အခန်း ၁၀၉
Vol. 11 Ch. 109
အခန်း (၁၀၉) - ဆွေးနွေးညှိနှိုင်းခြင်း
ကျီယန်က မျက်နှာတွင် အပြုံးတစ်ခု ဆင်ယင်လျက် ကျိုးယွီယန်ကို ကြည့်ကာ မေးလိုက်လေသည်။
"မင်းရဲ့သူငယ်ချင်း ပြောတာ တကယ်ပဲလား... အခု တကယ်ပဲ စခန်းနဲ့ ဆက်သွယ်လို့ရတဲ့ နည်းလမ်း ရှိနေတာလား..."
ကျိုးယွီယန်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။
“ဟုတ်ပါတယ်... ကျွန်မရဲ့ ဦးလေးက ဓာတ်ခွဲခန်းထဲက သုတေသနပညာရှင်တွေထဲက တစ်ယောက်လေ..."
“သူက ကျွန်မကို လျှို့ဝှက်အချက်အလက်တချို့ ပြောပြထားတာ ရှိတယ်..."
“အဲဒီအချက်အလက်တွေက ဘာလဲဆိုတာကိုတော့ ပြောပြလို့မရဘူး... ဒါက ကျွန်မဦးလေးရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်နေလို့ပါ..."
ကျီယန်က ပြုံးလျက် ပြောလိုက်ချေသည်။
“အဲဒီ လျှို့ဝှက်အချက်အလက်တွေကို ငါတို့ကို ပြောပြဖို့ မလိုပါဘူး...”
“ငါတို့ လိုချင်တာက မင်း စခန်းကို ဆက်သွယ်ပြီး ငါတို့ရမယ့် ဆုလာဘ်တွေအတွက် ညှိနှိုင်းပေးဖို့နဲ့ ဒီထူးဆန်းတဲ့ ဖုတ်ကောင်အတွက် စီစဉ်ပေးဖို့ပဲ..."
“စခန်းက ဒီဖုတ်ကောင်ကို ဘာပဲလုပ်လုပ် ငါတို့နဲ့ မဆိုင်ဘူး..."
ထိုစကားကို ကြားသောအခါ ကျိုးယွီယန်က ခေါင်းညိတ်လိုက်ပြီး သူမ၏ ကျောပိုးအိတ်ထဲမှ သေးငယ်သော ဆက်သွယ်ရေးကိရိယာလေးတစ်ခုကို တည်ငြိမ်စွာ ထုတ်ယူလိုက်လေသည်။
လေလှိုင်းကို ညှိလိုက်ပြီး သူမက နားတွင် ကပ်လျက် စောင့်ဆိုင်းနေလိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက ပြောလိုက်လေသည်။
“ဦးလေး... သမီးပါ...”
“ဟုတ်ကဲ့... သမီး ဘာမှမဖြစ်ပါဘူး...”
ကျိုးယွီယန်က သူမ၏ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်၍ မေးမြန်းလာသော ဦးလေးဖြစ်သူ၏ မေးခွန်းများကို တစ်ခုချင်း ဖြေကြားပေးလိုက်ပြီးနောက် ပြောလိုက်ပြန်သည်။
“ဦးလေး... သမီးတို့ စခန်းနဲ့ ကီလိုမီတာ ငါးဆယ်လောက် ဝေးတဲ့ ရွာတစ်ရွာမှာ ထူးဆန်းတဲ့ ဖုတ်ကောင်တစ်ကောင်ကို ဖမ်းမိထားတယ်...”
“ဟုတ်ကဲ့... အဲဒီရွာပဲ..."
သူမက အသိအမှတ်ပြုသည့်အနေဖြင့် အကြိမ်အနည်းငယ် ခေါင်းညိတ်ထောက်ခံပြီးနောက် ပြောလိုက်၏။
“သူတို့က အရင်ဆုံး ဆုလာဘ်ကိစ္စကို ဆွေးနွေးချင်နေကြတာ...”
“ဦးလေးကော ဒီကိစ္စကို ဆုံးဖြတ်ပေးနိုင်မလား..."
“ဟုတ်ကဲ့... သမီး နားလည်ပါပြီ..."
ကျိုးယွီယန်က သူမ၏ဦးလေး ပြောသည်များကို ခဏမျှ နားထောင်ပြီးနောက် ဆက်သွယ်ရေးကိရိယာကို ချွတ်ကာ ကျီယန်ထံ ကမ်းပေးရင်း ပြောလိုက်လေသည်။
"အစ်ကိုကျီ... တစ်ယောက်ယောက်က အစ်ကိုနဲ့ စကားပြောချင်လို့တဲ့..."
ကျီယန်က သူမ၏လက်ထဲမှ ဆက်သွယ်ရေးကိရိယာကို လှမ်းယူကာ ညာဘက်နားတွင် တပ်ဆင်လိုက်ပြီး မေးလိုက်၏။
"ဟယ်လို... အခုပြောနေတာ ဘယ်သူပါလဲခင်ဗျာ..."
သူက မေးလိုက်ပြီးနောက် ဆက်သွယ်ရေးကိရိယာထဲမှ သက်ကြီးရွယ်အိုတစ်ဦး၏ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာချေသည်။
"ကျုပ်က စစ်တပ်စခန်းရဲ့ ဗိုလ်ချုပ်ပါ... ကျုပ်နာမည်က မော့ရန်လို့ ခေါ်တယ်... မင်းရဲ့ နာမည်လေး သိပါရစေ..."
ကျီယန်သည် တစ်ဖက်လူ၏ နာမည်ကို ကြားလိုက်ရသောအခါ ခဏမျှ ဆွံ့အသွားရ၏။
သူက မိမိ စကားပြောရမည့် အမြင့်ဆုံးအဆင့်ရှိသူမှာ ဝါရင့်သိပ္ပံပညာရှင်တစ်ဦးဦးသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် မော့ရန်ဟူသော နာမည်ကို ကြားလိုက်ရချိန်တွင်မူ ကျီယန်သည် ယခုတစ်ကြိမ်တွင် ရွှေတွင်းကြီးတစ်တွင်းကို တူးမိသွားပြီဖြစ်ကြောင်း သိလိုက်လေသည်။
သူ့မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး ယဉ်ကျေးပျူငှာစွာ ပြောလိုက်လေသည်။
"မင်္ဂလာပါ ဗိုလ်ချုပ်မော့... ကျွန်တော့်နာမည်က ကျီယန်လို့ ခေါ်ပါတယ်... ဗိုလ်ချုပ်ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ... ဒီနေ့ ဗိုလ်ချုပ်နဲ့ စကားပြောခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ..."
ကြီးမားသော ဘဲဥပုံစားပွဲကြီး၏ အဓိကထိုင်ခုံတွင် ထိုင်နေသော မော့ရန်က တည်ငြိမ်စွာ ပြောလိုက်၏။
"ငါလည်း နောက်ဆုံးတော့ သခင်လေးကျီနဲ့ စကားပြောခွင့်ရလို့ ဂုဏ်ယူမိပါတယ်...”
“မင်းတို့အဖွဲ့နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို ငါ အများကြီး ကြားဖူးတယ်..."
“မင်းတို့အဖွဲ့က ငါတို့ရဲ့ စစ်တပ်စခန်းမှာ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာကိုလည်း ငါ တကယ်ပဲ ဝမ်းသာမိပါတယ်..."
ကျီယန်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး ပြောလိုက်ပြန်သည်။
"ဗိုလ်ချုပ်မော့ကလည်း ကျွန်တော်တို့ကို အမွှမ်းတင်လွန်းနေပါပြီ..."
“ကျွန်တော်တို့က ဒီစစ်တပ်စခန်းမှာ နေရတာ တော်တော်လေး အဆင်ပြေတယ်လို့ ထင်လို့ပါ..."
“ဘာလို့လဲဆိုတော့ စခန်းပတ်ပတ်လည်မှာ ရှာဖွေရေးမလုပ်ရသေးတဲ့ နေရာတွေ အများကြီး ရှိနေသေးလို့လေ..."
ကျီယန်၏ အသံသည် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ကျယ်ဝန်းသော အစည်းအဝေးခန်းမကြီးအတွင်း ပျံ့လွင့်လာသောအခါ ထိုနေရာတွင် ရှိနေကြသူအားလုံးက ဤလူငယ်မှာ ရင်ဆိုင်ရလွယ်ကူမည့်သူ မဟုတ်ကြောင်း သိလိုက်ကြလေသည်။
နှိမ့်ချသော အမူအရာကို ထိန်းသိမ်းထားရင်း ထိုကဲ့သို့ ထောင်လွှားသော စကားလုံးများကို ပြောဆိုနိုင်ခြင်းမှာ သာမန်စွမ်းရည်မျိုး မဟုတ်ချေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မော့ရန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြောလိုက်ချေသည်။
"သခင်လေးကျီက တော်တော်လေး နှိမ့်ချတတ်တာပဲ... မင်းတို့ ဒီနေ့ အဆင့် ၄ ဖုတ်ကောင်တစ်ကောင်ကို ဖမ်းမိထားတယ်လို့ ပါမောက္ခကျိုး ပြောတာ ငါ ကြားလိုက်ရတယ်..."
ကျီယန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်ပြန်သည်။
"ဟုတ်ပါတယ်... ဒီဖုတ်ကောင်ကို အရှင်ဖမ်းဖို့က ကျွန်တော်တို့အတွက် တကယ့်ကို မလွယ်ကူခဲ့ပါဘူး...”
“တကယ်လို့ ကျွန်တော်တို့အဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုသာ မရှိခဲ့ရင် ကျွန်တော်တို့အားလုံး အဲဒီဖုတ်ကောင်ရဲ့ အစာဖြစ်သွားလောက်ပြီး အခုလို ဗိုလ်ချုပ်မော့နဲ့ စကားပြောခွင့် ရတော့မှာ မဟုတ်ပါဘူး..."
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် မော့ရန်က တည်ငြိမ်စွာ မေးလိုက်လေသည်။
"ဒါဆိုရင် သခင်လေးကျီက ဒီဖုတ်ကောင်နဲ့ လဲလှယ်ဖို့အတွက် ဘာကို လိုချင်တာလဲ..."
ကျီယန်၏ မျက်နှာက တည်ကြည်လေးနက်သွားပြီး ပြောလိုက်၏။
"အသစ်တွေ့ရှိထားတဲ့ သတ္တုရိုင်းတွေကနေ လက်နက်သစ်တွေ သွန်းလုပ်နိုင်တယ်လို့ ကောလာဟလ ကြားထားတယ်...”
“စခန်းကလည်း အဲဒါတွေကို စတင်ထုတ်လုပ်နေပြီမလား... ကျွန်တော်က အဲဒီလက်နက် ဆယ်သေတ္တာနဲ့အတူ မီးစက်အသစ်တစ်လုံး လိုချင်ပါတယ်... အဲဒီသတ္တုရိုင်းအသစ်ကို သုံးပြီး လည်ပတ်ရတဲ့ မီးစက်မျိုးပေါ့..."
သူ့စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အိပ်ချင်မူးတူး ဖြစ်နေပြီး မျက်ကွင်းညိုများရှိနေသည့် အမျိုးသားတစ်ဦးက ရုတ်တရက် ခေါင်းမော့လာပြီး အိပ်ချင်မူးတူးဖြင့် ပြောလိုက်ချေသည်။
"အချိန်တွေ ဖြုန်းမနေနဲ့တော့..."
အခြားတစ်ဖက်တွင်မူ ကျီယန်သည် ဆက်သွယ်ရေးကိရိယာထဲမှ ရင်းနှီးနေသော အိပ်ချင်မူးတူး အသံတစ်သံကို ကြားလိုက်ရသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး မဝံ့မရဲ မေးလိုက်လေသည်။
"ဝမ်းကွဲအစ်ကိုကြီးလား..."
သူက ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအမျိုးသားက သမ်းဝေလိုက်ပြီး ပြောလိုက်၏။
"ကောင်လေး... မင်း စကားမများဘဲ အဲဒီဖုတ်ကောင်ကို မြန်မြန်အပ်စမ်း... ငါ့အချိန်တွေကို လာဖြုန်းမနေနဲ့..."
သူက ထိုသို့ ပြောလိုက်သောအခါ အစည်းအဝေးခန်းမကြီးမှာ ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။ ထိုနေရာတွင် ရှိနေကြသူအားလုံးက ထိုအမျိုးသားကို အံ့အားသင့်စွာ ကြည့်လိုက်ကြပြီး မော့ရန်က မေးလိုက်ပြန်သည်။
"ပါမောက္ခကုန်း... မင်းက သခင်လေးကျီကို သိတာလား..."
ကုန်းရီရွှမ်က ထပ်မံသမ်းဝေလိုက်ပြီး ပြောလိုက်လေသည်။
"သူက ကျွန်တော့်ရဲ့ ဝမ်းကွဲညီလေးပါ..."
သူ့စကားကို ကြားပြီးနောက် လူတိုင်းက ကမ္ဘာကြီးသည် တကယ်ပင် ကျဉ်းမြောင်းလှသည်ဟု မချီးကျူးဘဲ မနေနိုင်ကြတော့ချေ။
မော့ရန်က ဤညှိနှိုင်းမှုတွင် ကျီယန်ကို အသာစီးရရန်အတွက် ခုံရိရွှန်း၏ အဆင့်အတန်းကို မည်သို့အသုံးချရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် ဖန်လျန်ချင်းက ရုတ်တရက် ခပ်တိုးတိုး ရယ်မောလိုက်လေသည်။
သူမ၏ အကြောင်းရင်းမရှိသော ရယ်မောသံကို ကြားရသောအခါ မော့ရန်က မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
"ညွှန်ကြားရေးမှူးဖန်... ဘာလို့ ရုတ်တရက် ရယ်ရတာလဲ..."
ဖန်လျန်ချင်းက မော့ရန်ကို ကြည့်ကာ ပြောလိုက်ချေသည်။
"ဗိုလ်ချုပ်မော့... သခင်လေးကျီလို ပြင်ပလူတစ်ယောက်က လက်နက်သစ်တွေနဲ့ မီးစက်အသစ်တွေအကြောင်း သိနေတာကို ထူးဆန်းတယ်လို့ မထင်ဘူးလား... ဒီသတင်းကို ဒီနေရာမှာ ရှိနေတဲ့သူတွေကလွဲရင် တခြားဘယ်သူမှ မသိနိုင်ဘူးလေ..."
သူမ၏ စကားကို ကြားရသောအခါ မော့ရန်၏ မျက်မှောင်က ပိုမိုကြုတ်သွားချေသည်။ သူက ဖန်လျန်ချင်းကို အေးစက်စွာ ကြည့်လျက် မေးလိုက်လေသည်။
"ညွှန်ကြားရေးမှူးဖန်... မင်း ဒီလိုပြောတာ ဘာအဓိပ္ပာယ်လဲ..."
ဖန်လျန်ချင်းက မော့ရန်ကို ပြုံးပြကာ နှေးကွေးစွာ ပြောလိုက်၏။
"ဗိုလ်ချုပ်မော့... ကျွန်မတို့ကြားထဲမှာ သူလျှိုတစ်ယောက် ရှိနေတယ်..."
သူမ၏ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ယခင်ကထက် ပိုမိုအိပ်ချင်နေပုံရသော ကုန်းရီရွှမ်မှလွဲ၍ ထိုနေရာတွင် ရှိနေကြသူအားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြလေသည်။
အစည်းအဝေးခန်းမအတွင်းရှိ လေထုက တင်းမာလာချိန်တွင် ကျီယန်၏ အသံက ရုတ်တရက် ထိုတင်းမာမှုကို ဖြိုခွဲလိုက်၏။
ကျီယန်၏ စိတ်မရှည်သော အသံက ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ထွက်ပေါ်လာသည်။
"အားလုံးပဲ... ကျွန်တော်တို့ ကိစ္စကို အရင်ပြီးအောင် ပြောကြရအောင်... ပြီးမှပဲ ခင်ဗျားတို့ ကြိုက်သလို ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်ကိုကြီးကို တိုက်ခိုက်ကြပေါ့...”
“ကျွန်တော့်အဖွဲ့က ခင်ဗျားတို့လို မအားဘူးဗျ... ကျွန်တော်တို့မှာ ပြီးအောင်လုပ်ရမယ့် တာဝန်တွေ ရှိသေးတယ်... အခုလည်း ဖုတ်ကောင်တွေ၊ သန္ဓေပြောင်းသတ္တဝါတွေနဲ့ တိုက်ခိုက်နေရတုန်းပဲ..."