အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) - အတင်းတုပ်ခြင်း
ရှို့ဝူက ကျီယန်၏ မေးခွန်းကို တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်လေသည်။
"ငါ လုပ်နိုင်တယ်... ဒါပေမဲ့ အဲဒါက စွမ်းအင် အများကြီး ကုန်တယ်ကွ... ပြီးတော့ ဒီရွာထဲမှာ ဒီလိုမျိုး ဖုတ်ကောင်တွေ ရှိနေသေးလားဆိုတာ ငါ မသိဘူး... ဒီအချိန်မှာ ငါ့ရဲ့ စွမ်းအင်တွေအားလုံးကို သုံးပစ်လိုက်ဖို့က စွန့်စားရာ ရောက်လွန်းတယ်..."
သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျီယန်က မေးလိုက်၏။
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ... သူ့ကို အထဲမှာ ပိတ်လှောင်ထားတာက အဖြေမဟုတ်ဘူး...”
“အဲဒါက မင်းရဲ့ စွမ်းအင်တွေကိုပဲ ကုန်ခမ်းစေလိမ့်မယ်... ပြီးတော့ မင်းသာ သူ့ကို ဆက်ပြီး ပိတ်လှောင်ထားမယ်ဆိုရင် ခဏနေရင် မင်းရဲ့ စွမ်းအင်တွေလည်း ကုန်ဆုံးသွားလိမ့်မယ်..."
ထန်ဝေ့က ကျီယန်၏ စကားကို ထောက်ခံရင်း ပြောလိုက်ပေသည်။
"လောင်ယန် ပြောတာမှန်တယ်... ငါတို့ ဒီဖုတ်ကောင်ကို အမြန်ဆုံး သတ်နိုင်မယ့် နည်းလမ်းကို ရှာရမယ်... သူ့ကို ဒီအတိုင်း လွှတ်ထားလို့မဖြစ်ဘူး..."
သူတို့ လေးဦးလုံး ဖုတ်ကောင်ကို သတ်ရန် နည်းလမ်း ရှာဖွေနေစဉ်မှာပင် မုန့်ကျယ်လန်၏ အားနည်းသော ချောင်းဆိုးသံ ထွက်ပေါ်လာလေသည်။ သူမသည် ဝမ်နကို တွဲထားရင်း သူတို့ကို ကြည့်လိုက်လေသည်။
သူမက ရှို့ဝူနှင့် အခြားသူများ၏ မျက်နှာအမူအရာကို အကဲခတ်ရင်း မေးလိုက်၏။
"ငါတို့ စခန်းကို ဆက်သွယ်ပြီး ဒီဖုတ်ကောင်ကို ဆုလာဘ်တချို့နဲ့ လဲလှယ်ရင် ဘယ်လိုလဲ..."
သူမ၏ စကားကို ကြားပြီးနောက် ရှို့ဝူက မေးလိုက်လေသည်။
"မင်းမှာ အခု စခန်းကို ဆက်သွယ်နိုင်မယ့် နည်းလမ်း ရှိလို့လား..."
သူမ၏ အသည်းစွဲနတ်ဘုရားလေး၏ မေးမြန်းခြင်းကို ခံရသဖြင့် မုန့်ကျယ်လန်သည် မျက်နှာလေး နီရဲသွားကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်ပေသည်။
"ယွီ... ယွီယန်ရဲ့ ဦးလေးက စခန်းရဲ့ ဓာတ်ခွဲခန်းမှာ အလုပ်လုပ်တာ... သူမမှာ သူ့ကို ဆက်သွယ်နိုင်တဲ့ နည်းလမ်း ရှိတယ်..."
ထူထူက မုန့်ကျယ်လန်၏ နီရဲနေသော မျက်နှာကို ကြည့်ကာ ပြုံးလိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်၏။
'သခင်မလေး... ဒီမိန်းကလေးက သူ့ကို သဘောကျနေတာပဲ...'
ကျူးလင်က ထူထူ ပြောလိုက်သော စကားကို ခဏမျှ စဉ်းစားလိုက်သည်။
ထို့နောက် သူမသည် ရှို့ဝူ စကားပြောပြီးနောက် ဖြစ်ပေါ်လာသော မုန့်ကျယ်လန်၏ လက်ရှိ အပြုအမူနှင့် အတိတ်တုန်းက ဖူးစာနတ်ဘုရားမ ပြောပြခဲ့ဖူးသော အချစ်ကို ခံစားနေရသည့် လူသားများ၏ အပြုအမူတို့ကို နှိုင်းယှဉ်ကြည့်လိုက်လေသည်။
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြန်ပြောလိုက်၏။
'အင်း... သူမရဲ့ လက်ရှိ အပြုအမူက အချစ်ကို ခံစားနေရတဲ့ လူသားတွေရဲ့ အပြုအမူနဲ့ တော်တော်လေး တူတယ်...'
သူမ၏ စကားကို ကြားရသောအခါ ထူထူက ကျူးလင်ကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်လေသည်။
'သခင်မလေး... တကယ်ပဲ ကျွန်တော့်ရဲ့ သခင်မလေး ဟုတ်ရဲ့လား... မင်း သူမကို ပြန်ပေးဆွဲထားတာလား... ကျွန်တော့်ရဲ့ တကယ့် သခင်မလေး ဘယ်မှာလဲ... သခင်မလေးက ဘာလို့ ရုတ်တရက်ကြီး လူမှုရေး အခြေခံဗဟုသုတတွေ ရှိသွားရတာလဲ...'
ကျူးလင်က အံ့အားသင့်နေသော ယုန်ကလေးကို တစ်ချက်ကြည့်လိုက်ပြီး သူမ ပြောသည်ကို လျစ်လျူရှုထားလိုက်၏။ သခင်မလေး၏ လျစ်လျူရှုခြင်းကို ခံရသဖြင့် ထူထူက ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်ပေသည်။
'သခင်မလေး... သခင်မလေး ပင်ပန်းခဲ့မှန်း ကျွန်တော် သိပါတယ်... သခင်မလေးက ဖူးစာနတ်ဘုရားမဆီကနေ ဒီလိုအသိပညာမျိုးတွေကို သင်ယူခဲ့လိမ့်မယ်လို့ ကျွန်မ မထင်ထားမိလို့ပါ...'
ထိုစဉ်က မြင်ကွင်းကို ပြန်လည်အမှတ်ရရင်း သူမက သာယာစွာ ရယ်မောကာ ပြောလိုက်လေသည်။
“ငါက သူမဆီ သွားပြီး သင်ယူခဲ့တာ မဟုတ်ဘူး... သူမက ငါ့ဆီလာပြီး လာညည်းတွားတာ...”
“လူသားတွေက အချစ်ကိုပဲ နှစ်သက်ကြပြီး အိမ်ထောင်ပြုရမှာကို မုန်းကြတယ်လို့ သူမက ပြောတယ်..."
“အဲဒါကြောင့် နှစ်အနည်းငယ်အတွင်းမှာပဲ သူမရဲ့ ဖူးစာနတ်ကွန်းတွေ အများကြီး စွန့်ပစ်ခံခဲ့ရပြီး သူမရဲ့ စွမ်းအားတွေ အများကြီး ဆုံးရှုံးသွားခဲ့ရတယ်..."
“အမှန်အတိုင်း ပြောရရင် အဲဒီတုန်းက သူမက နှပ်တွေ၊ မျက်ရည်တွေနဲ့ အသည်းအသန် ငိုကြွေးနေခဲ့တာမို့ ငါတောင် သူမကို ချက်ချင်းမမှတ်မိနိုင်ခဲ့ဘူး...'
ထူထူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
'သူမက သခင်မလေးဆီ လာပြီး ညည်းတွားစရာ မလိုပါဘူးနော်... သူမက သခင်မလေးကို သူမရဲ့ အလုပ်တွေ ကူညီပေးစေချင်လို့လား...'
ထိုသို့ ပြောပြီးနောက် ထူထူက ခဏမျှ စဉ်းစားကာ ခေါင်းခါယမ်းလိုက်ပေသည်။
“မဟုတ်ဘူး... အဲဒါ မဟုတ်နိုင်ဘူး... တကယ်လို့ တစ်ယောက်ယောက်က သခင်မလေးကို အလုပ်ကူလုပ်ပေးဖို့ လာတောင်းဆိုမယ်ဆိုရင် အဲဒါ စစ်နတ်ဘုရားပဲ ဖြစ်ရမယ်...”
“ဘာပဲဖြစ်ဖြစ် သခင်မလေးက အဆင့်မြင့်နတ်ဘုရားမင်ယဲ့နဲ့ စေ့စပ်ထားတာလေ... မိစ္ဆာနတ်ဘုရားသာ ဝင်မနှောင့်ယှက်ခဲ့ရင် သခင်မလေးတို့နှစ်ယောက်မှာ ကလေးတောင် ရှိနေလောက်ပြီ...'
ထူထူ၏ စကားကို ကြားရသောအခါ ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
'မင်ယဲ့က ငါ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းနဲ့ ရဲဘော်ရဲဘက်ပဲ... ငါတို့နှစ်ယောက်ကြားမှာ သူငယ်ချင်း သံယောဇဉ်ကလွဲလို့ ဘာမှမရှိဘူး... ပြီးတော့ သူ့မှာ သူချစ်ရတဲ့သူ ရှိပြီးသားပဲ...'
သူမ၏ စကားကို ကြားပြီးနောက် ထူထူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ယုန်ကလေးက သူမ၏ မျက်နှာနားသို့ တိုးကပ်လာပြီး နားနားကပ်ကာ တိုးတိုးလေး မေးလိုက်၏။
'သခင်မလေး... ကောလာဟလတွေက တကယ်ပဲ ဟုတ်လို့လား...'
ကျူးလင်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း မေးလိုက်လေသည်။
'ဘာကောလာဟလလဲ...'
ထူထူက တောက်ပသော မျက်ဝန်းများဖြင့် ပြန်လည်ဖြေကြားလိုက်ပေသည်။
'ကျွန်တော်တို့ နန်းတော်မှာ အလုပ်လုပ်တဲ့ နတ်သမီးလေးနဲ့ အဆင့်မြင့်နတ်ဘုရားမင်ယဲ့တို့အကြောင်း ကောလာဟလလေ... အဲဒါ တကယ်ပဲ ဟုတ်လား...'
အတင်းတုပ်ချင်နေသော ယုန်ကလေးကို ကြည့်ရင်း ကျူးလင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
“အင်း... စိတ်မကောင်းစရာက ငါတို့ မင်ယဲ့ရဲ့ မင်္ဂလာပွဲကို မတက်ရောက်နိုင်တော့ဘူး..."
“သူ မင်္ဂလာဆောင်တဲ့အခါ ဖူးစာနတ်ဘုရားမက အရမ်းပျော်နေလိမ့်မယ်... ဘာပဲဖြစ်ဖြစ် နတ်ဘုရားတွေရဲ့ ပေါင်းဖက်မှုကနေ သူမက စွမ်းအားတွေ အများကြီး ရရှိမှာကိုး...'
ထိုစကားကို ကြားသောအခါ ထူထူက မေးလိုက်လေသည်။
“ဒါဆို ဖူးစာနတ်ဘုရားမက သခင်မလေးဆီ လာတာက အဆင့်မြင့်နတ်ဘုရားမင်ယဲ့နဲ့ အဲဒီနတ်သမီးလေးရဲ့ မင်္ဂလာပွဲအကြောင်းကြောင့်လား ဒါမှမဟုတ် သခင်မလေးတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုကြောင့်လား...”
ကျူးလင်က ခေါင်းခါယမ်းလိုက်သည်။
ထို့နောက် သူမသည် ဖူးစာနတ်ဘုရားမ၏ စကားကို အစ်ကိုတော်ထံသို့ သွားရောက်ပြောပြစဉ်က အစ်ကိုတော်၏ မျက်နှာအမူအရာကို ပြန်လည်အမှတ်ရကာ ပြုံးလိုက်မိ၏။
ထူထူက အလွန်စူးစမ်းချင်နေသည်ကို မြင်သောအခါ သူမက ပြောလိုက်ပေသည်။
“သူမက ငါ့ကို သူမရဲ့ ဖူးစာကြိုးနီလေးကို ငါ့အစ်ကိုတော်နဲ့ ချည်နှောင်ပေးဖို့ ကူညီခိုင်းတာ... သူမရဲ့ ဘဝမှာ တစ်ခုတည်းသော ရည်မှန်းချက်က ငါ့ရဲ့ မရီး ဖြစ်လာဖို့ပဲတဲ့...”
သူမ၏ စကားကို ကြားရသောအခါ ထူထူသည် ဖူးစာနတ်ဘုရားမ၏ အရှက်မရှိပုံကို မချီးကျူးဘဲ မနေနိုင်တော့ချေ။
လောကဘုံခြောက်ပါးထဲက မည်သူက မသိဘဲ ရှိပါမည်နည်း။
သူမ၏ ဘဝအိပ်မက်က စစ်နတ်ဘုရားကို လက်ထပ်ဖို့ ဖြစ်သည်ဟုလည်း ပြောခဲ့ဖူးသည်လေ။
သို့ပေမဲ့...
အဆင့်မြင့်နတ်ဘုရား မင်ယဲ့နဲ့ နတ်သမီးလေးတို့အကြောင်း ကောလာဟလတွေ ထွက်လာကတည်းက ဖူးစာနတ်ဘုရားမသည် သူမ၏ အိပ်မက်အကြောင်းကို တစ်ခါမျှ ထပ်မပြောတော့ချေ။
သူမ တကယ်ပဲ အတည်ပြောနေတာလားဆိုတာ ဘယ်သူ သိနိုင်မည်နည်း။
မည်သို့ပင်ဖြစ်စေ ဖူးစာနတ်ဘုရားမသည် အပြောသာရှိပြီး လက်တွေ့ ဘာမှမလုပ်တတ်မှန်း လူတိုင်း သိကြသည်လေ။
သူတို့နှစ်ဦး ဖူးစာနတ်ဘုရားမအကြောင်း အတင်းတုပ်နေကြစဉ် ရှို့ဝူက ကျူးလင်ကို စိုက်ကြည့်နေခဲ့ပြီး သူမသည် ထူထူနှင့် စကားပြောနေမှန်း သိရှိလိုက်၏။
သူမသည် မုန့်ကျယ်လန်ကို ကြည့်ရင်း တစ်ခါတစ်ရံ သာယာစွာ ပြုံးရယ်နေသည်ကို မြင်ရသောအခါ သူ၏ စိတ်နှလုံးသည် လေးလံသွားပြီး မုန့်ကျယ်လန်ကို မကျေမနပ် စိုက်ကြည့်လိုက်မိလေသည်။
သူမ၏ စိတ်ကူးယဉ်အိမ်မက်ထဲက နတ်ဘုရားလေးက ဘာကြောင့် ရုတ်တရက်ကြီး သူမကို ဒေါသတကြီး စိုက်ကြည့်ရသည်ကို မသိသဖြင့် မုန့်ကျယ်လန်သည် တုန်လှုပ်သွားကာ ဝမ်န၏ နောက်ကွယ်သို့ ဝင်ပုန်းလိုက်ပေသည်။
မုန့်ကျယ်လန်က သူ့ကို ခိုးကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ ရှို့ဝူက ကျူးလင်ထံသို့ အမြန် လှည့်ကြည့်လိုက်၏။
ကျူးလင်က သူ့ကိုရော မုန့်ကျယ်လန်ကိုပါ ဟိုဟိုဒီဒီ လျှောက်ကြည့်နေသည်ကို မြင်သောအခါ ရှို့ဝူက ကျီယန်ကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ကျီယန်က ရှို့ဝူ၏ စိုးရိမ်ပူပန်ပြီး မပျော်မရွှင် ဖြစ်နေသော မျက်နှာအမူအရာကို မြင်ရုံမျှဖြင့် သူ ဘာတွေးနေသည်ကို ချက်ချင်း ရိပ်မိလိုက်ပေသည်။