အခန်း ၁၂၃
Vol. 13 Ch. 123
အခန်း (၁၂၃) မှောင်မိုက်လှသော မြို့တော်၊ လျိုရီအား အရှင်လတ်လတ် မီးရှို့သတ်ခြင်း
"အရှင်မင်းသား... ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် ကျွန်တော်မျိုးနဲ့ သမီးလေးကို အသက်ချမ်းသာပေးပါ..."
အဖိုးအိုက မြေပြင်ပေါ်တွင် ဒူးထောက်လျက် ငိုယိုကာ ခါးခါးသီးသီး တောင်းပန်နေသည်။
သို့သော်လည်း ထိုမင်းသားငယ်မှာမူ သူ့ကို မျက်တောင်တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။
သူသည် စိတ်မရှည်ဖြစ်နေခြင်းလော သို့မဟုတ် စိတ်ထဲရှိ ရမ္မက်ဆန္ဒများကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ခြင်းလော မသိရချေ။
"သွားစမ်း... ဒီကျေးဇူးမသိတဲ့ အဖိုးကြီးကို အစိပ်စိပ်အမွှာမွှာ ခုတ်ပိုင်းပြီး မြစ်ထဲပစ်ချကာ ငါးစာကျွေးလိုက်၊ ပြီးရင် ဒီမိန်းမလှလေးကို ငါ့ရဲ့ စံအိမ်တော်ဆီ ခေါ်ခဲ့ကြ"
ပိုးထည်ဝတ်စုံဝတ် သခင်လေး လျိုရီက သူ၏ နောက်ကွယ်ရှိ အစောင့်အရှောက် အမြောက်အမြားကို အမိန့်ပေးလိုက်တော့သည်။
သူ၏ အမိန့်ကို ရရှိသည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်ရန် အသင့်ဖြစ်နေသော လူတစ်စုမှာ ချက်ချင်းပင် ရှေ့သို့ တိုးဝင်လာခဲ့ကြသည်။
၎င်းကို မြင်လိုက်ရသောအခါ အဖိုးအိုက မတ်တပ်ရပ်လိုက်ပြီး သမီးလေး ၏ ရှေ့မှ ကာကွယ်ပိတ်ဆို့လိုက်တော့သည်။
"ငါ မင်းတို့ကို အသက်နဲ့လဲပြီး တိုက်မယ်"
ထိုသို့ ပြောဆိုပြီးနောက် အဖိုးအိုက လှည်းထဲတွင် ဝှက်ထားသော အသားလှီးဓားကို ဆွဲထုတ်လိုက်ပြီး အစောင့်အရှောက်များကို စတင်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူက သာမန်လူသား တစ်ဦးမျှသာ ဖြစ်ရာ... အနိမ့်ဆုံးအဆင့် 'နတ်ဘုရားစွမ်းအားနယ်ပယ် ' ရှိကြသော အစောင့်အရှောက်များကို မည်သို့လျှင် ယှဉ်ပြိုင်နိုင်ပါမည်နည်း။
အဖိုးအို၏ ဓားဟာ အခြားသူများထံသို့ မရောက်မီမှာပင် အစောင့်များက တိုက်ခိုက် လိုက်ကြသည်။
"ဖူး... အသုံးမကျတဲ့ အဖိုးကြီး၊ မင်း သမီးကို အရှင်မင်းသားဆီ ကောင်းကောင်းမွန်မွန် ဆက်သလိုက်ရင် အရာရာ အဆင်ပြေမှာကို။ ဘာလဲ... ခုခံရဲသေးတယ်ပေါ့ဟုတ်လား သေပေတော့"
ဦးဆောင်လာသူ အစောင့်က မထီမဲ့မြင်ပြုသည့် လေသံဖြင့် တံတွေးထွေးကာ ပြောဆိုလိုက်သည်။
၎င်းနောက်တွင် သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ... ထိုလက်သီးချက်ကြောင့် အဖိုးအိုမှာ မီတာအမြောက်အမြားအကွာသို့ လွင့်စင်ထွက်ခွာသွားခဲ့ရပြီး အသက်ရှင်ခြင်း ရှိမရှိကိုပင် မသိရတော့ပေ။
"အဖေ"
၎င်းကို မြင်လိုက်ရသောအခါ အမျိုးသမီးလေးသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး အဝေးသို့ လွင့်စင်သွားသော အဖိုးအိုရှိရာဆီသို့ ပြေးသွားခဲ့တော့သည်။
သူမ၏ ပါးပြင်ထက်တွင်မူ မျက်ရည်စမ်းများ တဖြိုင်ဖြိုင် ကျဆင်းနေခဲ့ရသည်။
သို့သော်လည်း ဤအခြေအနေကို မြင်တွေ့နေရသည့် ဘေးမှ စောင့်ကြည့်သူများအနက် မည်သူတစ်ဦးတစ်ယောက်မျှ သွားရောက်ကူညီခြင်း မရှိကြချေ။
စောင့်ကြည့်နေသူ လူအုပ်ကြီးထဲတွင် နိဗ္ဗာနနယ်ပယ် သိုင်းပညာရှင် အချို့ပင် ပါဝင်နေခဲ့သည့်တိုင်အောင် ဖြစ်၏။
"လျိုရီ... နင် သေချင်းဆိုးနဲ့ သေရလိမ့်မယ်"
"ကယ်ကြပါဦး... အဖေ့ကို တစ်ယောက်ယောက်လောက် ကယ်ပေးကြပါဦး"
အမျိုးသမီးလေးက လဲကျနေသော အဖိုးအိုကို ထူမပေးလိုက်ပြီး သူမ၏ ရင်ခွင်အတွင်းရှိ သေအံ့ဆဲဆဲ ဖြစ်နေသော ဖခင်ဖြစ်သူကို ကြည့်ကာ ပျာပျာသလဲဖြင့် အော်ဟစ်ငိုယိုနေခဲ့သည်။
ထိုအခိုက်အတန့်တွင်... လျိုရီဟု အမည်ရသော ပိုးထည်ဝတ်စုံဝတ် သခင်လေးက အနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ပြီး သူ၏ မျက်ဝန်းအတွင်း၌ ရမ္မက်ဆန္ဒများ လျှံထွက်နေလျက်...
"တွေ့လား။ ဒါက ငါ့စကားကို မနာခံတဲ့ အကျိုးဆက်ပဲ။ မိန်းကလေး... မင်း အခုပဲ ငါ့ဆီမှာ အညံ့ခံလိုက်စမ်းပါ၊ ဖြစ်နိုင်ရင် မင်းရဲ့ သေခါနီးအဖေကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ငါ ပေးကောင်းပေးနိုင်လိမ့်မယ်၊ ဟားဟားဟား"
လူအုပ်ကြီးထဲတွင် ရှိနေသော ရှုချွမ်းက ဤမြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိကာ ဘေးနားရှိ လူတစ်ဦးကို လှမ်း၍ မေးမြန်းလိုက်သည်။
"သူ့ကို ဘယ်သူမှ ဝင်မတားကြဘူးလား မြို့တော်ရဲ့ အစောင့်အရှောက်တွေကကော ဘယ်ရောက်နေကြတာလဲ"
ဘေးနားရှိ အသက်လတ်ပိုင်း အမျိုးသားက သနားစရာကောင်းလှသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"သူက 'ကျန်းယွမ်မင်းသားကြီး စံအိမ်တော်' ရဲ့ မင်းသား လေဗျာ၊ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူကြီးရဲ့ တစ်ဦးတည်းသော သားပေါ့၊ မြို့တော်ရဲ့ နံပါတ်တစ် လူမိုက်ပဲ။ ဘယ်သူက ဝင်ပါရဲမှာလဲ"
"သူ လိုချင်တဲ့အရာမှန်သမျှ... အကုန်ရရတာပဲ"
"လမ်းမပေါ်မှာ အမျိုးသမီးတွေကို ဗြောင်ကျကျ အဓမ္မလုယူတာမျိုးတွေက... ရေတွက်လို့မရနိုင်လောက်အောင် ဖြစ်ပွားခဲ့ပြီးပြီ"
ထိုစကားကို ကြားရသောအခါ ရှုချွမ်း၏ မျက်မှောင်ကြုတ်မှုက ပိုမို၍ နက်ရှိုင်းသွားခဲ့ရသည်။
မဟာဝေဧကရာဇ် မြို့တော်သို့ သူ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့စဉ်မှာပင် ဤကဲ့သို့သော ကိစ္စနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။
အမှန်တကယ်ပင်... မည်မျှပင် စည်ကားဝပြောပြီး တိုးတက်လှသော နေရာတစ်ခု ဖြစ်နေပါစေ၊ ထိုနေရာ၌ မှောင်မိုက်လှသော ထောင့်စွန်းများ အမြဲတမ်း တည်ရှိနေတတ်သည်မှာ ပုံမှန်မဟုတ်လား။
"ငါ သေရင်သေပစ်လိုက်မယ်... မင်းလို တိရစ္ဆာန်တစ်ကောင်အောက်မှာတော့ အညံမခံနိုင်ဘူး"
အမျိုးသမီးလေးက နာကျင်ခံခက်မှုနှင့် ဒေါသတရားများ အပြည့်ဖြင့် ပြောဆိုလိုက်ပြီး သူမ၏ မျက်ဝန်းများအတွင်း၌ မျက်ရည်များ ပြည့်လျှံနေခဲ့သည်။
ထိုစကားကြောင့် မင်းသား လျိုရီ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရသည်။
"သွားစမ်း... သူ့ကို ကြိုးနဲ့တုတ်ပြီး ငါ့ရဲ့ စံအိမ်တော်ဆီ ဖမ်းခေါ်ခဲ့ကြ"
သူ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက်... အစောင့် ၁၀ ဦးကျော်အနက်မှ နှစ်ဦးမှာ ရှေ့သို့ လှမ်းထွက်လာခဲ့ကြပြီး နှစ်ဦးစလုံးမှ ပြင်းထန်လှသော အော်ရာ များကို ထုတ်ဖော်လျက် အမျိုးသမီးလေးထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာကာ ဖမ်းဆီးရန် ပြင်ဆင်လိုက်ကြသည်။
အမျိုးသမီးလေးက ဤမြင်ကွင်းကို ကြည့်ပြီး လုံးဝ မျှော်လင့်ချက်မဲ့သွားခဲ့ရပြီ ဖြစ်သည်။
ဒီနေ့တွင် သူမအနေဖြင့် ဤဘေးအန္တရာယ်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ကြောင်း သူမ ကောင်းကောင်းကြီး သိရှိသွားခဲ့သည်။
သူမ၏ စိတ်ထဲ၌ သေလိုသော ဆန္ဒတစ်ခု ပြင်းထန်စွာ ပေါ်ထွက်လာခဲ့ပြီး မြေပြင်ပေါ်ရှိ အသားလှီးဓားကို ကောက်ယူကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားလိုက်တော့သည်။
သို့သော်လည်း... အစောင့်နှစ်ဦးမှာ သူမအား မိမိတို့၏ ရှေ့မှောက်တွင် သေဆုံးသွားစေရန် မည်သို့လျှင် ခွင့်ပြုပါမည်နည်း။
မူလချီ တစ်ခု ပစ်ခတ်လိုက်ရာ ၎င်းက ဓားပေါ်သို့ ချက်ချင်းပင် ထိမှန်သွားခဲ့ပြီး ဓားမှာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် လွင့်စင်ကျဆင်းသွားခဲ့ရသည်။
ထိုလူနှစ်ဦးမှာ အမျိုးသမီးလေးကို ရိုင်းစိုင်းစွာဖြင့် အကဲခတ်လိုက်ကြပြီး ယုတ်မာလှသော အပြုံးများဖြင့် ပြောလိုက်ကြသည်။
"ငါတို့ရဲ့ ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားတာက... ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပဲကွ"
"ငါတို့ အရှင်မင်းသားနောက်ကိုပဲ ကောင်းကောင်းမွန်မွန် လိုက်ခဲ့စမ်းပါ"
ထိုသို့ ပြောဆိုပြီးနောက် သူတို့သည် အမျိုးသမီးလေးကို ဖမ်းဆီးရန် လက်ကို ဆန့်ထုတ်လိုက်ကြသည်။
"ရပ်လိုက်စမ်း"
လူအုပ်ကြီး၏ ပြင်ပမှနေ၍ ရှုချွမ်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ရှေ့သို့ လှမ်းထွက်လာခဲ့တော့သည်။
မည်သို့ပင်ဆိုစေကာမူ သူက ခေတ်သစ်ပညာရေးကို ရရှိထားခဲ့သူတစ်ဦး ဖြစ်ရာ... ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည့်တိုင်အောင် လမ်းမပေါ်တွင် အမျိုးသမီးများကို ဗြောင်ကျကျ အဓမ္မဖမ်းဆီးခေါ်ဆောင်နေသည့် ဤကဲ့သို့သော လုပ်ရပ်မျိုးကို သူ လုံးဝ ကြည့်မနေနိုင်ချေ။
အကယ်၍ သူ့တွင် ခွန်အား မရှိခဲ့ပါက သူကသူရဲကောင်းလုပ်ရန် ရှေ့သို့ ထွက်လာချင်မှ ထွက်လာလိမ့်မည်။
သို့သော်လည်း... အခုအခါတွင်မူ သူ့မှာ ခွန်အား နှင့် ခိုင်မာလှသော ယုံကြည်မှုများ အပြည့်အဝ ရှိနေခဲ့ရာ ယနေ့တွင် ရှုချွမ်းအနေဖြင့် ဤကိစ္စကို သေချာပေါက် ဝင်ရောက်စွက်ဖက် ဖြေရှင်းပေးမည် ဖြစ်သည်။
"ဒီလူနှစ်ယောက်ကို... ငါ ကာကွယ် စောင့်ရှောက်မယ်၊ ဒီနေ့ မင်းတို့ သူတို့ကို ဘယ်သူမှ ခေါ်သွားလို့ရမှာ မဟုတ်ဘူး"
မင်းသားနှင့် သူ၏ အစောင့်အရှောက် ၁၀ ဦးထက်မနည်းသော လူအုပ်ကြီးကို ထိပ်တိုက်ရင်ဆိုင်လျက် ရှုချွမ်းက တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လုံးဝ မျှော်လင့်ချက်မဲ့နေခဲ့ရပြီဖြစ်သော အမျိုးသမီးလေးသည် သူမ၏ မျက်ဝန်းများကို ဖွင့်လှစ်လိုက်ပြီး ရှုချွမ်း၏ ထည်ဝါလှသော ကျောပြင်ကြီးကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေမိတော့သည်။
"ဟမ့်... မင်းက သူတို့ကို ကာကွယ်မယ်ဟုတ်လား၊မင်းကိုယ်မင်း ဘာကောင်မို့လို့ ဒီလိုပြောရဲတာလဲ"
လျိုရီဟု အမည်ရသော မင်းသားက ရှုချွမ်းကို သူ၏ မျက်စိထဲ၌ပင် ထည့်သွင်းထားခြင်း မရှိချေ။
မဟာဝေဧကရာဇ် မြို့တော်အတွင်း၌ ဧကရာဇ်အရှင်နယ်ပယ်ရဲ့ တော်ဝင်မိသားစုများမှလွဲ၍ သူ၏ ကျန်းယွမ်မင်းသားကြီး စံအိမ်တော်ဟူသည်မှာ အမြင့်ဆုံးသော အဆင့်အတန်းတွင် ရှိနေခြင်း ဖြစ်သည်။
သူ့ကို မြင်လျှင် မည်သူကမဆို မျက်နှာသာ ပေးရသည် မဟုတ်ပါလား။
သူ တစ်ခါမှပင် မမြင်ဖူးသေးသော ဤရှုချွမ်းဟူသော ကောင်က... သူ၏ ကိစ္စကောင်းကို လာရောက်ဖျက်ဆီးရဲသည်ဟုတ်လား။
"သွားစမ်း... သူ့ကို သတ်ပစ်လိုက်စမ်း၊ ဒီလို ကျေးဇူးကန်းတဲ့ အကောင်ကို"
သူ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက်... အစောင့်အရှောက် တစ်စုမှာ ရှုချွမ်းကို ချက်ချင်းပင် ဝိုင်းအုံပိတ်ဆို့လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော အော်ရာ များကို ပေါက်ကွဲထုတ်ဖော်လျက် ရှုချွမ်းကို တိုက်ရိုက်ပင် သတ်ဖြတ်ရန် ပြင်ဆင်လိုက်ကြတော့သည်။
ဤအခြေအနေကို ရင်ဆိုင်ရသော်လည်း ရှုချွမ်း၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်ခြင်း စိုးစဉ်းမျှ ရှိမနေခဲ့ပေ။
အများဆုံးမှ နိဗ္ဗာနနယ်ပယ် အဆင့် ၇ မျှသာ ရှိကြတဲ့အစောင့်အရှောက်တစ်စု ဖြစ်ရာ... သူ၏ မျက်စိထဲသို့ပင် ဝင်ဆံ့နိုင်စွမ်း မရှိချေ။
ရှုချွမ်းက နှာခေါင်းရှုံ့လျက် အေးစက်စွာ အော်ဟစ်လိုက်ပြီးနောက်... သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဘုရားအရှိန်အဝါ များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သူ၏ တည်ငြိမ်အေးဆေးလှသော အကြည့်များက ထိုအစောင့်အရှောက်တစ်စုပေါ်သို့ ဖြတ်သန်းသွားခဲ့ပြီး မျက်ဝန်းအတွင်းမှာ သတ်ဖြတ်လိုတဲ့အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
မကောင်းမှု အပေါင်းအပါလုပ်ကာ ဒုက္ခပေးနေကြသည့် လူတစ်စုဆိုတာ... သေရမည် ဖြစ်သည်။
"အရမ်း သန်မာလွန်းတယ်"
ရှုချွမ်း၏ နတ်ဘုရားအရှိန်အဝါကို ခံစားလိုက်ရသောအခါ ရှုချွမ်းကို တိုက်ခိုက်ရန် ပြင်ဆင်နေကြသော အစောင့်အရှောက်များမှာ ချက်ချင်းပင် နေရာ၌တင် အေးခဲတောင့်တင်းသွားခဲ့ကြရသည်။
သို့သော်လည်း... ထိုအေးခဲတောင့်တင်းသွားခဲ့ရသည့် အခိုက်အတန့်လေးမှာမူ သူတို့၏ ဘဝသက်တမ်းအတွင်း နောက်ဆုံးသော အခိုက်အတန့်လေး ဖြစ်သွားခဲ့ရချေပြီ။
ဘာကြောင့်ဆိုသော် နောက်တစ်ကြိမ်မှာပင် ရှုချွမ်း၏ လက်သီးချက်က ပစ်သွင်းခြင်း ခံလိုက်ရပြီ ဖြစ်သောကြောင့်တည်း။
ထိုလက်သီးချက်တွင် အတိုင်းအဆမရှိသော နတ်ဘုရားစွမ်းအားများ ပါဝင်နေခဲ့ပြီး ထိုလူတစ်စုလုံးကို တိုက်ရိုက်ပင် မှုန့်မှုန့်ညက်ညက် ဖျက်ဆီးပစ်လိုက်တော့သည်။
အဝေးမှ စောင့်ကြည့်နေကြသော လူအုပ်ကြီး ပြင်းထန်ရက်စက်လှသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ... သူတို့၏ နှလုံးသားများမှာ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားခဲ့ကြရပြီး အားလုံးမှာ အံ့သြတုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွားခဲ့ကြရသည်။
ရှုချွမ်းအနေဖြင့် ကျန်းယွမ်မင်းသားကြီး စံအိမ်တော်၏ အစောင့်များကို တိုက်ခိုက်ရဲခြင်းအပေါ် အံ့သြနေကြရသကဲ့သို့... ရိုးရှင်းလှသော လက်သီးတစ်ချက်တည်းဖြင့်ပင် ဤအစောင့်အရှောက် အားလုံးကို တစ်ခဏချင်းအတွင်း သတ်ဖြတ်ပစ်နိုင်ခဲ့သည့် ရှုချွမ်း၏ ကြောက်မက်ဖွယ်ကောင်းလှသော ခွန်အားအပေါ်ကိုလည်း အထူးပင် ကြောက်ရွံ့တုန်လှုပ်နေကြရခြင်း ဖြစ်သည်။
မင်းသား လျိုရီက မိမိ၏ အစောင့်အရှောက် အားလုံး ရှုချွမ်း၏ လက်သီးတစ်ချက်တည်းဖြင့် သေဆုံး သွားခဲ့ရသည်ကို မြင်လိုက်ရသောအခါ... သူ၏ မျက်နှာမှာ တဖြည်းဖြည်းချင်း အေးစိမ့်သွားခဲ့ရပြီး မြွေဆိုးတစ်ကောင်ကဲ့သို့သော သူ၏ မျက်ဝန်းများဖြင့် ရှုချွမ်းကို စိုက်ကြည့်လျက် ရက်စက်ကြမ်းကြုတ်ခြင်းများနှင့် သတ်ဖြတ်လိုသော အမူအရာများကို ထုတ်ဖော်ပြသလိုက်တော့သည်။
"ငါ သူ့ကို... အရိုးမှုန့်တောင် မကျန်စေဘဲ မှုန့်မှုန့်ညက်ညက် အသေ သတ်ပစ်ချင်တယ်"
လျိုရီက ရှုချွမ်း၏ ပုံရိပ်ကို လက်ညှိုးထိုးပြလျက် အေးစက်စွာ ပြောဆိုလိုက်သည်။
ထိုသို့ ပြောဆိုပြီးနောက်... သူ၏ အနောက်ရှိ အမှောင်ထဲမှနေ၍ ပုံရိပ်နှစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လူတိုင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြသည်။
ထိုလူနှစ်ဦး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အော်ရာ များမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပြီး... 'ကမ္မနယ်ပယ်' ကျွမ်းကျင်သူများသာ ပိုင်ဆိုင်နိုင်သော ထူးခြားလှသည့် အော်ရာ များကို ထုတ်ဖော်နေကြသည်။
ထင်ရှားလှသည်မှာ... ဤမင်းသား၏ အနောက်တွင် နတ်ဘုရားစွမ်းအားနယ်ပယ်နှင့် နိဗ္ဗာနနယ်ပယ် အစောင့်အရှောက်များသာမကဘဲ အမှောင်ထဲတွင် ဝှက်ထားခဲ့သော ကမ္မနယ်ပယ် ကျွမ်းကျင်သူ အစောင့်အရှောက် နှစ်ဦးပင် ရှိနေသေးခြင်း ဖြစ်သည်။
ထိုလူနှစ်ဦး ပေါ်ထွက်လာခဲ့သည်နှင့်တစ်ပြိုင်နက် လျိုရီ၏ ညွှန်ကြားချက်အတိုင်း ရှုချွမ်းကို တိုက်ရိုက်ပင် တိုက်ခိုက်လိုက်ကြတော့သည်။
သို့သော်လည်း... သူတို့ ရှုချွမ်း၏ အနားသို့ပင် မချဉ်းကပ်နိုင်မီမှာပင်...
ရှုချွမ်းက နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ၍ ပစ်သွင်းလိုက်ပြန်သည်။
ဤလက်သီးချက်မှာ သာမန်ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း... သူ၏ 'တစ်ချက်ထိုး လူသား' နတ်ဘုရားအစွမ်းကို တိုက်ရိုက် လှုံ့ဆော်လိုက်ခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ရှုချွမ်း၏ လက်သီးချက်စွမ်းအားမှာ အဆပေါင်း ငါးဆယ်ခန့်အထိ တိုးပွားတော့သည်။
ဘုန်း
လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင် နယ်မြေ ကြီးတစ်ခုလုံးပင်လျှင် ကွဲအက်ပျက်စီးသွားခဲ့ရသည်။
ထိုကမ္မနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးမှာ ဤလက်သီးချက်နှင့် ထိပ်တိုက် တိုးမိသွားခဲ့ကြရပြီး မိုးကြိုးပစ်ခံလိုက်ရသည့်အလား... သူတို့၏ ပါးစပ်များအတွင်းမှ သွေးများ တဖြိုင်ဖြိုင် စီးကျလာခဲ့ကာ ခန္ဓာကိုယ်များမှာလည်း ချက်ချင်းပင် အက်ကွဲပျက်စီးသွားခဲ့ရတော့သည်။
၎င်းနောက်တွင်မူ သူတို့၏ အော်ရာ များအားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီး ဤသို့ဖြင့် နေရာ၌တင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြရတော့သည်။
"ဘာ... ဘာဖြစ်တာလဲ"
၎င်းကို မြင်လိုက်ရသောအခါ လျိုရီသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိတော့သည်။
သူသည် မိမိ၏ ရှေ့မှောက်တွင် ရှိနေသော လူမှာ ဤမျှအထိ ပြင်းထန်စွာ သန်မာနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။
ရိုးရှင်းလှသော လက်သီးနှစ်ချက်တည်းဖြင့်ပင်... သူ ခေါ်ဆောင်လာခဲ့သော အစောင့်အရှောက် အားလုံး သေဆုံးသွားခဲ့ရပြီ မဟုတ်ပါလား။
ဤအချက်က သူ့အား ပြင်းထန်လှသော အသက်အန္တရာယ် အကျပ်အတည်းကြီးတစ်ခုကို ခံစားလာရစေသည်။
သူက ချက်ချင်းပင် ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း... ရှုချွမ်းအနေဖြင့် သူ့ကို လွှတ်ပေးလိမ့်မည်ဟု ထင်ပါသလော။
ရှုချွမ်းက သူ၏ ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ... သူ၏ လက်ဝါးထက်တွင် 'နေမင်းအစစ်အမှန်မီးတောက်' အလင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
၎င်းက အတိုင်းအဆမရှိ ပူပြင်းသည့် အပူရှိန်များ ထွက်ပေါ်လာခဲ့ပြီး ဘေးပတ်ပတ်လည်ရှိ မူလချီ များကိုပင် လောင်ကျွမ်းသွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းလှသော အပူရှိန်လှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားခဲ့ရာ... ဘေးပတ်ပတ်လည်ရှိ စောင့်ကြည့်နေသူ လူအုပ်ကြီးမှာ ၎င်းကို မြင်သည်နှင့်တစ်ပြိုင်နက် အရပ်မျက်နှာအနှံ့သို့ ကစဉ့်ကလျား ထွက်ပြေးတိမ်းရှောင်သွားကြတော့သည်။
သို့မဟုတ်ပါက သူတို့သည်လည်း ဤမြင့်မားလှသော အပူရှိန်ဒဏ်ကြောင့် ပြာအဖြစ်သို့ တိုက်ရိုက် လောင်ကျွမ်းသွားနိုင်ချေ ရှိပေသည်။
ဧကရာဇ်အဆင့် ကျင့်စဉ် နှစ်ခုကို ကျင့်ကြံပြီးနောက်တွင်မူ ရှုချွမ်း၏ နေမင်းအစစ်အမှန်မီးတောက် စွမ်းအားမှာ ပိုမို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
"သွားစမ်း"
သူ၏ အမိန့်တစ်ခုနှင့်အတူ နေမင်းအစစ်အမှန်မီးတောက် အလင်းလုံးမှာ လျိုရီ ရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့တော့သည်။
၎င်းက လျိုရီ၏ ခန္ဓာကိုယ်ပေါ်သို့ ကပ်ညှိသွားခဲ့သည်နှင့်တစ်ပြိုင်နက် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်လှသော မီးတောက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ တောက်လောင်သွားခဲ့တော့သည်။
"အားးးး..."
သူ၏ ပါးစပ်အတွင်းမှ နာကျင်လှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း... သူ ဒုတိယမြောက် အော်ဟစ်သံကိုပင် မထုတ်ဖော်နိုင်သေးမီမှာပင် ကြောက်မက်ဖွယ်ကောင်းလှသော ထိုမီးတောက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ခုခံကာကွယ်ရေး ရတနာပစ္စည်းများမှာလည်း ဤမီးတောက်အောက်တွင် မည်သည့်အစွမ်းမျှ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ကြချေ။