← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း (၁၂၆) ဗီလိန်ဇာတ်ကောင် ချန်ဖုန်း

တစ်နာရီခန့် ကြာပြီးနောက် ထိုအမျိုးသမီးက ရှုချွမ်းထံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

"သခင်လေး... သခင်လေးပေးခဲ့တဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေကို ကျွန်မတို့ ဝမ်ပေါင်ကုန်သွယ်‌ရေး မျှော်စင်ရဲ့ တန်ဖိုးဖြတ်ပညာရှင်တွေက စစ်ဆေးပြီးပါပြီရှင်။ အဆင့်နိမ့် ယွမ်ကျောက်တုံး ၁၀ သန်း တန်ဖိုးရှိပါတယ်၊ သခင်လေးအနေနဲ့ ဒီဈေးနှုန်းကို သဘောတူပါသလားရှင့်"

ဈေးနှုန်းကို ကြားလိုက်ရသောအခါ ရှုချွမ်း လွန်စွာ စိတ်ကျေနပ်သွားခဲ့သည်။

သူက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။ သူကိုယ်တိုင်လည်း ထိုပစ္စည်းများ၏ ခန့်မှန်းခြေတန်ဖိုးကို တွက်ချက်ထားခဲ့ပြီးဖြစ်ရာ ဝမ်ပေါင်ကုန်သွယ်‌ရေး မျှော်စင်၏ ကမ်းလှမ်းချက်မှာ သူထင်ထားသည်နှင့် သိပ်မကွာခြားဘဲ အနည်းငယ်ပင် ပိုမိုမြင့်မားနေသေးသည်။

ဤသည်ကို ကြည့်ခြင်းဖြင့် ဝမ်ပေါင်ကုန်သွယ်ရေးမျှော်စင်မှာ မရိုးသားသော ကုန်သည်မျိုးမဟုတ်ဘဲ တန်ဖိုးကို နှိမ်ရန် ရည်ရွယ်ချက်မရှိကြောင်း ထင်ရှားလှပေသည်။

ရှုချွမ်း ခေါင်းညိတ်သည်ကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ မျက်ဝန်းများမှာ အရောင်တောက်သွားခဲ့သည်။

ယနေ့ သူမ၏ လက်ထဲတွင် အဆင့်နိမ့် ယွမ်ကျောက်တုံး ၁၀ သန်းတန်ဖိုးရှိသော အရောင်းအဝယ်တစ်ခု ဖြစ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်ကုန်သွယ်‌ရေး မျှော်စင်၌ နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သည့်တိုင်အောင် ဤမျှကြီးမားသော အရောင်းအဝယ်မျိုး ကြုံရသည်မှာ ယခုအကြိမ်က ပထမဆုံးပင် ဖြစ်သည်။

ထို့အပြင် သူမအနေဖြင့် ဤအရောင်းအဝယ်မှ ကော်မရှင်ခအဖြစ် အနည်းဆုံး အဆင့်နိမ့် ယွမ်ကျောက်တုံး တစ်သိန်းခန့် ရရှိနိုင်မည် ဖြစ်သည်။

ထိုသို့ တွေးတောမိလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်နှာထက်တွင် လွန်စွာ ဝမ်းမြောက်ဝမ်းသာဖြစ်ရသည့် အရိပ်အယောင်များ အထင်အသား ပေါ်လွင်လာခဲ့သည်။

ထို့ကြောင့်ပင် ရှုချွမ်းအပေါ်ထားရှိသော သူမ၏ သဘောထားမှာလည်း နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့ရတော့သည်။

ဤမျှ တန်ဖိုးကြီးမားလှသော ရတနာပစ္စည်းများကို မျက်တောင်တစ်ချက်မျှ ခတ်ခြင်းမရှိဘဲ ထုတ်ပေးနိုင်သောသူမှာ သေချာပေါက် သာမန်လူတစ်ဦး မဟုတ်နိုင်ပေ။

အကယ်၍ သူမအနေဖြင့် သူ့ကို မျက်နှာသာရအောင် ဖားနိုင်မည်ဆိုပါက... စသဖြင့် အမျိုးသမီးမှာ ရည်မှန်းချက်အချို့ ရှိလာခဲ့သည်။

သို့သော်လည်း သူမ ဆက်လက်စိတ်ကူးယဉ်မနေနိုင်မီမှာပင် ရှုချွမ်းက သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။

"ငါကြည့်ရသလောက်တော့ ဒီအောက် ၃ ထပ်မှာ ရှိတဲ့ ပစ္စည်းအများစုက 'နိဗ္ဗာနနယ်ပယ်' အောက်က သိုင်းပညာရှင်တွေအတွက်ပဲ ဖြစ်ပုံရတယ်။ နိဗ္ဗာနနယ်ပယ်အထက်က သိုင်းပညာရှင်တွေအတွက် ပစ္စည်းတွေကကော"

ရှုချွမ်းက မေးမြန်းလိုက်သည်။

"အောက် ၃ ထပ်က ပစ္စည်းတွေက နိဗ္ဗာနနယ်ပယ်အောက်က သိုင်းပညာရှင်တွေအတွက် ပြင်ဆင်ထားတာ အမှန်ပါပဲ ရှင်။ နိဗ္ဗာနနယ်ပယ်အထက်က သိုင်းပညာရှင်တွေ ပစ္စည်းဝယ်ယူချင်တယ်ဆိုရင်တော့ အပေါ်ထပ်တွေကို တက်ရောက်ကြည့်ရှုရပါမယ်"

"ဒါပေမဲ့ ‌‌အ‌ပေါ်ထပ်တွေကို တက်ရောက်ဖို့အတွက်ဆိုရင် အနည်းဆုံး အဆင့်နိမ့် ယွမ်ကျောက်တုံး ၁ သန်း တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှု ပိုင်ဆိုင်ထားရပါမယ်ရှင်။ မဟုတ်ရင်တော့... ကျင့်ကြံခြင်းအဆင့်က နိဗ္ဗာနနယ်ပယ်အထက်မှာ ရှိနေရင်တောင် အပေါ် ထပ်တွေကို ဝင်ရောက်ခွင့် ရရှိမှာမဟုတ်ပါဘူး"

အမျိုးသမီးက ရှင်းပြလိုက်သည်။

သူမက စကားပြောရင်းနှင့် တစ်စုံတစ်ခုကို သတိရသွားသည့်အလား ရှုချွမ်းထံသို့ သိုလှောင်လက်စွပ်တစ်ခုနှင့် အမှတ်အသားတိုကင် တစ်ခုကို ရိုသေသမှုဖြင့် ကမ်းပေးလာခဲ့သည်။

"ဒီသိုလှောင်လက်စွပ်ထဲမှာ သခင်လေး ရောင်းချခဲ့တဲ့ ပစ္စည်းတွေကနေ ရရှိတဲ့ ယွမ် ကျောက်တုံးတွေ ရှိပါတယ်ရှင်၊ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ"

"ပြီးတော့ ဒါကတော့ အမှတ်အသားတိုကင်ပါရှင်။ ဒီတိုကင်ရှိမယ်ဆိုရင် သခင်လေးအနေနဲ့ ဝမ်ပေါင်ကုန်သွယ်‌ရေး မျှော်စင်ရဲ့ ဘယ်အထပ်ကိုမဆို စိတ်ကြိုက် လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပါတယ်"

ရှုချွမ်းက ခေါင်းညိတ်လိုက်ပြီး ထိုအရာနှစ်ခုလုံးကို လက်ခံရယူလိုက်သည်။

"ကျွန်မတို့ ဝမ်ပေါင်ကုန်သွယ်‌ရေး မျှော်စင်ကို လတ်တလောတင် တန်ဖိုးကြီးမားလှတဲ့ ရတနာအချို့ ရောက်ရှိထားပါတယ်ရှင်။ အကယ်၍ သခင်လေးအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် ဒီတိုကင်ကို သုံးပြီးတော့ ၁၀ ထပ်မြောက်ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်"

အမျိုးသမီးက မိတ်ဆက်ပေးလိုက်သည်။

"တန်ဖိုးကြီး ရတနာတွေ ဟုတ်လား"

ရှုချွမ်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် စိတ်ဝင်စားမှု ဖြစ်ပေါ်လာကာ ပြုံးလျက် ဆိုလိုက်သည်။ "ကောင်းပြီ... ဒါဆိုရင် ငါ သွားကြည့်ရတာပေါ့"

"သခင်လေးအနေနဲ့ ဒီတိုကင်ကို သုံးပြီး ၁၀ ထပ်မြောက်ကို တိုက်ရိုက်တက်လှမ်းနိုင်ပါတယ်ရှင်၊ အဲဒီနေရာမှာ သခင်လေးကို ကြိုဆိုမယ့်သူ ရှိနေပါလိမ့်မယ်။ ဒါဆိုရင်တော့ ကျွန်မ ခွင့်ပြုပါဦးရှင်"

အမျိုးသမီးက ၁၀ ထပ်မြောက်၏ အခြေအနေကို ရှုချွမ်းအား ရှင်းပြပြီးနောက် အခြားသူများကို ဆက်လက်ဝန်ဆောင်မှုပေးရန်အတွက် လှည့်ထွက်သွားခဲ့တော့သည်။

ရှုချွမ်းက ထိုတိုကင်ကို ကိုင်ဆောင်လျက် အ‌ပေါ်ထပ်သို့ တက်ရောက်နိုင်သည့် အစီအရင် ရှိရာနေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာသို့ ဝင်ရောက်ပြီးနောက် ရှုချွမ်းက ၁၀ ထပ်မြောက်ဟူသော အမှတ်အသားကို နှိပ်လိုက်ရာ... လက်ထဲရှိ တိုကင်မှ အလင်းတစ်ချက် လင်းလက်သွားပြီးနောက် သူက ဝမ်ပေါင်ကုန်သွယ်ရေးမျှော်စင်၏ ၁၀ ထပ်မြောက်သို့ ရောက်ရှိသွားခဲ့တော့သည်။

၎င်းမှာ သူ၏ ယခင်ဘဝက လျှပ်စစ်ဓာတ်လှေကား နှင့် လွန်စွာ ဆင်တူလှပေသည်။

ယခုအချိန်တွင်... ဝမ်ပေါင်ကုန်သွယ်ရေးမျှော်စင်၏ ၁၀ ထပ်မြောက် အဝင်ဝ၌ လူအမြောက်အမြား စုရုံးရောက်ရှိနေကြပြီး အားလုံးမှာ ရတနာအသစ်များ ရောက်ရှိနေသည့် သတင်းကို ကြားသိရသဖြင့် လာရောက်ဝယ်ယူကြသူများ ဖြစ်ကြသည်။

ဤနေရာသို့ ရောက်ရှိလာနိုင်သောသူများမှာ အနည်းဆုံး ယွမ်ကျောက်တုံး ၁ သန်းအထက် ဆောင်ထားနိုင်ကြသူများ ဖြစ်၏။

ရှုချွမ်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် အချက်အလက်များ ချက်ချင်း ထင်ဟပ်ပေါ်လွင်လာခဲ့သည်။ သူ၏ မျက်စိတစ်ဆုံးရှိ သိုင်းပညာရှင်များ၏ အချက်အလက်အားလုံးကို ရှုချွမ်း ချက်ချင်း သိရှိသွားခဲ့ရသည်။

သို့သော်လည်း သူ၏အာရုံကို ထူးထူးခြားခြား ဆွဲဆောင်နိုင်သည့်အရာ တစ်ခုမျှ ရှိမနေခဲ့ပေ။

ထိုစဉ်... ရုတ်တရက်ဆိုသလို...

ရှုချွမ်း၏ အကြည့်မှာ ဝတ်ရုံနက်ကို ဆင်မြန်းထားပြီး ခေါင်းစွပ်ကိုပါ စောင်းထားသဖြင့် ခြေဆုံးခေါင်းဆုံး လုံးဝ ဖုံးကွယ်ထားသော သိုင်းပညာရှင်တစ်ဦးထံသို့ ကျရောက်သွားခဲ့သည်။

ထိုပုဂ္ဂိုလ်က သူ၏ အာရုံကို ဖမ်းစားသွားခဲ့ခြင်း ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရလျှင် ထိုသူ၏ အချက်အလက်များက ရှုချွမ်း၏ အာရုံကို ဆွဲဆောင်သွားခဲ့ခြင်း ဖြစ်ပေသည်။

【အမည် - ချန်ဖုန်း】

【ကျင့်ကြံခြင်းနယ်ပယ် - ကမ္မနယ်ပယ် အဆင့် ၁】

【ပါရမီ - ပြိုင်ဘက်ကင်း ဘုရင်】

【ကံကြမ္မာ - သတ်မှတ်ထားသော ဇာတ်လိုက် (ရွှေရောင်)၊ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းများ ဝန်းရံနေခြင်း (ရွှေရောင်)၊ ကံကြမ္မာဆိုးကို ပြောင်းပြန်လှန်ခြင်း (ခရမ်းရောင်)၊ ယုတ်မာကောက်ကျစ်သော သဘာဝ (အဖြူရောင်)၊ အထီးကျန်ကံဆိုးကြယ် (အဖြူရောင်)】

【နတ်ဘုရားစွမ်းရည် - အနန္တဝိညာဉ် တို့၏ စွမ်းအားကို ရယူခြင်း 】

【ဘဝဇာတ်ညွှန်း - "အနန္တ ဝိညာဉ်တို့၏ ဘိုးဘေး " ဇာတ်လမ်း၏ ဇာတ်လိုက်မင်းသား】

【ဘဝ လမ်းကြောင်း - သူက ချန်မျိုးနွယ်စု‌ခေါင်းဆောင်၏ တရားမဝင် သားတစ်ဦး ဖြစ်ပြီး မိသားစုအတွင်း၌ အသိအမှတ်ပြုခြင်းမခံရဘဲ ဖယ်ကြဉ်နှိမ်ချခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူက အနန္တ ဝိညာဉ် သုံးချောင်းထောက် မီးဖိုအိုးကြီး ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ထိုမီးဖိုအိုး၏ အရာအားလုံးကို အရည်ကျိုနိုင်သော စွမ်းရည်ကို အားကိုးပြီး နောက်ဆုံး၌ ဧကရာဇ်အရှင်နယ်ပယ်၏ သန်မာသော ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ကာ 'အနန္တ ဝိညာဉ်တို့၏ ဘိုးဘေး' အဖြစ် ဘွဲ့အမည်ကျော်ကြားခဲ့သည်။】

【နှစ်သက်မှု အဆင့် - ၀ (မသိကျွမ်းသေးပါ)】

【အခွင့်အလမ်း ၁ - ဝမ်ပေါင်ကုန်သွယ်ရေးမျှော်စင်၏ ၁၀ ထပ်မြောက်တွင် သူက အနန္တ ဝိညာဉ် သုံးချောင်းထောက် မီးဖိုအိုးကြီး၏ နောက်ဆုံးအပိုင်းအစကို ရရှိသွားမည်ဖြစ်ပြီး ၎င်းကို အပြည့်အစုံ ဖြစ်သွားစေကာ ပြီးပြည့်စုံသော ' အနန္တ ဝိညာဉ် သုံးချောင်းထောက် မီးဖိုအိုးကြီး' ကို ပိုင်ဆိုင်ခွင့်ရလိမ့်မည်။ (ဤပြီးပြည့်စုံသော သုံးချောင်းထောက် မီးဖိုအိုးကြီးမှာ မူလ ဝိညာဉ်ရတနာ ဖြစ်ပြီး ဆဋ္ဌမအဆင့် ဧကရာဇ်လက်နက်နှင့် ညီမျှသည်)】

【အခွင့်အလမ်း ၂ - ၁၀ ထပ်မြောက်မှနေ၍ သူကပျက်စီးနေသော နေမင်းကြယ်အမြုတေ ကို ရရှိမည်ဖြစ်ပြီး ၎င်း၏ ဝိညာဉ်စွမ်းအားကို သန့်စင်ကာ မိမိ၏ အခြေခံအုတ်မြစ်ကို အဆမတန် မြှင့်တင်နိုင်မည် သို့မဟုတ် ထူးခြားသော ခန္ဓာကိုယ် ကို ရရှိလိမ့်မည်။】

【အခွင့်အလမ်း ၃ - ၁၀ ထပ်မြောက်မှနေ၍ သူက စိတ်အာရုံကို သန်မာစေပြီး နတ်ဘုရားဝိညာဉ်စွမ်းအားကို စုစည်းပေးနိုင်သည့် လျှို့ဝှက်ကျင့်စဥ်ကို ရရှိလိမ့်မည်။】

【အခွင့်အလမ်း ၄ - တစ်နှစ်အကြာတွင် သူက ဒေသကြီးငါးခု၏ အလယ် ဗဟို သို့ ရောက်ရှိမည်ဖြစ်ပြီး ဟင်းလင်းပြင် အင်မော်တယ်နယ်‌မြေသို့ ဝင်ရောက်ကာ ဧကရာဇ်အရှင်နယ်ပယ်ကလူများ ပျောက်ကွယ်သွားခြင်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လိမ့်မည်။ ထိုမှတစ်ဆင့် သန်မာသော ကျင့်ကြံသူတစ်ဦးအဖြစ် သူ၏ လမ်းစဉ်ကို ထုဆစ်နိုင်လိမ့်မည်။】

【သတ်မှတ်ထားသော ဇာတ်လိုက် - ကောင်းကင်ဘုံ၏ သတ်မှတ်ခြင်းကို ခံရသူ၊ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ရရှိထားသူ၊ ကံတရား၏ ကောင်းချီးပေးခြင်းကို ခံရသူ။】

【ကံကောင်းခြင်းနှင့် ကံဆိုးခြင်းများ ဝန်းရံနေခြင်း - အခွင့်အလမ်းဟူသည်မှာ အမြဲတမ်း ဘေးကျပ်နံကျပ် အန္တရာယ်များနှင့်အတူ ဒွန်တွဲနေတတ်သည်။ ဤကံကြမ္မာကြောင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါတိုင်း အခွင့်အလမ်းကို အမြဲရရှိတတ်ပြီး အခွင့်အလမ်းကို ရရှိသည့်အခါတွင်လည်း ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရတတ်သည်။】

【ကံကြမ္မာဆိုးကို ပြောင်းပြန်လှန်ခြင်း - မိမိ၏ ဘေးပတ်ဝန်းကျင်ရှိ လူများထံသို့ ကံဆိုးမှုများကို ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်သော်လည်း မိမိကိုယ်တိုင်အတွက်မူ ထိုကံဆိုးမှုများကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲပစ်နိုင်သည်။ မိမိဘေးရှိလူများ ကံဆိုးလေလေ၊ မိမိ၏ ကံကောင်းခြင်းအရှိန်အဝါမှာ ပိုမိုမြင့်မားလေလေ ဖြစ်သည်။】

【ယုတ်မာကောက်ကျစ်သော သဘာဝ - အပြင်ပန်းတွင် တည်ငြိမ်ရိုးသားပုံရသော်လည်း ငယ်စဉ်ကတည်းက နှိမ်ချခြင်းနှင့် နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် စိတ်ဓာတ်မှာ ရေရှည်တွင် ပျက်စီးယိုယွင်းသွားခဲ့ပြီ ဖြစ်သည်။ မည်သည့်အရာကိုပဲလုပ်လုပ် အယုတ်မာဆုံးသော နည်းလမ်းများကို အသုံးပြုလိမ့်မည်ဖြစ်ပြီး သွားလေရာနေရာတိုင်း၌ ပြဿနာများကို မွှေနှောက်ဖန်တီးလိမ့်မည်】

【အထီးကျန်ကံဆိုးကြယ် - သူ၏ မိခင်မှာ ငယ်စဉ်ကတည်းက ကွယ်လွန်ခဲ့ပြီး သူ အသက် ၁၈ နှစ်ပြည့်သည့်အခါ ဖခင်ဖြစ်သူကိုပါ သေဆုံးစေလိမ့်မည်။ သူ ကြီးပြင်းလာသည်နှင့်အမျှ ဘေးပတ်ဝန်းကျင်ရှိ လူများကို သေဆုံးပျက်စီးစေလိမ့်မည်။ ကြီးမားသော ကံတရားအရှိန်အဝါရှိသည့် မတူညီသော အမျိုးသမီးများနှင့် အစဉ်တစိုက် ပေါင်းဖက်ခြင်းဖြင့်သာ ဤကံကြမ္မာဆိုးကို ချေဖျက်နိုင်လိမ့်မည်။】

ဤဝတ်ရုံနက်နှင့်လူမှာ... ရှုချွမ်း ယခင်က ကျောက်လင်းအာ၏ ဘဝဇာတ်ညွှန်းမှတစ်ဆင့် မြင်တွေ့ခဲ့ရသော "အနန္တ ဝိညာဉ်တို့၏ ဘိုးဘေး" ဇာတ်လမ်းမှ ဇာတ်လိုက်မင်းသား 'ချန်ဖုန်း' ပင် ဖြစ်သည်။

၎င်းမှာ တကယ့်ကို တိုက်ဆိုင်လွန်းလှပေသည်။

သူက ဝမ်ပေါင်မျှော်စင်၏ ၁၀ ထပ်မြောက်၌ ဤလူနှင့် ဆုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

မူလက ရှုချွမ်းအနေဖြင့် ကျောက်လင်းအာ၏ ဇာတ်ညွှန်းကို အသုံးချကာ ဤလူကို လိုက်လံရှာဖွေရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှုချွမ်းကို အနည်းငယ် အံ့အားသင့်သွားစေသည့်အချက်မှာ...

ဤဇာတ်လိုက်မင်းသားမှာ သူ ယခင်က ဆုံတွေ့ခဲ့ဖူးသော ဇာတ်လိုက်နှစ်ဦးနှင့် အနည်းငယ် ကွဲပြားနေခြင်းပင်၊ သူ၏ ရွှေရောင်နှစ်ခုနှင့် ခရမ်းရောင်တစ်ခုရှိသော ကံကြမ္မာမှာ ပုံမှန်ဟု ထင်ရသော်လည်း အဖြူရောင် ကံကြမ္မာဆိုး နှစ်ခုမှာမူ ရှုချွမ်း၏ မျှော်လင့်ချက်ကို ကျော်လွန်နေခဲ့သည်။

၎င်းတို့မှာ ကောင်းမွန်သောအရာများ လုံးဝ မဟုတ်ပေ။

ယခင်က အဖြူရောင် ကံကြမ္မာရှိခဲ့ကြသော 'ရှောင်ချွမ်း' နှင့် 'ဝမ်လင်း' တို့မှာ သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ ထိုနှစ်ဦး၏ အဖြူရောင်ကံကြမ္မာမှာပင် ယခုလူ၏ ကံကြမ္မာလောက် အန္တရာယ်မရှိခဲ့ပေ။

"ဒီလူက ယုတ်မာကောက်ကျစ်တဲ့ သဘာဝရှိပြီး ကံကြမ္မာကလည်း ထူးဆန်းလွန်းနေတယ်။ တကယ်လို့ သူ့ကို ဒီအတိုင်း ဆက်ပြီး ကြီးထွားခွင့်ပေးလိုက်မယ်ဆိုရင်... နောင်တစ်ချိန်မှာ ဒေသတစ်ခုလုံးကို ကပ်ဘေးသင့်စေပြီး ရွှမ်ထျန်းတိုက်ကြီးရဲ့ ကြီးမားတဲ့ ဘေးဒုက္ခဆိုးကြီး ဖြစ်လာဖို့ မဖြစ်နိုင်တာမဟုတ်ဘူး"

"ဒီကောင်က ဇာတ်လိုက်ဆိုတာထက် ဗီလိန်ဇာတ်ကောင်နဲ့ ပိုပြီး တူနေပါလား"

ရှုချွမ်းက စိတ်ထဲတွင် ရေရွတ်လိုက်သည်။

ဗီလိန်ဖြစ်လေ ကောင်းလေပင်၊ သတ်ပစ်ရန် စိတ်ပိုင်းဆိုင်ရာ ဖိအား နည်းပါးသွားတာပေါ့။ ထို့အပြင် သူသည် ကမ္မနယ်ပယ် အဆင့် ၁မျှသာ ရှိသေးသော ဗီလိန်တစ်ဦး ဖြစ်သည်။

ယခုအချိန်တွင် ရှုချွမ်းအတွက် ကမ္မနယ်ပယ် အဆင့် ၁သိုင်းပညာရှင်တစ်ဦးကို သတ်ဖြတ်ရခြင်းမှာ ကြက်တစ်ကောင်ကို သတ်ရသကဲ့သို့ လွယ်ကူလှပေသည်။

ဇာတ်လိုက်မင်းသား ဖြစ်နေသည့်တိုင်အောင် ချွင်းချက်ရှိလိမ့်မည် မဟုတ်‌ပေ။

"ဒါပေမဲ့လည်း... ဒီလူ့ဆီမှာ အခွင့်အလမ်းတွေ အများကြီး ရှိနေသေးတာပဲ၊ ဒါကြောင့် သူ့အသက်ကို လောလောဆယ် ချန်ထားပေးလို့ရသေးတာပဲ"

"ငါ သူ့ကို ခဏလောက် အသုံးချပြီး သူရမယ့် အခွင့်အလမ်းတွေကို အရင်ဆုံး လုယူပြီးမှ သတ်ပစ်လိုက်ရင်လည်း နောက်မကျသေးပါဘူး"

ရှုချွမ်းက စိတ်ထဲမှ တိတ်တဆိတ် ကြံစည်တွေးတောလိုက်တော့သည်။

All Chapters