← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅) - ရွှေအမြုတေအဆင့် အလယ်အလတ်ပိုင်း

ကျိုးယွီယန်၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် ကျန်ရှိသည့် လူသုံးဦးမှာ ကျောရိုးထဲအထိ စိမ့်အေးသွားကြလေသည်။ လက်ရှိအခြေအနေအရ ဤနယ်မြေကို ထိန်းချုပ်ထားသည့် အဆင့်မြင့်ဖုတ်ကောင်မှာ အနည်းဆုံး အဆင့် ၃ ဖုတ်ကောင် ဖြစ်ပေလိမ့်မည်။

လွန်ခဲ့သော ၂ နာရီခန့်ကတည်းက ဖုတ်ကောင်တစ်ကောင်တစ်လေမျှပင် မတွေ့ရှိခဲ့ရသဖြင့် ဤဖုတ်ကောင် ထိန်းချုပ်နိုင်သည့် နယ်ပယ်မှာ အလွန်ကျယ်ပြောလှကြောင်း သိသာလှပေသည်။

ဤသည်မှာ အဆင့် ၂ ဖုတ်ကောင်များ လုံးဝမလုပ်ဆောင်နိုင်သည့် အရာမျိုး ဖြစ်၏။ ထိုလေးဦး စိုးရိမ်ထိတ်လန့်စဉ် စိတ်နှလုံးကို အေးချမ်းသွားစေသည့် ကြည်လင်ပြတ်သားသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။

ကျူးလင်က လျှောက်လှမ်းလာရင်း မေးလိုက်သည်။

"အားလုံးပဲ စားသောက်လို့ ပြီးကြပြီလား..."

၎င်းတို့သည် သူမ၏အသံကို ကြားလိုက်ရပြီးနောက်မှ စိုးရိမ်ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများထဲမှ ရုန်းထွက်နိုင်ခဲ့ပြီး ကျူးလင်ကို လှမ်းကြည့်လိုက်ကြသည်။

သူမသည် အလွန်အမင်း တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်ကို မြင်တွေ့ရသဖြင့် ထိုလေးဦးမှာလည်း ဖြည်းဖြည်းချင်း စိတ်အေးသွားကြချေသည်။

ဤတစ်ကြိမ်တွင် စခန်းအတွင်းရှိ အစွမ်းအထက်ဆုံး ကြေးစားအဖွဲ့များထဲမှ တစ်ဖွဲ့က ၎င်းတို့နှင့်အတူ လိုက်ပါလာခဲ့သည်ကို ခဏတာ မေ့လျော့နေခဲ့ကြခြင်း ဖြစ်၏။

အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အားလျော်စွာ ကျိုးယွီယန်သည် ကျန်ရှိသည့် သူငယ်ချင်းသုံးဦးထက် ပိုမိုတည်ငြိမ်လှပေသည်။ သူမက ကျူးလင်ကို ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။

"အစ်မကျူးလင်... ကျွန်မတို့တွေ အဆင့်မြင့်ဖုတ်ကောင်တစ်ကောင်ရဲ့ နယ်မြေထဲကို မတော်တဆ ခြေချမိသွားကြပြီ ထင်တယ်..."

ကျူးလင်က တည်ငြိမ်စွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

"ကျွန်မ သိပါတယ်..."

သူမ၏စကားကို ကြားရသောအခါ ကျိုးယွီယန်က သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ရင်း ပြောလိုက်သည်။

"ဒီအကြောင်းကို စပြီး သိလိုက်ရတုန်းက တကယ်ပဲ ထိတ်လန့်ပြီး ကြောက်သွားခဲ့တာ... ဒါပေမဲ့ အစ်မကြီးတို့ ရှိနေတာဆိုတော့ ဖုတ်ကောင်တွေကို သတ်ပစ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်..."

ကျူးလင်က သူမကို ပြုံးပြလိုက်ရင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့... မင်းတို့တွေ တည်တည်ငြိမ်ငြိမ် ရှိနေသရွေ့ ဖုတ်ကောင်အုပ်စုကြီးကိုတောင် အလွယ်တကူ သတ်ပစ်နိုင်ပါလိမ့်မယ်..."

ထိုသို့ပြောပြီးနောက် သူမက ရှို့ဝူဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"ရှို့ဝူ... ကျွန်မတို့ အခုပဲ ထွက်သွားကြမလား..."

ရှို့ဝူက ခေါင်းညိတ်လိုက်ပြီး သူမ၏အနားသို့ လျှောက်လှမ်းလာကာ မေးလိုက်သည်။

"ရှောင်လင်... မင်း ခုနက ငါ့နာမည်ကို မှားခေါ်လိုက်တယ် ထင်တယ်... ငါ့ကို အစ်ကိုကြီးလို့ ခေါ်ဖို့ ငါတို့ သဘောတူထားကြတယ် မဟုတ်ဘူးလား..."

သူမသည် သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် တစ်ဖက်သို့ လှည့်သွားကာ သူပြောလိုက်သည့် စကားကို မကြားချင်ယောင်ဆောင်လိုက်လေသည်။

သူ့ကို အစ်ကိုကြီးဟု ခေါ်ဆိုရန်မှာ သူမအတွက် အလွန်ပင် ရှက်ရွံ့စရာ ကောင်းလှပေသည်။ သူမအနေဖြင့် ထိုသို့ခေါ်ဆိုရန် တကယ်ပင် နှုတ်မဟရဲချေ။

သူမက နှုတ်ဆိတ်လျက် ထွက်ခွာသွားသည်ကို မြင်တွေ့ရသဖြင့် ရှို့ဝူက နှုတ်ခမ်းကို စေ့လိုက်ပြီးနောက် သူမနောက်သို့ အပြေးလိုက်ရင်း ပြောလိုက်သည်။

"ရှောင်လင်... ငါ့ကို စောင့်ပါဦး... ကဲပါ... ငါ့ကို အစ်ကိုကြီးလို့ ခေါ်ကြည့်ပါဦး..."

မိန်းက‌လေး လေးဦးမှာ ၎င်းတို့နှစ်ဦးကို အံ့ဩတကြီး ကြည့်ရှုနေကြစဉ် ရှို့ဝူကမူ ကျူးလင်၏အနားသို့ ကပ်ကာ သူ့ကို အစ်ကိုကြီးဟု ခေါ်ဆိုရန် အတင်းအကျပ် တောင်းဆိုနေလေသည်။ ထန်ဝေ့က ၎င်းတို့ကို ကြည့်ရှုရင်း လျှာသပ်လိုက်ကာ ပြောလိုက်သည်။

"လောင်ရှို့ကတော့ သွားရမယ့်လမ်းက အဝေးကြီး လိုသေးတာပဲ..."

ထိုသို့ပြောပြီးနောက် သူသည် ၎င်းတို့နှစ်ဦး၏ နောက်ကွယ်မှ လိုက်ပါသွားလေသည်။ ကျီယန်က ကြောင်အမ်းအမ်း ဖြစ်နေသည့် မိန်းကလေး လေးဦးကို ပြုံးပြလိုက်ရင်း ပြောလိုက်သည်။

"သွားကြစို့... နောက်ကျမကျန်ခဲ့အောင် လိုက်ခဲ့ကြနော်... မဟုတ်ရင် ဘယ်လိုသေသွားလဲတောင် သိလိုက်ရမှာ မဟုတ်ဘူး..."

ကျီယန်က ချောမောသော မျက်နှာထက်တွင် နူးညံ့သော အပြုံးတစ်ခု ဆင်မြန်းထားလျက် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စကားများကို ပြောဆိုလိုက်သည်ကို ကြားရသောအခါ ၎င်းတို့လေးဦးမှာ တစ်ကိုယ်လုံး အေးစိမ့်သွားကြလေသည်။

ဤအဖွဲ့၏ အဖွဲ့ဝင်များသည် ရက်စက်ကြမ်းကြုတ်ပြီး အေးစက်လှသည်ဟူသော ကောလာဟလများ ရှိခဲ့ဖူးပေသည်။ ယခင်က ၎င်းတို့ မယုံကြည်ခဲ့ကြသော်လည်း ယခုအခါ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသဖြင့် မယုံကြည်ဘဲ မနေနိုင်တော့ချေ။

မုန့်ကျယ်လန်က ကျီယန်ကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်ရှုရင်း မေးလိုက်သည်။

"သူက တကယ်ပဲ ငါတို့ကို နူးနူးညံ့ညံ့ ပြုံးပြရင်းနဲ့ အဲဒီလို ကြောက်စရာကောင်းတဲ့ စကားတွေကို ပြောသွားတာလား..."

ဝမ်နသည်လည်း သူမ၏နားကိုပင် မယုံကြည်နိုင်သဖြင့် ပါးပြင်ကို အားပြင်းပြင်းဖြင့် ဆွဲဆိတ်လိုက်ရာ နာကျင်လွန်းသဖြင့် ညည်းတွားလိုက်မိသည်။ သူမက နီရဲသွားသော ပါးပြင်ကို ပွတ်သပ်ရင်း ငေးငိုင်စွာ ပြောလိုက်သည်။

"တစ်ခါတလေ ကောလာဟလတွေက တကယ်ပဲ အမှန် ဖြစ်နေတတ်တာပဲ..."

မျက်နှာပျက်နေကြသော သူငယ်ချင်းနှစ်ဦးကို ကြည့်ရှုရင်း ကျိုးယွီယန်က သက်ပြင်းချလိုက်ကာ ထွက်ခွာသွားကြသည့် လူလေးဦးကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

"ကမ္ဘာပျက်ကပ် ဖြစ်ပြီးတဲ့နောက် လူတိုင်းက အခက်ခဲတွေကို ဖြတ်သန်းခဲ့ကြရတာ... နူးညံ့တဲ့လူတစ်ယောက်က အခုအချိန်အထိ အသက်ရှင်ကျန်ရစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... တကယ်လို့ နူးညံ့တဲ့လူ ရှိနေခဲ့ရင်တောင် အဲဒီလူက ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်..."

သူမ၏စကားကြောင့် မုန့်ကျယ်လန်နှင့် ဝမ်နတို့၏ မျက်နှာများ ညှိုးငယ်သွားကြလေသည်။

ကျိုးယွီယန် ပြောသကဲ့သို့ပင် ကမ္ဘာပျက်ကပ်ကြီးထဲ၌ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော လူများ အသက်ရှင်ကျန်ရစ်ရန်မှာ မဖြစ်နိုင်ချေ။ ရှို့ဝူတို့ကဲ့သို့ အစွမ်းထက်သော အမျိုးသားများကို ထားလိုက်ဦးတော့...

မိမိတို့ကိုယ်တိုင်၏ လက်များတွင်ပင် လူသားတို့၏ သွေးများ စွန်းပေခဲ့ဖူးလေသည်။

စိတ်ပျက်စရာကောင်းသော အငွေ့အသက်များနှင့် သူငယ်ချင်းများ၏ ညှိုးငယ်နေသော မျက်နှာများကို မြင်တွေ့ရသောအခါ ဟန်ရှင်းယွဲ့က ပြုံးလိုက်ရင်း ပြောလိုက်သည်။

"စိတ်ဓာတ်မကျကြပါနဲ့... အခုအချိန်အထိ အသက်ရှင်နေရတာ မလွယ်ကူဘူးလေ... ငါတို့ရဲ့ ဘဝခရီးလမ်းက အဝေးကြီး သွားရဦးမှာ...”

“ဘယ်သူသိမှာလဲ... တစ်နေ့ကျရင် ကမ္ဘာပျက်ကပ်ကြီးက စတင်ခဲ့တုန်းကလိုပဲ ရုတ်တရက်ကြီး ပြီးဆုံးသွားပြီး ငါတို့တွေ အေးအေးချမ်းချမ်း ပြန်နေရနိုင်တာပဲ... အမှန်အတိုင်း ပြောရရင် ငါတော့ တို့ဖူးရဲ့ အရသာကို တကယ်ပဲ လွမ်းမိတယ်..."

သူမ၏စကားကို ကြားရသောအခါ ကျန်ရှိသည့် လူသုံးဦးမှာ သူမကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

သူမ၏ ပြုံးရွှင်နေသော မျက်နှာလေးကို ကြည့်ရှုရင်း ၎င်းတို့၏ စိတ်နှလုံးထဲရှိ ညှိုးငယ်မှုများမှာ ဖြည်းဖြည်းချင်း လွင့်ပါးသွားကြချေသည်။

တစ်ခါတစ်ရံတွင် အလွန်စိတ်ပျက်စရာကောင်းပြီး ခက်ခဲလှသော အခြေအနေများ၌ ဟန်ရှင်းယွဲ့တစ်ယောက် ထိုကဲ့သို့ အကောင်းမြင်စိတ်ကို ထိန်းသိမ်းထားနိုင်သည်ကို ၎င်းတို့ နားမလည်နိုင်ကြချေ။

သူငယ်ချင်းများ၏ စိတ်ခံစားချက် ကောင်းမွန်လာသည်ကို အာရုံခံမိသောအခါ ဟန်ရှင်းယွဲ့က တောက်ပစွာ ပြုံးလိုက်ရင်း ပိုမိုဝေးကွာသွားသော လူလေးဦး၏ ကျောပြင်ကို ညွှန်ပြကာ ပြောလိုက်သည်။

"ငါတို့တွေ မြန်မြန်သွားကြရင် ပိုကောင်းလိမ့်မယ်ထင်တယ်... မဟုတ်ရင် ဒီတစ်ကြိမ်တော့ တကယ်ပဲ သေသွားလိမ့်မယ်..."

ကျန်သည့်သူများက သူမ ညွှန်ပြရာဘက်သို့ လှည့်ကြည့်လိုက်ကြသောအခါ ကျူးလင်တို့အဖွဲ့က သူတို့ကို တကယ်ပင် စောင့်ဆိုင်းမနေသည်ကို တွေ့ရှိလိုက်ရလေသည်။

ကျူးလင်တို့မှာ အတော်ပင် ဝေးကွာသွားပြီဖြစ်ကြောင်း မြင်တွေ့ရသဖြင့် ထိုလေးဦးမှာ တစ်ဦးကိုတစ်ဦး ခဏမျှ ကြည့်ရှုလိုက်ကြပြီးနောက် လျင်မြန်စွာပင် အပြေးလိုက်သွားကြတော့သည်။

၎င်းတို့ နောက်ထပ် ၃ နာရီခန့် ဆက်လက်လျှောက်လှမ်းပြီးနောက် ကောင်းကင်ယံမှာ ဖြည်းဖြည်းချင်း အရောင်ပြောင်းလဲလာလေသည်။

မကြာမီအချိန်မှာပင် လူ ၈ ဦးပါဝင်သော အဖွဲ့မှာ ရွာငယ်လေးတစ်ရွာ၏ အဝင်ဝရှေ့တွင် ရပ်တန့်လိုက်ကြချေသည်။ မိန်းကလေး လေးဦးမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထနေကြစဉ် ရှို့ဝူကမူ မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်လေသည်။

သူသည် အဝင်ဝမှနေ၍ ရွာတွင်းသို့ လှမ်းကြည့်လိုက်ရင်း ပြောလိုက်သည်။

"သတိထားပြီး နိုးနိုးကြားကြား ရှိကြပါ... ဒီရွာထဲမှာ ရှိနေတဲ့အရာတွေက အန္တရာယ်များတယ်..."

ကျူးလင်က ခေါင်းညိတ်လိုက်ရင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ငါတို့အပေါ် သက်ရောက်နေတဲ့ ဖိအားတွေအရဆိုရင်တော့... ဒီအရာက အနည်းဆုံး ရွှေအမြုတေအဆင့် အလယ်အလတ်ပိုင်းမှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်လိုမျိုး အစွမ်းထက်လိမ့်မယ်..."

All Chapters