← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) မဟာဝေဧကရာဇ်မင်းဆက် မြို့တော်၊ မာနထောင်လွှားသော မင်းသား

ရှုချွမ်း၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက်... နက်ရှိုင်းလှသော စွမ်းအား တစ်ခု ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းပေါင်းစပ်သွားခဲ့သည်။

ချက်ချင်းပင် ရှုချွမ်းက စိတ်အာရုံတစ်ခုလုံး ကြည်လင်ဝင်းပသွားသည်ကို ခံစားလိုက်ရပြီး အမှန်တကယ်ပင် လန်းဆန်းမှုကို ရရှိစေခဲ့၏။

တစ်ချိန်တည်းမှာပင်... ရှုချွမ်းက အနာဂတ်မှာ လုပ်ရမယ့်အရာတွေကို စိတ်တွန်းအားတစ်ခု ရင်ထဲမှာ ရုတ်တရက် ပေါ်ထွက်လာသည်ကိုလည်း ခံစားလိုက်ရသည်။

'ဒါက ကံကြမ္မာမျက်နှာသာပေးခြင်းခံရတဲ့ ကောင်းကင်ဘုံရွေးချယ်ခံရသူရဲ့ ကံတရားပေါ့လေ...'

ဤအခိုက်အတန့်တွင်... ရှုချွမ်း၏ စိတ်ထဲမှာ သဘောပေါက်နားလည်မှုတစ်ခု ရရှိသွားခဲ့ပြီ ဖြစ်သည်။

'အနန္တ နတ်ဘုရားကျင့်စဉ်' ဇာတ်ညွှန်းနှင့် ပေါင်းစပ်ပြီးသွားခဲ့ပြီဖြစ်ရာ သူ၏ ကံတရားမှာ နောက်ထပ် အထွတ်အထိပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားခဲ့ချေပြီ။

ကံတရား၏ တာအိုမှာ နက်ရှိုင်းဆန်းပြားလှပေသည်။

ရှုချွမ်းက ကံကြမ္မာသားတော် နှင့် ကောင်းကင်ဘုံရွေးချယ်ခံရသူ တို့၏ ကံတရားများကို ဆက်တိုက်ဆိုသလို လုယူရရှိထားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင်မူ... သူက ဘယ်နေရာမဆို အခွင့်အရေးများနှင့် အလိုအလျောက် တိုက်ဆိုင်နေလိမ့်မည်ဟုပင် ဆိုနိုင်သည်။

သူ လမ်းလျှောက်ရင်း ခြေချော်လဲကျလျှင်ပင် ရတနာတစ်ခုခု ဘွားခနဲ ပေါ်ထွက်လာနိုင်ချေ ရှိပေသည်။

ဒါဟာ ကံတရားရဲ့ မျက်နှာသာပေးမှုကို ခံရခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။

ဤအချက်က ရှုချွမ်းအား အခြားသော ဇာတ်ညွှန်းများကိုပါ ပိုမို၍ မျှော်လင့်တောင့်တလာစေသည်။

သူက ဇာတ်ညွှန်းများနှင့် ပိုမိုပေါင်းစပ်နိုင်လေလေ... သူ၏ မူလကံတရားမှာ ပိုမို၍ အားကောင်းလာမည်ဖြစ်ပြီး နောက်ဆုံးတွင် တစ်ကမ္ဘာလုံး၏ ကံတရားကို ထမ်းဆောင်လျက် ဤကမ္ဘာ၏ တစ်ဦးတည်းသော ဇာတ်လိုက် ဖြစ်လာပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူက အရာအားလုံးကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိလာပေလိမ့်မည်။

ဒါကို တွေးတောမိတဲ့အခါ... ရှုချွမ်း၏ ခိုင်မာလှသော စိတ်ဓာတ် နှင့်ပင် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ချေ။ သူ၏ စိတ်နှလုံးထဲမှာ 'ယန်ရှန်း' ကို သတ်ဖြတ်ပစ်ရန်အတွက် နောက်ထပ် ခိုင်လုံသော အကြောင်းပြချက်တစ်ခု ထပ်မံတိုးပွားလာခဲ့ပြီ ဖြစ်သည်။

သူက အချက်အလက်များကို ထပ်မံ၍ စစ်ဆေးကြည့်လိုက်သည်။

အမည် : ရှုချွမ်း

ကျင့်ကြံမှုနယ်ပယ် : နိဗ္ဗာနနယ်ပယ် အဆင့် ၂

ပါရမီစွမ်းရည်: ပြိုင်ဘက်ကင်း ပါရမီရှင်

ကံတရား : ကံကြမ္မာကို ဆန့်ကျင်ခြင်း (ရွှေရောင်)၊ သိုင်းပညာပါရမီရှင် (ရွှေရောင်)၊ တစ်ချက်ထိုး လူသား(ခရမ်းရောင်)၊ လူနှင့်ဓား တစ်သားတည်း (ခရမ်းရောင်)၊ ဓားဝိညာဉ်မျိုးစေ့ (အနီရောင်)၊ ပြိုင်ဘက်ကင်းပြီးသန့်စင်ခြင်း (အနီရောင်)၊ နိယာမဆွဲဆောင်မှု (အနီ)၊ ကောင်းကင်ဘုံရွေးချယ်ခံရသူ (ရွှေရောင်)၊ သမာဓိချီ (အပြာရောင်)၊ ကံတရားကို ပြောင်းပြန်လှန်ခြင်း (ရွှေရောင်)

နတ်ဘုရားစွမ်းရည် : ရွှေကျီးကန်း သက်တန့်အသွင်ပြောင်းကျင့်စဉ်၊ နေမင်းအစစ်အမှန်မီးတောက်၊ အဆတစ်ရာတိုးပွားခြင်း၊ မူလအစကို ထိုးထွင်းသိမြင်ခြင်း

ဘဝဇာတ်ညွှန်း : 'အနန္တ နတ်ဘုရားကျင့်စဉ်' ဇာတ်ညွှန်းနှင့် ပေါင်းစပ်ထားသော အခြေအနေ

ဘဝလမ်းကြောင်း: သင်က ကံကြမ္မာကို ဆန့်ကျင်ထားပြီးဖြစ်သဖြင့်... အတိတ်နှင့် အနာဂတ်ကို ခြေရာခံ၍ မရနိုင်ပါ

အခွင့်အရေး: သင်က ကံကြမ္မာကို ဆန့်ကျင်ထားပြီးဖြစ်သဖြင့်... အတိတ်နှင့် အနာဂတ်ကို ခြေရာခံ၍ မရနိုင်ပါ

.....

သူရဲ့ ကံတရား တွင် သုံးခု ထပ်မံတိုးပွားလာခဲ့သည်။

သူ ထုတ်ယူရရှိထားသော ကံတရားနှစ်ခုအပြင် 'ကောင်းကင်ဘုံရွေးချယ်ခံရသူ' ဟူသော ကံတရားတစ်ခုပါ တိုးပွားလာခြင်း ဖြစ်သည်။

"ဟူး..."

သူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။

သူ၏ ထျန်းယွမ်နယ်‌မြေခရီးစဉ်အတွင်းမှာ ဧကရာဇ်အရှင်မူလစွမ်းအားကို ရရှိခဲ့ရုံမျှမက ဧကရာဇ်အရှင်နယ်ပယ် အဆင့်၁ ရဲ့ နတ်ဘုရားဝိညာဉ်စွမ်းအား တစ်ခုလုံးကိုပါ ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဇာတ်ညွှန်း၏ ဇာတ်လိုက် ဖြစ်သော ချူဖန်ကိုလည်း အပြတ်ရှင်းပစ်နိုင်ခဲ့သည်။

ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင် ပစ်ချနိုင်ခဲ့ခြင်း ပင် ဖြစ်၏။ သူ၏ ရလဒ်များမှာ လွန်စွာ ကြီးမားလှသည်။

ထို့အပြင်... ကံကြမ္မာ၏ သားတော်ဖြစ်သော ချူဖန်ကို ရှင်းလင်းပစ်လိုက်နိုင်ပြီ ဖြစ်သဖြင့် သူရဲ့ ညီမလေး ရှုရှင်းလီအနေဖြင့် ဇာတ်ညွှန်းထဲမှ စီစဉ်ထားသော လမ်းကြောင်းဟောင်းအတိုင်း ပြန်လည်ရောက်ရှိသွားကာ နောက်ဆုံး၌ သနားစရာကောင်းလှသော အဆုံးသတ်ဘဝဖြင့် နိဂုံးချုပ်ရမည့် ဘေးအန္တရာယ်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။

"သွားကြစို့... နောက်ထပ် နေရာ ကတော့ မဟာဝေဧကရာဇ်မင်းဆက် မြို့တော်ပဲ"

ရှုချွမ်းက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ရွှမ်လျဲ့က မျက်လုံးများကို ဖွင့်လှစ်လိုက်ပြီးနောက် ရှုချွမ်း၏ ပုခုံးထက်သို့ ပြန်လည်ပျံသန်း ရောက်ရှိလာခဲ့သည်။

ရှုချွမ်းကို ကြည့်သည့် အကြည့်မှာ အရင်ကနဲ့မတူတဲ့ အရိပ်အယောင်အချို့ ပါဝင်နေသည်။

ခဏမျှအတွင်းမှာတင်... ရှုချွမ်းမှာ ဘာကြောင့် လုံးဝ ခြားနားသော လူတစ်ယောက်အလား ပြောင်းလဲသွားရသနည်း။

သူ့ကို အနည်းငယ် ဝေခွဲမရ ဖြစ်စေသည်။ သို့သော်လည်း သူ ဆက်လက်၍ တွေးတောမနေတော့ပေ။

သူက မျက်စိကို ပြန်လည်မှိတ်လိုက်ပြီး ဒဏ်ရာများကို ဆက်လက်ကုသကာ အနားယူနေလိုက်တော့သည်။

ရှုချွမ်း ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့် အချိန်မျိုး သို့မဟုတ် ရှုချွမ်းက သူ့ကို တိုက်ရိုက်ခေါ်ယူသည့် အချိန်မျိုးတွင်မှသာ သူ နိုးထလာပေလိမ့်မည်။

ရှုချွမ်းက ရွှမ်လျဲ့ကို ခေါ်ဆောင်လျက် မဟာဝေဧကရာဇ်မင်းဆက်မြို့တော်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။

...

သုံးရက်ခန့် ကြာမြင့်ပြီးနောက်... ရှုချွမ်းက မဟာဝေဧကရာဇ်မင်းဆက်ရဲ့ ပြည်နယ် ၃၆ ခုအနက် မြို့တော်နှင့် အနီးကပ်ဆုံး ဖြစ်သော 'ချီယန် ပြည်နယ်' သို့ ရောက်ရှိလာခဲ့သည်။

သူက နောက်ထပ် တည်နေရာ ကူးပြောင်းခြင်း အစီအရင် တစ်ခုကို ဖြတ်သန်းရုံမျှဖြင့် မဟာဝေဧကရာဇ်မင်းဆက်၏ အစစ်အမှန်မြို့တော် ဖြစ်သော 'ချန်အန်းမြို့ ' သို့ ရောက်ရှိတော့မည် ဖြစ်သည်။

ယွမ်ကျောက်တုံးများကို ပေးဆောင်ပြီးနောက် ရှုချွမ်းသည် ရွှမ်လျဲ့ကို ပုခုံးထက်၌ တင်ဆောင်လျက် တည်နေရာ ကူးပြောင်းခြင်း အစီအရင် ပေါ်သို့ လှမ်းတက်လိုက်တော့သည်။

ဝူးးးး~~~

သဟင်းလင်းပြင်ကြီးမှာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ဖြူစင်ဝင်းပသော ဝတ်စုံကို ဆင်မြန်းထားသည့် ရုပ်ရည်ချောမောလှသော သခင်လေးတစ်ဦး ပေါ်ထွက်လာခဲ့ပြီး သူ၏ ညာဘက်ပုခုံးထက်တွင်မူ လိပ်ကလေးတစ်ကောင် တင်ဆောင်ထားသည်။

သူ၏ ဘယ်ဘက်ပုခုံးထက်တွင်သာ ခွေးတစ်ကောင် ရှိနေမည်ဆိုပါက 'ဘယ်ဘက်တွင် ခွေးဝါကိုဆွဲ၊ ညာဘက်တွင် လိပ်ကလေးကိုတင်' ဟူသော ကြီးကျယ်ခမ်းနားလှသည့် မြင်ကွင်းကြီး အပြည့်အဝ ဖြစ်တည်သွားပေလိမ့်မည်။

"ချန်အန်းမြို့... မဟာဝေမင်းဆက်ရဲ့ မြို့တော်ပဲ"

ရှုချွမ်းက သူ၏ ရှေ့မှောက်တွင် ရှိနေသော မြို့ကြီးကို စိုက်ကြည့်လိုက်သည်။

ကောင်းကင်ယံထက်တွင်မူ စွမ်းအားအလင်းတန်းများ အဆက်မပြတ် စီးဆင်းနေခဲ့ပြီး ကြီးမားလှသော အကာအကွယ် အစီအရင် ကြီးတစ်ခုက ဤမြို့ကြီးကို လွှမ်းခြုံလျက် ဘေးကင်းစိတ်ချရမှုကို အပြည့်အဝ ပေးစွမ်းထားသည်။

ဤသည်မှာ မဟာဝေဧကရာဇ်မင်းဆက် ၏ မျိုးဆက်ပေါင်းများစွာက တည်ဆောက်ခဲ့သော အကာအကွယ် အစီအရင် ကြီး ဖြစ်ရာ... ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် လွယ်ကူစွာ ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ချေ။

မဟာဝေဧကရာဇ်မင်းဆက် ၏ နောက်ဆုံးမတိုင်မီ ဒုတိယမြောက် ကာကွယ်ရေးတံတိုင်းကြီးအဖြစ် သတ်မှတ်ထားကြသည်။

အစစ်အမှန် နောက်ဆုံးခုခံမှု တံတိုင်းကြီးမှာမူ... လက်ရှိ မဟာဝေဧကရာဇ်မင်းဆက် ၏ ဧကရာဇ်အရှင်၊ အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်သော 'နင်ချန်ထျန်း ' ပင် ဖြစ်တော့သည်။

'ဒီချန်အန်းမြို့က... မြင့်မြတ်နယ်မြေရဲ့ လက်အောက်ခံ မြို့တွေထက် အဆပေါင်းများစွာ ပိုပြီးတော့ ခမ်းနားထည်ဝါလှချေလား'

ရှုချွမ်းက စိတ်ထဲမှနေ၍ တိတ်တဆိတ် အံ့သြချီးမွမ်းလိုက်မိသည်။

မဟာဝေဧကရာဇ်မင်းဆက် က ကျယ်ပြန့်လှသော နယ်မြေဒေသကို သိမ်းပိုက်ထားပြီး အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုယ်တိုင် အုပ်ချုပ်ထားသဖြင့် လွန်စွာ ကြွယ်ဝချမ်းသာလှပေသည်။

"ကောင်လေး... မြန်မြန် အထဲဝင်ပြီး သွားကြည့်ရအောင် ငါ ဒီလောက်အထိ အသက်ရှင်လာခဲ့တာ... လူသားတွေရဲ့ မြို့အထဲကို တစ်ခါမှ မရောက်ဖူးသေးဘူး"

ထိုအခိုက်အတန့်တွင် ရွှမ်လျဲ့က မျက်စိကို ဖွင့်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် တိုက်တွန်းလိုက်တော့သည်။

"ကောင်းပြီ"

ထိုစကားကို ကြားရတဲ့အခါ ရှုချွမ်းက ခပ်ဖွဖွ ရယ်မောလိုက်မိသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

ရွှမ်လျဲ့က အသက်အရွယ်အားဖြင့် လွန်စွာ ကြီးရင့်နေပြီ ဖြစ်သော်လည်း သူ၏ ဘဝသက်တမ်း အများစုတွင်မူ ရွှေရောင် ရှေးဟောင်းနန်းတော်ကိုသာ ထမ်းဆောင်နေခဲ့ရသဖြင့် အခြားသောအရာများနှင့် ပတ်သက်၍ အတွေ့အကြုံ လွန်စွာ နည်းပါးလှသေးသည်။

ချက်ချင်းပင် ရှုချွမ်းက မြို့ဝင်ကြေးကို ပေးဆောင်လိုက်ပြီး ချန်အန်းမြို့အတွင်းသို့ လှမ်းဝင်ခဲ့တော့သည်။

...

မဟာဝေဧကရာဇ် နန်းတော်၏ နက်ရှိုင်းလှသော နေရာ တစ်ခုအတွင်း၌မူ... နဂါးရုပ်ပုံလွှာများ ပါရှိသော အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက ရုတ်တရက် သူ၏ မျက်ဝန်းများကို ဖွင့်လှစ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော အော်ရာ များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဘေးပတ်ပတ်လည်ရှိ အရာအားလုံးကို ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။

"ဟမ်"

"ငါ့သမီး 'ချီအာ' ရဲ့ တိုကင် က... ဘာလို့ အဲဒီလူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေရတာလဲ"

သူက မျက်မှောင်ကြုတ်လိုက်မိပြီး ဇဝေဇဝါဖြင့် ရေရွတ်လိုက်သည်။ သို့သော်လည်း ၎င်းနောက်တွင် သူက ခေါင်းကို ခါယမ်းလိုက်မိပြန်သည်။

"ဖြစ်နိုင်တာကတော့... ချီအာက အဲဒီတိုကင် ကို ပျောက်ဆုံးသွားခဲ့ပြီး သူက ကောက်ရထားတာ ဖြစ်လိမ့်မယ်၊ နောက်မှပဲ နန်းတော်က လူတစ်ယောက်ကို စေလွှတ်ပြီး သွားရောက်တောင်းခိုင်းလိုက်မယ်"

ထိုသို့ ပြောဆိုပြီးနောက် သူက သတင်းစကား တစ်ခုကိုသာ ပေးပို့လိုက်ပြီး မျက်စိကို ပြန်လည်ပိတ်ထားလိုက်တော့သည်။

ရှုချွမ်းကမူ ဤနေရာ၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို လုံးဝ မသိရှိသေးချေ။

ထို့အပြင် သူ ချန်အန်းမြို့အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အခြားသူများ၏ စောင့်ကြည့်ခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်းကိုလည်း ပိုမို၍ သိရှိခြင်း မရှိချေ။

အခုအချိန်တွင် သူက ချန်အန်းမြို့၏ စည်ကားလှသော ဈေး အတွင်းမှာ အေးဆေးတည်ငြိမ်စွာဖြင့် လမ်းလျှောက် အပန်းဖြေနေခဲ့သည်။

သူက လမ်းမတစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။

ရုတ်တရက်... လူအုပ်ကြီးက တစ်နေရာတည်းတွင် စုရုံးရောက်ရှိနေကြပြီး တစ်စုံတစ်ခုကို ဝိုင်းအုံကြည့်ရှုနေကြရာ ၎င်းက ရှုချွမ်း၏ အာရုံကို ဆွဲဆောင်လိုက်သဖြင့် သူသည်လည်း ထိုလူအုပ်ကြီးအတွင်းသို့ ဝင်ရောက်ကာ ဘေးမှနေ၍ စောင့်ကြည့်လိုက်တော့သည်။

"အရှင်မင်းသား... ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် ကျွန်တော်မျိုးတို့ကို အသက်ချမ်းသာပေးပါ "

လမ်းမထက်တွင်မူ... ဟင်းသီးဟင်းရွက် လှည်းတစ်စီးကို တွန်းလာခဲ့သော အဖိုးအိုတစ်ဦးက မြေပြင်ပေါ်တွင် ဒူးထောက်လျက် အဆက်မပြတ် တောင်းပန်နေသည်။

သူ၏ နောက်တွင်မူ သာမန်ရိုးရှင်းသော ဝတ်စုံကို ဆင်မြန်းထားသည့် အမျိုးသမီးငယ်တစ်ဦးက မျက်ရည်များ တဖြိုင်ဖြိုင် ကျဆင်းလျက် ဒူးထောက်နေခဲ့ရသည်။

ထိုအမျိုးသမီးငယ်မှာ ပိန်လှီဖျော့တော့နေခဲ့သော်လည်း... သူမ၏ ပင်ကိုယ်သဘာဝအရမူ အလွန်အမင်း ထူးခြားလှပသော ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားသည့် မိန်းမလှလေးတစ်ဦး ဖြစ်ကြောင်း သိရှိရန် မခက်ခဲပေ။

"သနားညှာတာရမယ်ဟုတ်လား"

"ငါက မင်းကို ငါ့ရဲ့ ရထားလုံး ပျက်စီးသွားတာအတွက် လျော်ကြေးမတောင်းတာကတင် မင်းအပေါ်ကို သနားညှာတာလွန်းလှပြီကွ၊ မင်းက နောက်ထပ် အဓိပ္ပာယ်မရှိတာတွေကို ဆက်ပြီး အော်ဟစ်နေဦးမယ်ဆိုရင်... ငါ မင်းကို ဒီနေရာမှာတင် အသက်ပျောက်အောင် လုပ်ပစ်လိုက်မယ်ဆိုတာ ယုံလား"

ထိုအဖိုးအို၏ ရှေ့မှောက်တွင် မတ်တပ်ရပ်နေသူမှာမူ... အလွန်အမင်း ထည်ဝါဆန်းပြားလှသော ဝတ်စုံကို ဆင်မြန်းထားသည့် သခင်လေးတစ်ဦး ဖြစ်ပြီး သူ၏ နောက်တွင်မူ 'နတ်ဘုရားစွမ်းအင်နယ်ပယ် ' မှ 'နိဗ္ဗာနနယ်ပယ်' အထိ ရှိကြသော သိုင်းပညာရှင် အစောင့်အရှောက် ၁၀ ဦးထက်မနည်း ခြံရံထားခဲ့သည်။

ယခုအခါတွင် ထိုသခင်လေးက ဒူးထောက်နေသော အဖိုးအိုကို ကြည့်ပြီး ရက်စက်စွာဖြင့် နှာခေါင်းရှုံ့လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ ပြောဆိုပြီးနောက်...

သူသည် စိတ်မရှည်သော အမူအရာကို ထုတ်ဖော်ပြသလိုက်ပြီး လက်ကို ဝှေ့ယမ်းလျက် ပြောလိုက်သည်။

"အဖိုးကြီး... ငါက မင်းရဲ့ သမီးကို သဘောကျနှစ်သက်တာဟာ မင်းတို့ တစ်မိသားစုလုံးအတွက် ဘဝကံကောင်းခြင်းပဲကွ"

"တော်ပြီ... ငါ မင်းနဲ့ စကားအပိုတွေ ဆက်ပြီး ပြောမနေချင်တော့ဘူး။ အခု ငါ မင်းကို အပြတ်ပြောလိုက်မယ်... မင်းရဲ့ သမီးကို ငါ့နောက် လိုက်ခဲ့ခိုင်းမလား ဒါမှမဟုတ် မင်းတို့အားလုံး ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွားရတော့ဘူးလားဆိုတာ ရွေးချယ်လိုက်စမ်း"

သူက ဤသို့ ပြောဆိုလိုက်သည့်အခါ... ထိုသခင်လေး၏ မျက်နှာထက်တွင် ရမ္မက်ကြီးလှသော အမူအရာများ ထွက်ပေါ်လာခဲ့ပြီး အဖိုးအို၏ နောက်ရှိ အမျိုးသမီးကို ရစရာမရှိအောင် စိုက်ကြည့်နေတော့သည်။

All Chapters