← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း (၁၀၆) - ထူးဆန်းသော ဖုတ်ကောင်

ကျူးလင် စကားပြောပြီးသည်နှင့် မုန့်ကျယ်လန်သည် သူမ၏ သူငယ်ချင်းများနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

ယခင်က ကျူးလင်သည် ရှေးဟောင်းဝတ်စုံများကို နှစ်သက်သူတစ်ဦးမျှသာ ဖြစ်သည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုပြောလိုက်သည့် စကားများကို ကြည့်ရသော် ရှစ်တန်းရောဂါ ခံစားနေရသူဟု ပြောလျှင် ပို၍မှန်ပေလိမ့်မည်။

ထိုရောဂါ ခံစားနေရသူများကို တွေ့ရခဲသော်လည်း ၎င်းတို့အနေဖြင့် တစ်ခါမျှ မတွေ့ဖူးခြင်းတော့ မဟုတ်ချေ။

ဟန်ရှင်းယွီတွင် အထက်တန်းကျောင်းတုန်းက ရှစ်တန်းရောဂါ ခံစားနေရသော အတန်းဖော်တစ်ဦး ရှိခဲ့ဖူးသဖြင့် ကျူးလင်၏ စကားများကို သိပ်ပြီး အလေးမထားမိပေ။

သို့သော် ကျန်သည့် သုံးဦးမှာမူ ကျူးလင်ကို စူးစမ်းလိုစိတ်အပြည့်ဖြင့် မကြည့်ဘဲ မနေနိုင် ဖြစ်နေကြ၏။

၎င်းတို့၏ စူးစမ်းသော အကြည့်များကို အာရုံရလိုက်သဖြင့် ကျူးလင်သည် မေးခွန်းထုတ်လိုသော မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်လေသည်။

မုန့်ကျယ်လန်၊ ဝမ်နနှင့် ကျိုးယွီယန်တို့သည် လန့်ဖျတ်သွားကြပြီး လူမိသွားသဖြင့် အပြစ်မကင်းသလို ခံစားရသဖြင့် အကြည့်များကို အလျင်အမြန်ပင် လွှဲဖယ်လိုက်ကြတော့သည်။

ကျူးလင်သည် ဇဝေဇဝါဖြစ်ဖြင့် ပါးပြင်ကို ကုတ်လိုက်ရင်း စိတ်ချင်းဆက်သွယ်ကာ ထူထူကို မေးလိုက်သည်။

'ထူထူ... သူတို့ ငါ့ကို ကြည့်တဲ့ အကြည့်တွေက နည်းနည်းပြောင်းလဲသွားတယ်လို့ မထင်ဘူးလား...'

ထူထူသည် လေထုထဲမှ ဖိအားကြောင့် စိတ်ပျံ့လွင့်နေသဖြင့် မစဉ်းစားဘဲ ပြန်ဖြေလိုက်လေသည်။

'သခင်မလေး... သူတို့က သခင်မလေးရဲ့ မျက်နှာကို ကျင့်သားမရသေးလို့ပါ...'

'အဲဒီလိုလား...'

ကျူးလင်သည် သံသယဝင်မိသော်လည်း ထူထူသည် လူသားများအကြောင်းကို သူမထက် ပို၍သိသည်ဟု အမြဲယုံကြည်ထားပေသည်။

ထို့ကြောင့် ထုံးစံအတိုင်း ယုန်ကလေး၏ အဖြေကို မည်သည့်သံသယမျှမရှိဘဲ လက်ခံလိုက်၏။

သခင်နှင့် ယုန်ကလေးတို့ စကားပြောနေစဉ်အတွင်း ရှို့ဝူသည် ကျူးလင်၏ လက်ကောက်ဝတ်ကိုဆွဲကိုင်ပြီး သူမ၏ ပခုံးပေါ်တွင် ထိုင်နေသော ထူထူကို ရုတ်တရက် ဖမ်းလိုက်ကာ မီတာအနည်းငယ်အကွာသို့ ခုန်ရှောင်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ထန်ဝေ့သည် ရုတ်တရက် ခေါင်းမော့ကြည့်ကာ အော်ဟစ်လိုက်လေသည်။

"ရှောင်ကြတော့..."

ထန်ဝေ့၏ စကားသံ ထွက်လာသည်နှင့် ကျီယန်သည် သူနှင့် အနီးဆုံးရှိနေသော လူကို ဆွဲကိုင်ကာ အတူတူ ဆွဲခေါ်သွားတော့သည်။

ဝုန်း...

စက္ကန့်အနည်းငယ်အကြာ ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင် ကျီယန်သည် ဝမ်န၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်၏။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ထန်ဝေ့သည် ခုနက ရုတ်တရက် တိုက်ခိုက်မှုကို ရှောင်တိမ်းစဉ် မုန့်ကျယ်လန်နှင့် ကျိုးယွီယန်တို့ကိုပါ တစ်ပါတည်း ဆွဲခေါ်သွားခဲ့ကြောင်း တွေ့လိုက်ရသည်။

ဟန်ရှင်းယွဲ့သည် သူမ၏ လေစွမ်းအားမှာ အနိမ့်ဆုံးအဆင့်တွင်သာ ရှိသေးသော်လည်း လှုပ်ရှားမှုနှင့် တုံ့ပြန်မှုနှုန်းမှာ သူငယ်ချင်းများထက် ပိုမိုမြန်ဆန်ပေသည်။

လူတိုင်း ဘေးကင်းကြောင်း စစ်ဆေးပြီးနောက် ကျီယန်သည် စောစောက မတ်တပ်ရပ်ခဲ့သည့် နေရာကို ကြည့်လိုက်လေသည်။

နက်ရှိုင်းသော အက်ကြောင်းကြီးတစ်ခု၏ အလယ်ဗဟိုတွင် အနည်းဆုံး အမြင့်သုံးမီတာခန့်ရှိသော ဧရာမဖုတ်ကောင်ကြီးတစ်ကောင် မတ်တပ်ရပ်နေချေသည်။

ထိုဖုတ်ကောင်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲတော့မည့် ပူဖောင်းကြီးတစ်ခုကဲ့သို့ ဖောင်းကားနေပြီး တစ်ကိုယ်လုံးတွင်လည်း ချုပ်ရိုးရာများဖြင့် ပြည့်နှက်နေ၏။

ဖုတ်ကောင်၏ မြီးညှောင့်ရိုးတွင် စူးချွန်များဖြင့် ပြည့်နှက်နေသည့် အမြီးရှည်ကြီးတစ်စင်း ရှိနေသည်။

၎င်း၏ လက်မောင်းတစ်ဖက်မှာ ကျန်ခြေလက်များနှင့် ယှဉ်လျှင် အလွန်တိုတောင်းလှပြီး ကလေးတစ်ယောက်၏ လက်မောင်းနှင့် တူလှပေသည်။

ထို့ပြင် ထိုဖုတ်ကောင်တွင် ခေါင်းနှစ်လုံး ရှိနေ၏။ ခေါင်းတစ်လုံးမှာ သက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် တူပြီး ကျန်တစ်လုံးမှာ ကလေးတစ်ဦးနှင့် တူသည်။

ခေါင်းနှစ်လုံး၏ မျက်နှာများမှာ အနည်းငယ် ဆင်တူနေသည်ကိုပင် ကျီယန် သတိထားမိသည်။

သူ့ရှေ့မှ ထူးဆန်းသော ဖုတ်ကောင်၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ရင်း ကျီယန်သည် ယခင်က သူကစားခဲ့ဖူးသော ဂိမ်းထဲမှ ခိုင်မဲရာ ဟုခေါ်သည့် မိစ္ဆာသတ္တဝါတစ်ကောင်ကို ရုတ်တရက် သတိရသွားမိသည်။

၎င်းမှာ ယခုရှေ့မှ ဖုတ်ကောင်နှင့် ပုံစံတူလှပေသည်။ ကျီယန်က ဖုတ်ကောင်ကို အကဲခတ်နေစဉ် ထိုဖုတ်ကောင်သည်လည်း သူတို့ကို ပြန်လည်အကဲခတ်နေပုံ ရ၏။

ကျီယန်က ဖုတ်ကောင်ကို အကဲခတ်နေစဉ်မှာပင် ထန်ဝေ့သည် ၎င်းတို့ပတ်ပတ်လည်တွင် လူအချို့ ရှိနေကြောင်း အာရုံရလိုက်သည်။

သူသည် ကျီယန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး နှစ်ဦးသား တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။

လူတိုင်း၏ အာရုံမှာ ထူးဆန်းသော ဖုတ်ကောင်ကြီးဆီသို့ ရောက်ရှိနေစဉ် သူတို့နှစ်ဦးသည် ဘယ်ဘက်ရှိ အိမ်တစ်လုံးဆီသို့ တိတ်တဆိတ် သွားရောက်လိုက်ကြလေသည်။

ရှို့ဝူသည် ကျူးလင်၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး ယခင်က နွယ်ပင်အမျိုးသမီးနှင့် တိုက်ခိုက်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည်သတိရကာ ပြောလိုက်သည်။

"ရှောင်လင်... သတိထားဦး... ငါ့မျက်စိအောက်ကနေ အပျောက်မခံနဲ့... ဒီနေရာမှာ ဒီဖုတ်ကောင်တစ်ကောင်တည်း ရှိတာလား ဒါမှမဟုတ် တခြားဖုတ်ကောင်တွေပါ ရှိနေသေးတာလားဆိုတာ ငါတို့မသိရသေးဘူး..."

ကျူးလင်သည် ရေခဲပန်းပွင့်ဆွဲသီးထဲမှ ပင်းကျန့်ကို ထုတ်ယူလိုက်ပြီး ရှို့ဝူကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်မ သိပါတယ်..."

ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက ထပ်လောင်းပြောလိုက်သည်။

"ရှင်လည်း ဒဏ်ရာမရစေနဲ့... ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းကာကွယ်ပါ..."

ရှို့ဝူသည် သူ့အပေါ် ထားရှိသော သူမ၏ စိုးရိမ်ပူပန်မှုကို သတိပြုမိသွားပြီး စိတ်ကြည်နူးစွာဖြင့် ပြုံးလိုက်ရင်း ပြောလိုက်သည်။

"အင်း..."

၎င်းတို့နှစ်ဦး စကားပြောပြီးသည်နှင့် ဖုတ်ကောင်၏ ခေါင်းတစ်လုံးမှာ နားကွဲလုမတတ် ဟိန်းဟောက်သံကြီးတစ်သံကို ထုတ်လွှတ်လိုက်လေသည်။

လက်ရှိတွင် မိန်းကလေး လေးဦး၏ စွမ်းရည်များမှာ အဆင့် ၁ သာ ရှိသေးသဖြင့် ထူးဆန်းသော ဖုတ်ကောင်ကြီး၏ ဟိန်းဟောက်သံမှ ဖိအားကို မခံနိုင်ဘဲ ခေါင်းများ ကွဲမတတ် ကိုက်ခဲလာကာ ဒူးထောက်လဲကျသွားကြတော့သည်။

အခြားသူများမှာ ဖုတ်ကောင်ကြီး၏ လည်ချောင်းထဲမှ ဟိန်းဟောက်သံကိုသာ ကြားရသော်လည်း ကျူးလင်နှင့် ထူထူတို့မှာမူ ကွဲပြားသောအရာကို ကြားလိုက်ရ၏။

"ဝူး... ဂလု... ဝူး..."

'နာတယ်... ငါ့ကို သတ်ပေးကြပါ... ငါ့ကို သတ်ပေးကြပါ...'

၎င်းတို့က ဖုတ်ကောင်၏ စကားကို ကြားလိုက်ရချိန်တွင် မျက်လုံးများ မှိတ်ထားခဲ့သော ဖုတ်ကောင်၏ အခြားခေါင်းတစ်လုံးမှာ ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်လေသည်။

"ဂါး... ဂါး... ဟား..."

'ဖေဖေ... မေမေ... သမီး ကြောက်တယ်...'

ကျူးလင်နှင့် ထူထူတို့သည် ကြားလိုက်ရသည့်အရာကြောင့် မှင်တက်သွားကြစဉ် ထိုအော်ဟစ်သံကြောင့် မုန့်ကျယ်လန်နှင့် သူမ၏ သူငယ်ချင်းများမှာ နားထဲမှ သွေးများ စီးကျလာတော့သည်။

ကျိုးယွီယန်သည် သူမ၏ နားနှစ်ဖက်ကို လက်ဖြင့် အုပ်ထားရင်း ခေါင်းကို ခက်ခဲစွာ မော့ကြည့်လိုက်ရာ အဝေးတစ်နေရာမှ ဝတ်စုံဖြူဝတ် အမျိုးသမီးငယ်တစ်ဦးက မှတ်စုစာအုပ်ထဲတွင် တစ်ခုခုကို ရေးမှတ်ရင်း ၎င်းတို့ကို ကြည့်နေသည်ကို အချိန်ကိုက် မြင်လိုက်ရလေသည်။

ဤထူးဆန်းသော ဖုတ်ကောင်သည် ထိုအမျိုးသမီးငယ်နှင့် ဆက်စပ်နေရမည်ကို သိရှိသွားသဖြင့် ကျိုးယွီယန်သည် တုန်ရီနေသော လက်ကို မြှောက်ကာ ထိုအမျိုးသမီးငယ်ရှိရာ ဘက်သို့ ညွှန်ပြရင်း အံကြိတ်ကာ ပြောလိုက်သည်။

"ဟိုမှာ... လူ... လူတစ်ယောက် ရှိနေတယ်..."

သူမ စကားပြောပြီးသည်နှင့် ထိုအမျိုးသမီးငယ်သည် သူမကို သတိပြုမိသွား၏။

သူမသည် ငွေရောင်ကိုင်းမျက်မှန်ကို တည်ငြိမ်စွာ ပင့်တင်လိုက်ပြီး ဝတ်စုံဖြူ၏ အိတ်ကပ်ထဲမှ စက်ပစ္စည်းအသေးလေးတစ်ခုကို ထုတ်ယူကာ ခလုတ်ကို နှိပ်လိုက်လေသည်။

သူမ ခလုတ်နှိပ်လိုက်သည့် အချိန်တွင် ထူးဆန်းသော ဖုတ်ကောင်ကြီးသည် ထပ်မံ၍ ဟိန်းဟောက်ကာ စူးရှစွာ အော်ဟစ်ပြန်သည်။

"ဝူး... ဝူး..."

'သတ်ပစ်... သတ်ပစ်...'

"ဂါး..."

'သတ်ပစ်...'

ယခုတစ်ကြိမ်တွင်မူ ဖုတ်ကောင်၏ ခေါင်းနှစ်လုံးစလုံးမှ တူညီသော စကားလုံးများ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

ဖုတ်ကောင်၏ ခေါင်းနှစ်လုံးမှာ ဟိန်းဟောက်အော်ဟစ်သံများကို ရပ်တန့်လိုက်ပြီးနောက် လေထဲသို့ ခုန်တက်ကာ ခေါင်းမူးဝေနေသော မိန်းကလေး လေးဦးဆီသို့ အရှိန်အဟုန်ဖြင့် ပစ်ဝင်လာတော့သည်။

ဖုတ်ကောင်ကြီးသည် ၎င်းတို့ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြုတ်ကျလာသည်ကို မြင်လိုက်ရသဖြင့် ဟန်ရှင်းယွဲ့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူမ၏ လေစွမ်းအားကို အသက်သွင်းလိုက်လေသည်။

သူမသည် စွမ်းအင်များကို ခြေဖဝါးဆီသို့ ချက်ချင်း ပို့လွှတ်လိုက်ပြီး ဖုတ်ကောင်ကြီး၏ ပထမဆုံး ပစ်မှတ်ဖြစ်နေသူဆီသို့ အပြေးအလွှား သွားရောက်လိုက်တော့သည်။

ဝုန်း...

All Chapters