အခန်း ၉၄၁
Vol. 63 Ch. 941
အခန်း (၉၄၁) မူလဝိညာဉ်၏ အစွမ်းသတ္တိ။ မိစ္ဆာဝိညာဉ် ချိပ်စည်း။ (၂)
အဖိုးအိုထျန်းစူး ဦးဆောင်သော ဟင်းလင်းပြင်ငါးပေါ်တွင် လူလေးဦး လိုက်ပါလာကြသည်။ ရက်အနည်းငယ် ကြာပြီးနောက် သူတို့သည် ပရမ်းပတာ ဟင်းလင်းပြင်မှ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ပြီး အဖြူရောင်ညနိုင်ငံတော်၏ နယ်နိမိတ်အတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သူတို့ တစ်ဦးချင်းစီတွင် ကိုယ်ပိုင် အကျိုးအမြတ်များ ရှိခဲ့ကြသည်။ လီစုန့်မှာ စူးချန်ခုန်း၏ အကူအညီဖြင့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ အဖိုးအိုမှာ စူးချန်ခုန်းထံမှ နတ်ဘုရားမျိုးစေ့ တစ်စေ့ ရရှိခဲ့သည်။ ကျီးရွှယ်ရှောင်းမှာ သေမင်း၏ လက်တွင်းမှ လွတ်မြောက်လာခဲ့ပြီး စူးချန်ခုန်းမှာမူ မိစ္ဆာအသိုက်ကို သုတ်သင်ကာ သိုင်းဝိဇ္ဇာသူတော်စင်အင့် မိစ္ဆာအမြုတေအစစ်ကို ရရှိခဲ့သည်။ သို့သော် သူ၏ အကြီးမားဆုံးသော အောင်မြင်မှုမှာ သူ၏ ဓားသွားဝိညာဉ်သည် နောက်ဆုံးတွင် အဆင့်တက်သွားပြီး ‘မူလဝိညာဉ်’ အဖြစ် အသွင်ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။
အမှန်တော့ စူးချန်ခုန်း ပြဿနာတက်နေပြီ ဖြစ်သည်။ အကြောင်းမှာ မိစ္ဆာအသိုက်ကို သုတ်သင်ပြီးနောက် သူ၏ သိစိတ်ပင်လယ်အတွင်း၌ မိစ္ဆာဝိညာဉ် ချိပ်စည်းခတ်နှိပ်ခံလိုက်ရသောကြောင့် ဖြစ်သည်။ ဤအရာမှာ သာမန်မဟုတ်ဘဲ ကိုင်တွယ်ရန် မလွယ်ကူကြောင်းနှင့် သူ၏ အသက်ကိုပင် ရန်ရှာနိုင်ကြောင်း သူ ခပ်ရေးရေး သတိပြုမိလိုက်သည်။
“ရက်အနည်းငယ်အတွင်းမှာတင် ဒီမိစ္ဆာဝိညာဉ်ချိပ်စည်းက အစပိုင်းထက် အများကြီး ကြီးထွားလာတယ်... ငါ့အပေါ်မှာ ပိုပြီးတော့ ဖိအားပေးလာနေပြီ” စူးချန်ခုန်း၏ စိတ်ထဲတွင် လေးလံနေမိသည်။
“အစ်ကိုတာ့၊ အခုတစ်ခေါက် အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ်... နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်မ ရှေးဟောင်း နိုင်ငံတော်ကို ပြန်တော့မယ်။ တစ်နေ့နေ့မှာ အစ်ကိုတာ့ အဲဒီကို ရောက်လာခဲ့ရင် နှင်းလွင်ပြင်မြို့က ကျီးမိသားစုမှာ ကျွန်မကို လာရှာနိုင်ပါတယ်။” ဟု ကျီးရွှယ်ရှောင်းက ပြောလိုက်သည်။ သူသည်လည်း စူးချန်ခုန်းကို နှုတ်ဆက်စကား ဆိုခဲ့သည်။
ကျီးရွှယ်ရှောင်းသည် မူလကပင် မြင့်မြတ်သော ရှေးဟောင်း နိုင်ငံတော်သို့ ပြန်ရန် စီစဉ်ထားသော်လည်း မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသော ကိစ္စများကြောင့် ယခုမှသာ ပြန်နိုင်ခြင်း ဖြစ်သည်။ သူသည် နောက်ထပ် စမ်းသပ်မှုကို ရင်ဆိုင်ရန်အတွက် ထိုနိုင်ငံသို့ ပြန်ရန် လိုအပ်နေသည်။
“စမ်းသပ်မှုရဲ့ အဆုံးသတ်က... ပျက်စီးခြင်းပဲ” ကျီးရွှယ်ရှောင်းက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။ ဤလမ်းစဉ်အတိုင်း ဆက်သွားပါက ပျက်စီးခြင်းသို့သာ ဦးတည်မည်ကို သူ သိသော်လည်း ၎င်းမှာ သူ မွေးကတည်းက ပါလာသော ကံကြမ္မာနှင့် တာဝန်ပင် ဖြစ်သည်။
“ကောင်းပါပြီ၊ တစ်နေ့နေ့တော့ လာခဲ့ပါ့မယ်” စူးချန်ခုန်းက ခေါင်းညိတ်ရင်း နှင်းလွင်ပြင်မြို့မှ ကျီးမိသားစုကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။
ကျီးရွှယ်ရှောင်း ထွက်ခွာသွားပြီးနောက် အဖိုးအိုနှင့် လီစုန့်တို့လည်း စူးချန်ခုန်းကို နှုတ်ဆက်ကာ လမ်းခွဲခဲ့ကြသည်။
“သဲဝါပင်လယ်ထဲက မှန်ကောင်းကင်ဘုံကမ္ဘာကို သွားရမယ်။”
သူတို့ သုံးဦးနှင့် လမ်းခွဲပြီးနောက် စူးချန်ခုန်းက အချိန်မဆွဲဘဲ မှန်ကောင်းကင်ဘုံကမ္ဘာ တည်ရှိရာသို့ ချက်ချင်း ဦးတည်သွားတော့သည်။ မှန်ကောင်းကင်ဘုံကမ္ဘာ၏ အဝင်ဝမှာ သဲဝါပင်လယ်ထဲတွင် ရှိသည်။ ယခုအခါ သဲဝါပင်လယ်မှာ လွန်ခဲ့သော နှစ်နှစ် သုံးနှစ်ခန့် ပထမဆုံး ပေါ်လာစဉ်ကလောက် မစည်ကားတော့သော်လည်း ထိုနေရာသို့ ရောက်သောအခါ စူးချန်ခုန်းသည် သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ပညာရှင်အချို့၏ အရှိန်အဝါကို ခံစားနေရဆဲ ဖြစ်သည်။ မှန်ကောင်းကင်ဘုံကမ္ဘာအတွင်းရှိ ရတနာများကို မက်မောကြသူအချို့ ထိုနေရာ၌ အခြေချနေကြဆဲ ဖြစ်ပုံရသည်။
လူသိမများစေရန်နှင့် သဲဝါပင်လယ်၏ စတုတ္ထမြောက် စမ်းသပ်မှုကို အောင်မြင်ထားသော စူးချန်ခုန်းဖြစ်ကြောင်း အခြားသူများ မသိစေရန်အတွက် သူသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်ထားပြီး လိပ်သက်ရှူကျင့်စဉ်ကို အသုံးပြုကာ သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားလိုက်သည်။ စူးချန်ခုန်း၏ လိပ်သက်ရှူကျင့်စဉ်မှာ အဆင့်ဆယ့်နှစ်သို့ ရောက်ရှိနေပြီဖြစ်ရာ သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ပညာရှင်များပင်လျှင် သူ၏ မူလသရုပ်မှန်ကို မသိနိုင်တော့ပေ။
“နောက်ဆုံးတစ်ခေါက် ဒီကို ရောက်တုန်းက... ချင်းမေ့ရှန်ပေးတဲ့ ဖိအားကြောင့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ရောက်ဖို့အတွက် လာခဲ့တာပဲ”
စူးချန်ခုန်းသည် မှန်ကောင်းကင်ဘုံကမ္ဘာ၏ အဝင်ဝကို ကြည့်ရင်း အချိန်များ ကုန်ဆုံးသွားသည်ကို သက်ပြင်းချကာ တွေးနေမိသည်။ မှန်ကောင်းကင်ဘုံကမ္ဘာ ပေါ်လာစဉ်က လူသားကိုးနိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး သိုင်းပညာရှင် အမြောက်အမြား စုပြုံရောက်ရှိလာခဲ့ကြသည်။ စူးချန်ခုန်းသည် မှန်ကောင်းကင်ဘုံကမ္ဘာ၏ စတုတ္ထမြောက် စမ်းသပ်မှုကို တိတ်တဆိတ် အောင်မြင်ခဲ့သူ ဖြစ်သည်။ ယခုအခါ ချင်းမေ့ရှန် သာမက ဤမြေပေါ်တွင် ခိုအောင်းနေသော တကယ့် မိစ္ဆာကောင်များနှင့် ပရမ်းပတာ ဟင်းလင်းပြင်ထဲ၌ ပုန်းကွယ်နေသော မိစ္ဆာများပါ စူးချန်ခုန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရလေပြီ။
စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် စူးချန်ခုန်းသည် မှန်ကောင်းကင်ဘုံကမ္ဘာ၏ အဝင်ဝသို့ ရောက်ရှိလာပြီး အတွင်းသို့ လှမ်းဝင်လိုက်တော့သည်။
မှန်ကောင်းကင်ဘုံကမ္ဘာသို့ လူတစ်ယောက်လျှင် တစ်ကြိမ်သာ ဝင်ခွင့်ရှိသော်လည်း၊ စတုတ္ထမြောက် စမ်းသပ်မှုကို အောင်မြင်ထားသော စူးချန်ခုန်းမှာမူ ဤစည်းကမ်းနှင့် မသက်ဆိုင်ပေ။ ပတ်ဝန်းကျင် ရှုခင်းများ ပြောင်းလဲသွားသည်ကို စူးချန်ခုန်း ခံစားလိုက်ရသည်။ သူသည် ပထမဆုံး စမ်းသပ်မှုဖြစ်သော တိမ်တိုက်ကျောက်တံတားအပြင်ဘက်သို့ ရောက်မသွားဘဲ ဖြူစွတ်စွတ် မှန်ကောင်းကင်ဘုံကမ္ဘာ ဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်ရှိသွားသည်။
ဝေဝါးသော လူရိပ်တစ်ခု ပေါ်လာပြီး ၎င်းမှာ မှန်လူသားပင် ဖြစ်သည်။
“မင်း ရောက်လာပြီပဲ။ မိစ္ဆာတစ်ကောင်ကို သတ်ပြီးပြီလား။ မင်း သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို ရောက်နေပြီပဲ... ဒါပေမဲ့ နတ်ဘုရားခန္ဓာကိုယ်ကိုတော့ မဖွဲ့စည်းရသေးဘူး” မှန်လူသားက စူးချန်ခုန်းကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ ဆိုလိုက်သည်။ စူးချန်ခုန်းမှာ အချိန်မတိုင်မီ မည်သို့ကြောင့် မှန်ကောင်းကင်ဘုံကမ္ဘာသို့ ပြန်ရောက်လာသလဲဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။
မှန်ကမ္ဘာသခင် ချန်ထားရစ်ခဲ့သော စည်းကမ်းများကို သူ မဖောက်ဖျက်နိုင်ပေ။ စူးချန်ခုန်း အနေဖြင့် မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ပြီး နတ်ဘုရားခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်မှသာ မဟာနတ်ဘုရားမျိုးစေ့ကို ရရှိနိုင်မည် ဖြစ်သည်။
စူးချန်ခုန်းသည် စကားအများကြီး မပြောဘဲ သူ၏ ဖုံးကွယ်ထားမှုများကို ဖယ်ရှားကာ သိစိတ်ပင်လယ်အတွင်းရှိ အရှိန်အဝါများကို လွှတ်ထုတ်လိုက်သည်။
“ဟမ်… မင်းရဲ့ သိစိတ်ပင်လယ်ထဲမှာ မိစ္ဆာဝိညာဉ်ရဲ့ အရှိန်အဝါ ရှိနေပါလား... ဒါက မိစ္ဆာဝိညာဉ် ချိပ်စည်းပဲ။”
မှန်လူသား၏ အေးစက်စက် အသံထဲတွင် အံ့ဩမှုအချို့ ပါဝင်လာသည်။ စူးချန်ခုန်း၏ သိစိတ်ပင်လယ်ထဲ၌ မိစ္ဆာဝိညာဉ် ချိပ်စည်းကို သူ အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
“ဟုတ်ပါတယ်... ကျွန်တော် မိစ္ဆာစစ်တစ်ကောင်ကို သတ်ခဲ့ပါတယ်။ ဒါပေမဲ့ သတ်ပြီးတဲ့နောက်မှာ ဒီမိစ္ဆာဝိညာဉ် ချိပ်စည်းက ကျွန်တော့်ရဲ့ သိစိတ်ပင်လယ်ထဲမှာ ပေါ်လာပြီး ပိုပိုပြီး အားကောင်းလာတယ်။ ကျွန်တော့်ရဲ့ အသက်စွမ်းအားတွေကို ဝါးမြိုနေတယ်။ အချိန်ကြာလာရင်... ကျွန်တော် တောင့်ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ထင်တယ်” စူးချန်ခုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။ သူ ဤနေရာသို့ လာရခြင်းမှာ မဟာနတ်ဘုရားမျိုးစေ့ကို စောစောစီးစီး ရယူရန် မဟုတ်ဘဲ ဤမိစ္ဆာဝိညာဉ် ချိပ်စည်းအကြောင်းကို စုံစမ်းရန်သာ ဖြစ်သည်။
“ဒါဆို အမှန်ပဲပေါ့... ဒဏ္ဍာရီတွေအရ မိစ္ဆာတွေဟာ တကယ့်ကို မသေမျိုးတွေပဲ။ အသတ်ခံရရင်တောင်မှ နှစ်အနည်းငယ် ကြာရင် ဒီမြေပေါ်မှာ အဲဒီမိစ္ဆာဟာ တစ်ဖန်ပြန်ပြီး ပေါ်လာတတ်တယ်။ မိစ္ဆာဝိညာဉ် ချိပ်စည်းဆိုတာ မိစ္ဆာဘုရင်တွေသာ ပိုင်ဆိုင်တဲ့ ချိပ်စည်းပဲ။ အသက်နဲ့လဲပြီး ရန်သူကို ခတ်နှိပ်ထားခဲ့တာ။ ကြည့်ရတာ... မင်းသတ်လိုက်တဲ့ မိစ္ဆာက မှန်ကမ္ဘာသခင် သတ်ခဲ့တဲ့ မိစ္ဆာနဲ့ အတူတူပဲ ဖြစ်ရမယ်။ သူ ဒီမြေပေါ်မှာ တစ်ဖန်ပြန်ပြီး နိုးထလာခဲ့တာပဲ။”
မှန်လူသား၏ အေးစက်စက် စက်ရုပ်အသံမှာ ထွက်ပေါ်လာသည်။ သူသည် ရုပ်သေးရုပ် တစ်ရုပ်သာဖြစ်သဖြင့် ခံစားချက် မရှိသလောက် နည်းပါးသော်လည်း စူးချန်ခုန်းမှာမူ ဤစကားကို ကြားသောအခါ အနည်းငယ် တုန်လှုပ်သွားရသည်။
“ကျွန်တော် သတ်လိုက်တဲ့ မိစ္ဆာက မှန်ကမ္ဘာသခင် သတ်ခဲ့တဲ့ မိစ္ဆာနဲ့ အတူတူပဲ ဟုတ်လား။”
စူးချန်ခုန်း အံ့အားသင့်သွားလေ၏။ မိစ္ဆာများကို သတ်၍မရပေ။ သတ်လိုက်လျှင်ပင် အချိန်ကြာလာသောအခါ ကမ္ဘာလောကတွင် တစ်ဖန်ပြန်လည် မွေးဖွားလာတတ်ကြသည်။ မှန်ကမ္ဘာသခင်သည် တစ်ချိန်က မိစ္ဆာဘုရင် တစ်ကောင်ကို သတ်ခဲ့ပြီး အချိန်ကြာလာသောအခါ ၎င်းသည် ပရမ်းပတာ ဟင်းလင်းပြင်ထဲ၌ တစ်ဖန်ပြန်လည် နိုးထလာခဲ့သည်။ ၎င်းမှာ မိစ္ဆာအသိုက်ပင် ဖြစ်သည်။
ထိုမိစ္ဆာအသိုက်သည် အလွန်လျင်မြန်စွာ ကြီးထွားလာရခြင်းမှာ ၎င်းသည် မူလကပင် မဟာနတ်ဘုရားစွမ်းအားရှိသော သိုင်းဝိဇ္ဇာသူတော်စင်ကို ယှဉ်နိုင်သည့် မိစ္ဆာဘုရင်တစ်ကောင် ဖြစ်သောကြောင့်ပင်။ ၎င်းသည် ယခင်က အထွတ်အထိပ် အဆင့်သို့ ပြန်လည်ရောက်ရှိရန်အတွက် စွမ်းအင်များကိုသာ ဖြည့်တင်းရန် လိုအပ်သည်။ သို့သော် လုံးဝ ပြန်လည် မကောင်းမွန်နိုင်မီမှာပင် စူးချန်ခုန်း၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။