← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) - အမာခံပရိသတ်

မုန့်ကျယ်လန်က ထိုသို့ပြောပြီးနောက် သူတို့လေးဦးလုံးမှာ ကျူးလင်ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြလေသည်။

နန်းတွင်းဇာတ်လမ်းတွဲများထဲမှ အားနွဲ့လှသော မင်းသမီးလေးများကဲ့သို့ ကျူးလင်၏ လှပချောမောလှသော မျက်နှာလေးကို ကြည့်ရင်း ဟန်ရှင်းယွဲ့က ခေါင်းခါကာ ပြောလိုက်သည်။

"မုန့်မုန့်... နင်ကလည်း အရမ်းဇွတ်တရွတ်နိုင်တာပဲ... တကယ်လို့ ဒီတာဝန်ကို မပြီးမြောက်နိုင်ရင် ဘယ်လိုလုပ်မလဲ... အစ်မကျူးလင်ကိုပါ ငါတို့နဲ့အတူ ဒုက္ခပေးသလို ဖြစ်သွားမှာပေါ့..."

သူတို့လေးဦး အငြင်းပွားနေသည်ကို မြင်သောအခါ ကျူးလင်က ရုတ်တရက် ပြောလိုက်သည်။

"မုန့်ကျယ်လန်က တာဝန်ကို လက်ခံပြီးပြီဆိုမှတော့ အရင်သွားကြည့်ကြတာပေါ့... စောစောထွက်ရင် ဒီနေ့ပဲ ရွာရောက်မှာပါ..."

သူမ၏စကားကို ကြားလိုက်ရသဖြင့် မုန့်ကျယ်လန်၏ မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာချေသည်။

သူမသည် အကျင့်အရ ကျူးလင်၏ လက်မောင်းကို လှမ်းဖက်ရန် ပြင်လိုက်သော်လည်း ကျူးလင်၏ တည်ငြိမ်အေးစက်သော မျက်နှာကို မြင်လိုက်ရချိန်တွင် ရုတ်တရက် ရပ်တန့်သွားလေသည်။

ကျူးလင်သည် သူမနှင့် ရင်းနှီးလှသော သူငယ်ချင်းမဟုတ်သည်ကို သတိရသွားသဖြင့် မုန့်ကျယ်လန်မှာ အနေရခက်စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်မကျူးလင်..."

ကျူးလင်က ခေါင်းညိတ်ပြကာ မေးလိုက်သည်။

"ငါတို့ တာဝန်ကို အရင်ဆုံး မှတ်ပုံတင်ရမှာ မဟုတ်ဘူးလား..."

ဝမ်နက ကျိုးယွီယန်၏ လက်ထဲမှ တာဝန်ပေးစာရွက်ကို လှမ်းယူလိုက်ရင်း ပြောလိုက်သည်။

"နင်တို့ ဒီမှာပဲ စောင့်နေကြ... ငါ သွားပြီး တာဝန်မှတ်ပုံတင်လိုက်ဦးမယ်..."

ထိုသို့ပြောပြီးနောက် သူမသည် မှတ်ပုံတင်ကောင်တာဆီသို့ လျင်မြန်စွာ လျှောက်သွားလေသည်။ မှတ်ပုံတင်ကောင်တာရှေ့တွင် တန်းစီနေသော လူတန်းကြီးမှာ အလွန်ရှည်လျားလှသဖြင့် ကျိုးယွီယန်က ပြောလိုက်သည်။

"ငါတို့ အပြင်ဘက်မှာပဲ သွားစောင့်ကြရင် မကောင်းဘူးလား..."

ယနေ့တွင် တာဝန်ပေးခန်းမထဲ၌ လူအလွန်များပြားနေသဖြင့် အနည်းငယ် မွန်းကျပ်နေပြီး လေထုထဲတွင်လည်း ချွေးနံ့နှင့် ကိုယ်နံ့များ ဖုံးလွှမ်းနေချေသည်။

ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ကျူးလင်နှင့် ထူထူမှလွဲ၍ ကျန်ရှိသူအားလုံးမှာ ဆက်လက်မတောင့်ခံနိုင်ကြတော့ပေ။

ကျိုးယွီယန်၏ အကြံပြုချက်ကို ကြားလိုက်ရသောအခါ မုန့်ကျယ်လန်နှင့် ဟန်ရှင်းယွဲ့တို့မှာ ခေါင်းကို တရစပ်ညိတ်ပြကြပြီး ကျိုးယွီယန်ကိုဆွဲကာ တာဝန်ပေးခန်းမအပြင်ဘက်သို့ လျင်မြန်စွာ ထွက်လာခဲ့ကြတော့သည်။

ထိုသုံးဦးမှာ အပြင်ဘက်တွင် စောင့်နေကြပြီဖြစ်ကြောင်း မြင်သဖြင့် ကျူးလင်သည်လည်း လှည့်ထွက်လာခဲ့လေသည်။

သူမ ခြေတစ်လှမ်းပင် မလှမ်းရသေးခင် တစ်စုံတစ်ယောက်က သူမ၏ပုခုံးကို ပုတ်လိုက်သည်။ သူမ ခေါင်းလှည့်ကြည့်လိုက်သောအခါ ပြုံးပြနေသော ထန်ဝေ့ကို တွေ့လိုက်ရသည်။

ထန်ဝေ့က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း မေးလိုက်သည်။

"ရှောင်လင်... မင်း ဒီမှာ ဘာလုပ်နေတာလဲ..."

သူသည် ကျူးလင်က မိန်းကလေးတစ်စုနှင့် စကားပြောနေသည်ကို စောစောက မြင်တွေ့ခဲ့ပုံရသည်။ ယခုအခါ သူမတစ်ဦးတည်း ရှိနေသည်ကို မြင်သဖြင့် သူက ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်က မင်း လောင်ရှို့နဲ့ အတူရှိနေတယ်ထင်လို့..."

ကျူးလင်က ခေါင်းခါပြကာ ပြောလိုက်သည်။

"သူ့ကို နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့ငါးရက်က... သူ ကျွန်မအိမ်ကနေ ထွက်သွားတဲ့အချိန်ပဲ..."

သူမ၏အဖြေကို ကြားလိုက်ရသဖြင့် ထန်ဝေ့မှာ မျက်မှောင်အနည်းငယ် ကြုတ်သွားလေသည်။ ရှို့ဝူသည် ကျူးလင်ထံသို့ ပုံဆောင်ခဲအမြုတေ သွားပေးချင်သဖြင့် သူတို့ကို အလျင်စလို ထားခဲ့ခြင်းဖြစ်သည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျူးလင်၏ မျက်နှာအမူအရာကို ကြည့်ရသရွေ့ သူမသည် ရှို့ဝူနှင့် တွေ့ဆုံခဲ့ပုံမရချေ။

ထန်ဝေ့က တွေးလိုက်မိသည်။

'လောင်ရှို့တစ်ယောက် ဘာတွေလုပ်နေတာလဲ... သူက ရှောင်လင်ဆီ သွားမရှာဘဲ အိမ်ပြန်ပြီး အိပ်ပျော်နေတာများလား...'

သူ တွေးတောနေစဉ်မှာပင် ဝမ်နက လျှောက်လာပြီး ပြောလိုက်သည်။

"အစ်မ... သွားလို့ရပြီ... ကျွန်မ တာဝန်မှတ်ပုံတင်တာ ပြီးသွားပြီ..."

မိန်းကလေးတစ်ဦး၏ အသံကို ကြားလိုက်ရသဖြင့် ထန်ဝေ့မှာ လှည့်ကြည့်လိုက်ရာ သူတို့ဆီသို့ လျှောက်လာသော မိန်းကလေးပျိုတစ်ဦးကို တွေ့လိုက်ရသည်။ သူက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။

"ရှောင်လင်... မင်း သူ့ကို သိလို့လား..."

ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"သူက ကျွန်မနဲ့ တစ်ထပ်တည်းမှာ နေတဲ့ မိန်းကလေးတွေထဲက တစ်ယောက်ပဲ..."

ထန်ဝေ့က ခေါင်းညိတ်လိုက်ပြီး ထပ်မံမေးလိုက်သည်။

"မင်းတို့ တစ်နေရာရာကို သွားမလို့လား..."

ကျူးလင် ပြန်မဖြေနိုင်သေးခင်မှာပင် ဝမ်နက မယုံကြည်နိုင်ဟန်ဖြင့် ဦးစွာမေးလိုက်လေသည်။

"ရှင်... ရှင်က ထန်ဝေ့လား..."

ထန်ဝေ့က သူမကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်ပါတယ်..."

သူ၏အဖြေကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဝမ်နမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်လိုက်မိတော့သည်။

ထန်ဝေ့မှာ သူမ၏ ရုတ်တရက် အော်ဟစ်သံကြောင့် လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ ကျူးလင်၏အနားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"ရှောင်လင်... မင်း သူငယ်ချင်းပေါင်းတဲ့အခါ ဂရုစိုက်မှ ဖြစ်မယ်..."

ကျူးလင်မှာ သူပြောလိုသည့် အဓိပ္ပာယ်ကို နားမလည်သဖြင့် ခေါင်းလေးကို အနည်းငယ်စောင်းကာ ဇဝေဇဝါဖြစ်နေသော မျက်နှာလေးဖြင့် ပြောလိုက်သည်။

"အင်း... ကျွန်မ ဂရုစိုက်ပါ့မယ်..."

သူတို့နှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောနေကြစဉ် ဝမ်နမှာ နောက်ဆုံးတွင် စိတ်ငြိမ်သွားချေသည်။ သူမက ထန်ဝေ့ကို အားကျကြည်ညိုသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အစ်ကိုထန်... ကျွန်မက အစ်ကို့ရဲ့ အမာခံပရိသတ်ပါ... ကျွန်မကို လက်မှတ်လေးတစ်ခုလောက် ထိုးပေးလို့ ရမလားဟင်..."

သူမ၏စကားကို ကြားလိုက်ရသဖြင့် ထန်ဝေ့မှာ အနည်းငယ် အနေရခက်သွားလေသည်။ သူ၌ ပရိသတ်များ ရှိနေသည်ကို သူ တစ်ခါမျှ မသိခဲ့ဖူးချေ။

ထို့ပြင် သူ ပထမဆုံး တွေ့ဆုံရသော ပရိသတ်မှာလည်း တက်ကြွလွန်းလှသော မိန်းမပျိုတစ်ဦး ဖြစ်နေသည်။

သူ၏ မျက်နှာအမူအရာကို မြင်သောအခါ ဝမ်နက လက်ကို အလျင်အမြန် ယမ်းပြကာ ကိုယ်ကို အနည်းငယ်ညွတ်၍ ပြောလိုက်သည်။

"စိတ်မရှိပါနဲ့... အစ်ကို အဆင်မပြေရင် လက်မှတ်ထိုးမပေးလည်း ရပါတယ်... ဒီမှာ အစ်ကိုနဲ့ ဆုံရတာတင် ကျွန်မ တော်တော်လေး ပျော်နေပါပြီ..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်နမှာ အံကိုတင်းတင်းကြိတ်ကာ ခေါင်းမော့၍ သတ္တိမွေးကာ မေးလိုက်သည်။

"ဒါဆို... ကျွန်မတို့ လက်ဆွဲနှုတ်ဆက်လို့ ရမလားဟင်..."

"..."

ရှက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် နီမြန်းနေသော သူမ၏ မျက်နှာလေးကို ကြည့်ရင်း ထန်ဝေ့မှာ သက်ပြင်းချမိကာ ဘာပြောရမှန်း မသိတော့ပေ။

သူက ကျူးလင်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး တွေးလိုက်သည်။

'ထားလိုက်ပါတော့... သူက ရှောင်လင်ရဲ့ သူငယ်ချင်းပဲဥစ္စာ... တစ်ခါလောက်တော့ လက်ဆွဲနှုတ်ဆက်ပေးလိုက်ပါ့မယ်...'

ထိုသို့တွေးတောလိုက်ရင်း ထန်ဝေ့က ခေါင်းညိတ်ပြကာ ဝမ်န၏လက်ကို ဆွဲနှုတ်ဆက်ရန် လက်လှမ်းပေးလိုက်လေသည်။ သူမ၏ စိတ်ကူးယဉ်နတ်သားလေးနှင့် ခေတ္တမျှ လက်ဆွဲနှုတ်ဆက်လိုက်ရပြီးနောက် ဝမ်န၏ ဝိညာဉ်မှာ ကောင်းကင်ဘုံသို့ ပျံ့လွင့်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

ထန်ဝေ့မှာ စိတ်ကူးယဉ်နေသော မိန်းကလေးကို ဂရုမစိုက်တော့ဘဲ ကျူးလင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"သူ စောစောက တာဝန်မှတ်ပုံတင်တဲ့အကြောင်း ပြောတာ ကြားလိုက်တယ်... ရှောင်လင်... မင်း သူတို့နဲ့အတူ တာဝန်သွားထမ်းဆောင်မလို့လား..."

ကျူးလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ဟုတ်တယ်... ကျွန်မ သူတို့အဖွဲ့နဲ့အတူ ဒီကနေ ကီလိုမီတာငါးဆယ်လောက် ဝေးတဲ့ ရွာလေးတစ်ရွာကို သွားမလို့... ဒါက ရိုးရှင်းတဲ့ ရှင်းလင်းရေးတာဝန်တစ်ခုပဲ... ဘာမှ ထူးထူးခြားခြား မရှိရင် သုံးရက်အတွင်း ပြန်ရောက်လိမ့်မယ်..."

သူမ၏အဖြေကို ကြားလိုက်ရသောအခါ ထန်ဝေ့မှာ ယခုရက်ပိုင်းအတွင်း ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသော ရှို့ဝူ၏ မျက်နှာသေကြီးကို ပြန်လည်တွေးတောမိသွားလေသည်။

သူသည် ကလေးတစ်ယောက်မဟုတ်ဘဲ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးဖြစ်ကြောင်း ကျူးလင်ကို သက်သေပြလိုသဖြင့် အန္တရာယ်များလှသော ရှင်းလင်းရေးတာဝန်အချို့ကို လက်ခံခဲ့ခြင်း ဖြစ်သည်။

သူ့ကို တစ်ဦးတည်း မလွှတ်နိုင်သဖြင့် ကျီယန်နှင့် ထန်ဝေ့တို့ကလည်း အတူလိုက်ပါသွားရန် ဆုံးဖြတ်ခဲ့ကြပြီး ယနေ့မှသာ ပြန်လည်ရောက်ရှိလာကြခြင်း ဖြစ်သည်။

ကံဆိုးစွာဖြင့် ရှို့ဝူမှာ သူ ပင်ပန်းကြီးစွာ ရှာဖွေလာခဲ့သော အရာများကို ကျူးလင်၏လက်ထဲသို့ မပေးအပ်နိုင်သေးခင်မှာပင် သူမသည် တာဝန်တစ်ခုကို လက်ခံရရှိထားပြီးဖြစ်ကာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့ချေပြီ။

All Chapters