မှန်းချက်မှာ လေမိုးကြိုးရွှေမျက်လုံးသားရဲ ဖြစ်ကြောင်း အပြန်အလှန် သိရှိသွားကြသည်။ ရည်မှန်းချက်ချင်း မတူညီသည့်အတွက် ယာယီပူးပေါင်းရန် သဘောတူညီချက် ရရှိသွားကြလေသည်။
ထို့နောက် နတ်ဆိုးသားရဲနှစ်ကောင် အရေးနိမ့်သွားပြီး ရှင်းကောင်းဟန်တို့က လက်စသိမ်း သုတ်သင်ရန် အားစိုက်နေချိန် အလစ်ဖမ်း တိုက်ခိုက်ပြီး စင်မြင့်ထက်ရှိ ခေါင်းတလားဆီသို့ ပျံသန်းသွားပြီး ဝိညာဥ်စွမ်းအင် အသုံးပြုကာ ဆေးဖိုနှင့် လေမိုးကြိုးရွှေမျက်လုံးသားရဲ၏ ရုပ်အလောင်းကို ရယူရန် ကြိုးစားလိုက်ကြသည်။
သို့သော်လည်း ရှင်းကောင်းဟန် ကြုံတွေ့ခဲ့ရသည့် အခြေအနေမျိုးနှင့် ထပ်တူ ရင်ဆိုင်လိုက်ရသည်။ ကျောက်တိုင်ကြီးဆီမှ ဒလဟော စီးထွက်လာသော အလောင်းစွမ်းအင်များက သူတို့၏ ဝိညာဥ်စွမ်းအင်များကို ဝါးမျိုပစ်လိုက်သည်။ ထိုသို့ဖြစ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့သဖြင့် ခေတ္တမျှ ကြောင်သွားသော်လည်း ထပ်မံကြိုးစားရန် ပြင်ဆင်လိုက်ကြသည်။
ရှင်းကောင်းဟန်တို့ကလည်း ကျင်းဝူမင်တို့ကို အချိန်ပေးဖို့ ရည်ရွယ်ဖျက် မရှိ၊ အထိနာထားသော သားရဲနှစ်ကောင်ကို လျစ်လျူရှုပြီး ကျင်းဝူမင်တို့ကို တိုက်ခိုက်တော့သည်။ ဖီးနစ်ငှက်ကြီးက မီးတောက်များ မှုတ်ထုတ်ရင်း တိုးဝင်လာသလို၊ နွယ်ပင်များသည်လည်း မြွေများအလား တွန့်လိမ်တိုးဝင်လာကြသည်။
ကျင်းဝူမင်တို့လည်း ခေါင်းတလားကို အာရုံမစိုက်နိုင်တော့။ ယင်ရှို့က အတွေးတစ်ချက်ဖြင့် ရွှေရောင်ဖုတ်ကောင်ကို ထုတ်ယူပြီး နွယ်ပင်များကို တိုက်ခိုက်စေလိုက်သည်။ အခြားတစ်ဖက်တွင်မူ အဖိုးအိုအသွင် ရှိနေသော ကျင်းဝူမင်၏ ခန္ဓာကိုယ်သည် ရုတ်ချည်းပင် အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး ဆယ်ပေခန့်အထိ မြင့်တက်လာကာ ကြွက်သားများလည်း ဖောင်းကားလာသည်။ သူ့နောက်တွင် ပေ ၅၀ ခန့် မြင့်မားသော မျောက်ဝံကြီးတစ်ကောင်၏ ပုံရိပ်ယောင်က ရုတ်တရက် ထင်ဟပ်ပေါ်ပေါက်လာသည်။
“ကွဲအက်သွားစမ်း”
ကျင်းဝူမင်က အော်ဟစ်ကြုံးဝါးရင်း ဖီးနစ်ငှက်ကြီးအား လက်သီးဖြင့် ထိုးချလိုက်သည်။ ပုံရိပ်ယောင်မျောက်ဝံကလည်း သူ့ထိုးချက်အတိုင်း လက်သီးဖြင့် အရှိန်ပြင်းစွာ ထိုးချလိုက်သည်။
ထိုလက်သီးချက်များမှ ထွက်ပေါ်လာသော လေပြင်းသည် မုန်တိုင်းကြီးပမာ တားဆီး၍ မရနိုင်လောက်အောင် ပြင်းထန်လှသည်။ ကြီးမားလှသော ပုံရိပ်ယောင်လက်သီးက လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး ဖီးနစ်ကြီးဆီသို့ ဦးတည်ပြေးဝင်သွားသည်။
“ဝုန်း….”
“ဂရီး…”
ဖီးနစ်ငှက်ကြီးသည် ပုံရိပ်ယောင်လက်သီးချက် ထိမှန်မှုကို ခံရပြီးနောက် စူးရှစွာ အော်ဟစ်ရင်း နောက်ဆုတ်လိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်ပုံရိပ်ပင် တုန်ခါသွားပြီး တောက်လောင်နေသော မီးတောက်များသည်လည်း သိသိသာသာ မှေးမှိန်သွားသည်။
ကျင်းဝူမင်က နောက်ထပ် လက်သီးတစ်ချက် ထပ်မံထိုးနှက်ရန် ပြင်လိုက်စဥ်မှာပင် ယင်ရှို့ နောက်သို့ တိတ်တဆိတ် ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားသည်ကို သတိပြုမိလိုက်သည်။
ယင်ရှို့က ရှင်းဝမ်ယောင်၏ တိုက်ခိုက်မှုကို ရွှေဖုတ်ကောင်ဖြင့် တားဆီးပြီး ကျောက်ခေါင်းတလားကို ရယူရန် ကြိုးစားလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဥ်စွမ်းအင် အမြောက်အမြား ထွက်ပေါ်လာပြီး ခေါင်းတလားထဲသို့ စီးဝင်သွားကြသည်။
ယင်ရှို့၏လုပ်ရပ်ကြောင့် ကျင်းဝူမင် ဒေါသထွက်သွားသည်။
“ဒီလို ခိုးကြောင်ခိုးဝှက်လုပ်တာ အကြီးအကဲတစ်ယောက်ရဲ့ လုပ်ရပ်မျိုး မဟုတ်ဘူးနော်”
ယင်ရှို့က မျက်နှာအမူအရာကမူ ပျက်ယွင်းသွားခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် တုန့်ပြန်လာသည်။
“မစိုးရိမ်ပါနဲ့ မိတ်ဆွေ။ မင်း လုပ်ရမှာက ရှင်းကောင်းဟန်ကို တားဆီးပေးထားဖို့ပဲ။ ခေါင်းတလားထဲက အလောင်းစွမ်းအင်တွေကို ဖြိုခွဲပြီးတာနဲ့ ငါက လေမိုးကြိုးရွှေမျက်လုံးသားရဲရဲ့ ရုပ်အလောင်းကိုပဲ ယူမှာပါ၊ ဆေးဖိုကတော့ မင်းအပိုင် ဖြစ်ရပါစေမယ်”
“အဲဒီအတိုင်း တကယ်ဖြစ်လာတာကိုပဲ ငါ မြင်ချင်တယ်”
ထိုသို့ပြောပြီးနောက် ကျင်းဝူမင်လည်း ယင်ရှို့ကို ဂရုမစိုက်တော့ဘဲ ရှင်းကောင်းဟန်နှင့် တိုက်ပွဲအပေါ်၌သာ အာရုံစိုက်လိုက်တော့သည်။ အကယ်၍ ယင်ရှို့သာ ကတိဖျက်ပြီး သားရဲရုပ်အလောင်းရော ဆေးဖိုကိုပါ တစ်ယောက်တည်း သိမ်းပိုက်ရန် ကြံရွယ်ပါက ကျင်းဝူမင်သည် သူ့အား ချက်ချင်း တိုက်ခိုက်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ယင်ရှို့အနေဖြင့် ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ သုံးဦး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဖြစ်ရာ ၎င်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။ ယင်ရှို့၏ ထက်မြက်သော ဉာဏ်ရည်အရ ဤကဲ့သို့သော မိုက်မဲသည့် အမှားမျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ကျင်းဝူမင်က ယုံကြည်စိတ်ချနေသည်။
“ကျင်းဝူမင်… မင်းက ငါတို့မိသားစုနှစ်စုကြားက သံယောဇဉ် ကတိကဝတ်တွေကို သစ္စာဖောက်ပြီး ယင်ရှို့ဆိုတဲ့ ဒီမိစ္ဆာကောင်နဲ့ ပူးပေါင်းရဲတယ်ပေါ့လေ”
ရှင်းကောင်းဟန်က ကျင်းဝူမင်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
နတ်ဆိုးသားရဲနှစ်ကောင်နှင့် တိုက်ပွဲအတွင်း ရှင်းကောင်းဟန်သည် ဝိညာဥ်စွမ်းအား အတော်များများ ကုန်ခမ်းခဲ့ရပြီး ဖြစ်သည်။ ထို့အပြင် ကျင်းဝူမင်နှင့် ယင်ရှို့တို့ နှစ်ဦးစလုံးတွင် စိတ်ဝိညာဥ်ရတနာများ ရှိနေကြသဖြင့် ဝိညာဥ်ထိုးဖောက်နည်းစနစ်ဖြင့် ၎င်းတို့ကို ဒဏ်ရာရအောင် လုပ်ရန် ခက်ခဲလှသည်။ ၎င်းအပြင် ရှင်းဝမ်ယောင်မှာ ဝိညာဥ်သန္ဓေအဆင့် အလယ်အလတ်၌သာ ရှိသေးသဖြင့် ကျင်းဝူမင်နှင့် ယင်ရှို့တို့လို နှောင်းပိုင်းအဆင့် ကျင့်ကြံသူများကို တစ်ဦးချင်း ရင်ဆိုင်နိုင်စွမ်း မရှိပေ။ အင်အားသုံး အနိုင်မယူနိုင်သည့်အဆုံး ရှင်းကောင်းဟန်သည် ကျိုးသင့်ကြောင်းသင့် ပြောဆိုပြီး စည်းရုံးရန်သာ ကြိုးစားရတော့သည်။
ကျင်းဝူမင်က ရှင်းကောင်းဟန်ကို အထင်သေးဟန်ဖြင့် ပြုံးပြရင်း ခနဲ့တဲ့တဲ့ ဆိုလာသည်။
“ရှင်းကောင်းဟန်... ငါတို့တွေ ကျင့်ကြံလာတာ ရာစုနှစ်ချီနေပြီပဲ။ ဒီလို ကလေးကလား စကားတွေကို ဘာလို့ ပြောနေဦးမလဲ။ မိသားစုနှစ်စုကြားက ကတိကဝတ် ဟုတ်လား။ အဲဒါက ဘာကို ဆိုလိုတာလဲ။ အဲဒါက ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေလို့လား၊ ဒါမှမဟုတ် သက်တမ်းကို ရှည်စေနိုင်လို့လား”
ရှင်းကောင်းဟန်သည် ကျောက်ခေါင်းတလားပေါ်တွင် မန္တန်ရွတ်ဆိုနေသော ယင်ရှို့ကို ကြည့်ကာ ဒေါသထွက်နေသော်လည်း ဘာမျှမတတ်နိုင်ခဲ့ပေ။
“ကျင်းဝူမင်... မင်းက ယင်ရှို့လို မိစ္ဆာအိုကြီးနဲ့ ပူးပေါင်းရဲတယ်ပေါ့။ နောက်ဆုံးကျမှ ဘာမှမရဘဲ နောက်ကျောကို ဓားနဲ့ အထိုးခံရတဲ့အခါကျမှ နောင်တမရနဲ့”
ကျင်းဝူမင်ကမူ ရှင်းကောင်းဟန်၏ စကားများကို လျစ်လျူရှုထားပြီး အခြေအနေကို ထိန်းထားနိုင်ရန် အာရုံစိုက်ထားသည်။
“ယင်ရှို့... ဘယ်လောက်တောင် ကြာဦးမှာလဲ။ ကျောက်တိုင်က အလောင်းစွမ်းအင်တွေကို ဘာလို့ မဖယ်နိုင်သေးတာလဲ”
ယင်ရှို့မှာလည်း အခက်ကြုံပြီး ချွေးများပင် ရွဲနေသည်။
“ဒီအလောင်းစွမ်းအင်တွေက အဆုံးမရှိ ထွက်နေပြီး ရှင်းရတာ တော်တော်လေး လက်ဝင်တယ်။ ငါ့ကို အချိန်နည်းနည်းလောက် ထပ်ပေးဦး”
ကျင်းဝူမင်မှာ မကျေမနပ်သော်လည်း ထိုအရာမှာ သူမတတ်နိုင်သောကိစ္စ ဖြစ်နေသဖြင့် သည်းခံလိုက်ရသည်။
လူသားလေးဦးတို့ အချင်းချင်း ရန်စောင်ပြီး အာရုံများနေချိန် ဒဏ်ရာရထားသော နတ်ဆိုးသားရဲနှစ်ကောင်မှာ ဆေးကုသရင်း တိတ်တဆိတ် လှုပ်ရှားနေကြသည်။ ယွမ်ဟောက်က မြေပြင်ပေါ် ကျနေသော ရွှမ်ယင်ရေအမြုတေကို တိတ်တဆိတ် စုပ်ယူပြီး ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ရာ မီးလောင်ဒဏ်ရာများ တမဟုတ်ချင်း သက်သာသွားပြီး မီးအဆိပ်သင့်မှုလည်း ပြေသွားသည်။ သို့သော် ဝိညာဥ်ထိခိုက်ဒဏ်ရာ မသက်သာမီ ရှင်းကောင်းဟန်တို့ သတိပြုမိမည်ကို စိုးရိမ်သဖြင့် မလှုပ်ရှားရဲဘဲ ငြိမ်နေခဲ့သည်။
လေလင်းယုန်ဖုန်းယင်မှာမူ လဲကျနေသောနေရာက ထွက်ပေါက်နှင့် နီးကပ်နေသဖြင့် ဒဏ်ရာ အနည်းငယ် သက်သာပြီးနောက် ပြင်ပသို့ တိတ်တဆိတ် ထွက်သွားခဲ့သည်။
အမွှေးတိုင်တစ်ဝက်ထွန်းစာ ကြာပြီးနောက် ခန်းမဆောင် မျက်နှာကြက်အထိ မြင့်မားသော ကျောက်တိုင်ပေါ်ရှိ နွယ်ပင်များပေါ်တွင် သွေးနီရောင် သွေးကြောများ စတင်ဖြာထွက်လာသည်။ ကျောက်တိုင်တစ်ခုလုံးသည် လျင်မြန်စွာပင် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကျောက်တိုင်အတွင်းရှိ ပြင်းထန်လှသော အလောင်းစွမ်းအင်များသည် ရုတ်ချည်းပင် ထိန်းချုပ်မှု ကင်းမဲ့သွားကာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာတော့သည်။
ကျောက်တိုင်နှင့် အနီးဆုံးတွင် ရှိနေသော ယင်ရှို့သည် အငိုက်မိသွားပြီး ထိုအလောင်းစွမ်းအင်၏ ရိုက်ခတ်မှုကို ပထမဆုံး ခံလိုက်ရသည်။ ထိုစွမ်းအားသည် အဆမတန် ပြင်းထန်လှသော်လည်း ယင်ရှို့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းမျိုး မဟုတ်ပေ။ ထို့ကြောင့် နောက်သို့ အနည်းငယ် လွင့်စင်သွားသော်လည်း လျင်မြန်စွာပင် ဟန်ချက်ပြန်ထိန်းနိုင်ခဲ့သည်။
ရုတ်တရက် ပြောင်းလဲမှုသည် ကျန်ရှိနေသော လူသုံးဦး၏ အာရုံကိုပါ ဆွဲဆောင်သွားသည်။
“ဘာတွေဖြစ်နေတာလဲ”
ကျင်းဝူမင်က ယင်ရှို့ကို လှည့်၍ မေးသည်။
ကျောက်တိုင်ကြီးဆီမှ အလောင်းစွမ်းအင်များ ဒလဟော ဆက်လက်စီးထွက်နေသဖြင့် ယင်ရှို့၏ ဝတ်ရုံများမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေသည်။
“ငါလည်း မသိဘူး။ ဒီကျောက်တိုင်ပေါ်က အစီအရင်ကို တစ်ယောက်ယောက်က ဖျက်ဆီးလိုက်ပုံရတယ်၊ အထဲမှာ ပိတ်လှောင်ထားတဲ့ အလောင်းစွမ်းအင်တွေ အပြင်ကို ယိုစိမ့်ထွက်လာတာပဲ”
“ဒါ မင်းလက်ချက် မဟုတ်ဘူးလား။ ဒီနေရာမှာ တခြားလူ ရှိနေသေးတာလား”
ယင်ရှို့က ခေါင်းခါပြရင် ဝိညာဥ်ရတနာကြိုးတစ်ချောင်း ထုတ်ယူကာ ခေါင်းတလားထဲသို့ ပစ်သွင်းလိုက်သည်။ ထိုကြိုးက လေမိုးကြိုးရွှေမျက်လုံးသားရဲ၏ ဦးခေါင်းကို ရစ်ပတ်ရန် ပြင်လိုက်စဥ်မှာပင် ပြင်းထန်လှသော အလောင်းစွမ်းအင်များ၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။
ယင်ရှို့ နောက်ထပ်တစ်ကြိမ် လှုပ်ရှားရန် ပြင်လိုက်စဥ်မှာပင် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက သေဆုံးသွားခဲ့ပြီဖြစ်သော လေမိုးကြိုးရွှေမျက်လုံးသားရဲက ရှေ့ခြေထောက်အား အနည်းငယ် လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရသဖြင့် တုန်လှုပ်သွားသည်။
သားရဲအလောင်းက ခြေထောက်ကို လှုပ်ရှားလိုက်သည်နှင့် ၎င်းတွင် ချည်နှောင်ထားသော သံကြိုးကြီးများသည်လည်း လှုပ်ခါသွားပြီး ကြမ်းရှရှအသံကို မြည်ဟီးစေခဲ့သည်။
“ဂလောင်”
အသက်တစ်ရှိုက်စာပင် မကြာလိုက်၊ သားရဲကြီး၏ သွေးနီရောင်မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သွေးနီရောင်မျက်လုံးများက အေးစက်ကာ ကရုဏာကင်းမဲ့သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ရုတ်တရက် ပြောင်းလဲမှုကြောင့် ယင်ရှို့လည်း ခပ်လှမ်းလှမ်းသို့ အမြန်ဆုတ်လိုက်ပြီး ကျောက်ခေါင်းတလားကိုသာ စိုက်ကြည့်နေမိတော့သည်။ အခြားသုံးဦးသည်လည်း လေမိုးကြိုးရွှေမျက်လုံးသားရဲ၏ ပြောင်းလဲမှုကိုသာ အာရုံစိုက်နေကြသည်။
“ဂျိန်း... ဝုန်း...”
သံကြိုးလေးချောင်းစလုံး ပြင်းထန်စွာ တုန်ခါလာပြီး ကြမ်းပြင်နှင့် ပွတ်တိုက်မိကာ အဆက်မပြတ် မြည်ဟီးနေတော့သည်။ လေမိုးကြိုးရွှေမျက်လုံးသားရဲသည် ခြေလေးချောင်းလုံး တပြိုင်နက် လှုပ်ရှားလျက် ထရပ်ရန် ကြိုးစားနေသည်။
နှစ်ထောင်ချီ အိပ်မောကျနေခဲ့၍လော သို့မဟုတ် ခန္ဓာကိုယ်ပေါ်ရှိ ကျောက်တိုင်၏ ဖိအားက ကြီးမားလွန်း၍လောမသိ၊ အကြိမ်ကြိမ် ကြိုးစားသော်လည်း ထရပ်နိုင်ခြင်း မရှိသေးပေ။ ခဏအကြာတွင် အဆမတန် ကြီးမားလှသော ဝိညာဥ်စွမ်းအားများ သားရဲကြီး၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ကျောက်ခေါင်းတလားအတွင်း ပြည့်လျှံသွားသည်။
ကျောက်ခေါင်းတလားကြီးသည် ထိုဝိညာဥ်စွမ်းအားကြောင့် နိုးထလာသည့်အလား ငွေရောင်သင်္ကေတများသည် ခေါင်းတလား၏ အတွင်းရော အပြင်မှာပါ စတင်ပေါ်ပေါက်လာသည်။ ထိုသင်္ကေတများသည် တဖြည်းဖြည်း ပျံ့နှံ့သွားပြီး မြင့်မားသော စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ စင်မြင့်ထက်တွင် ငွေရောင်အလင်းတန်းများ ပိုမို တောက်ပလာသည်။
………