အခန်း ၁၀၇
Vol. 11 Ch. 107
အခန်း (၁၀၇) - မင်းလည်းပဲ အဲဒါကို မသတ်နိုင်ဘူးလား...
ကျိုးယွီယန်က သူမရှေ့တွင် ဖြစ်ပျက်နေသမျှကို မြင်တွေ့လိုက်ရပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်လေသည်။
"နန... ယွဲ့ယွဲ့..."
ဟန်ရှင်းယွဲ့သည် မျက်နှာဖျော့တော့နေသော ဝမ်နကို ပွေ့ပိုက်လျက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားချိန်တွင် ဖုတ်ကောင်ကြီးက ၎င်း၏ လက်နှစ်ဖက်ကို စုစည်းကာ မူးဝေနောက်ကျိနေသော မုန့်ကျယ်လန်နှင့် ကျိုးယွီယန်တို့ဆီသို့ ပြင်းထန်စွာ ရိုက်ချရန် ပြင်နေသည်ကို မြင်လိုက်ရချေသည်။
"မုန့်မုန့်... ယွီယန်... ပြေးကြတော့..."
သူမသည် အော်ဟစ်ကာ ထိုနှစ်ယောက်ရှိရာသို့ ပြေးသွားရန် ကြိုးစားလိုက်သော်လည်း အစောပိုင်း၌ ဝမ်နကို ကယ်တင်ရန်အတွက် သူမ၏စွမ်းအင်အားလုံးကို အတင်းအကျပ် အသုံးပြုခဲ့ရသဖြင့် ယခုအချိန်တွင် ခြေထောက်များ ရုတ်တရက် အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားရလေသည်။
ဟန်ရှင်းယွဲ့သည် ခေါင်းမော့ကြည့်လိုက်ရာ ဖုတ်ကောင်ကြီး၏ လက်ဝါးကြီးများက သူမ၏သူငယ်ချင်းများဆီသို့ ရိုက်ချတော့မည့်အရေးကို ဘာမျှမတတ်နိုင်ဘဲ ကြည့်နေရုံသာ တတ်နိုင်တော့၏။
"မလုပ်နဲ့..."
ဝုန်းခနဲ မြည်ဟည်းသွားလေသည်။
မုန့်ကျယ်လန်သည် ဟန်ရှင်းယွဲ့၏ စိတ်ပျက်အားလျော့စွာ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် ခေါင်းကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်ရာ ရှို့ဝူက သူမနှင့် ကျိုးယွီယန်တို့၏ ရှေ့တွင် မတ်တတ်ရပ်နေပြီး ဖုတ်ကောင်ကြီး၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ပေးထားသည်ကို မြင်လိုက်ရလေသည်။
မုန့်ကျယ်လန်သည် ဖုတ်ကောင်ကြီး၏ အသံလှိုင်းတိုက်ခိုက်မှုဒဏ်မှ မသက်သာသေးသည်ကို မြင်သောအခါ ထန်ဝေ့နှင့်အတူ ဘယ်ဘက်ရှိအိမ်ကို စူးစမ်းရှာဖွေနေဆဲဖြစ်သော ကျီယန်က သူမရှိရာသို့ အပြေးအလွှား ရောက်ရှိလာပြီး ထိုနေရာမှ ဆွဲထုတ်သွားလေသည်။
ဟန်ရှင်းယွဲ့သည်လည်း သတိပြန်ဝင်လာပြီးနောက် မြေပြင်မှ အတင်းရုန်းထကာ ကျိုးယွီယန်ရှိရာသို့ အစွမ်းကုန် ပြေးသွားပြီး သူမကို ခက်ခက်ခဲခဲ ဆွဲခေါ်သွားတော့သည်။
၎င်းတို့ ထွက်ခွာသွားပြီး တစ်စက္ကန့်အကြာတွင် ကျူးလင်သည် ဓားကို မြှောက်လျက် ဖုတ်ကောင်ကြီး၏ နောက်ကျောဘက်၌ ရုတ်တရက် ပေါ်လာချေသည်။
ဖုတ်ကောင်ကြီး တုံ့ပြန်ချိန်မရမီမှာပင် သူမသည် ပင်းကျန့်ဓားကို ဝိညာဉ်စွမ်းအင်များဖြင့် လွှမ်းခြုံကာ ဖုတ်ကောင်ကြီး၏ ခေါင်းများဆီသို့ ပြင်းထန်စွာ ပိုင်းချလိုက်လေသည်။
ချွင်ခနဲ မြည်သွား၏။
ဖုတ်ကောင်ကြီး၏ လည်ပင်းကို ပိုင်းချလိုက်ပြီးနောက် ဓားက ပြန်လည်ကန်ထွက်သွားသဖြင့် ကျူးလင်၏ မျက်ဝန်းများ လှုပ်ရှားသွားရသည်။ သူမသည် လေထဲတွင် ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ဖုတ်ကောင်ကြီး၏ ခေါင်းကို ဖြတ်တောက်ရန် ထပ်မံကြိုးစားလိုက်ပြန်သည်။
ချွင်ခနဲ နှစ်ကြိမ်တိုင်တိုင် မြည်ဟည်းသွားပြန်သည်။
ဖုတ်ကောင်ကြီး၏ လည်ပင်းပေါ်သို့ ဆက်တိုက်တိုက်ခိုက်မှု နှစ်ကြိမ် ကျရောက်သွားသော်လည်း သူမ၏ဓားမှာ တစ်စုံတစ်ခုက တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်နေသကဲ့သို့ ကန်ထွက်နေဆဲပင် ဖြစ်သည်။
သူမ၏ တိုက်ခိုက်မှုက ဖုတ်ကောင်ကြီး၏ လည်ပင်းပေါ်တွင် အစင်းရာလေးတစ်ခုမျှပင် မထင်ကျန်စေနိုင်သည်ကို မြင်သောအခါ ကျူးလင်က ဖုတ်ကောင်ကြီး၏ နံဘေးကို ကန်ကျောက်လိုက်လေသည်။
ဂျွတ်ခနဲ အသံနှင့်အတူ ဝုန်းခနဲ မြည်ဟည်းသွားလေသည်။
ဖုတ်ကောင်ကြီးသည် ကျူးလင်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသောအခါ သူမ၏ ကန်ချက်ကို တားဆီးရန် ၎င်း၏လက်မောင်းကို မြှောက်လိုက်ချေသည်။
၎င်း၏ ကျိုးသွားသော လက်မောင်းကို ဂရုမစိုက်ဘဲ ဖုတ်ကောင်ကြီးသည် အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူမ၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲပြီး လွှင့်ပစ်လိုက်လေသည်။
ဤအရာအားလုံး ဖြစ်ပျက်ရန် နှစ်စက္ကန့်သာ ကြာမြင့်ခဲ့ပြီး ရှို့ဝူမှာ အကာအကွယ်အတားအဆီးကို ပြန်လည်ရုပ်သိမ်းရန်သာ အချိန်ရလိုက်သည်။
ကျူးလင်သည် အနီးနားရှိ အိမ်တစ်လုံးဆီသို့ လွင့်စင်သွားတော့မည့်အရေးကို မြင်သောအခါ သူသည် သူမ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် သူ၏စွမ်းရည်ကို လျင်မြန်စွာ အသုံးပြုလိုက်ရ၏။
ဝုန်းခနဲ ပြိုကျသွားလေသည်။
ကျူးလင်သည် အိမ်ထဲသို့ လွင့်စင်သွားပြီး ပြိုကျပျက်စီးသွားသော အပျက်အစီးများအောက်တွင် မြုပ်နှံခံလိုက်ရချိန်၌ ရှို့ဝူသည် ထန်ဝေ့၏ မီးကြိုးမျှင်များက ဖုတ်ကောင်ကြီးဆီသို့ ပစ်လွှတ်ကာ ၎င်း၏ခန္ဓာကိုယ်ကို ပိုးအိမ်တစ်ခုကဲ့သို့ ရစ်ပတ်ထားသည်။
ထိုအရာကို အခွင့်ကောင်းယူကာ ကျီယန်ကမူ ကျူးလင်ကို အပျက်အစီးများအောက်မှ တူးဖော်ရန် အပြေးအလွှား သွားရောက်လေသည်။
တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။
ထန်ဝေ့သည် ဖုတ်ကောင်ကြီး၏ လှုပ်ရှားမှုကို ကန့်သတ်ရန် မီးကြိုးမျှင်များကို ထိန်းချုပ်လိုက်ပြီးနောက် ရှို့ဝူကို လှမ်းကြည့်လိုက်သည်။
၎င်းတို့နှစ်ဦး၏ နားလည်မှုမှာ အလွန်မြင့်မားလှသဖြင့် ထန်ဝေ့က ဘာမျှမပြောသော်လည်း ရှို့ဝူက သူဘာလုပ်ချင်သည်ကို သိရှိလိုက်ပေသည်။
ရှို့ဝူသည် ထန်ဝေ့၏ မီးကြိုးမျှင်များနှင့်အတူ ဖုတ်ကောင်ကြီးကို ရစ်ပတ်ရန် သူ၏စွမ်းရည်ကို အသုံးပြုလိုက်သည်။
ဖုတ်ကောင်ကြီးသည် အနက်ရောင်လုံးကြီးထဲတွင် လုံးဝပိတ်မိသွားသည်ကို မြင်သည်နှင့် ထန်ဝေ့က မီးကြိုးမျှင်များကို ဖြတ်တောက်လိုက်ချေသည်။
အနက်ရောင်လုံးကြီးထဲတွင် ဖုတ်ကောင်ကြီး၏ လှုပ်ရှားမှုများမှာ တစ်စုံတစ်ဦးက ရပ်တန့်ရန် ခလုတ်နှိပ်လိုက်သကဲ့သို့ ရုတ်တရက် ရပ်တန့်သွားရလေသည်။
ရွာအဝင်ဝနှင့် မလှမ်းမကမ်းတွင်ရှိသော အိမ်တစ်လုံး၏ နောက်ကွယ်တွင် ပုန်းအောင်းနေသည့် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးငယ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
သူမသည် မှတ်စုစာအုပ်ထဲတွင် အချက်အလက်အချို့ကို ထပ်မံရေးမှတ်လိုက်ပြီးနောက် သူမ၏ ဓာတ်ခွဲခန်းဝတ်ရုံအိတ်ကပ်ထဲမှ စက်ပစ္စည်းအသေးလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းကို အကြိမ်အနည်းငယ် နှိပ်လိုက်သော်လည်း ဘာမျှဖြစ်မလာချေ။
သူမသည် မှတ်စုစာအုပ်ထဲတွင် တစ်ခုခုကို ထပ်မံရေးသားလိုက်ပြီးနောက် သူမ၏ ဓာတ်ခွဲခန်းဝတ်ရုံ၏ အခြားအိတ်ကပ်ထဲမှ ဝေါ်ကီတော်ကီတစ်ခုကို ထုတ်ယူလိုက်သည်။
သူမက ဝေါ်ကီတော်ကီမှတစ်ဆင့် စကားပြောနေစဉ် ရှို့ဝူသည် အနက်ရောင်လုံးကြီးထဲရှိ ဖုတ်ကောင်ကြီးကို သတ်ပစ်ရန် ကြိုးစားနေ၏။
အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် သူသည် မျက်မှောင်ကြုတ်ကာ ထန်ဝေ့ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲမှ အဓိပ္ပာယ်ကို မြင်လိုက်ရသောအခါ ထန်ဝေ့သည်လည်း မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိတော့သည်။
၎င်းတို့နှစ်ဦး မျက်လုံးချင်း ဆက်သွယ်နေကြစဉ်မှာပင် ကျီယန်သည် ပျက်စီးယိုယွင်းနေသော အပျက်အစီးများအောက်မှ ကျူးလင်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။
သူမ ဒဏ်ရာရသွားသလားဟု မမေးမီမှာပင် ကျီယန်သည် ကျူးလင်၏ ခေါင်းပေါ်တွင် ရပ်နေပြီး ရှေ့ခြေထောက်နှစ်ဖက်ကို မြှောက်ထားသော ယုန်ဖြူလေးကို မြင်လိုက်ရလေသည်။
မွေးပွပွခြေသည်းများထဲမှ ရွှေရောင်အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး ကျူးလင်၏ ပတ်ပတ်လည်တွင် ဥပုံသဏ္ဌာန် ရွှေရောင်အတားအဆီးတစ်ခုကို ဖြစ်ပေါ်စေသည်။ ရွှေရောင်အတားအဆီး၏ အောက်တွင် ရှို့ဝူ၏ အနက်ရောင်အတားအဆီးလည်း ရှိနေသေး၏။ စက္ကန့်အနည်းငယ်အကြာတွင် မှိန်ဖျော့နေသော အနက်ရောင်အတားအဆီးမှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။
ကျီယန်က ထိုနေရာတွင် မတ်တတ်ရပ်လျက် စိုက်ကြည့်နေသည်ကို မြင်သောအခါ ထူထူက တည်ငြိမ်စွာ မေးလိုက်သည်။
"ကျီလေး... ငါ့သခင်မလေးကို ကူညီပေးပါဦး... သူမက အတွင်းဒဏ်ရာ အနည်းငယ် ရသွားပုံရတယ်..."
ကျီယန်သည် ထူထူက သူ့ကို ချစ်စရာကောင်းသော အသံလေးဖြင့် ကျီလေးဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသည်နှင့် သူ့မျက်နှာမှာ ပျက်ယွင်းသွားလေသည်။
ကျူးလင်သည် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာကို အချိန်ကိုက် မြင်တွေ့လိုက်ရသဖြင့် မရယ်ဘဲ မနေနိုင်တော့ချေ။ ကံဆိုးစွာဖြင့် သူမ ရယ်မောလိုက်သည့် အခိုက်အတန့်တွင် ပြင်းထန်စွာ ချောင်းဆိုးသွားရတော့သည်။
"ဟားဟား... အဟွတ်... အဟွတ်..."
ကျီယန်သည် သူမ၏ ပြင်းထန်သော ချောင်းဆိုးသံကြောင့် လန့်သွားပြီး သူမ၏ ပတ်ပတ်လည်ရှိ ကျန်ရှိနေသော အပျက်အစီးများကို လျင်မြန်စွာ ဖယ်ရှားပေးလိုက်သည်။
ထူထူက ရွှေရောင်အတားအဆီးကို ရုပ်သိမ်းလိုက်ပြီးနောက် သူသည် ကျူးလင်ကို မြေပြင်မှ အမြန်တွဲထူပေးကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ရှောင်လင်... အဆင်ပြေရဲ့လား..."
ကျူးလင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ကျွန်မ အဆင်ပြေပါတယ်... ဒဏ်ရာဟောင်းက လုံးဝမပျောက်ကင်းသေးလို့ပါ..."
ကျီယန်သည် သူမ၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် သူမကို အပျက်အစီးများကြားမှ တွဲလျှောက်လာရင်း ပြောလိုက်သည်။
"သတိထားပါ... ခြေလှမ်းကို ဂရုစိုက်ဦး..."
ကျူးလင်သည် အပျက်အစီးများအောက်မှ ပင်းကျန့်ဓားကို ကောက်ယူပြီးနောက် ၎င်းတို့သည် ရှို့ဝူနှင့် ထန်ဝေ့ရှိရာသို့ လျှောက်သွားကြသည်။ သူမသည် လေထဲတွင် လွင့်မျောနေသော အနက်ရောင်လုံးကြီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"အဲဒါက ဘာလဲဟင်... ဖုတ်ကောင်ကြီးကော ဘယ်ရောက်သွားလဲ... ရှင်တို့နှစ်ယောက် အဲဒါကို သတ်လိုက်ပြီလား..."
ရှို့ဝူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ငါတို့ အဲဒါကို မသတ်နိုင်ခဲ့ဘူး... ထန်ဝေ့ရဲ့ မီးကြိုးမျှင်တွေက အဲဒီကောင်ရဲ့ အရေပြားကိုတောင် မလောင်ကျွမ်းစေနိုင်ဘူး..."
ကျီယန်သည် ရှို့ဝူ၏ စကားကို ကြားသောအခါ အံ့အားသင့်သွားပြီး မေးလိုက်သည်။
"မင်းရဲ့ စွမ်းရည်ကော... မင်းလည်းပဲ အဲဒါကို မသတ်နိုင်ဘူးလား... အရင်တုန်းက အစိမ်းရောင်နွယ်ပင်တွေကို လုပ်ခဲ့သလိုမျိုး ဟင်းလင်းပြင်ထဲမှာ ချေမှုန်းပစ်လို့ မရဘူးလား..."