← Chapters

အခန်း ၉၃၉

Vol. 63 Ch. 939

အခန်း ၉၃၉

Vol. 63 Ch. 939

အခန်း (၉၃၉) မူလဝိညာဉ်၏ အစွမ်းသတ္တိ။ မိစ္ဆာဝိညာဉ် ချိပ်စည်း။ (၃)

၎င်းမှာ စူးချန်ခုန်းသည် သူ၏ မူလဝိညာဉ်ကို အသုံးပြု၍ မိုင်ပေါင်းတစ်ထောင်အကွာမှ တိုက်ခိုက်နိုင်ပြီး ရန်သူများမှာ သူ၏ ရုပ်ခန္ဓာ မည်သည့်နေရာတွင် ရှိနေသည်ကိုပင် သိနိုင်မည် မဟုတ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ၎င်းအပြင် ၎င်းမှာ မူလဝိညာဉ်၏ စွမ်းအားလည်း ဖြစ်သည်။

“ဝူး ဝူး ဝူး”

ရွှေရောင်အလင်းတန်းများ ဝန်းရံထားသော မူလဝိညာဉ်မှာ ဟိုဟိုဒီဒီ ပျံသန်းကာ ခိုင်ခံ့သော မိစ္ဆာသွေးကြောများကို ပါးလွှာသော ပင့်ကူအိမ်များအလား အလွယ်တကူ ဖြတ်တောက်နေသည်။

“ဒီစွမ်းအားက... အထွတ်အထိပ်ရောက်နေတဲ့ ဓားသွားဝိညာဉ်ထက် ဆယ်ဆမက ပိုသန်မာတယ်။ အရင်က ချင်းမေ့ရှန်ရဲ့ ခန္ဓာပြင်ပထွက် ဝိညာဉ်တောင်မှ ငါ့ရဲ့ မူလဝိညာဉ် ခုတ်ပိုင်းတာကို တစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး။ ခံနိုင်ရည်မရှိရင်... သေရုံပဲရှိမယ်။ တစ်ချက်တည်းနဲ့ အပြတ်ပဲ။”

စူးချန်ခုန်း၏ မျက်လုံးများမှာ တောက်ပနေသည်။ မူလဝိညာဉ်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် စူးချန်ခုန်းအနေဖြင့် ဤမိစ္ဆာအသိုက်အတွင်း၌ အဆင့်တက်ရန် အန္တရာယ်ယူခဲ့ရကျိုး နပ်ပေသည်။

ယခင်က ချင်းမေ့ရှန်သည် ရုပ်ခန္ဓာရှိနေစဉ်အတွင်း စူးချန်ခုန်း၏ ဓားဝိညာဉ်နှင့် ရွှေအမြုတေ ပေါင်းစပ်တိုက်ခိုက်မှုကိုပင် ခုခံနိုင်ခဲ့ပြီး ခေတ္တမျှ အနိုင်အရှုံးမပေါ်ဘဲ တိုက်ခိုက်နိုင်ခဲ့သည်။ အကယ်၍ အချိန်ကြာလာပါက စူးချန်ခုန်းသာ ရှုံးနိမ့်သွားမည်မှာ သေချာသည်။ ထိုစဉ်က လူသားမျိုးနွယ်မှ ထိပ်တန်း အဆင့်မြင့် သိုင်းဝိဇ္ဇာသူတော်စင် ဆယ်ဦးကျော် ပူးပေါင်းတိုက်ခိုက်မှသာ ချင်းမေ့ရှန်ကို နောက်ဆုံးတွင် သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ စူးချန်ခုန်းသည် တစ်ဦးတည်းဖြင့်ပင် ချင်းမေ့ရှန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်ပြီး ချင်းမေ့ရှန်အနေဖြင့် သူ၏ ဆံပင်တစ်ပင်ကိုပင် မထိနိုင်ဘဲ အမြစ်ပြတ် သုတ်သင်ခံရမည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိနေပြီဖြစ်သည်။

“ဝူး ဝူး ဝူး”

စဉ်းစားနေစဉ်အတွင်းမှာပင် မူလဝိညာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ ဖြတ်သန်းသွားသမျှ နေရာတိုင်းရှိ မိစ္ဆာသွေးကြောများကို ဖြတ်တောက်နေသည်။ အချိန်တိုအတွင်းမှာပင် မိစ္ဆာသွေးကြော ထောင်နှင့်သောင်းနှင့်ချီ၍ စူးချန်ခုန်း၏ မူလဝိညာဉ်ဖြင့် ဖြတ်တောက်ခံလိုက်ရသည်။ မိစ္ဆာသွေးကြောများက ပြန်လည် ဆက်သွယ်ရန် ကြိုးစားနေသော်လည်း စူးချန်ခုန်း၏ ဖျက်ဆီးနှုန်းကို မမှီနိုင်တော့ပေ။

“သေစမ်း..သေစမ်း… သူ့ကို သတ်ပစ်။ သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကြစမ်း”

မိစ္ဆာအသိုက်မှာ ထိတ်လန့်သွားပြီး အမှောင်ထဲမှ အမြောက်အမြားသော မိစ္ဆာဝိညာဉ်များသည် စူးချန်ခုန်းဆီသို့ ပြေးဝင်လာကြသည်။ သို့သော် အချည်းနှီးသာ ဖြစ်သည်။ ဓားဝိညာဉ်က မိစ္ဆာသွေးကြောများကို တစ်ခုပြီးတစ်ခု ဖြတ်တောက်နေသလို လှည့်ပတ်ဝှေ့ယမ်းလိုက်ရုံမျှဖြင့် စူးချန်ခုန်း၏ ပတ်ဝန်းကျင်ရှိ မိစ္ဆာဝိညာဉ်များအားလုံး ရှင်းလင်းသွားသည်။ မူလဝိညာဉ်မှ ထွက်ပေါ်လာသော ကန်းသတ္တု ဓားစွမ်းအင်များမှာ သူတို့အတွက် ခံနိုင်ရည်မရှိနိုင်လောက်အောင် ပြင်းထန်လှပြီး စက္ကူများကို ဖြတ်နေရသကဲ့သို့ပင်။

“မဖြစ်ဘူး... မကောင်းတော့ဘူး... ငါ့ရဲ့ မိစ္ဆာသွေးကြောတွေ ပြန်ကောင်းတာက မမှီတော့ဘူး...”

မိစ္ဆာအသိုက်မှာ အခြေအနေဆိုးကို သိရှိသွားသည်။ မိစ္ဆာသွေးကြော အမြောက်အမြား ဖြတ်တောက်ခံလိုက်ရသဖြင့် ၎င်း၏ ခန္ဓာကိုယ်မှာ ကြည်လင်လာသည်။ ၎င်းက စိုးရိမ်တကြီးဖြင့် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ “တော်တော့။ တော်လိုက်တော့။ မင်းနိုင်ပြီ။ ငါ မင်းကို အပြင်ထွက်ခွင့်ပေးမယ်။ မဟုတ်ရင် မင်း ငါ့ကို သတ်ရင်လည်း မင်းပါ သေရလိမ့်မယ်။ အတူတူ သေရုံပဲရှိမယ်။ ငါက မိစ္ဆာဘုရင် မျိုးနွယ်စုဝင်ဖြစ်ပြီး မိစ္ဆာဝိညာဉ် ချိပ်စည်းကို ပိုင်ဆိုင်ထားတယ်။ ငါ့ကို သတ်တဲ့ အဖိုးအခကို မဟာနတ်ဘုရားစွမ်းအားရှိတဲ့ သိုင်းဝိဇ္ဇာသူတော်စင်တောင်မှ မခံနိုင်ဘူး။ သေဆုံးသွားလိမ့်မယ်။”

မိစ္ဆာအသိုက်မှာ မျှော်လင့်ချက်ကုန်စွာဖြင့် စူးချန်ခုန်းကို ထွက်ခွာခွင့်ပြုမည်ဟု တိုက်ရိုက်ပြောဆိုလာသလို ၎င်းကို သတ်ပါက သိုင်းဝိဇ္ဇာသူတော်စင်ပင်လျှင် အသက်နှင့် လဲရမည်ဖြစ်ကြောင်း သတိပေးလာသည်။ စူးချန်ခုန်းအနေဖြင့် မိစ္ဆာအသိုက် ပြောသည်မှာ အမှန်လား အလိမ်လား မသိသော်လည်း ဤကဲ့သို့သော အချိန်တွင် နောက်ဆုတ်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းမှာ ‘သတ်ရင်သတ်၊ မဟုတ်ရင် အသတ်ခံရမည်’ ဟူသော အခြေအနေပင်။

ဝူး ဝူး ဝူး

မူလဝိညာဉ်မှာ ဟိုဟိုဒီဒီ ဖြတ်တောက်နေပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မိစ္ဆာသွေးကြောပေါင်း သိန်းနှင့်ချီ၍ ပြတ်တောက်သွားခဲ့သည်။ မိစ္ဆာအသိုက်မှာ ပြင်းထန်စွာ နာကျင်နေသော နှလုံးသားတစ်တွဲအလား ရူးသွပ်စွာ တုန်ခါနေတော့သည်။

ရှုံးနိမ့်မှုမှာ သေချာနေသဖြင့် မိစ္ဆာအသိုက်မှာ နောင်တရနေမိသည်။ “ဒီကလေးကို အနားမကပ်ခိုင်းခဲ့သင့်ဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို ပေးမဝင်ခဲ့သင့်ဘူး...”

စူးချန်ခုန်းသည် မကြာသေးမီကမှ မူလဝိညာဉ်ကို လေ့ကျင့်အောင်မြင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း မိစ္ဆာအသိုက်က သိလိုက်သည်။ အကယ်၍ ၎င်းသာ စူးချန်ခုန်းကို ဂရုမစိုက်ဘဲ မည်သည့် သတ္တဝါမျှ မရောက်နိုင်သော ပရမ်းပတာ ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာသို့သာ ဦးတည်သွားခဲ့ပါက ယနေ့ကဲ့သို့သော ဘေးဒုက္ခနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။ သို့သော်လည်း မိမိကိုယ်ကို အပြစ်တင်၍ မရနိုင်ပါ၊ အသက်တစ်ရာပင် မပြည့်သေးသော သိုင်းပညာရှင်တစ်ဦးက မူလဝိညာဉ်ကို လေ့ကျင့်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားမည် မဟုတ်ပေ။ မြင့်မြတ်သော ရှေးဟောင်းနိုင်ငံတော်တွင်ပင် မူလဝိညာဉ်အဆင့်သို့ ရောက်ရှိသူများမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသည့် အလွန်ရှားပါးသော မိစ္ဆာအိုကြီးများသာ ဖြစ်ကြသည်။

“မင်းမှာ နောင်တရလိမ့်မယ်... ငါက ဗလာနယ်ထဲကို ပြန်သွားရုံတင်ပါ။ နောက်နှစ်အနည်းငယ်ကြာရင် ငါ တစ်ဖန်ပြန်လည် မွေးဖွားလာလိမ့်မယ်။ မင်းကတော့... မင်းရဲ့ ဝိညာဉ်ပါ ဖျက်ဆီးခံရလိမ့်မယ်။”

မိစ္ဆာအသိုက်၏ နာကြည်းနေသော အသံမှာ စူးချန်ခုန်း၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။

“ဝူး”

နောက်ဆုံး မိစ္ဆာသွေးကြောကိုလည်း စူးချန်ခုန်း၏ မူလဝိညာဉ်က ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။ မိစ္ဆာအသိုက်အတွင်းရှိ မိစ္ဆာသွေးကြော တစ်သိန်းလုံးကို စူးချန်ခုန်းက ဖြတ်တောက်လိုက်နိုင်ပြီ ဖြစ်သည်။ ပြင်းထန်စွာ တုန်ခါနေသော မိစ္ဆာအသိုက်မှာ ဘီလူးလက်ကြီးတစ်ဖက်၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသကဲ့သို့ လျင်မြန်စွာ ကျုံ့ဝင်သွားသည်။ ၎င်း၏ ဧရာမ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး အသက်ဓာတ်များ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ မိစ္ဆာသွေးကြောများ အကုန်ပြတ်တောက်သွားသည်နှင့်အမျှ ၎င်း၏ အသက်စွမ်းအားလည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ဒါ... သေသွားပြီပဲ။”

စူးချန်ခုန်းသည် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ မိစ္ဆာအသိုက် နောက်ဆုံးတွင် သေဆုံးသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ဤသတ္တဝါမှာ သာမန်မဟုတ်ဘဲ ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာသွေးကြော အားလုံးကို ဖြတ်တောက်နိုင်မှသာ သတ်နိုင်ခြင်း ဖြစ်သည်။ သူ၏ ဓားသွားဝိညာဉ်မှာ အသွင်ပြောင်းလဲမှု ကြုံတွေ့ခဲ့ပြီး မူလဝိညာဉ်နယ်ပယ်သို့ ရောက်ရှိသွားသောကြောင့်သာ စူးချန်ခုန်းအနေဖြင့် ဤသို့ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ဟမ်”

သို့သော် စူးချန်ခုန်းကို အံ့အားသင့်သွားစေသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ၏ သိစိတ်ပင်လယ်အတွင်း၌ အမှတ်အသား အသစ်တစ်ခုကို သူ တိတ်တဆိတ် တွေ့ရှိလိုက်ရသည်။ ၎င်းမှာ ရှေးဟောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် အမှတ်အသားတစ်ခု ဖြစ်သည်။ ထိုမျှသာမက ထိုအမှတ်အသားသည် သူ၏ သိစိတ်ပင်လယ်ကို အဆက်မပြတ် တိုက်စားနေပြီး ထိုမှတစ်ဆင့် သူ၏ ရုပ်ခန္ဓာကိုပါ သက်ရောက်ကာ သူ၏ အသက်စွမ်းအားများကို အဆုံးမဲ့ ဝါးမြိုရင်း လျင်မြန်စွာ ကြီးထွားလာနေသည်။

“မိစ္ဆာအသိုက် ပြောသွားတာ အမှန်ပဲလား။ ဒါက သူ့ကို သတ်တဲ့သူကို ခတ်နှိပ်တဲ့ မိစ္ဆာချိပ်စည်းလား။”

စူးချန်ခုန်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ သူ၏ မူလဝိညာဉ်မှာ သိစိတ်ပင်လယ်ထဲသို့ ပြန်ဝင်လာပြီး ထိုအမှတ်အသားကို ဖျက်ဆီးရန် ကြိုးစားသော်လည်း လုံးဝ မဖြစ်နိုင်ပေ။ ထိုအမှတ်အသားမှာ အရိုး၌ ကပ်နေသော လောက်ကောင်ကဲ့သို့ပင် သိစိတ်ပင်လယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပုံရသည်။

“သူက ခုနကပဲ မိစ္ဆာဘုရင်လို့ ပြောသွားပြီး မိစ္ဆာဝိညာဉ် ချိပ်စည်းကို စုစည်းခဲ့တယ်လို့ ပြောတယ်။ အရင်က မှန်ကမ္ဘာသခင်သတ်လိုက်ပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့တဲ့ မိစ္ဆာဘုရင်နဲ့ရော ဘာပတ်သက်မှုများ ရှိနေမလဲ”

စူးချန်ခုန်းသည် မှန်ကောင်းကင်ဘုံကမ္ဘာတွင် ရှိစဉ်က မှန်ကမ္ဘာသခင် ကွယ်လွန်ခဲ့ပုံနှင့် ပတ်သက်၍ ကြားခဲ့ရသည်များကို သတိရလိုက်သည်။ မဟာနတ်ဘုရားစွမ်းအားရှိသော ကျင့်ကြံသူဖြစ်သည့် မှန်ကမ္ဘာသခင်၏ မွေးရပ်မြေ နိုင်ငံငယ်လေးမှာ မိစ္ဆာတစ်ကောင်၏ သတ်ဖြတ်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ထိုမိစ္ဆာမှာ မိစ္ဆာဘုရင်အဖြစ် အဆင့်တက်သွားခဲ့သည်။ အမျက်ထွက်နေသော မှန်ကမ္ဘာသခင်သည် ထိုမိစ္ဆာဘုရင်နှင့် အသေအလဲ တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် သူ အနိုင်ရခဲ့သော်လည်း ထိုမိစ္ဆာဘုရင်၏ မိစ္ဆာဝိညာဉ် ချိပ်စည်း ခတ်နှိပ်ခြင်းကို ခံခဲ့ရပြီ အချိန်အတော်ကြာ အောင့်အည်းနေခဲ့ရပြီးနောက် နောက်ဆုံးတွင် ကွယ်လွန်ခဲ့ရသည်။

ယခု စူးချန်ခုန်း မိစ္ဆာအသိုက်ကို သတ်လိုက်ပြီးနောက် သူ၏ သိစိတ်ပင်လယ်ထဲ၌ ဖယ်ရှား၍မရသော၊ သိစိတ်ပင်လယ်ကို တိုက်စားကာ အသက်စွမ်းအားကို ဝါးမြိုနေသော အမှတ်အသားတစ်ခု ပေါ်လာခြင်းမှာ... ၎င်းသည်လည်း မိစ္ဆာဝိညာဉ် ချိပ်စည်းပင် ဖြစ်နေသည့်ပုံပင်။ ဤချိပ်စည်းမှာ ယခုလောလောဆယ် သူ့ကို သက်ရောက်မှု သိပ်မရှိဟု ထင်ရသော်လည်း ၎င်းမှာ စူးချန်ခုန်း၏ အသက်စွမ်းအားကို စားသုံးပြီး တဖြည်းဖြည်း ကြီးထွားလာမည် ဖြစ်သည်။ နောက်ဆုံးတွင် စူးချန်ခုန်းမှာ မလွဲမသွေ အားနည်းသွားမည်ဖြစ်ပြီး အသက်အန္တရာယ်နှင့် ကြုံတွေ့ရပေလိမ့်မည်။

“ပြန်ရောက်ရင် မှန်ကောင်းကင်ဘုံကမ္ဘာကို တစ်ခေါက်သွားပြီး ဒီအကြောင်းကို စုံစမ်းရမယ်။”

စူးချန်ခုန်းသည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး မှန်ကောင်းကင်ဘုံကမ္ဘာသို့ ပြန်ရောက်သောအခါ အခြေအနေကို စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

“ပြီးတော့ ဒီအရာက...”

စူးချန်ခုန်း၏ စိတ်အာရုံ တစ်ချက်ဖြင့် သူ၏ ခံစားမှုနောက်သို့ လိုက်ကြည့်ရာ မိစ္ဆာအသိုက် သေဆုံးသွားပြီးနောက် အရာတစ်ခု စုစည်းလာသည်ကို တွေ့လိုက်ရသည်။ သူ၏ မူလဝိညာဉ်က ထိုအရာကို ပတ်ပတ်လည် ဝန်းရံကာ ပြန်ယူလာခဲ့သည်။ စူးချန်ခုန်း အနီးကပ် ကြည့်လိုက်သောအခါ ၎င်းမှာ နတ်ဆိုးအမြုတေနှင့် ဆင်တူသော်လည်း အလွန် ထူးခြားပြီး ပြင်းထန်ကာ ယုတ်မာသော စွမ်းအင်များ ပါဝင်သည့် ပုံဆောင်ခဲ အမြုတေတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

All Chapters