အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) နောက်ထပ်တစ်ကြိမ် ကံဆိုးခြင်း
ယခုအချိန်တွင် လေလံပွဲခန်းမတစ်ခုလုံးမှာ နောက်ထပ်တစ်ကြိမ် တိတ်ဆိတ်ခြင်းသို့ ကျရောက်သွားခဲ့ရပြန်သည်။
မည်သူမျှ စတင်ဈေးမခေါ်ကြသေးဘဲ ပထမဆုံး လှုပ်ရှားမည့်သူကိုသာ စောင့်ကြည့်နေကြသည်။
စဉီးဈေးနှုန်း အဆင့်နိမ့် ယွမ်ကျောက်တုံး တစ်သန်းမှာ များပြားလှသည်ဟု မထင်ရသော်လည်း... ရောက်ရှိနေသူအားလုံးက ကြယ်အမြုတေမှာဈေးနှုန်းနည်းနည်းနှင့် အပြီးသတ်သွားမည်မဟုတ်ကြောင်း ကောင်းစွာသိရှိထားကြသည်။
နောက်ဆုံးတွင် မြို့တော်ရှိ အင်အားကြီးအဖွဲ့အစည်းများနှင့် မိသားစုကြီးများသာလျှင် ၎င်းကို ပိုင်ဆိုင်နိုင်ရန်အတွက် ပြိုင်ဆိုင်နိုင်စွမ်းနှင့် အရည်အချင်း ရှိကြပေလိမ့်မည်။
ဤသို့တွေးတောမိပြီးနောက် သိုင်းပညာရှင်အချို့မှာ ခေါင်းခါယမ်းလျက် လက်လျှော့လိုက်ကြပြီး ပွဲကောင်းတစ်ပွဲကိုသာ ကြည့်ရှုရန် ပြင်ဆင်လိုက်ကြတော့သည်။
ဤအရာမှာ ကောင်းမွန်သော ရတနာတစ်ခုဖြစ်သော်လည်း သူတို့ တတ်နိုင်သောအရာ မဟုတ်သည်မှာ ထင်ရှားလှပေသည်။
အနောက်တန်းတွင် ရှိနေသော ရှုချွမ်း၏ မျက်ဝန်းများထဲ၌မူ ဤပစ္စည်းကို မြင်လိုက်ရသည့်ခဏတွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ကြယ်အမြုတေမှာ သူ့အတွက် လွန်စွာ ဆွဲဆောင်မှုရှိနေခဲ့၏။
"ငါ ဒီ 'နေမင်းကြယ်အမြုတေ ' ကို သေချာပေါက် ရရမယ်"
ကြယ်အမြုတေမှာ ချန်ဖုန်း၏ ဒုတိယမြောက် အခွင့်အလမ်း ဖြစ်ပေသည်။
၎င်းမှာ နေမင်းကြယ်၏ အပိုင်းအစတစ်ခု ဖြစ်၏။
သို့သော်လည်း ဤပစ္စည်းမှာ ရှုချွမ်းအတွက်လည်း အလွန်အမင်း အသုံးဝင်လှပေသည်။
သူ၏ မဟာနေနတ်ဘုရားနှင့် နတ်ဆိုးခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ် မှာ အရေးကြီးသော အလှည့်အပြောင်း သို့ ရောက်ရှိနေပြီဖြစ်ရာ သူအနေဖြင့် ဤနေမင်းကြယ်အမြုတေ အပိုင်းအစကို သန့်စင်လိုက်ရုံဖြင့် နောက်ထပ် အဆင့်တစ်ခုသို့ အောင်မြင်စွာ ဖောက်ထွက်နိုင်မည် ဖြစ်သည်။
ထိုအချိန်ကျပါက သူ၏ 'နေသူတော်စင်ခန္ဓာကိုယ်' အသွင်ပြောင်းလဲမှုနှုန်းမှာ နောက်ထပ်တစ်ဆင့် မြင့်တက်သွားလိမ့်မည်။
သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သို့မရောက်မီမှာပင် အလွန်တရာ အစွမ်းထက်လှသည့် 'မဟာနေနတ်ဘုရားနှင့် နတ်ဆိုးခန္ဓာကိုယ်' အဖြစ်သို့ အသွင်ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်ပေလိမ့်မည်။
ထို့ကြောင့်... ၎င်းမှာ ချန်ဖုန်း၏ အခွင့်အလမ်း ဟုတ်ဟုတ် မဟုတ်ဟုတ် ရှုချွမ်းကမူ သေချာပေါက် ရယူရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သူက မည်သည့် မတော်တဆမှုကိုမျှ ခွင့်ပြုမည် မဟုတ်ပေ။
သူက ရှေ့ဆုံးတန်းရှိ ချန်ဖုန်းထံသို့ လှမ်းကြည့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချန်ဖုန်း၏ မျက်နှာထက်၌လည်း စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထင်ရှားလှသည်မှာ ထိုသူသည်လည်း ဤပစ္စည်းမှာ မိမိအတွက် အသုံးဝင်ကြောင်း ခံစားမိခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူ၏ စိတ်ခံစားချက်ကို အတွင်း၌ နက်ရှိုင်းစွာ ဖုံးကွယ်ထားပြီး အပြင်ပန်းတွင်မူ ဤပစ္စည်းကို စိုးစဉ်းမျှ စိတ်မဝင်စားသည့်အလား တည်ငြိမ်စွာ ပြုမူနေခဲ့သည်။
လူအများစုအနေဖြင့် သူက ကြယ်အမြုတေကို စိတ်ဝင်စားနေသည်ကို ရိပ်မိနိုင်မည် မဟုတ်ပေ။
အမှန်စင်စစ်အားဖြင့် ချန်ဖုန်းက ဤကြယ် အမြုတေကို သူ၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ အခြားသူများအား လုံးဝ အထိခိုက်မခံလိုပေ။
"ငါသာ ဒီကြယ်အမြုတေကို ရရှိပြီး သုံးချောင်းထောက် ဝိညာဉ် မီးဖိုအိုး နဲ့ သန့်စင်နိုင်မယ်ဆိုရင်... ငါ သေချာပေါက် ထူးခြားတဲ့ ခန္ဓာကိုယ် တစ်ခုကို နိုးထစေနိုင်မှာပဲ"
"အဲဒီအချိန်ကျရင် ငါ့ရဲ့ ခွန်အား က ပိုပြီးတော့ မြင့်တက်လာလိမ့်မယ်"
"စောင့်နေလိုက်စမ်းပါ... အရင်က ကျောက်တုံးနက်ကို ငါ သေချာပေါက် ပြန်လုယူမယ်"
ရှုချွမ်းကို တွေးမိလိုက်သည်နှင့်တစ်ပြိုင်နက် ချန်ဖုန်း၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ နောက်ထပ်တစ်ကြိမ် ဆူပွက်လာခဲ့ရပြန်သည်။
ရှုချွမ်းက မိမိသဘောကျသော ကျောက်တုံးနက်ကို ကြားဖြတ်လုယူသွားခြင်း ဖြစ်စေ၊ မိမိ၏ နတ်ဘုရားအာရုံကို ဖြတ်တောက်ခဲ့ခြင်း ဖြစ်စေ ဤအရာအားလုံးမှာ ရှုချွမ်းအပေါ် ထားရှိသော သူ၏ သတ်ဖြတ်လိုစိတ်အတွက် အကြောင်းပြချက်များ ဖြစ်နေခဲ့သည်။
သူက စိတ်ပိုင်းဖြတ်လိုက်သည်။
ရှုချွမ်းကို ဖမ်းဆီးရမိသည်နှင့်တစ်ပြိုင်နက် အရက်စက်ဆုံးသော နည်းလမ်းများကို အသုံးပြု၍ နှိပ်စက်ညှဉ်းပန်းကာ သူ့ဘဝကို သေတာထက် ပိုမိုဆိုးရွားသွားအောင် ပြုလုပ်ပစ်မည် ဖြစ်သည်။
ယခင်က ရှုချွမ်းက သူ၏ နတ်ဘုရားအာရုံကို တိုက်ရိုက် ဖြတ်တောက်နိုင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့်... သူက လောလောဆယ်တွင် ရှုချွမ်း၏ ပြိုင်ဘက်မဟုတ်ကြောင်း သိသာလှပေသည်။ သူ၏ စိတ်ထဲတွင် ထိုမျှလောက်သော ကိုယ်ကိုယ်ကိုယ် သိစိတ်တော့ ရှိနေသေးသည်။
သို့သော်လည်း သူက ကြယ်အမြုတေကို သန့်စင်ပြီးပါက သူ၏ ခွန်အား မှာ သေချာပေါက် မိုးပျံမတတ် မြင့်တက်သွားလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
ထိုအချိန်ကျမှသာ ရှုချွမ်းကို မိမိစိတ်ကြိုက် ခြယ်လှယ်နိုင်မည် မဟုတ်ပါလော။
သို့သော်... သူ၏ လက်ထဲတွင် အဆင့်နိမ့် ယွမ်ကျောက်တုံး ၂ သန်းကျော်မျှသာ ရှိနေပြီး ကြယ်အမြုတေ အပိုင်းအစအတွက် မည်သို့ ဈေးပြိုင်ရမည်နည်းဟူသော အချက်နှင့်ပတ်သက်၍မူ... သူ စိုးစဉ်းမျှ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။
အကယ်လို့ ဈေးပြိုင်ပြီး မဝယ်နိုင်ဘူးဆိုရင်... လုယူရုံပဲပေါ့
ဤဝမ်ပေါင်မျှော်စင်၏ အပြင်တွင်ဆိုပါက သူ၏ 'ကမ္မနယ်ပယ် ' ခွန်အား မှာ မြို့တော်အတွင်း၌ အင်အားကြီးမားသော အဆင့်တွင် တည်ရှိနေသည်။
တစ်ဖက်လူအနေဖြင့် ၎င်းကို မိမိထံသို့ မလွှဲမပြောင်းပေးဘဲ မနေရဲလောက်ဟု သူ ယုံကြည်နေခဲ့သည်။
သူတို့နှစ်ဦးစလုံး မိမိတို့၏ ကိုယ်ပိုင်အတွေးများဖြင့် နစ်မြောနေကြစဉ်မှာပင်... ကြယ်အမြုတေအတွက် ဈေးပြိုင်ပွဲမှာ စတင်နေခဲ့ပြီ ဖြစ်သည်။
"အဆင့်နိမ့် ယွမ်ကျောက်တုံး နှစ်သန်း"
"နှစ်သန်းခွဲ"
"တစ်ခါခေါ်ရင် ဒီလောက်လေးပဲ တိုးနေပြီးတော့ လူအများရှေ့မှာ လာပြီး အရှက်ခွဲရဲသေးတယ်လား၊ ငါ ယွမ်ကျောက်တုံး လေးသန်း ပေးတယ်"
"ခြောက်သန်း.. အားလုံးပဲ ငါ့ ရဲ့ မြေးဖြစ်သူ စွန်းထုံရဲ့ မျက်နှာကို ထောက်ထားပေးကြပါဦး။ ငါ့ ရဲ့ သားက မွေးရာပါ ချို့တဲ့မှုရှိပြီး ပါရမီကလည်း ထုံအ လှတာမို့လို့ ဒီပစ္စည်းကို အလွန်အမင်း လိုအပ်နေလို့ပါ"
"ဘယ်မိသားစုမှာ ဒီလိုမျိုး မျိုးဆက်သစ် လူငယ်တွေ မရှိဘဲ နေမှာလဲဗျာ၊ ခင်ဗျားပြောတာက သောက်တလွဲတွေပဲ၊ ငါ ရှစ်သန်း ပေးတယ်"
...
ဈေးနှုန်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်သွားခဲ့ပြီး သန်း ၁၀ ဂဏန်းအထိ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
ဤဈေးနှုန်းမှာ အဆင့်နိမ့် ကောင်းကင်အဆင့် သိုင်းပညာ တစ်ခုကိုပင် ဝယ်ယူရန် လုံလောက်လှပေသည်။
နောက်ဆုံးတွင် ဈေးပြိုင်မှုမှာ အဆင့်နိမ့် ယွမ်ကျောက်တုံး ၁၀ သန်းကို ကျော်လွန်သွားခဲ့တော့သည်။
ဤအဆင့်သို့ ရောက်ရှိလာသောအခါ ဈေးခေါ် သံများ၏ အရှိန်မှာ တဖြည်းဖြည်း လျော့နည်းသွားခဲ့ရသည်။
တစ်ကြိမ်လျှင် ဈေးနှုန်းတိုးမြှင့်မှုမှာ ယွမ်ကျောက်တုံး ငါးသိန်းထက် မပိုတော့ပေ။
ထင်ရှားလှသည်မှာ ယွမ်ကျောက်တုံး ၁၀ သန်းဈေးနှုန်းမှာ လူအမြောက်အမြား၏ စိတ်ကူးထားသည် ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်ခြင်းကြောင့် ဖြစ်သည်။
ဆက်လက်၍ ပြိုင်ဆိုင်နေပါက ကြီးမားသော ဘဏ္ဍာရေး ဖိအားကို ဖြစ်ပေါ်စေနိုင်သည်။
မူလက ယုံကြည်မှုအပြည့် ရှိနေခဲ့ကြသော လူအများအပြားမှာလည်း စတင်လက်လျှော့လာကြတော့သည်။
သူတို့အားလုံးမှာ ဤပစ္စည်း၏ ဆွဲဆောင်မှုကို လုံးဝ အထင်သေးခဲ့မိကြခြင်း ဖြစ်သည်။
ထို့နောက်တွင်မူ ထိပ်တန်းအင်အားစုများနှင့် မိသားစုကြီးများသာလျှင် ဤပစ္စည်းအတွက် ဆက်လက်ပြိုင်ဆိုင်နိုင်ကြတော့သည်။
မကြာမီမှာပင် ကျယ်ပြောလှသော လေလံပွဲခန်းမကြီးအတွင်း၌ လူအနည်းငယ်သာ ဈေးပြိုင်ရန် ကျန်ရှိတော့သည်။
"အဆင့်နိမ့် ယွမ်ကျောက်တုံး ၁၆ သန်း"
"ဒီထက်ပိုပြီး မြင့်မားတဲ့ ဈေးနှုန်းကို ပေးမယ့်သူ ရှိပါသေးသလားခင်ဗျာ"
"၁၆ သန်း ပထမအကြိမ်"
"၁၆ သန်း ဒုတိယအကြိမ်"
"၁၆ သန်း တတိယ..."
လေလံပွဲဝန်ထမ်း က တူဖြင့် ထု တော့မည့် ဆဲဆဲအချိန်မှာပင်... ရုတ်တရက်ဆိုသလို...
"အဆင့်နိမ့် ယွမ်ကျောက်တုံး သန်းနှစ်ဆယ်"
အနောက်တန်းတွင် ထိုင်နေသော ရှုချွမ်းက ဈေးခေါ်လိုက်ခြင်း ဖြစ်သည်။
သူက ယခင်လူ ခေါ်ထားသော ၁၆ သန်းဟူသော ဈေးနှုန်းကို တစ်ခါတည်းနှင့်တင် သန်း ၂၀ အထိ တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
တစ်ကြိမ်တည်းနှင့်တင် ယွမ်ကျောက်တုံး ၄ သန်းအထိ တိုးမြှင့်လိုက်ခြင်းပင်။
ချက်ချင်းဆိုသလိုပင် လူတိုင်းက ခေါင်းလှည့်ကြည့်လာကြပြီး ရှုချွမ်း ရှိရာနေရာသို့ စိုက်ကြည့်ကြတော့သည်။
ဈေးခေါ်လိုက်သူမှာ သန့်ရှင်းပြီး ချောမောသော မျက်နှာပိုင်ရှင် လူငယ်လေးတစ်ဦးသာ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အချို့လူများက ရှုချွမ်း၏ လုပ်ရပ်အပေါ် စတင်၍ သံသယဝင်လာကြတော့သည်။
"ဒီကောင်... ဝမ်ပေါင်မျှော်စင်က လူ ဖြစ်နေပြီးတော့ ဈေးတက်အောင် တမင်သက်သက် ကြားညှပ်အော်ပေးနေတာ မဟုတ်ဘူးလား"
"ငါလည်း အဲဒီလိုပဲ ထင်တယ်၊ ဒီမြို့တော်ထဲက ဘယ်သခင်လေးကများ ဒီလောက်များပြားတဲ့ ယွမ်ကျောက်တုံးတွေကို တည်ငြိမ်စွာနဲ့ ထုတ်ပေးနိုင်မှာလဲ"
"သူက တကယ်ပဲ အဲဒီလောက် ယွမ်ကျောက်တုံးတွေကို ထုတ်ပေးနိုင်လို့လား၊ ဟန်ဆောင်ပန်ဆောင် လုပ်နေတာ မဟုတ်ပါဘူးနော်..."
လူအမြောက်အမြားက ရှုချွမ်းအနေဖြင့် ဤမျှများပြားလှသော ယွမ်ကျောက်တုံးပမာဏကို အမှန်တကယ် ထုတ်ပေးနိုင်ခြင်း ရှိမရှိနှင့်ပတ်သက်၍ စတင်မေးခွန်းထုတ်ကာ ဆွေးနွေးလာကြသည်။
သို့သော်လည်း ဤကဲ့သို့သော သံသယများနှင့် ရင်ဆိုင်ရချိန်တွင် ရှုချွမ်းမှာမူ တည်ငြိမ်နေဆဲ ဖြစ်ကာ... သိုလှောင်လက်စွပ် တစ်ကွင်းကို ပေါ့ပေါ့ပါးပါးပင် ထုတ်ယူလိုက်ပြီး လေလံပွဲဝန်ထမ်း ထံသို့ ဝေ့ယမ်းမြှောက်ပေးလိုက်သည်။
လေလံပွဲဝန်ထမ်း က သိုလှောင်လက်စွပ်ကို ဂရုတစိုက် ကိုင်တွယ်လိုက်ပြီးနောက် အနီးကပ် စစ်ဆေးကြည့်လိုက်တော့သည်။
သူ၏ နတ်ဘုရားအာရုံကို သိုလှောင်လက်စွပ်အတွင်းသို့ ထိုးဖောက်ကြည့်လိုက်သောအခါ... သူ၏ မျက်လုံးများမှာ အလင်းစူးသွားသည့်အလား ဖြစ်သွားခဲ့ရသည်။
သိုလှောင်လက်စွပ်အတွင်း၌ ယွမ်ကျောက်တုံးများမှာ တောင်တစ်လုံးကဲ့သို့ ပုံကျနေခဲ့သည်။
အဆင့်နိမ့် ယွမ်ကျောက်တုံး သန်း ၂၀... တစ်စက်မျှ လျော့နည်းခြင်း မရှိပေ။
အကြိမ်ကြိမ် အတည်ပြုပြီးနောက်တွင်မူ သူက သိုလှောင်လက်စွပ်ကို ရှုချွမ်းထံသို့ ရိုရိုသေသေ ပြန်လည်အပ်နှံလိုက်သည်။
ထို့နောက်တွင် လူအများရှေ့မှောက်၌ တရားဝင် ကြေညာလိုက်တော့၏။
"ကျွန်တော်တို့ရဲ့ ဝမ်ပေါင်မျှော်စင် ကုန်သွယ်ရေးအဖွဲ့ရဲ့ အတည်ပြုချက်အရ... ဒီဧည့်သည်တော်ဟာ ဒီပစ္စည်းကို ဝယ်ယူဖို့အတွက် လုံလောက်တဲ့ ယွမ်ကျောက်တုံး ပမာဏကို ပိုင်ဆိုင်ထားကြောင်း အတည်ပြုပါတယ်"
"ဝိုး"
ဤစကားကို ကြားလိုက်ရသောအခါ ပွဲကြည့်ပရိသတ်များမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားခဲ့ကြတော့သည်။
ဤမျှ ငယ်ရွယ်လှသော လူငယ်တစ်ဦးက ဤမျှများပြားလှသော ယွမ်ကျောက်တုံးတွေကို အမှန်တကယ် ထုတ်ပေးနိုင်သည်ကို သူတို့ ယုံကြည်ရခက်နေကြခြင်း ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် သူတို့၏ စိတ်ထဲ၌ မနာလိုဖြစ်မှုနှင့် အားကျမှု လှိုင်းတံပိုးများ မြင့်တက်လာခဲ့ရသည်။
လူအချို့မှာမူ ရှုချွမ်း၏ ရုပ်သွင်နှင့် အော်ရာ ကို မှတ်သားထားကြပြီး သူ ဝမ်ပေါင်မျှော်စင်မှ ထွက်ခွာသွားချိန်ကျမှ ခြုံခိုတိုက်ခိုက်ရန် ကြံစည်လိုက်ကြတော့သည်။
ရှုချွမ်းကမူ ဤအရာများနှင့်ပတ်သက်၍ လွန်စွာ တည်ငြိမ်နေခဲ့သည်။
အကယ်၍ သူတို့အနေဖြင့် ယခုလက်ရှိ မြင်တွေ့နေရသော ရုပ်သွင်အပေါ် မူတည်ပြီး လိုက်လံရှာဖွေမည်ဆိုပါက... ၎င်းမှာ တကယ့်ကို ထူးဆန်းလှသော ကိစ္စ ဖြစ်ပေလိမ့်မည်။
ဘယ်လိုမှ မဖြစ်နိုင်ပေ။
အခြားတစ်ဖက်တွင်မူ... ချန်ဖုန်း၏ မျက်နှာထက်၌ နောက်ထပ်တစ်ကြိမ် နာကျင်စရာကောင်းလှသော မျက်နှာပေး ပေါ်ထွက်လာခဲ့ရပြန်သည်။
ယနေ့ ဘာတွေဖြစ်နေတာလဲ ဘာဖြစ်လို့ သူ သဘောကျတဲ့ ပစ္စည်းတွေ ရှိလာတိုင်း အမြဲတမ်း တစ်စုံတစ်ယောက်က ကြားဖြတ်လုယူဖို့ ထွက်ပေါ်လာရတာလဲ၊ ထို့အပြင် သူတို့အားလုံးမှာ ချမ်းသာကြွယ်ဝသူများဖြစ်ကြပြီး တစ်ခါတည်းနှင့်တင် ယွမ်ကျောက်တုံး သန်းပေါင်းများစွာကို သုံးစွဲနိုင်ကြသည်။
ဤသည်မှာ သူ့ကို မုန်းတီးလွန်းသဖြင့် သွားကြိတ်မိစေခဲ့သည်။
ယခင်ကမူ သူက ဤကြယ်အမြုတေ အပိုင်းအစကို အခြားသူတစ်ဦးဦးက ဝယ်ယူသွားပြီးနောက်မှ ထိုသူကို ခြုံခိုတိုက်ခိုက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့်... သူ မျှော်လင့်ထားသောအရာမှာ နောက်ထပ်တစ်ကြိမ် ရိုက်ချိုးခြင်း ခံလိုက်ရပြန်ပြီ ဖြစ်သည်။
တစ်ဦးတည်း လာရောက်ပြီး ဤမျှများပြားလှသော ယွမ်ကျောက်တုံးတွေကို သယ်ဆောင်လာနိုင်သူမှာ... သူ သွားရောက် ရန်စနိုင်သောသူ မဟုတ်ပေ။
ထို့အပြင် ဤကဲ့သို့သော လူမျိုး၏ နောက်ကွယ်တွင် သေချာပေါက် အစွမ်းထက်လှသော အစောင့်အရှောက်များ ရှိနေပေလိမ့်မည်။
အကယ်၍ သူသာ သွားရောက်ခြုံခိုတိုက်ခိုက်ရန် ဝံ့ရဲပါက... ၎င်းမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းသာ ဖြစ်ပေလိမ့်မည်။