← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) - အနည်းငယ် ထူးဆန်းနေခြင်း

ဟန်ရှင်းယွဲ့က ခေါင်းကို ကုတ်လိုက်ရင်း ဇဝေဇဝါဖြင့် ပြောလိုက်သည်။

"အစ်မကျူးလင်နဲ့ အရမ်းနီးကပ်လွန်းလို့လားမသိဘူး... ဒီဝတ်ရုံက သူ့ပတ်ပတ်လည်က အပူချိန်ကို တကယ်ပဲ လျှော့ချပေးနိုင်ပုံရတယ်..."

သူတို့နောက်မှ လျှောက်လာသော ကျီယန်က မရယ်ဘဲ မနေနိုင်တော့သဖြင့် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အဲဒီ‌မိန်းကလေး ပြောတာ မှန်တယ်... သူတို့က ရှောင်လင်နဲ့ အရမ်းနီးကပ်လွန်းလို့ အေးစိမ့်သွားကြတာ..."

“အဲဒါကြောင့် လောင်ရှို့ခမျာ ရှောင်လင်နဲ့ ဘေးချင်းယှဉ်ပြီး လျှောက်ခွင့်ရမယ့် အခွင့်အရေးကြီး ဆုံးရှုံးသွားရတာပေါ့..."

ထန်ဝေ့ကလည်း မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ထောက်ခံလိုက်သည်။

"ငါလည်း အဲဒီလိုပဲ ထင်တယ်..."

သူတို့၏ စနောက်ခြင်းကို ခံလိုက်ရသဖြင့် ရှို့ဝူက သူတို့ကို တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်ပြီးနောက် လျစ်လျူရှုထားလိုက်လေသည်။

ထိုအဖွဲ့သည် နောက်ထပ် သုံးနာရီခန့် ဆက်လက်လျှောက်လှမ်းပြီးနောက် လမ်းဘေးတွင် စွန့်ပစ်ထားသော ဘတ်စ်ကားမှတ်တိုင်တစ်ခုကို လှမ်းမြင်လိုက်ကြရ၏။

သံခုံတန်းလျားပေါ်တွင် ထိုင်လိုက်ရင်း ဝမ်နက ချွေးများကို သုတ်ကာ ပြောလိုက်သည်။

"ဒီလောက် ပူပြင်းတဲ့ ရာသီဥတုမှာ လမ်းလျှောက်ရတာ တကယ်ကို ပင်ပန်းလွန်းတယ်..."

မုန့်ကျယ်လန်က ရေသန့်ဘူးကို ထုတ်ကာ တစ်ငုံသောက်လိုက်ပြီးနောက် ပြောလိုက်သည်။

"ငါ့ဖိနပ်တောင် နည်းနည်း အရည်ပျော်နေပြီ... ဒီအတိုင်းသာ ဆက်လျှောက်နေရင် နောက်ထပ် နှစ်နာရီလောက်ဆို ခြေဗလာနဲ့ လျှောက်ရတော့မယ် ထင်တယ်..."

သူတို့နှစ်ဦး အချင်းချင်း ညည်းတွားနေကြစဉ် အခြားတစ်ဖက်တွင် ထိုင်နေသော ကျီယန်က သူ၏နေရာလွတ်ထဲမှ ဆန်းဒဝှစ် လေးထုပ်ကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။

"ငါ မထွက်ခွာခင် ဘာမှပြင်ဆင်ဖို့ အချိန်မရလိုက်ဘူး... ဒီနေ့တော့ ရိုးရိုးရှင်းရှင်းပဲ စားလိုက်ကြရအောင်..."

ဆန်းဒဝှစ်များကို ဝေမျှပေးပြီးနောက် သူက ကျူးလင်ကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။

"ရှောင်လင်... လောင်ရှို့က မင်းအတွက် သီးသန့်လုပ်ပေးထားတာ... မြည်းကြည့်ပါဦး... မင်း ကြိုက်ရဲ့လားလို့..."

သူပြောသည်ကို ကြားသောအခါ ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပလတ်စတစ်အကြည်အိတ်ကို ဖွင့်ကာ ဟင်းသီးဟင်းရွက်ဆန်းဒဝစ်ကို တစ်ကိုက် ကိုက်လိုက်လေသည်။

သူမ ဆန်းဒဝစ်ကို စားနေစဉ် မျက်ဝန်းများ တောက်ပသွားပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်ကာ ပြုံးယောင်သန်းသွားချေသည်။

သူမက ရှို့ဝူကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"တကယ် အရသာရှိတယ်..."

သူမ အလွန်အရသာရှိစွာ စားနေသည်ကို မြင်သောအခါ ထူထူက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

'သခင်မလေး... ထူထူကိုလည်း နည်းနည်းလောက် ပေးမြည်းပေးပါဦး...'

ကျူးလင်က ဟင်းသီးဟင်းရွက်ဆန်းဒဝှစ်ကို နှစ်ပိုင်း ပိုင်းလိုက်ပြီး တစ်ပိုင်းကို ထူထူထံ ပေးလိုက်လေသည်။ ယုန်ကလေးက တစ်ကိုက် ကိုက်လိုက်ပြီးနောက် မျက်လုံးလေးများကို မှိတ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

'ဝါး... ဒါက တကယ် အရသာရှိလွန်းတယ်...'

ထူထူလည်း ဆန်းဒဝှစ်ကို ကြိုက်နှစ်သက်သည်ကို မြင်သဖြင့် သူမက ဆန်းဒဝစ်၏ ထက်ဝက်ကို ထူထူအား ပေးလိုက်လေသည်။

ရှို့ဝူမှာမူ ကျူးလင်၏ ချီးကျူးမှုကို ခံလိုက်ရပြီးနောက် စိတ်ခံစားချက်များ အလွန်ကောင်းမွန်သွားချေသည်။ သူ၏ပတ်ပတ်လည်ရှိ အုံ့မှိုင်းသော အငွေ့အသက်များမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်ဝန်းလေးများ လခြမ်းကွေးပုံသဏ္ဌာန် ဖြစ်သွားသည်အထိ ပြုံးလိုက်မိသည်။

ကျူးလင်က ထူထူနှင့် ဆန်းဒဝှစ်ကို ဝေမျှစားနေသည်ကို မြင်သောအခါ ရှို့ဝူက ဆန်းဒဝှစ်တစ်ထုပ်ကိုသာ စားလိုက်ပြီး ကျန်ရှိသော ဆန်းဒဝှစ်များကို သူမထံ ပေးလိုက်လေသည်။

ကျူးလင်က သူ့ကို ကြည့်ကာ မေးလိုက်သည်။

"ရှင် ဘာလို့ ဆန်းဒဝှစ်တစ်ထုပ်ပဲ စားတာလဲ..."

သူက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

"ကိုယ် သိပ်မဆာလို့ပါ..."

သူမက သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ကျူးလင်သည် သူပြောလိုက်သော စကားမှာ ဆင်ခြေတစ်ခုသာ ဖြစ်ကြောင်း အမှန်တကယ် သိရှိပေသည်။

သူတို့ အတူတူ အကြိမ်ပေါင်းများစွာ စားသောက်ခဲ့ဖူးသဖြင့် သူ ဗိုက်ပြည့်ရန် မည်မျှ စားသည်ကို ကျူးလင် ကောင်းစွာ သိရှိထားပြီး ဖြစ်၏။

သူ၏ မျက်နှာအမူအရာကို မြင်ရသည့်အခါ သူမသည် သူ၏ စေတနာကို မငြင်းပယ်နိုင်တော့ဘဲ ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်ရလေသည်။

သူမက မျက်တောင်လေးများကို ပင့်တင်ကာ ပြုံးလိုက်ရင်း တွေးလိုက်မိသည်။

'သူ့ရဲ့ ကျေးဇူးကို ငါ သေချာပေါက် ပြန်ဆပ်ရမယ်...'

ရှို့ဝူသည် ကျူးလင် ပျော်ရွှင်စွာ စားသောက်နေသည်ကို ကြည့်ရင်း သူ၏အပြုံးကို ဖုံးကွယ်မထားနိုင်တော့ချေ။

အခြားတစ်ဖက်တွင် ထိုင်နေကြသော သခင်မလေး လေးဦးအနက် နှစ်ဦးမှာမူ မျက်နှာတွင် အပြုံးကြီးများဖြင့် ကြည့်နေကြပြီး ကျန်နှစ်ဦးမှာမူ လေထုထဲရှိ ချိုမြိန်မှုများကြောင့် သွားအအေးပတ်မတတ် ခံစားနေရလေသည်။

ရှို့ဝူနှင့် ကျူးလင်တို့၏ ချိုမြိန်သော ဆက်ဆံရေးကို မြင်သောအခါ မုန့်ကျယ်လန်က တိတ်တဆိတ် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ရင်း ပြောလိုက်သည်။

"ဒီနေ့ ငါ တကယ် ကံကောင်းတာပဲ... ဗိုလ်ကြီးရှို့ရဲ့ နူးညံ့တဲ့ပုံစံနဲ့ အပြုံးကိုတောင် မြင်ခွင့်ရတယ်... အစ်မကျူးလင်ကြောင့်သာ မဟုတ်ရင် ငါ ဒီလို ကံကောင်းမှုမျိုး ကြုံရမှာ မဟုတ်ဘူး..."

ဝမ်နကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ထန်ဝေ့ကို စိတ်ကူးယဉ်ဆန်စွာ ကြည့်ကာ ကျေနပ်အားရစွာ ပြောလိုက်သည်။

"အင်း... ငါလည်း တကယ် ကံကောင်းတာပဲ... ငါ့နတ်ဘုရားလေးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာကို တစ်နေ့ကျရင် မြင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး... သူ ဆန်းဒဝှစ်စားနေတာကို ကြည့်ရတာ တကယ့်ကို ကောင်းချီးတစ်ခုပဲ..."

သူမ၏ သူငယ်ချင်းနှစ်ဦး စိတ်ကူးယဉ်နေကြသည်ကို ကြည့်ရင်း ကျိုးယွီယန်က ခေါင်းခါယမ်းလိုက်ပြီး ဘီစကစ်မုန့်ကို တိတ်တဆိတ် စားနေလေသည်။ စားနေရင်းဖြင့် သူမက ရုတ်တရက် မေးလိုက်၏။

"ဒီနေ့ အခြေအနေက နည်းနည်း ထူးဆန်းနေတယ်လို့ မင်းတို့ မထင်ကြဘူးလား..."

ဟန်ရှင်းယွဲ့က ခေါင်းခါယမ်းလိုက်ပြီး မေးလိုက်သည်။

"ယွီယန်... နင် ထပ်ပြီး အတွေးလွန်နေပြန်ပြီလား..."

ကျိုးယွီယန်၏ စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ဟန်ရှင်းယွဲ့က ခေါင်းငုံ့လိုက်ပြီး ဘီစကစ်မုန့်ကိုသာ အာရုံစိုက်စားနေတော့သည်။

ကျိုးယွီယန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"စခန်းရဲ့ ဘေးကင်းရေးဇုန်ကနေ ထွက်လာပြီးကတည်းက နင်တို့ထဲက တစ်ယောက်ယောက် ဖုတ်ကောင်တွေ ဒါမှမဟုတ် သန္ဓေပြောင်းသတ္တဝါတွေကို မြင်မိကြလား..."

သူမ မေးလိုက်သည်နှင့် ကျန်သုံးဦးလုံးက သူမကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။

သူတို့၏ အားနည်းသော စွမ်းရည်များဖြင့် ယနေ့အထိ အသက်ရှင်သန်နိုင်ခဲ့ခြင်းမှာ ဤမိန်းက‌လေး လေးဦးသည် သူတို့၏ စွမ်းရည်အပေါ်တွင်သာမက သူတို့၏ သတိဝီရိယ၊ အကဲခတ်နိုင်စွမ်းနှင့် ထက်မြက်မှုတို့အပေါ်တွင်လည်း အားကိုးခဲ့ကြသောကြောင့် ဖြစ်ပေသည်။

ဝမ်န၏ မျက်နှာအမူအရာမှာ တည်တံ့သွားပြီး ပြောလိုက်သည်။

"ငါ ဘေးကင်းရေးဇုန်ကနေ စထွက်လာတုန်းကတော့ အဲဒီနားမှာ လျှောက်သွားနေတဲ့ ဖုတ်ကောင်တချို့ကို မြင်သေးတယ်..."

ထိုသို့ပြောပြီးနောက် သူမက အတိတ်ကို ပြန်လည်စဉ်းစားကြည့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နာရီလောက်ကတည်းက ဖုတ်ကောင်တစ်ကောင်တောင် မတွေ့ရတော့ဘူး..."

မုန့်ကျယ်လန်ကလည်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

"ငါလည်း ဒီကိုလာတဲ့လမ်းတစ်လျှောက် ဖုတ်ကောင်တစ်ကောင်မှ မတွေ့မိဘူး..."

ကျိုးယွီယန်၏ မျက်နှာမှာ ပိုမိုလေးနက်သွားပြီး ပြောလိုက်သည်။

"ငါတို့ အဆင့်မြင့်ဖုတ်ကောင်တစ်ကောင်ရဲ့ နယ်မြေထဲကို ရောက်နေပြီ ထင်တယ်..."

သူမ ပြောလိုက်သည်နှင့် သူမ၏ သူငယ်ချင်းသုံးဦးလုံး မျက်နှာများ ဖြူလျော်သွားကြချေသည်။

သူတို့ လေးဦးလုံး အချင်းချင်း ကြည့်လိုက်ကြရာ တစ်ဦးချင်းစီ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများနှင့် အသက်ရှင်သန်လိုစိတ်များကို မြင်တွေ့လိုက်ကြရ၏။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟန်ရှင်းယွဲ့က မေးလိုက်သည်။

"ငါတို့ ဒီနယ်မြေထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ အခွင့်အရေး ဘယ်လောက်ရှိလဲ..."

ကျိုးယွီယန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“တကယ်လို့ အဆင့် ၂ ဖုတ်ကောင် တစ်ကောင်တည်းဆိုရင်တော့ ယွဲ့ယွဲ့နဲ့ ငါ့ရဲ့ လက်ရှိစွမ်းရည်တွေနဲ့ဆို အခွင့်အရေး ရှိသေးတယ်...”

“ဒါပေမဲ့ အဆင့် ၂ ဖုတ်ကောင် နှစ်ကောင်ထက် ပိုနေရင် ဒါမှမဟုတ် အဆင့် ၃ ဖုတ်ကောင် တစ်ကောင်တည်းဆိုရင်တောင် ငါတို့ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ မဖြစ်နိုင်တော့ဘူး..."

All Chapters