အခန်း ၁၂၈
Vol. 13 Ch. 128
အခန်း (၁၂၈) အောင်မြင်မှု၊ လေလံပွဲမှ အခွင့်အလမ်း
"အဆင့်နိမ့် ယွမ်ကျောက်တုံး သုံးသန်း"
ရှုချွမ်း ဈေးခေါ်လိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်တုံးနက်၏ ဈေးနှုန်းကို နှစ်ဆအထိ မြင့်တက်စေခဲ့သည်။
ရောက်ရှိနေကြသော လူအားလုံးမှာ အံ့အားသင့်သွားသည့် မျက်နှာပေးများဖြင့် ခေါင်းလှည့်ကြည့်လာကြပြီး ရှုချွမ်း၏ ပုံသဏ္ဌာန်ကို လိုက်လံရှာဖွေကြတော့သည်။
ဘယ်က သခင်လေးမို့လို့ တန်ဖိုးမရေရာသည့် ကျောက်တုံးနက်တစ်တုံးအတွက် ဤမျှများပြားလှသော ယွမ်ကျောက်တုံးတွေကို သုံးစွဲနေရသလဲဆိုသည်ကို သူတို့ သိချင်နေကြခြင်း ဖြစ်သည်။
ရှုချွမ်း၏ မျက်နှာကို မြင်လိုက်ရသောအခါ သူတို့အတွက် အနည်းငယ် စိမ်းသက်နေခဲ့သည်။
သို့သော်လည်း ၎င်းက ရှုချွမ်း၏ လုပ်ရပ်အပေါ် ဝေဖန်ပြောဆိုခြင်းကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
"ဘယ်က ရောက်လာတဲ့ ဖြုန်းတီး တဲ့ သခင်လေး လဲမသိဘူး၊ ယွမ်ကျောက်တုံးတွေကို ဖြုံးတီးလိုက်တာ"
"တစ်ခါတည်းနဲ့တင် တစ်သန်းခွဲတောင် မြှင့်ပစ်လိုက်တာ၊ ဒီလိုမျိုး ဈေးခေါ်တာ တစ်ခါမှ မမြင်ဖူးဘူး။ သူက စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အူတူတူကောင်လား"
"တကယ်လို့ သူက နောက်မှ အဲဒီလောက် ငွေအမြောက်အမြားကို မထုတ်ပေးနိုင်ရင် ဝမ်ပေါင်မျှော်စင်က ဘာလုပ်မလဲ ထင်သလဲ"
"ဘာလုပ်ရမလဲဗျာ... သေချာပေါက် သူ့အဝတ်အစားတွေကို ချွတ်၊ သိုလှောင်လက်စွပ်ကို သိမ်းပြီး လမ်းမတွေပေါ်မှာ အရှက်ခွဲ လှည့်လည်ပြသမှာပေါ့"
"မှန်တယ်... မဟာဝေဧကရာဇ် မြို့တော် အတွင်းမှာ ဝမ်ပေါင်မျှော်စင် ကုန်သွယ်ရေးအဖွဲ့နောက်ကွယ်မှာ တော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံ ရှိနေတာကို ဘယ်သူက မသိဘဲ နေမလဲ။ ဘယ်သူက ဒီနေရာမှာ လာပြီး ဈေးနှုန်းတွေကို လျှောက်အော်ရဲမှာလဲ"
....
ယခုအချိန်တွင် ကျောက်တုံးနက်ဆိုင်၏ မန်နေဂျာသည်လည်း ဆွံ့အလျက် မှင်တက်နေခဲ့သည်။ ထို့နောက်တွင်မူ ဝမ်းသာအားရဖြစ်မှုကြီး ရောက်ရှိလာတော့သည်။
ကုန်သွယ်ရေးအဖွဲ့မှ ဤကျောက်တုံးနက်အတွက် သတ်မှတ်ထားသော အနိမ့်ဆုံးဈေးမှာ အဆင့်နိမ့် ယွမ်ကျောက်တုံး တစ်သိန်းခွဲမျှသာ ဖြစ်ပြီး မည်မျှဖြင့်ပဲ ရောင်းရရောင်းရ ကုန်သွယ်ရေးအဖွဲ့က ကော်မရှင်ခ ၇၀ ရာခိုင်နှုန်းသာ ယူမည်ဖြစ်သည်။
တစ်သန်းခွဲဟူသော ဈေးနှုန်းမှာပင် သူ၏ စိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဤကျောက်တုံးနက်ကို ဝယ်ယူရန်အတွက် ယွမ်ကျောက်တုံး ၃ သန်းအထိ သုံးစွဲဝံ့သည့် သားကောင်တစ်ကောင် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ဤသည်မှာ သူ၏လက်ထဲသို့ ယွမ်ကျောက်တုံး တစ်သန်းခန့် အလကားသက်သက် ရောက်ရှိလာခြင်းပင် ဖြစ်၏။
သူ အဘယ်ကြောင့် အံ့သြဝမ်းသာမဖြစ်ဘဲ နေပါမည်နည်း။
သို့သော် ရှုချွမ်းကမူ ဤအရာများကို စိုးစဉ်းမျှ ဂရုမစိုက်ခဲ့ပေ။
သူ ပိုင်ဆိုင်ထားသော ယွမ်ကျောက်တုံး အရေအတွက်မှာ ထိတ်လန့်စရာကောင်းလောက်အောင် စုဆောင်းမိနေပြီ ဖြစ်သည်။
ယခင်က ပစ္စည်းများ ရောင်းချမှုမှ ရရှိခဲ့သော အဆင့်နိမ့် ယွမ်ကျောက်တုံး ၁၀ သန်း အပါအဝင် သူ၏ သိုလှောင်လက်စွပ်ထဲ၌ အနည်းဆုံး အဆင့်နိမ့် ယွမ်ကျောက်တုံး သန်း ၅၀ ခန့် ရှိနေသည်။
၎င်းအပြင် အလယ်အလတ် ယွမ်ကျောက်တုံး သိန်းဂဏန်း၊ အဆင့်မြင့် ယွမ်ကျောက်တုံး သောင်းဂဏန်းနှင့် ထိပ်တန်းအဆင့် ယွမ်ကျောက်တုံး ထောင်ဂဏန်းအထိပင် ရှိနေသေးသည်။
မတူညီသော အဆင့်ရှိ ယွမ်ကျောက်တုံးများ၏ လဲလှယ်နှုန်းမှာ ၁ ဆမှ ၁၀၀ အထိ ရှိကြောင်း သိထားရမည်ဖြစ်သည်။ ထိုသို့ တွက်ချက်ကြည့်ပါက ရှုချွမ်း ပိုင်ဆိုင်ထားသော စည်းစိမ်ချမ်းသာမှာ မည်မျှ ထိတ်လန့်စရာကောင်းကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။
ယွမ်ကျောက်တုံးအချို့မှာ သူ သတ်ဖြတ်ခဲ့သော သူတော်စင်သားတော်များ၊ တိုက်ရိုက်တပည့်များနှင့် ပါရမီရှင်အမျိုးမျိုးထံမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ပိုမိုများပြားသော အပိုင်းမှာမူ ရွှေရောင်ရှေးဟောင်းနန်းတော် ကြီး အတွင်းရှိ ကမ္ဘာငယ်လေးထဲတွင် နှစ်ပေါင်းသောင်းချီ၍ အလိုအလျောက် ဖြစ်တည်လာခဲ့သော ယွမ်ကျောက်တုံးများ ဖြစ်ကြသည်။
ထိုကမ္ဘာငယ်လေးသည် ဖရိုဖရဲ မူလချီ ကို စုပ်ယူပြီး ကမ္ဘာ ၏ မူလချီ အဖြစ် ပြောင်းလဲကာ ယွမ်ကျောက်တုံးများကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိသည်။
ထို့ကြောင့်ပင် အဆင့်နိမ့် ယွမ်ကျောက်တုံး ၁ သန်း ၅ သိန်းဟူသည်မှာ ရှုချွမ်းအတွက် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်၏။ ဤကျောက်တုံးနက်အတွင်းရှိ အပိုင်းအစကို ရရှိရန်အတွက် သူ စိုးစဉ်းမျှ နှမြောတသခြင်း မရှိခဲ့ပေ။
သူက ယွမ်ကျောက်တုံးများကို ပေးချေပြီးနောက် ကျောက်တုံးနက်ကို လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိသွားခဲ့သည်။
ရှုချွမ်း၏ ရက်ရောမှုနှင့် ဆန့်ကျင်ဘက်အနေဖြင့်... သူ၏ ဘေးနားရှိ ချန်ဖုန်း၏ မျက်နှာမှာမူ ယခုအချိန်တွင် လွန်စွာ မည်းမှောင်နေခဲ့သည်။
သူ၏ လက်ထဲတွင် အဆင့်နိမ့် ယွမ်ကျောက်တုံး ၂ သန်းကျော်မျှသာ ရှိပေသည်။
မူလက မိမိနှင့် စိတ်ချင်း ဆက်နွှယ်မှုရှိနေသော ဤကျောက်တုံးနက်မှာ မိမိလက်ထဲသို့ ရောက်ရှိရန် လက်တစ်ကမ်းအလိုမျှသာ လိုတော့သော်လည်း... ကြားဖြတ်နှောင့်ယှက်သူတစ်ဦး ပေါ်လာပြီး ကျောက်တုံးနက်ကို တိုက်ရိုက် လုယူသွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ထိုသူပေးသော ဈေးနှုန်းကြောင့် ချန်ဖုန်းအနေဖြင့် ဆက်လက်၍ ဈေးပြိုင်ရန် မူလကျောက်တုံး မရှိတော့ပေ။
သူက ရှုချွမ်းက ကျောက်တုံးနက်ကို သိမ်းဆည်းသွားသည်ကိုသာ မတတ်နိုင်ဘဲ ကြည့်နေခဲ့ရတော့သည်။
"မင်း ဘယ်သူပဲဖြစ်ဖြစ်... ငါ သဘောကျတဲ့အရာကို လုရဲတယ်ဆိုရင်တော့... မင်းကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"
ယခုအချိန်တွင် ဝတ်ရုံနက်၏ ကျယ်ပြန့်သော ခေါင်းစွပ်အောက်ရှိ ချန်ဖုန်း၏ မျက်နှာမှာ လွန်စွာ ဆိုးသွမ်းရက်စက်နေခဲ့ပြီး ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ရှုချွမ်းကို စိုက်ကြည့်နေခဲ့သည်။
သူ၏ နတ်ဘုရားအာရုံမှာ မည်သည့် ထိန်းချန်မှုမျှမရှိဘဲ ရှုချွမ်းထံသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး လူအများရှေ့မှောက်တွင် သူ့ကို အန္တရာယ်ဖြစ်သွားအောင် ပြုလုပ်ရန် ကြံစည်လိုက်သည်။
ထိုသို့ဖြစ်မှသာ သူ ဤကျောက်တုံးနက်ကို ပြန်လည်ရရှိရန် အခွင့်အရေး ရှိပေလိမ့်မည်။
"ဟမ်"
ရှုချွမ်းက ရန်လိုမှုနှင့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသော ဤနတ်ဘုရားအာရုံကို ထက်မြက်စွာ သိရှိသွားခဲ့ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဆူညံလိုက်တာ"
ထို့နောက်... သူ၏ အသိစိတ်ပင်လယ် အတွင်းရှိ သတ်ဖြတ်ခြင်း ဓားဝိညာဉ်မှာ ဆူပွက်လာခဲ့ပြီး ဓားချီ အဖြစ် ပြောင်းလဲကာ ထိုနတ်ဘုရားအာရုံထံသို့ မဆိုင်းမတွဘဲ ပိုင်းဖြတ်ပစ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ချန်ဖုန်း ထုတ်လွှတ်လိုက်သော နတ်ဘုရားအာရုံမှာ ရှုချွမ်း၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။
"အား"
သူ၏ ဘေးနားရှိ ချန်ဖုန်းမှာ နတ်ဘုရားအာရုံ ဖြတ်တောက်ခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်လိုက်မိသည်။
သူ၏ အသိစိတ်ထဲတွင် ဝိညာဉ်တစ်ခုလုံး ဆွဲဖြဲခံလိုက်ရသကဲ့သို့ နာကျင်မှုမျိုး အဆက်မပြတ် ပေါ်ထွက်လာခဲ့ပြီး သေချင်စော်နံသွားစေခဲ့သည်။
သူ၏ မျက်ဝန်းအစုံမှ သွေးမျက်ရည်များ စီးကျလာခဲ့၏။
သူ၏ သနားစရာကောင်းလှသော အခြေအနေကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ ဧည့်သည်များမှာ အနည်းငယ် ဝေခွဲမရဖြစ်သွားကြပြီး ဘာဖြစ်သွားသည်ကို မသိရှိကြပေ။
သို့သော်လည်း သူတို့က ဘေးအန္တရာယ် မိမိတို့ထံ ကူးစက်လာမည်ကို စိုးရိမ်သဖြင့် ချန်ဖုန်း ရှိရာနေရာမှ သတိဖြင့် ဖယ်ခွာသွားကြတော့သည်။
ဤပြင်းထန်လှသော နာကျင်မှုမှာ ရှုချွမ်းအပေါ် ထားရှိသော သူ၏ မုန်းတီးမှုကို ပိုမိုမြင့်တက်သွားစေခဲ့သည်။
"မင်းကို ငါ သေစေချင်တယ်၊ မင်းရဲ့ ဘဝကို သေတာထက် ပိုပြီး ဆိုးရွားသွားအောင် လုပ်ပစ်မယ်"
သူ၏ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
နာကျင်မှုကြောင့် သူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပြီး မျက်နှာမှာလည်း ရှုံ့မဲ့နေကာ မျက်လုံးများမှာ သွေးရောင်လွှမ်းနေခဲ့သည်။ ယခုအချိန်တွင် သူသည် ရှုချွမ်းကို တိုက်ရိုက် တိုက်ခိုက်ပြီး ကျောက်တုံးနက်ကို လုယူချင်နေခဲ့သည်။ သို့သော်လည်း သူ၏ စိတ်ထဲတွင် ကျန်ရှိနေသေးသော အသိစိတ် အပိုင်းအစလေးက သတိပေးနေခဲ့သည်။
သူသည် ဝမ်ပေါင်မျှော်စင်အတွင်း၌ လုံးဝ လက်ရဲဇက်ရဲ လှုပ်ရှား၍ မဖြစ်ချေ။ မဟုတ်ပါက... သူသည် ယနေ့ ဝမ်ပေါင်မျှော်စင်မှ အသက်ရှင်လျက် ပြန်လည်ထွက်ခွာနိုင်မည် မဟုတ်ချေ
အချိန်အတော်ကြာပြီးနောက်မှသာ ချန်ဖုန်းသည် နာကျင်မှုမှ နောက်ဆုံး၌ ပြန်လည်သက်သာလာခဲ့သည်။ သူ၏ အသိစိတ် မှာလည်း တဖြည်းဖြည်း ပြန်လည်လာခဲ့၏။ သူသည် ရှုချွမ်း ထွက်ခွာသွားသော လမ်းကြောင်းသို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ရက်စက်လှသော သတ်ဖြတ်လိုစိတ်များ ထင်ဟပ်နေခဲ့သည်။
"စောင့်နေလိုက်စမ်းပါ... မင်း ဒီဝမ်ပေါင်မျှော်စင်ကနေ ထွက်သွားတာနဲ့၊ အဲဒါ မင်းရဲ့ သေနေ့ပဲ"
"ငါ့ပိုင်ဆိုင်တဲ့အရာကို... ငါ သေချာပေါက် ပြန်ယူမယ်"
သူသည် ရှုချွမ်းကို ဘယ်တော့မှ လွှတ်မပေးရန် စိတ်ထဲမှ ကျိန်ဆိုလိုက်တော့သည်။
ထို့နောက် သူ ဤနေရာမှ ထွက်ခွာသွားခဲ့၏။
သူ အလိုရှိသမျှအရာအားလုံးကို ရှုချွမ်းက လုယူသွားခဲ့ပြီဖြစ်ရာ ဤနေရာတွင် ဆက်နေရန် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
အခြားတစ်နေရာသို့ သွားရောက်ပြီး မိမိနှစ်သက်မည့် ရတနာပစ္စည်းတစ်ခုခုကို ရှာဖွေတာကမှ ပိုကောင်းပေလိမ့်မည်။
သို့သော်လည်း သူ သတိမပြုမိလိုက်သည်မှာ... ထွက်ခွာသွားခဲ့ပြီးဖြစ်သော ရှုချွမ်းသည် ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်ကာ သူ့နောက်သို့ နောက်ထပ်တစ်ကြိမ် ပြန်လည်ထပ်ချပ်မကွာ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
ရှုချွမ်းက ချန်ဖုန်း လေလံပွဲခန်းမ တစ်ခုအတွင်းသို့ လှမ်းဝင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
ယခုအချိန်တွင် လေလံပွဲမှာ အရှိန်အဟုန်ဖြင့် ကျင်းပနေဆဲ ဖြစ်၏။
ချန်ဖုန်းက နေရာတစ်ခု ရှာဖွေကာ ထိုင်လိုက်ပြီး ရှုချွမ်းကလည်း သူ၏ နောက်ဘက် မလှမ်းမကမ်းနေရာ၌ ဝင်ထိုင်လိုက်သည်။
ချန်ဖုန်းက လေလံပွဲဝန်ထမ်း ၏ လက်ထဲရှိ ပစ္စည်းကို စိုက်ကြည့်နေပြီး ရှုချွမ်းကမူ ချန်ဖုန်းကို စိုက်ကြည့်နေခဲ့သည်။
တစ်စုံတစ်ခုကို ခံစားမိပုံရသဖြင့် ချန်ဖုန်းက နောက်သို့ လှည့်ကြည့်လာခဲ့သည်။
သို့သော်လည်း သူ ရှုချွမ်းကို ရှာမတွေ့ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရှုချွမ်းက သူ၏ ရုပ်သွင်ကို ပြောင်းလဲထားပြီး လုံးဝ ဆန်းသစ်သော မျက်နှာတစ်ခု ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
ဤရုပ်သွင်ဖြင့်ဆိုပါက သူနှင့် အနီးကပ်ဆုံးလူများပင်လျှင် သူ့ကို မှတ်မိနိုင်မည် မဟုတ်ပေ။
ဤကဲ့သို့ ရုပ်သွင်ပြောင်းလဲနိုင်သော ကျင့်စဉ် မှာ ရှုချွမ်းအနေဖြင့် ချူဖန်၏ သိုလှောင်လက်စွပ်ထဲမှ ရှာဖွေတွေ့ရှိခဲ့သော မျက်နှာဖုံး အရေပြားကြောင့် ဖြစ်သည်။
ဤအရေပြားမှာ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရသော်လည်း မျက်နှာထက်တွင် ကပ်လိုက်သည့်အခါ ရှုချွမ်း စိတ်ကူးပုံဖော်ထားသည့်အတိုင်း ရုပ်သွင်ကို ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
ထို့အပြင် သူ၏ အော်ရာ မှာလည်း လိုက်လံပြောင်းလဲသွားမည် ဖြစ်၏။
ရှုချွမ်း စမ်းသပ်ကြည့်လိုက်ရာ တကယ့်ကို ထူးကဲလှပေသည်။
ချန်ဖုန်းအနေဖြင့် အရိပ်အယောင်မျှပင် ရိပ်မိခြင်း မရှိခဲ့ပေ။
သူတို့နှစ်ဦး ထိုင်ပြီး မကြာမီမှာပင် ဈေးပြိုင်ပွဲအသစ် တစ်ခု စတင်ခဲ့တော့သည်။
"ဒါကတော့ ကျွန်တော်တို့ရဲ့ ဒီတစ်ခေါက် လေလံတင်မယ့် ပစ္စည်းပဲ ဖြစ်ပါတယ်၊ အားလုံးပဲ ကြည့်ပေးကြပါခင်ဗျာ"
ပြောပြီးနောက် လေလံပွဲဝန်ထမ်း က အနီရောင်ပိတ်စကို ဖယ်ရှားလိုက်သည်။
ချက်ချင်းဆိုသလိုပင် မည်းနက်နေသော သံတုံးတစ်တုံးမှာ အားလုံး၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။
ဤပစ္စည်းကို မြင်လိုက်ရသောအခါ ရောက်ရှိနေသူအားလုံး၏ မျက်နှာများမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့ကြသည်။
ဝမ်ပေါင်မျှော်စင်ရဲ့ ၁၀ ထပ်မြောက်မှာ ဘယ်နေရာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ ရတနာတွေပဲ ရှိတယ်လို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား၊ အခုတော့ ဒီလေလံပွဲခန်းမထဲမှာ သံတုံး တစ်တုံးကိုပါ လာရောင်းနေရတယ်လို့၊ ဒါက လူအတွေကို လာလှည့်စားနေတာ မဟုတ်ဘူးလား။
သူတို့၏ မကျေနပ်မှုကို သတိပြုမိသည့်အလား လေလံပွဲဝန်ထမ်း က ပြုံးလျက် ရှင်းပြလာခဲ့သည်။
"လူတိုင်းအနေနဲ့ ဒီပစ္စည်းကို ပထမဆုံး မြင်လိုက်ရတဲ့ အမြင်ကတော့ ပျက်စီးနေတဲ့ သံတုံးတစ်တုံးပဲလို့ ထင်ကြလိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်"
"မငြင်းပါနဲ့နဲ့ဗျာ... ကျွန်တော်ကိုယ်တိုင်လည်း ဒါကို ပထမဆုံး မြင်တုန်းက အဲဒီလိုပဲ ထင်ခဲ့တာပါ"
"ဒါပေမဲ့... သူ့ရဲ့ အပြင်ပန်းသဏ္ဌာန်ကိုပဲ မကြည့်ပါနဲ့၊ သူ့ရဲ့ အတွင်းဘက် အနှစ်သာရကို သတိထားပေးကြပါ"
"ဒီပစ္စည်းကို ဝမ်ပေါင်မျှော်စင်ရဲ့ တန်ဖိုးဖြတ်ပညာရှင်တွေ စစ်ဆေးပြီးနောက်မှာ... ' ကြယ် အမြုတေ ' ရဲ့ အပိုင်းအစတစ်ခု ဖြစ်ကြောင်း အတည်ပြုထားပါတယ်"
"ဒါပေမဲ့ ၎င်းက တိတိကျကျ ဘယ်လို ကြယ် အမြုတေ အမျိုးအစားလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိရပါဘူး"
"ဒါပေမဲ့... အညံ့ဖျင်းဆုံး ကြယ် အမြုတေ ဖြစ်နေရင်တောင်မှ ၎င်းက ကောင်းမွန်တဲ့ ရတနာတစ်ခု ဖြစ်နေဆဲပါ။ ဒီပစ္စည်းကို သန့်စင်ခြင်းဖြင့် မိမိရဲ့ ပါရမီ ကို သန့်စင်ပေးနိုင်ပြီး မိမိရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာစေမှာ ဖြစ်တဲ့အပြင် ထိုကြယ်အမြုတေ နှင့် ကိုက်ညီတဲ့ ထူးခြားတဲ့ ခန္ဓာကိုယ် ကိုပါ ရရှိ နိုင်မယ့် အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။ နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် အခြေခံအုတ်မြစ် ချပေးဖို့ အလွန်ကောင်းမွန်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်ဗျာ"
"ဒီပစ္စည်းရဲ့ စဉီး ဈေးနှုန်းကတော့... အဆင့်နိမ့် ယွမ်ကျောက်တုံး တစ်သန်း ဖြစ်ပါတယ်"
လေလံပွဲဝန်ထမ်း ၏ စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက်...
ရောက်ရှိနေသော လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားခဲ့ကြတော့သည်။
ပါရမီကို သန့်စင်ပေးနိုင်ခြင်း၊ အခြေခံအုတ်မြစ်ကို ခိုင်မာစေခြင်းနှင့် ထူးခြားသော ခန္ဓာကိုယ် ကိုပါ ရရှိ စေခြင်းစသည့် စွမ်းရည်မျိုးရှိသော ပစ္စည်းမှာ လွန်စွာ ရှားပါးလှပေသည်။
မိမိတို့ မိသားစုထဲတွင် မျိုးဆက်သစ် လူငယ်တစ်ဦးစီမရှိသောသူ မည်သူ ရှိပါမည်နည်း။
တစ်ခဏအတွင်းမှာပင် ထိုလူများ၏ မျက်ဝန်းများထဲတွင် တောက်လောင်လှသော စိတ်အားထက်သန်မှုများ ဖြစ်ပေါ်လာခဲ့ကြပြီး ယခင်က အထင်သေးခဲ့ကြသည့် သဘောထားများမှာ လုံးဝ ပြောင်းလဲသွားခဲ့ရတော့သည်။