← Chapters

အခန်း ၉၃၁

Vol. 63 Ch. 931

အခန်း ၉၃၁

Vol. 63 Ch. 931

အခန်း (၉၃၁) သိုင်းဝိဇ္ဇာသူတော်စင်နယ်ပယ်ကို ကျော်လွန်သော သံဖြတ်ဓား။ မူလဝိညာဉ် ဖြစ်လာသော ဓားသွား။ (၂)

သို့သော် ပရမ်းပတာ ဟင်းလင်းပြင်ထဲရှိ မိစ္ဆာအသိုက်ကို ကိုင်တွယ်ရန်မှာ ထင်သလောက် ချောမွေ့မည် မဟုတ်ပေ။ နတ်ဘုရားမျိုးစေ့ ကိန်းအောင်းနေသော သိုင်းဝိဇ္ဇာသူတော်စင်များပင်လျှင် ၎င်းကို ဖြေရှင်းရန် မလွယ်ကူနိုင်သလို ဖြေရှင်းနိုင်စွမ်းရှိလျှင်ပင် ပရမ်းပတာ ဟင်းလင်းပြင်အတွင်းထဲသို့ စွန့်စားဝင်ရောက်ရန် ဝန်လေးကြပေလိမ့်မည်။ ထို့အပြင် မိစ္ဆာအသိုက်မှာ အသိဉာဏ် မြင့်သော သတ္တဝါဖြစ်သဖြင့် အန္တရာယ်ရှိလာလျှင် ငြိမ်ခံနေမည် မဟုတ်ပေ။ ချင်းမေ့ရှန်ဆိုသည်မှာ ၎င်းခွဲထုတ်လိုက်သော မိစ္ဆာဝိညာဉ်တစ်ခုမျှသာ ဖြစ်သည်။

နောက်နှစ်အနည်းငယ် ကြာသောအခါ မိစ္ဆာအသိုက်သည် ဟင်းလင်းပြင်၏ ဤနေရာမှ ထွက်ခွာသွားပြီး အခြားသော နေရာများ သို့မဟုတ် ပိုမိုနက်ရှိုင်းသော နေရာများသို့ ရွှေ့ပြောင်းသွားနိုင်ရာ ရှာဖွေရန်ပင် မဖြစ်နိုင်တော့ပေ။

စူးချန်ခုန်းသည် စကားအများကြီး မပြောဘဲ ခေါင်းညိတ်လိုက်သည်။ သိုင်းဝိဇ္ဇာသူတော်စင် အုပ်စုမှာ လမ်းခွဲခဲ့ကြပြီး လတ်တလောတွင် ဘေးဒုက္ခကြီး ပြီးဆုံးသွားသကဲ့သို့ ရှိသော်လည်း လူတိုင်းမှာ ကိုယ်စီ အတွေးများ ရှိနေကြသည်။

“မမရွှယ်ရှောင်း... တကယ်ပဲ သေသွားပြီလား။” ဖုချင်းစစ်၏ စိတ်ထဲတွင် လေးလံနေမိသည်။ ဟုန်ကျန်းရှန့်ပင်လျှင် မိစ္ဆာအသိုက်၏ လက်ချက်ဖြင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရလျှင် ကျီးရွှယ်ရှောင်းမှာလည်း အသက်ရှင်ရန် အခွင့်အလမ်း မရှိသလောက်ပင်။

“မိစ္ဆာအသိုက်ကို အမြစ်ပြတ် သုတ်သင်ဖို့ဆိုရင် ပထမဆုံး လိုအပ်ချက်က ပရမ်းပတာ ဟင်းလင်းပြင်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်စွမ်း ရှိဖို့ပဲ...” စူးချန်ခုန်းက စိတ်ထဲမှ တွေးတောနေသည်။ သာမန် သိုင်းဝိဇ္ဇာသူတော်စင်များအတွက် ပရမ်းပတာ ဟင်းလင်းပြင်ထဲတွင် လှုပ်ရှားရန်မှာ ခက်ခဲလှသည်။ ၎င်းမှာ ပထမဆုံး ကျော်လွှားရမည့် အတားအဆီး ဖြစ်သည်။

မိစ္ဆာအသိုက်ကို ရှာဖွေရန်မှာမူ လတ်တလောတွင် မခက်ခဲလှပေ။ အဖိုးအိုထျန်းစူးတွင် ခြေရာခံနိုင်စွမ်း ရှိရာ သူ၏ အတတ်ဖြင့် ပရမ်းပတာ မိစ္ဆာအသိုက် တည်ရှိရာကို အတိအကျ သိနိုင်သည်။

“ပိုင်ရှင်းကျစ်ရဲ့ ပန်းချီမှတစ်ဆင့် လက်တွေ့ဖြစ်လာခြင်း နတ်ဘုရားစွမ်းရည်ကို ဆက်ခံထားတဲ့ လီစုန့်ကို သွားတွေ့ရမယ်။ သူက ကောင်းကင်ဂူန်းတွေကိုတောင် အတင်းအကျပ် ဖွင့်နိုင်တာ။ ငါ့ကို ပရမ်းပတာ ဟင်းလင်းပြင်ထဲမှာ သွားလာနိုင်အောင် သူ ကူညီပေးနိုင်လိမ့်မယ်။”

စူးချန်ခုန်းက လီစုန့်ကို သတိရလိုက်သည်။ လီစုန့်၏ ကိုယ်ပိုင်အစွမ်းမှာ အသင့်အတင့်သာ ရှိသော်လည်း ပန်းချီသူတော်စင် ပိုင်ရှင်းကျစ်ထံမှ ဆက်ခံထားသော နတ်ဘုရားစွမ်းရည်မှာ အလွန်နက်ရှိုင်းလှသည်။ ထိုစွမ်းရည်ကြောင့်ပင် ရှီကျင့်ထျန်းသည် ကျောက်ဝါကောင်းကင်ဂူနန်းကို ဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။ လီစုန့်အနေဖြင့် ပရမ်းပတာ ဟင်းလင်းပြင်တွင် လမ်းကြောင်းပြရန် ကူညီနိုင်မလားဆိုတာကို သိနိုင်ဖို့ စူးချန်ခုန်း သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။

ဟုန်ကျန်းရှန့်၏ ဝိညာဉ်ကို မိစ္ဆာအသိုက်က သူ၏ မျက်စိရှေ့မှောက်မှာပင် ဆုတ်ဖြဲပစ်လိုက်ခြင်းကို ပြန်တွေးမိတိုင်း စူးချန်ခုန်း၏ သတ်ဖြတ်လိုစိတ်မှာ ပိုမို ပြင်းထန်လာရသည်။ ထိုမိစ္ဆာအသိုက်က ဘာကြီးပဲဖြစ်နေနေ သူကတော့ အစအနမကျန် ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်ပြီး ဖြစ်သည်။

ဟွမ်ထျန်းနိုင်ငံတော်၏ ဟင်းလင်းပြင်တိမ်တောင်တွင် လီမိသားစု အခြေချ နေထိုင်ကြသည်။ တစ်ရက်ကျော်ကျော် ခရီးနှင်ပြီးနောက် စူးချန်ခုန်းသည် ဟင်းလင်းပြင်တိမ်တောင်သို့ ရောက်ရှိလာသည်။ အကြာကြီး စောင့်ဆိုင်းစရာ မလိုဘဲ ဟင်းလင်းပြင်ထဲ၌ တံခါးတစ်ခု ပေါ်လာပြီး ယဉ်ကျေးသိမ်မွေ့သော လူလတ်ပိုင်း အမျိုးသားတစ်ဦး ထွက်လာသည်။ ထိုသူကား လီစုန့်ပင်ဖြစ်သည်။

လီစုန့်က အနည်းငယ် အံ့အားသင့်စွာဖြင့် “အကြီးအကဲတာ့... ကျွန်တော်တို့ လီမိသားစုဆီ တကယ်ပဲ ရောက်လာတာလား။ ကြွပါ။ အထဲကို ကြွပါ။” ဟု ဖိတ်ခေါ်လိုက်သည်။ စူးချန်ခုန်း ရောက်လာသည်ကို သူ၏ စာပေနိဗ္ဗာန်ဘုံ အပြင်ဘက်မှ အာရုံခံမိသည်နှင့် လီစုန့်က ကိုယ်တိုင် ထွက်ကြိုခြင်း ဖြစ်သည်။

“အင်း” စူးချန်ခုန်းက ခေါင်းညိတ်ကာ လီစုန့်နှင့်အတူ စာပေနိဗ္ဗာန်ဘုံထဲသို့ ဝင်လိုက်သည်။

စာပေနိဗ္ဗာန်ဘုံ အတွင်းရှိ လီမိသားစု အိမ်တော်၏ ဧည့်ခန်းတွင် ထိုင်မိကြသောအခါ စူးချန်ခုန်းက စကားစလိုက်သည်။ “လီမိသားစုခေါင်းဆောင်... ကျွန်တော် အကူအညီတစ်ခု တောင်းချင်လို့ပါ။”

“အကြီးအကဲတာ့... ပြောသာပြောပါ၊ ကျွန်တော် တတ်နိုင်သမျှ အကုန်ကူညီပါ့မယ်။” လီစုန့်က မဆိုင်းမတွပင် ခေါင်းညိတ် သဘောတူလိုက်သည်။ လီစုန့်တို့ မိသားစု ယနေ့အထိ ဆက်လက် တည်ရှိနေခြင်းမှာ စူးချန်ခုန်း၏ ယခင် အကူအညီကြောင့် ဖြစ်သည်။ မဟုတ်ပါက ရှီမိသားစုကဲ့သို့ပင် မျိုးတုံးသွားနိုင်ပေသည်။ စူးချန်ခုန်းက အကူအညီတောင်းလာသည်ဖြစ်ရာ သူ ငြင်းဆန်စရာ အကြောင်းမရှိပေ။

“ပြီးခဲ့တဲ့ အခေါက်က ခေါင်းဆောင်လီ ကောင်းကင်ဂူနန်းတွေကို အတင်းအကျပ် ဖွင့်နိုင်တာကို ကျွန်တော် မြင်ခဲ့ဖူးတယ်။ ခင်ဗျားမှာ လေဟာပြင်နဲ့ ပတ်သက်ပြီး နားလည်မှု ကောင်းကောင်း ရှိပုံရတယ်။ ခေါင်းဆောင်လီ ခင်ဗျ... ပရမ်းပတာ ဟင်းလင်းပြင်ထဲမှာ လူသားတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် လမ်းကြောင်းတစ်ခု ဖောက်ပေးနိုင်တဲ့ နည်းလမ်း ရှိမလား။”

စူးချန်ခုန်းက ပရမ်းပတာ ဟင်းလင်းပြင်ထဲ၌ လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် လီစုန့် ကူညီနိုင်မလားဟု တိုက်ရိုက် မေးမြန်းလိုက်သည်။

ဤစကားကို ကြားသောအခါ လီစုန့်က ခါးသက်သက် ပြုံးလျက် ခေါင်းခါပြသည်။ “အကြီးအကဲတာ့... ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ။ ပရမ်းပတာ ဟင်းလင်းပြင်ထဲမှာ လမ်းကြောင်းတစ်ခု ဖောက်ဖို့ဆိုတာ ခရီးတိုလေးဆိုရင် ဖြစ်နိုင်ပေမဲ့ ခရီးဝေးကြီးဆိုရင်တော့... ကျွန်တော့်ရဲ့ ဘိုးဘေးတွေတောင် မလုပ်နိုင်ခဲ့တဲ့ အလုပ်မျိုးပါ။”

စူးချန်ခုန်းမှာ အနည်းငယ် စိတ်ပျက်သွားမိသည်။ လီစုန့်က ဆက်မေးလိုက်သည်။ “အကြီးအကဲတာ့က...ပရမ်းပတာ ဟင်းလင်းပြင်ထဲကို ဝင်ချင်လို့လား။”

“အင်း” စူးချန်ခုန်းက ခေါင်းညိတ်လိုက်သည်။ ပရမ်းပတာ ဟင်းလင်းပြင်ထဲ၌ လွတ်လပ်စွာ လှုပ်ရှားနိုင်ရန်မှာ နတ်ဘုရား ခန္ဓာကိုယ်ရှိသော သိုင်းဝိဇ္ဇာသူတော်စင်များသာ လုပ်နိုင်စွမ်းရှိသည်ကို သူ မငြင်းပေ။

လီစုန့်က ခဏမျှ စဉ်းစားပြီးမှ “တကယ်လို့ ပရမ်းပတာ ဟင်းလင်းပြင်ထဲကို ဝင်ရုံသက်သက်ဆိုရင်တော့ လမ်းကြောင်းဖောက်စရာ မလိုပါဘူး။ ကျွန်တော့်ရဲ့ ဘိုးဘေး ပိုင်ရှင်းကျစ်က တစ်ခါတုန်းက ‘ဟင်းလင်းပြင် ငါး’ လို့ ခေါ်တဲ့ သားရဲအစစ်ကို တွေ့ခဲ့ဖူးတယ်။ အဲဒီငါးက ပရမ်းပတာ ဟင်းလင်းပြင်ထဲမှာ လွတ်လွတ်လပ်လပ် ကူးခတ်နိုင်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး သူက အသေးစိတ် အချက်အလက်တွေ ချန်ထားခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ ‘ပန်းချီမှတစ်ဆင့် လက်တွေ့ဖြစ်လာခြင်း’ နတ်ဘုရားစွမ်းရည်နဲ့ဆိုရင် တစ်နေ့ကျရင် အဲဒီငါးကို အသက်ဝင်အောင် ဆွဲနိုင်လိမ့်မယ်။”

စူးချန်ခုန်းသည် ဤစကားကို ကြားရသဖြင့် ဝမ်းသာသွားသော်လည်း လီစုန့်၏ စကားထဲမှ အဓိက အချက်ကို သတိပြုမိလိုက်သည်။ “တစ်နေ့ကျရင် ဟုတ်လား။ အခု မလုပ်နိုင်သေးဘူးလား။”

လီစုန့်က သက်ပြင်းချကာ “ကျွန်တော် ဘိုးဘေးရဲ့ နတ်ဘုရားမျိုးစေ့ကို အပြည့်အဝ မစုပ်ယူနိုင်သေးဘူး။ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ သားရဲစစ်ကို ဆွဲနိုင်ဖို့ဆိုရင် နတ်ဘုရားမျိုးစေ့ကို အပြည့်အဝ စုပ်ယူပြီး ပန်းချီအတတ်ကိုလည်း အထွတ်အထိပ် ရောက်အောင် တတ်မြောက်ရဦးမယ်။”

လီစုန့်သည် ပိုင်ရှင်းကျစ်၏ နတ်ဘုရားမျိုးစေ့ကို ပိုင်ဆိုင်ထားသည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းကို အပြည့်အဝ ပေါင်းစပ်နိုင်စွမ်း မရှိသေးပေ။

“ဒါဆိုရင် ခင်ဗျား သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို ရောက်တာနဲ့ ဟင်းလင်းပြင်ငါးကို ဆွဲနိုင်ပြီး ဟင်းလင်းပြင်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်မယ်ပေါ့” စူးချန်ခုန်းက အတည်ပြုချက် တောင်းလိုက်သည်။

“ဟုတ်ပါတယ်” လီစုန့်က ခိုင်မာစွာ ခေါင်းညိတ်ပြသည်။ သတ္တဝါများကို ရေးဆွဲခြင်းမှာ ပိုင်ရှင်းကျစ်၏ အားအကောင်းဆုံး ပညာဖြစ်ရာ သူ သိုင်းဝိဇ္ဇာသူတော်စင်သို့ ရောက်သည်နှင့် လွတ်လပ်စွာ လှုပ်ရှားနိုင်သော သားရဲစစ်ကို ဆွဲနိုင်မည်ဟု ယုံကြည်နေသည်။

“ကောင်းပြီ... ဒါဆို ခေါင်းဆောင်စုန့်ကို သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို မြန်မြန်ရောက်အောင် ကျွန်တော် ကူညီပေးမယ်။” အတည်ပြုချက် ရသည်နှင့် စူးချန်ခုန်းက လီစုန့်ကို ပြောလိုက်သည်။

“ကျွန်တော့်ကို ကူညီမယ် ဟုတ်လား။” လီစုန့် အံ့အားသင့်သွားလေ၏။

“နတ်ဘုရားမျိုးစေ့ကို အပြည့်အဝ စုပ်ယူနိုင်ဖို့ဆိုတာ လိုက်ဖက်မှုရှိဖို့အပြင် နောက်ထပ် အရေးကြီးတဲ့ အချက်က ဝိညာဉ်နယ်ပယ်ကို ရောက်ဖို့ပဲ။ ဝိညာဉ်နယ်ပယ်ကို မြန်မြန်ရောက်အောင် အပြင်လူက ကူညီပေးလို့ ရတယ်။ အဲ့ကိစ္စ ကျွန်တော့်ကို အားကိုးလိုက်ပါ” စူးချန်ခုန်းက လေးနက်စွာ ပြောလိုက်သည်။

ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိရန်မှာ ခက်ခဲလှပြီး သိုင်းဝိဇ္ဇာသူတော်စင်ဖြစ်ရန် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်သည်။ အစွမ်းထက်သော ဝိညာဉ်ရှိမှသာ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ရှိသော ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ လီစုန့်သည် ပိုင်ရှင်းကျစ်၏ မျိုးဆက်ဖြစ်ရာ ဘိုးဘေးချန်ထားခဲ့သော နတ်ဘုရားမျိုးစေ့နှင့် လိုက်ဖက်မှု ရှိမရှိက ပြဿနာ မဟုတ်ပေ။ သူ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ မရောက်နိုင်သေးသည့် အဓိက အကြောင်းရင်းမှာ ဝိညာဉ်နယ်ပယ်သို့ မရောက်သေးသောကြောင့်သာ ဖြစ်ပေသည်။

All Chapters