← Chapters

အခန်း ၄၆၄

Vol. 47 Ch. 464

အခန်း ၄၆၄

Vol. 47 Ch. 464

အခန်း (၄၆၄)

" ချင်နိုင်ငံမှာ နောက်ထပ် အားနည်းချက်တစ်ခု ရှိသေးတယ်။ " လူငယ်က ပြောလိုက်သည်။

" နောက်ထပ်ရှိသေးတာလား။ " အားလုံးက လူငယ်ကို ကြည့်လိုက်ကြသည်။

" ချင်နိုင်ငံရဲ့ ထီးနန်းဆက်ခံသူပဲ။ " လူငယ်က လေးနက်စွာ ပြောလိုက်သည်။

" အဲ့ဒါတော့ ငါသိတယ်။ ချင်ဘုရင်က သားတော်တွေ အများကြီးရှိပေမယ့် အခုအချိန်ထိ အိမ်ရှေ့စံနေရာကို ဘယ်သူ့ကိုမှ မသတ်မှတ်ခဲ့ဘူး။ သူ့ရဲ့ အကြီးဆုံးသား ဖုစုက ကြင်နာတတ်တယ်လို့ ပြောကြတယ်။ သူသာ နန်းတက်ရင် စစ်တပ်ကို အမိန့်ပေးနိုင်မှာမဟုတ်သလို ကမ္ဘာကြီး​ကိုလည်း အုပ်ချုပ်နိုင်မှာမဟုတ်ဘူး။ ဒါက ငါတို့အတွက် အခွင့်အရေးမဟုတ်လား။ " ရှန်းယုက ပြောလိုက်သည်။

" ဟုတ်တယ်။ ချင်ဘုရင်က နောက်ဆုံးမှာ သေရမှာပဲ။ သင့်တော်တဲ့ အမွေဆက်ခံသူမရှိရင် ချင်နိုင်ငံ ပျက်စီးသွားလိမ့်မယ်။ " လူငယ်က အေးစက်စွာ ပြောလိုက်သည်။

" ကောင်းတယ်။ မင်းရဲ့ ​ဗျူဟာတွေနဲ့ဆို တစ်နေ့ကျရင် ငါတို့နိုင်ငံကို ပြန်တည်ထောင်နိုင်လိမ့်မယ်။ ကျောက်ဖုန်းနဲ့ ဖုစုတို့က ရန်ဘက်တွေလို့ ပြောကြတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ဖုစုနန်းတက်ခဲ့ရင် ကျောက်ဖုန်းက ဖုစုလက်ချက်နဲ့ သေရလိမ့်မယ်။ " ရှန်းယုက ရယ်မောပြီး ပြောလိုက်သည်။

" ကျောက်ဖုန်း တစ်နေ့မှာ မင်းကို ရအောင်သတ်ပြမယ်။ " လူငယ်က မုန်းတီးစွာ ရေရွတ်လိုက်သည်။

ချင်နိုင်ငံက ဟန်နိုင်ငံကို စတင်တိုက်ခိုက်ချိန်တွင် ကျောက်ဖုန်းက သူ၏ စွမ်းရည်များကို ပြသခဲ့သည်။ ဟန်နိုင်ငံကို ဖျက်ဆီးလိုက်ခြင်းက ကျောက်ဖုန်းကို စစ်သူကြီး ဖြစ်သွားစေခဲ့သည်။ ဟန်နိုင်ငံကို ဖျက်ဆီးချိန်တွင် ကျောက်ဖုန်းက နန်းတော်ထဲသို့ ဝင်ပြီး ဝန်ကြီးချုပ်ကျန်းဖျင်ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်။ ထိုလူငယ်က ကျန်းဖျင်၏ သား ကျန်းလျန်ပင်ဖြစ်သည်။

ကျောက်ဖုန်း၏ လှောင်ပြောင်သံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။ လူတိုင်းက ရှန်းယုနှင့် ကျန်းလျန်တို့ကဲ့သို့ ဉာဏ်ကောင်းသူများ မဟုတ်ကြပေ။

" ချင်လူယုတ်မာ ငါမင်းကို သတ်မယ်။ "

" ​ကျောက်ဖုန်းကို သတ်ကြ။ သွေးကြွေးပြန်ဆပ်ကြ။ "

မုန်းတီးမှုများဖြင့် ပြည့်နှက်နေသော အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။ လက်နက်များကိုင်ဆောင်ထားသော လူများက ပြေးထွက်လာကြပြီး ကျောက်ဖုန်းကို တိုက်ခိုက်လိုက်ကြသည်။

" သတ် " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။

ကိုယ်ရံတော်များက ဓားများဆွဲထုတ်ပြီး ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။ ခဏအတွင်း ပြေးဝင်လာသော လူများက မြေပြင်ပေါ်တွင် လဲကျသေဆုံးသွားကြသည်။

" အသုံးမကျတဲ့အမှိုက်တွေ " ကျောက်ဖုန်းက ရယ်လိုက်ပြီး သူတို့ကို ဂရုမစိုက်တော့ဘဲ နန်းတော်သို့ ဆက်လက်ဦးတည်သွားသည်။

ချီနန်းတော်၊ ညီလာခံခန်းမ။

ချီဘုရင်က ခန်းမအပြင်ဘက်တွင် စောင့်နေပြီး သူ၏ ဘေးတွင် လှပသော မိန်းကလေးနှစ်ယောက်က ရပ်နေကြသည်။

" ဝူအန်းကျွင်းကို ကြိုဆိုပါတယ်။ " ချီဘုရင်က ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။

" ချီအရှင်မင်းကြီး ဒီလောက်ထိလုပ်ဖို့မလိုပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ရှေ့တိုးလာသည်။

သူက အလွယ်တကူ အညံ့ခံသူများကို အထင်သေးသော်လည်း အစဉ်အလာများကိုတော့ ထိန်းသိမ်ရမည်ဖြစ်သည်။ အနည်းဆုံးတော့ ထျန်းကျန်း အညံ့ခံလိုက်ခြင်းက စစ်သည်များနှင့် အပြစ်မဲ့ပြည်သူများ၏ သေဆုံးမှုကို ကယ်တင်နိုင်ခဲ့သည်။ သူက ကြောက်၍ အညံ့ခံလိုက်ခြင်းဖြစ်သော်လည်း အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်ကိုတော့ ငြင်းပယ်၍ မရပေ။

" ဝူအန်းကျွင်းရဲ့ ဂုဏ်သတင်းတွေကို ကြားဖူးနေတာကြာပါပြီ။ အသက် ၂၇နှစ်နဲ့ ချင်နိုင်ငံရဲ့ စစ်ဦးစီးချုပ် ဖြစ်နေပြီ။ ဒီနေ့တွေ့လိုက်ရတာ တကယ်ကို ကျော်ကြားတဲ့အတိုင်းပါပဲ။ " ချီဘုရင်က ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းကြီးက ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ချီဘုရင်က အချိန်မဖြုန်းတော့ဘဲ သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ သူ၏ အစေခံတစ်ယောက်က သေတ္တာကို ကိုင်ပြီး ရှေ့တိုးလာသည်။ ချီဘုရင်က အဖုံးဖွင့်လိုက်ပြီး အထဲတွင် တော်ဝင်တံဆိပ်နှင့် မြေပုံရှိနေသည်။

" ဒါက ကျုပ်တို့ ချီနိုင်ငံရဲ့ တော်ဝင်တံဆိပ်နဲ့ မြေပုံပါ။ ကျုပ် ချီဘုရင်ထျန်းကျန်းက ချီပြည်သူတစ်သန်းနဲ့ စစ်သည်ငါးသိန်းကို ဦးဆောင်ပြီး ချင်နိုင်ငံကို အညံ့ခံဖို့ ဆန္ဒရှိပါတယ်။ " ထျန်းကျန်းက သေတ္တာကို မြှောက်ပြီး ပြောလိုက်သည်။

ကျောက်ဖုန်းက သေတ္တာကို လေးစားစွာဖြင့် လက်ခံလိုက်သည်။

" ကျုပ် ကျောက်ဖုန်းက ချင်ဘုရင်ရဲ့ ကိုယ်စား ချင်နိုင်ငံရဲ့ အညံ့ခံမှုကို လက်ခံပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ဘုရင်ဓားကိုလည်း ပေးအပ်ပါတယ်။ " ထျန်းကျန်းက ခါးမှ ဓားကို ဖြုတ်ပြီး ရိုသေစွာ ပေးလိုက်သည်။

ကျောက်ဖုန်းက အားလုံးကို လက်ခံပြီးနောက် ကျန်းမင်ကို ပေးလိုက်သည်။

" ချင်နိုင်ငံကို အညံ့ခံလိုက်တာက အရှင်မင်းကြီးရဲ့ ပြည်သူတွေ အသက်ကို ကယ်တင်လိုက်တာပါပဲ။ ဒါက ကြီးမားတဲ့ အကျိုးပြုမှုပါ။ ကျုပ်တို့ ချင်အရှင်မင်းကြီးက ကျေးဇူးကန်းမှာမဟုတ်ပါဘူး။ ဒီနောက်ပိုင်းမှာ တော်ဝင်မိသားစုကလည်း ဂုဏ်ရှိရှိ နေထိုင်ရမယ့်အပြင် ဘိုးဘေးခန်းမတွေကိုလည်း ထာဝရထိန်းသိမ်းနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ကတိပေးလိုက်သည်။

သမိုင်းထဲတွင် ထျန်းကျန်းက အညံ့ခံပြီးနောက် ပျော်ရွှင်စရာ အဆုံးသတ်ကို မတွေ့ခဲ့ရပေ။ သူ အညံ့ခံပြီးနောက် သူ၏ သားများက ပုန်ကန်ခဲ့ကြသေးသည်။ နောက်ဆုံးတွင် ချင်ရှီဟွမ်က သူ့ကို အစာငတ်ခံပြီး သေရန် အမိန့်ပေးခဲ့သည်။

" ချင်ဘုရင်နဲ့ ဝူအန်းကျွင်းကို ကျုပ်ယုံကြည်ပါတယ်။ " ထျန်းကျန်းက ပြောပြီး ခန်းမဘက်သို့ လှည့်လိုက်သည်။ " ဝူအန်းကျွင်း ကြွပါ။ စားသောက်ပွဲ ပြင်ဆင်ထားပါတယ်။ "

" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ခန်းမဘက်သို့ ဦးတည်သွားသည်။

ကျောက်ဖုန်း ဝင်သွားသည်နှင့် ထျန်းကျန်းက သူ၏ ဘေးမှ မိန်းကလေးနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်။ မိန်းကလေးနှစ်ယောက်က စိုးရိမ်စိတ်ဖြင့် ကျောက်ဖုန်းနောက်သို့ အမြန်လိုက်သွားကြသည်။

" ဝူအန်းကျွင်း ထိုင်ပါ။ "

ကျောက်ဖုန်းက ဝင်ထိုင်လိုက်ပြီး ထျန်းကျန်းကလည်း သူ၏ နေရာတွင် ဝင်ထိုင်လိုက်သည်။

" ဝူအန်းကျွင်း ကျုပ် ချင်နိုင်ငံကို အညံ့ခံပြီးပြီ။ ဒါပေမယ့် ကျုပ်စိတ်ထဲမှ မသေချာတာလေးရှိနေလို့ ဝူအန်းကျွင်း ကူညီပေးပါဦး။ " ထျန်းကျန်းက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

" ချီအရှင်မင်းကြီး ပွင့်ပွင့်လင်းလင်းသာ ပြောပါ။ တောင်းဆိုစရာရှိရင်လည်း အသေးအဖွဲကိစ္စဆို ကျုပ်ခွင့်ပြုပေးနိုင်ပါတယ်။ ကိစ္စကြီးတစ်ခုဆိုရင်လည်း ကျုပ် အရှင်မင်းကြီးဆီ တင်ပြပေးပါမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကျုပ် လင်းကျိမြို့တော်မှာ ဆက်နေခွင့်ရနိုင်မလား။ " ထျန်းကျန်းက မေးလိုက်သည်။

" ချီအရှင်မင်းကြီးက နောက်နေတာပဲ။ အရှင်မင်းကြီးက ချီအရှင်မင်းကြီးအတွက် အကောင်းဆုံးမြို့ကို ပြင်ဆင်ပြီးသားပါ။ ချီအရှင်မင်းကြီး ချီနိုင်ငံမှာ ဆက်နေရင် ကျုပ်တို့ ချင်နိုင်ငံရဲ့ အုပ်ချုပ်မှုအတွက် မကောင်းပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သ​ည်။

" ကျုပ် အရမ်းမျှော်လင့်မိသွားတာပဲ။ " ထျန်းကျန်းက စိတ်ပျက်သွားသည်။

" ချီအရှင်မင်းကြီး စိတ်ချလက်ချနေပါ။ ချီအရှင်မင်းကြီးက အညံ့ခံတာ စစ်မှန်ပြီး ချီနိုင်ငံနဲ့ အဆက်အသွယ်ဖြတ်ရင် တစ်ယောက်ယောက်က ပုန်ကန်ရင်တောင် ချီအရှင်မင်းကြီးက ချမ်းချမ်းသာသာနဲ့ နေနိုင်မှာပါ။ ဒါကို ကျုပ် အာမခံနိုင်ပါတယ်။ ချီနိုင်ငံရဲ့ ဘိုးဘေးခန်းမတွေကိုလည်း ချင်နိုင်ငံက ပေးထားတဲ့ မြို့ကို ပြောင်းရွှေ့ပေးပါလိမ့်မယ်။ အဲ့ဒီမှာ ချီအရှင်မင်းကြီးက အစဉ်အလာအတိုင်း ပူဇော်နိုင်ပါတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" သူတို့နှစ်ယောက်က ကျုပ်သမီးတော်တွေပါ။ အသက် ၁၆နှစ် ရှိပါပြီ။ အကြီးက ထျန်းလင်း၊ အငယ်က ထျန်းရွှမ်ပါ။ ဝူအန်းကျွင်း သူတို့ကို ဘယ်လိုထင်လဲ။ " ထျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။

" သူတို့က တကယ်လှပါတယ်။ " ကျောက်ဖုန်းက သူတို့ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

" ကျုပ် သမီးနှစ်ယောက်ကို ဝူအန်းကျွင်းကို ပေးအပ်ချင်ပါတယ်။ သူတို့နှစ်ယောက်ကို လက်ခံပေးနိုင်မလား။ " ထျန်းကျန်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

" ဒီလိုကိစ္စမျိုးက အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်လိုအပ်ပါတယ်။ ကျုပ်က ချင်နိုင်ငံမှာ ရာထူးကြီးပေမယ့် လက်အောက်ခံတစ်ယောက်ပါပဲ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ဒါဆို အဆင်ပြေပါတယ်။ ကျုပ် ချင်ဘုရင်ဆီက ခွင့်ပြုချက် ရထားပြီးသားပါ။ ချင်သံတမန် ချီနိုင်ငံကို ရောက်လာတုန်းက ကျုပ် ချင်ဘုရင်ကို တင်ပြထားပြီးသားပါ။ ရွေငွေတွေအပြင် ကျုပ် သမီးနှစ်ယောက်ကို ဝူအန်းကျွင်းနဲ့ လက်ဆက်ပေးဖို့ပါပဲ။ " ချီဘုရင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" အရှင်မင်းကြီးက လက်ခံလိုက်တာလား။ " ကျောက်ဖုန်းက အံ့ဩသွားသည်။

ထျန်းကျန်းက သူ၏ လက်ရှိအခြေအနေအရ သူ၏ မျိုးဆက်ကို ကာကွယ်ခြင်းဖြစ်သည်။ သူ၏ သမီးနှစ်ယောက်ကို ချင်နိုင်ငံ၏ အာဏာအရှိဆုံးပုဂ္ဂိုလ်နှင့် လက်ထပ်ပေးလိုက်ခြင်းကြောင့် ပြဿနာတစ်ခုခုတက်လာလျှင်တောင် ကျောက်ဖုန်းက သူမတို့ကို ကာကွယ်ပေးနိုင်မည်ဟု ထျန်းကျန်းက တွေးထားသည်။

" ဒါက နိုင်ငံတော် အမိန့်စာပါ။ ကျုပ်က ဝူအန်းကျွင်းကို ဘယ်လိုလုပ်လိမ်ပါ့မလဲ။ " ထျန်းကျန်းက ရင်ကျန့်၏ တံဆိပ်ပါသော တော်ဝင်အမိန့်စာကို ထုတ်ပြလိုက်သည်။

" ချီအရှင်မင်းကြီးက ဒီလောက်ရက်ရောနေမှတော့ ကျုပ်မငြင်းတော့ပါဘူး။ ဒါက ချီအရှင်မင်းကြီးရဲ့ စိုးရိမ်မှုတွေကို လျော့ကျစေမယ်ဆိုရင် ကျုပ်လက်ခံပါ့မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကျောက်ဖုန်းအတွက် ဇနီးတစ်ယောက်တည်းသာရှိသည်။ သို့သော် ကိုယ်လုပ်တော်များက သူ့အတွက် မျိုးဆက်ပြန့်ပွားစေရန် လိုအပ်သည်။ သူ၏ လမ်းကြောင်းက ရှည်လျားသည်။ အနာဂတ်တွင် သူ၏ သားသမီးများက ဤကမ္ဘာကြီးကို ထိန်းချုပ်ထားပေလိမ့်မည်။

" ငါဘာလို့ တော်ဝင်တံဆိပ်တွေ စုနေရသလို ခံစားနေရပါလိမ့်။ ချင်မင်းသမီးကလွဲရင် နိုင်ငံခြောက်ခုလုံးက မင်းသမီးတွေကို ငါလက်ထပ်ပြီးပြီ။ " ကျောက်ဖုန်းက ချီမင်းသမီးနှစ်ပါးကို ကြည့်ပြီး စိတ်ထဲမှ ပြုံးလိုက်သည်။ ချီ၊ ချူ၊ ယန်၊ ကျောက်၊ ဝေနှင့် ဟန်နိုင်ငံ ခြောက်ခုလုံး၏ မင်းသမီးများကို ချင်ဘုရင်က သူ့ကို လက်ဆောင်ပေးခဲ့သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters