← Chapters

အခန်း ၄၆၃

Vol. 47 Ch. 463

အခန်း ၄၆၃

Vol. 47 Ch. 463

အခန်း (၄၆၃)

" အခု မင်းက ချင်စစ်တပ် လက်နက်ချတာကို လက်ခံလိုက်ပါ။ ပြီးရင် ချိုင်စီဆီ သတင်းပို့ပြီး ယန်နဲ့ ကျောက်နယ်မြေက အရာရှိတွေကို ချီနိုင်ငံထဲဝင်ပြီး မြို့တွေကို တာဝန်ယူဖို့ ပြောလိုက်ပါ။ ပြီးတော့ အရှင်မင်းကြီးဆီကို အစီရင်ခံပြီး ချီနယ်မြေကို အုပ်ချုပ်ဖို့ လူတွေ စေလွှတ်ပေးဖို့ ပြောလိုက်ပါ။ " ​ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျန်းဟန်က ပြောလိုက်သည်။

" ဝူအန်းကျွင်း ကျွန်တော်နဲ့အတူ လင်းကျိမြို့တော်ကို လိုက်ခဲ့ပါ။ ဒီကနေ သုံးရက်လောက် ကြာပါလိမ့်မယ်။ " ဟောက်လင်းက လေးစားစွာ ပြောလိုက်သည်။

" ကောင်းပြီ။ " ကျောက်ဖုန်းက လှံကို ကျန်းမင်ဆီ ပစ်ပေးပြီး မြင်းကို မောင်းနှင်လိုက်သည်။

သူ၏ နောက်တွင် ကိုယ်ရံတော်ငါးထောင်က လိုက်ပါသွားသည်။ အရေအတွက်က ငါးထောင်သာ ရှိသော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းလှသည်။

ကိုယ်ရံတော်ငါးထောင်နှင့် ထွက်ခွာသွားသော ကျောက်ဖုန်းကို ကြည့်ပြီး ထျန်းလင်းက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ " ဒါက ဝူအန်းကျွင်းရဲ့ စွမ်းအားဖြစ်မယ်။ ကိုယ်ရံတော်ငါးထောင်နဲ့ ချီနိုင်ငံအလယ်ကို ဝင်ရဲတယ်။ အရှင်မင်းကြီးသာ စိတ်ပြောင်းသွားရင် တကယ်အန္တရာယ်များလိမ့်မယ်။ "

သုံးရက်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လင်းကျိမြို့တော်က ချက်နိုင်ငံ၏ ရှန်းယန်မြို့တော်ထက် ပိုရှေးကျသည်။ ချင်စစ်တပ်က ထိုမြို့တံခါးသို့ ရောက်လာခဲ့သည်။ မြို့တံခါးတွင် ဝန်ကြီးချုပ်ဟောက်ရှန်းနှင့် ချီအရာရှိများက စောင့်ဆိုင်းနေကြသည်။

" ချီနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောက်ရှန်းနဲ့ အရာရှိတွေက ဝူအန်းကျွင်းကို ကြိုဆိုပါတယ်။ " ဝန်ကြီးချုပ်ဟောက်ရှန်းနှင့် အခြားသူများက ဦးညွှတ်လိုက်ကြသည်။

ကျောက်ဖုန်းက မြင်းပေါ်မှ ဆင်းလာပြီး ရှေ့သို့ လျှောက်လာသည်။ ချီနိုင်ငံက အလွန်ရိုကျိုးနေပြီး သူတို့က အမှန်တကယ် လက်နက်ချသည်မှာ ထင်ရှားသည်။

" အားလုံး ထကြပါ။ "

" ကျေးဇူးတင်ပါတယ် ဝူအန်းကျွင်း။ " ဟောက်ရှန်းက ပြောလိုက်သည်။

" ချီဘုရင် ဘယ်မှာလဲ။ "​ ကျောက်ဖုန်းက မေးလိုက်သည်။

" ဝူအန်းကျွင်း အရှင်မင်းကြီးက နန်းတော်မှာ စားသောက်ပွဲတွေ ပြင်ဆင်ပြီး စောင့်ဆိုင်းနေပါတယ်။ " ဟောက်ရှန်းက လေးစားစွာ ပြောလိုက်သည်။

ကျောက်ဖုန်းကို ချင်နိုင်ငံ၏ စစ်နတ်ဘုရားဟု ခေါ်ကြသည့်အပြင် နောက်ထပ် နာမည်တစ်ခုလည်း ရှိနေသည်။ ၎င်းက သတ်ဖြတ်ခြင်းနတ်ဘုရားဖြစ်သည်။ ကျောက်ဖုန်းက တုန်ဟူလူမျိုးသိန်းချီကို သတ်ဖြတ်ခဲ့ပြီး သွချောင်းစီးစေခဲ့သည်။ ထိုကဲ့သို့ လူမျိုးကို ကြောက်ရုံမှလွဲ၍ ဘာမှမလုပ်နိုင်ပေ။

" ဟန်ချန်းယန် "

" ကျွန်တော်မျိုး ရှိပါတယ်။ " ဟန်ချန်းယန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" ကိုယ်ရံတော်နှစ်ထောင်ခေါ်ပြီး မြို့တံခါးတွေကို ထိန်းချုပ်ထား။ ကျန်တဲ့သူတွေက ငါနဲ့ နန်းတော်ကို လိုက်ခဲ့။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " ဟန်ချန်းယန်က ခေါင်းညိမ့်လိုက်သည်။ ကိုယ်ရံတော်နှစ်ထောင်က ချက်ချင်း ခွဲထွက်သွားပြီး မြို့ရိုးပေါ်သို့ တက်ကာ မြို့တံခါးများကို ထိန်းချုပ်လိုက်သည်။

" ဝူအန်းကျွင်း ကြွပါ။ " ဟောက်ရှန်းက ရှေ့မှ လမ်းပြလိုက်သည်။

ကျောက်ဖုန်းက မြင်းပေါ်သို့ တက်လိုက်ပြီး ကိုယ်ရံတော်များနှင့်အတူ မြို့ထဲသို့ ဝင်ရောက်သွားသည်။ မြို့ထဲရှိ လမ်းဘေးနှစ်ဖက်တွင် ချီပြည်သူများက ကြည့်နေကြသည်။ ချီနိုင်ငံ အညံ့ခံလိုက်ပြီဟု ကြားသောအခါ အချို့က ဒေါသထွက်ကြပြီး အချို့က စိတ်သက်သာရာရသွားကြသည်။ သာမန်ပြည်သူများအတွက် စစ်ပွဲကို ရှောင်လွှဲချင်သည်မှာ သဘာဝပင်ဖြစ်သည်။

သူတို့က မြို့ထဲသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လာပြီး ရိက္ခါလှည်းများရှိသော နေရာသို့ ရောက်လာကြသဘ်။

" သတ်ဖြတ်လိုစိတ်တွေ ရှိနေတယ်။ " ကျောက်ဖုန်းက ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။

ရွှီး... ရွှီး...

လမ်းနှစ်ဖက်လုံးမှ ကျောက်ဖုန်းကို ပစ်မှတ်ထားပြီး မြားများ ထွက်ပေါ်လာသည်။

" လုပ်ကြံသူတွေ " ကျန်းမင်က အော်ပြောလိုက်သည်။ ကိုယ်ရံတော်များက ဓားများဆွဲထုတ်ပြီး မြားများကို တားဆီးလိုက်ကြသည်။ ကျောက်ဖုန်းက ဘာမှလုပ်စရာပင် မလိုလိုက်ပေ။

" လုပ်ကြံသူတွေ ဘာလို့ရှိနေတာလဲ။ "

ဟောက်ရှန်း၏ မျက်နှာက ဖြူလျော့သွားသည်။ လင်းကျိမြို့ထဲတွင် ကျောက်ဖုန်း တစ်ခုခုဖြစ်လျှင် သူရော ချီနိုင်ငံပါ အဆုံးသတ်မည်ဖြစ်သည်။

" ကျောက်ဖုန်းကို သတ်ကြ...."

" ချင်လူမျိုးတွေကို သတ်ကြ..."

လမ်းဘေးမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လက်နက်များကို ကိုင်ဆောင်ထားသော လူရာချီက ထွက်လာကြပြီး မြားများပစ်ခတ်ကာ ကျောက်ဖုန်းကို ဝင်တိုက်လိုက်ကြသည်။

" ပျက်စီးသွားတဲ့ နိုင်ငံက လူတွေပေါ့။ " ကျောက်ဖုန်းက အခြေအနေကို နားလည်သွားပြီး ပြုံးလိုက်သည်။

ချီနိုင်ငံက သူတို့ကို တိုက်ခိုက်ရဲမည်မဟုတ်ပေ။ ထိုလုပ်ကြံသူများက ကျောက်ဖုန်း၏ လက်ချက်ဖြင့် ပျက်စီးသွားသော နိုင်ငံများမှ အကြွင်းအကျန်များ ဖြစ်ပေလိမ့်မယ်။ ချီနိုင်ငံက သူတို့၏ နောက်ဆုံးခိုလှုံရာဖြစ်ပြီး ယခု ချီနိုင်ငံ ပျက်စီးတော့မည်ဖြစ်သောကြောင့် သူတို့က ထိုင်ကြည့်မနေနိုင်တော့ပေ။

" သတ်..." ကျန်းမင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

ကိုယ်ရံတော်များက မြင်းများကို နှင်ပြီး လုပ်ကြံသူများကို တိုက်ခိုက်လိုက်ကြသည်။ ကိုယ်ရံတော်များနှင့် ရင်ဆိုင်ရသောအခါ သူတို့က ခဏအတွင်း ရှင်းလင်းခံလိုက်ရသည်။ လုပ်ကြံသူများက ကိုယ်ရံတော်များ၏ ဓားအောက်တွင် အားလုံး သေဆုံးသွားကြသည်။

" ဝူအန်းကျွင်း ဒီလုပ်ကြံသူတွေက ကျွန်တော်တို့ ချီနိုင်ငံနဲ့ ဘာမှမပက်သက်ပါဘူး။ ချီနိုင်ငံက ဒီအကြောင်း လုံးဝမသိပါဘူး။ " ဟောက်ရှန်းက ကျောက်ဖုန်းကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

" ချီနိုင်ငံက မြို့တော်ထဲမှာ ငါ့ကို တိုက်ခိုက်ရလောက်အောင်ထိ မိုက်မဲမှာမဟုတ်ဘူးဆိုတာငါသိတယ်။ ဒီလူတွေက ငါဖျက်ဆီးခဲ့တဲ့ နိုင်ငံတွေက အကြွင်းအကျန်တွေပဲ။ " ကျောက်ဖုန်းက ဂရုမစိုက်ဘဲ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဟောက်ရှန်းက စိတ်သက်သာရာရသွားသည်။ ကျောက်ဖုန်း အထင်လွဲသွားမည်ကို သူ အမှန်တကယ် စိုးရိမ်နေသည်။

" အရှင် လုပ်ကြံသူတွေအားလုံး ရှင်းလင်းပြီးပါပြီ။ ကိုယ်ရံတော်တပ်ဖွဲ့က ဘာထိခိုက်မှုမှ မရှိပါဘူး။ " ကျန်းမင်က အစီရင်ခံလိုက်သည်။

ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး လမ်းဘေးမှ အရပ်သားများကို ကြည့်လိုက်သည်။ သူတို့အားလုံးက ယခုအချိန်တွင် ကြောက်လန့်နေကြသည်။

" ငါ ဒီမှာရှိနေတယ်။ ပျက်စီးသွားတဲ့ နိုင်ငံတွေက အကြွင်းအကျန်တွေ ငါ့ကို သတ်ချင်ရင် ဒီအခွင့်အရေးကို အသုံးချပါ။ ဒီနေ့လွန်သွားရင် နောက်ထပ်အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး အော်ပြောလိုက်သည်။

မလှုပ်ရှားရသေးသော လူများက ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ သူတို့၏ စိတ်ထဲတွင် ဒေါသနှင့် မုန်းတီးမှုများ ပြည့်နှက်သွားကြသည်။ ဟန်နိုင်ငံပျက်စီးချိန်မှစ၍ နိုင်ငံတိုင်းကို ဖျက်ဆီးသည့်နေရာတွင် ကျောက်ဖုန်းက ပါဝင်နေခဲ့သည်။ ကျောက်ဖုန်းလက်ချက်နှင့် ပျက်စီးသွားသော နိုင်ငံများမှ အရာရှိများ၏ အရေအတွက်က မနည်းလှပေ။ ထို့ကြောင့် ကျောက်ဖုန်းတွင် သွေးကြွေးများစွာ ရှိနေသည်။

အိမ်တစ်အိမ်ထဲတွင်။

" လူယုတ်မာ သူ အရမ်းမောက်မာနေတာ။ ငါ သူ့ကို သေချာပေါက် သတ်ရမယ်။ " လူငယ်တစ်ယောက်က ဒေါသတကြီး ဓားဆွဲထုတ်ပြီး အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်သည်။

" ယုအာ ပါးစပ်ပိတ်ထားစမ်း။ ဒီအခြေအနေမှာ အပြင်ထွက်တာက အသေခံတာပဲ။ " သက်လတ်ပိုင်းလူတစ်ယောက်က လူငယ်ကို ငေါက်ငမ်းလိုက်သည်။

" ဦးလေး အဘိုးက သူ့လက်ချက်နဲ့ သေသွားတာလေ။ ကျွန်တော်တို့ ရှန်းမိသားစုတစ်ဝက်လောက်ကလည်း ချင်စစ်တပ်ကြောင့် ပျက်စီးခဲ့ရတယ်။ ဒါတွေအားလုံးက ​ကျောက်ဖုန်းကြောင့်ပဲ။ အခုသူ့ကို မသတ်ရင် ချင်မြို့တော်ကို ပြန်သွားတဲ့အခါ အခွင့်အရေး ရတော့မှာမဟုတ်ဘူး။ " လူငယ်က မုန်းတီးမှုများဖြင့် ပြောလိုက်သည်။

" ကျောက်ဖုန်းက စကားလုံးတွေနဲ့ ငါတို့ကို ဒေါသထွက်အောင်လုပ်ပြီး အပြင်ထွက်လာအောင် လုပ်နေတာပဲ။ သူ့နောက်မှ စစ်တပ်တစ်ခုလုံးပါမလာပေမယ့် သူ့နောက်က ကိုယ်ရံတော်တွေက အတွေ့အကြုံရှိတဲ့ စစ်သည်တွေပဲ။ မင်းက သတ္တိရှိပေမယ့် သူတို့ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ သည်းခံလိုက်ပါ။ ချင်နိုင်ငံက အမြဲတမ်း အင်အားကြီးနေမှာမဟုတ်ပါဘူး။ အချိန်တန်တဲ့အထိ စောင့်ရမှာပေါ့။ " ရှန်းလျန်က သက်ပြင်းချပြီး ပြောလိုက်သည်။

ထိုလူငယ်မှ သမိုင်းတွင် အနောက်ချူဘုရင်ဟု ကျော်ကြားလာမည့် ရှန်းယုပင်ဖြစ်သည်။ ကျောက်ဖုန်း ချူနိုင်ငံကို သိမ်းပိုက်ချိန်တွင် ရှန်းယန်အပါအဝင် မိသားစုကြီးသုံးခုက ကျောက်ဖုန်း၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

" အကိုရှန်း ဦးလေးပြောတာ မှန်တယ်။ လက်စားချေဖို့ ဒါမှမဟုတ် နိုင်ငံကို ပြန်တည်ထောင်ဖို့က အခုအချိန်မကျသေးဘူး။ အခုအချိန်မှာ ချင်နိုင်ငံက အင်အားကြီးမားနေတယ်။ ငါတို့ နိုင်ငံ ရှိနေတုန်းကတောင် ချင်နိုင်ငံကို မယှဉ်နိုင်ခဲ့တာ အခု ပျက်စီးသွားချိန်မှာ ငါတို့ အရေအတွက်နဲ့ဆို ချင်က အလွယ်တကူ ဖျက်ဆီးသွားလိမ့်မယ်။ ငါတို့က ချင်နိုင်ငံ အားနည်းသွားတဲ့အချိန်ကို စောင့်ရင်း လူစုဆောင်းပြီး အခွင့်အရေးရတဲ့အခါ ချင်နိုင်ငံကို တိုက်ခိုက်ကြတာပေါ့။ " လူငယ်တစ်ယောက်က ပြတ်သားစွာ ပြောလိုက်သည်။

" ချင်နိုင်ငံက ဒီလောက်အင်အားကြီးနေတာ ဘယ်တော့မှ အားနည်းမှာလဲ။ " ရှန်းယုက ပြောလိုက်သည်။

" ကမ္ဘာကြီးကို စုစည်းပြီးတဲ့နောက်မှာ ချင်နိုင်ငံက အမြဲတမ်း အင်အားကြီးနေမှာမဟုတ်ဘူး။ ချင်နိုင်ငံမှာ အားနည်းချက်တွေ အများကြီး ရှိပါတယ်။ " လူငယ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ဘာအားနည်းချက်တွေလဲ။ " အခန်းထဲမှ လူတိုင်းက လူငယ်ကို ကြည့်လိုက်ကြသည်။

" ချင်နိုင်ငံက ပြုပြင်ပြောင်းလဲပြီးတော့ အင်အားကြီးမားလာခဲ့တယ်။ အဓိကအကြောင်းရင်းက စစ်ရေးစွမ်းဆောင်မှုစနစ်ကြောင့်ပဲ။ ကျောက်ဖုန်းက သာမန်လူတစ်ယောက်ကနေ စစ်ဦးစီးချုပ်ဖြစ်လာတာ အဲ့ဒီစနစ်ကြောင့်ပဲ။ ဒါပေမယ့် အခု ကမ္ဘာကြီးစုစည်းပြီးသွားရင် စစ်သည်တစ်သန်းအတွက် စစ်ပွဲတွေ မရှိတော့ဘူး။ ဒါကြောင့် သူတို့ရဲ့ တန်ဖိုးက ရပ်တန့်သွားလိမ့်မယ်။ "

" စစ်ရေးစွမ်းဆောင်မှုစနစ် မရှိတော့ရင် ချင်နိုင်ငံရဲ့ အခြေခံအုတ်မြစ်က ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့် အနာဂတ်မှာ ချင်နိုင်ငံက ရှုပ်ထွေးမှုတွေ ဖြစ်လာလိမ့်မယ်။ ဒါက ကျွန်တော်​တို့အတွက် အခွင့်အရေးပဲ။ " လူငယ်က ပြုံး၍ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters