အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) - မအောင့်ထားနိုင်တော့ခြင်း
ကျီယန်၏ သတိပေးမှုကို ကြားရပြီးနောက် ဗိုလ်ချုပ်မော့ရန်က ခပ်ဖွဖွချောင်းဆိုးကာ ပြောလိုက်လေသည်။
"သခင်လေးကျီ... ကျွန်တော်တို့ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါဦး... မင်းတို့ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး လက်နက်အသစ် တစ်သေတ္တာကိုတော့ ပေးနိုင်ပေမဲ့ မီးစက်အသစ်ကိုတော့ မပေးနိုင်ဘူး..."
ထိုစကားကို ကြားရသောအခါ ကျီယန်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။
"စိတ်မကောင်းပါဘူး ဗိုလ်ချုပ်မော့... ကျွန်တော်တို့ ဖုတ်ကောင်ကို ခင်ဗျားတို့ဆီ မလွှဲပေးနိုင်တော့ဘူး... သတ်ရဦးမဲ့ ဖုတ်ကောင်တွေနဲ့ သန္ဓေပြောင်းသတ္တဝါတွေ ရှိသေးတာမို့ ကျွန်တော် အရင်ဖုန်းချလိုက်ပါတော့မယ်..."
ဗိုလ်ချုပ်မော့ရန် တစ်စုံတစ်ခု ပြန်မပြောနိုင်ခင်မှာတင် ကျီယန်က ဆက်သွယ်ရေးစက်ကို ပြတ်ပြတ်သားသား ပိတ်ပစ်လိုက်ချေသည်။
သူသည် ဆက်သွယ်ရေးစက်ကို ချလိုက်ရင်း ပြုံးလိုက်၏။ ရှို့ဝူက သူပြုံးနေသည်ကို မြင်သဖြင့် မေးလိုက်လေသည်။
"ဘယ်လိုလဲ..."
ကျီယန်က ပခုံးတွန့်ပြကာ ပြောလိုက်၏။
"သူတို့ ငြင်းလိုက်တယ်..."
"သူတို့ ငြင်းတာကို မင်းက ဘာလို့ ပြုံးနေရတာလဲ... ဒါဆို ဒီဖုတ်ကောင်ကို ငါတို့ ဘာလုပ်ကြမလဲ..."
ထန်ဝေ့က မေးလိုက်ပြီးနောက် ရှို့ဝူကို စိုးရိမ်တကြီး ကြည့်လိုက်လေသည်။
ပို၍ ဖြူဖျော့လာသော ရှို့ဝူ၏ မျက်နှာကို ကြည့်ရင်း ကျီယန်က ပြောလိုက်၏။
"စိတ်မပူပါနဲ့... သူတို့မှာ ငါတို့ တောင်းဆိုချက်ကို သဘောတူဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး... သူတို့ ပြန်ဆက်လာတာကိုပဲ စောင့်နေလိုက်..."
သူ့စကား ဆုံးသည်နှင့်တစ်ပြိုင်နက် ဆက်သွယ်ရေးစက်လေးက လင်းထိန်သွားချေသည်။ ကျီယန်က ၎င်းကို မြှောက်ပြကာ ပြောလိုက်လေသည်။
"တွေ့လား... အဆင့် ၄ ဖုတ်ကောင်ကို ပထမဆုံးရရှိမဲ့ ဒီလိုရှားပါးတဲ့ အခွင့်အရေးကို သူတို့ လက်လွှတ်ခံမှာ မဟုတ်ဘူး..."
ပြောပြီးနောက် သူသည် ဖုန်းကို တည်ငြိမ်စွာ ဖြေကြားလိုက်ပြီး အေးဆေးသော အပြုံးဖြင့် မေးလိုက်၏။
"ဗိုလ်ချုပ်မော့... ဆုံးဖြတ်ပြီးပြီလား..."
အဓိကထိုင်ခုံတွင် ထိုင်နေသော ဗိုလ်ချုပ်မော့ရန်က လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်လေသည်။
"ကောင်းပြီ... မင်းတို့ကို လက်နက်အသစ် ဆယ်သေတ္တာနဲ့ မီးစက်တစ်လုံး ပေးမယ်..."
ကျီယန်၏ မျက်နှာပေါ်ရှိ အပြုံးက ပိုမိုနက်ရှိုင်းသွားပြီး သူက ပြောလိုက်၏။
"အရမ်းကောင်းပါတယ်... ဒါဆို ဖုတ်ကောင်ကို လာလွှဲယူဖို့ လူတွေကို အမြန်ဆုံး လွှတ်ပေးပါဦး... ကျွန်တော်တို့ ဒီဖုတ်ကောင်ကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲဆိုတာ မသေချာဘူး..."
"ကောင်းပြီ..."
ညှိနှိုင်းမှု ပြီးဆုံးသွားပြီးနောက် ကျီယန်က ဆက်သွယ်ရေးစက်ကို ကျိုးယွီယန်ထံ ပြန်ပေးကာ ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်... ရလာတဲ့ ဆုလာဘ်ကို နောက်မှ ခင်ဗျားတို့အဖွဲ့နဲ့ ခွဲဝေပေးပါ့မယ်..."
ကျိုးယွီယန်က ဆက်သွယ်ရေးစက်ကို သိမ်းဆည်းလိုက်ရင်း ပြောလိုက်၏။
"မလိုပါဘူး... ရှင်တို့က ကျွန်မတို့ အသက်ကို ကယ်တင်ပေးခဲ့တာပဲ... အချင်းချင်း ကူညီကြတယ်လို့ပဲ သဘောထားလိုက်ပါ... ကျွန်မတို့ ဘာမှလည်း မကူညီပေးနိုင်ခဲ့တာမို့ ဆုလာဘ်ကို ခွဲဝေပေးဖို့ မလိုပါဘူး..."
သူမ၏ စကားကို ကြားပြီးနောက် ထိုမိန်းကလေး လေးဦးကို ကြည့်သော ကျီယန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားချေသည်။
သဘာဝလွန်စွမ်းအားရှင်များအကြားတွင် မိမိတို့ ပါဝင်ကူညီမှုအလိုက်သာ ဆုလာဘ်ကို လက်ခံရမည်ဟူသော မရေးသားထားသည့် စည်းကမ်းတစ်ခု ရှိပေသည်။
ကျီယန်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"ကောင်းပါပြီ..."
စစ်စခန်းမှ စစ်သားများကို စောင့်ဆိုင်းနေစဉ်အတွင်း ကျူးလင်သည် စွန့်ပစ်ထားသော အိမ်တစ်အိမ်ထဲ၌ ရှို့ဝူ၏ ဘေးတွင် ထိုင်နေလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဖြူဖျော့လာသော သူ၏မျက်နှာကို ကြည့်ရင်း ကျူးလင်က မျက်ခုံးအစုံကို အနည်းငယ် တွန့်လိုက်မိ၏။
သူမက သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်သောအခါ ရှို့ဝူက သူမဘက်သို့ လှည့်ကြည့်ကာ မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ..."
ကျူးလင်က သူ့ကို ပြန်မဖြေဘဲ မျက်ခုံးကို ပို၍သာ ကျုံ့လိုက်မိ၏။ သူ၏ အခြေအနေကို စစ်ဆေးပြီးနောက် သူမက ပြောလိုက်လေသည်။
"ရှင် ဝိညာဉ်စွမ်းအင်တွေ အများကြီး သုံးလိုက်မိပြီ..."
ရှို့ဝူက သူမကို ပြုံးလျက် ကြည့်ကာ ပြောလိုက်၏။
"ကိုယ့်မှာ ရွေးချယ်စရာ မရှိဘူးလေ... စစ်သားတွေကိုလဲ စောင့်ရဦးမယ် ဒီဖုတ်ကောင်ကို ကိုယ်တစ်ယောက်ပဲ ထိန်းထားနိုင်တာ..."
သူမ ခေါင်းမော့ကြည့်လိုက်သောအခါ နူးညံ့စွာ ပြုံးပြနေသော သူ့ကို မြင်လိုက်ရသည်။ ကျူးလင် နှုတ်ဆိတ်သွားချေသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် သူ ဤမျှ အားနည်းနေသည်ကို မမြင်ချင်သောကြောင့် ဖြစ်၏။ အားနည်းခြင်းဟူသော အရာသည် သူ၏မျက်နှာပေါ်တွင် မရှိသင့်ဟု သူမ အမြဲခံစားရသည်။
သူမ၏ မျက်နှာလှလှလေးပေါ်တွင် တွန့်ကွေးနေသော မျက်ခုံးတန်းလေးကို မြင်သောအခါ ရှို့ဝူက သူ၏ လက်မဖြင့် ခပ်ဖွဖွ ပွတ်သပ်ပေးရင်း ပြောလိုက်လေသည်။
"မျက်ခုံးကြီး မကျုံ့ထားပါနဲ့... ကိုယ် ဘာမှမဖြစ်ပါဘူး..."
သူ၏ ရင်းနှီးလွန်းသော အပြုအမူကြောင့် ကျူးလင်မှာ လန့်ဖျပ်သွားပြီး မျက်လုံးဝိုင်းလေးများဖြင့် သူ့ကို စိုက်ကြည့်မိသွား၏။ ၎င်းကို မြင်သောအခါ ထူထူက သက်ပြင်းချကာ သူမ၏ ပါးကို ပုတ်လျက် ပြောလိုက်လေသည်။
"သခင်မလေး... သူ့ဆီကို နတ်ဘုရားစွမ်းအင် လွှဲပြောင်းပေးလိုက်ပါလား..."
ထူထူ၏ စကားကို ကြားမှ ကျူးလင် သတိပြန်ဝင်လာပြီး ပြောလိုက်၏။
"ဟုတ်သားပဲ... ကျွန်မ ရှင့်ဆီကို နတ်ဘုရားစွမ်းအင် မျှဝေပေးလို့ ရတာပဲ..."
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှို့ဝူသည် ယခင်က ကျူးလင်၏ တိုက်ခန်းတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သတိရသွားချေသည်။
ထိုနေ့ကလည်း သူမသည် သူ၏ခန္ဓာကိုယ်ထဲသို့ နတ်ဘုရားစွမ်းအင်များ လွှဲပြောင်းပေးခဲ့သဖြင့် သူ့ကို အလွန်အမင်း ကူညီပေးနိုင်ခဲ့သည်။
သို့သော် ထိုကုသမှု၏ ဘေးထွက်ဆိုးကျိုးများကို တွေးမိလိုက်သောအခါ ရှို့ဝူ၏ ခေါင်းတစ်ခုလုံး ထုံကျင်သွားရလေသည်။
သူက အလျင်အမြန် ပြောလိုက်၏။
"ရှောင်လင်... မင်း..."
ရှို့ဝူ မတားဆီးနိုင်ခင်မှာပင် သူ့လက်ကောက်ဝတ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စွမ်းအင်တစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
ထိုနွေးထွေးသော စွမ်းအင်သည် စွမ်းအင်လမ်းကြောင်းများတစ်လျှောက် ခပ်ဖွဖွ နှစ်ပတ်ခန့် လှည့်ပတ်သွားပြီးနောက် အောက်ဒန်တျန်ထဲသို့ စီးဝင်သွားချေသည်။
နူးညံ့နွေးထွေးသော စွမ်းအင်သည် သူ၏ စွမ်းအင်လမ်းကြောင်းများအတွင်းရှိ ပူလောင်လှသော နာကျင်မှုကို သက်သာစေသော်လည်း ရှို့ဝူမှာမူ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ ရုတ်တရက် ပေါ်ပေါက်လာသော စိတ်ဆန္ဒကို အစွမ်းကုန် အောင့်အီးသည်းခံနေရသည်။
သူသည် စိတ်ကို ကြည်လင်အောင် ကြိုးစားရင်း အံကို တင်းတင်းကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ၏။
သူ၏ တင်းမာနေသော မျက်နှာအမူအရာကို ကြည့်ရင်း ကျူးလင်က စိုးရိမ်တကြီး မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ... ကျွန်မ ရှင့်ကို နာကျင်အောင် လုပ်မိလို့လား... နေရခက်လို့လား..."
သူ၏ လက်ရှိအခြေအနေကြောင့် ရှို့ဝူ၏ စိတ်ထဲတွင် နွေဦးအိမ်မက် ပုံရိပ်များဖြင့် ပြည့်နှက်နေချေသည်။
ကျူးလင်၏ အပြစ်ကင်းစင်သော မေးခွန်းက သူ၏နားထဲသို့ တိုးဝင်လာသောအခါ သူ၏စိတ်ထဲတွင် ပုံရိပ်များ ပိုမိုပေါ်ပေါက်လာစေပြီး စိတ်ကူးယဉ်မှုများကို ပိုမိုပြင်းထန်လာစေသည်။
သူသည် ထိုစိတ်ဆန္ဒကို အစွမ်းကုန် ဖိနှိပ်ရန် ကြိုးစားနေရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ ချွေးစေးများ တရစပ် ထွက်လာရလေသည်။
ကျူးလင်က သူ တစ်ခုခုလွဲမှားနေသည်ကို သတိပြုမိသွားပြီး ထူထူကို ကြည့်ကာ မေးလိုက်၏။
"သူ ဘာဖြစ်နေတာလဲ..."
ထူထူသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ ကျူးလင်ကဲ့သို့ပင် အပြစ်ကင်းစင်လှပေသည်။
ထူထူက ရှို့ဝူ၏ တင်းမာနေသော မျက်နှာအမူအရာကို ခဏမျှ ကြည့်လိုက်ပြီးနောက် သူ၏ တောင့်တင်းနေသော ခန္ဓာကိုယ်ကို ကြည့်လိုက်၏။
ခဏမျှ စဉ်းစားပြီးနောက် ထူထူက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်လေသည်။
"သခင်မလေး... ကျွန်တော်ထင်တာတော့ သခင်မလေးအနေနဲ့ သူ့ရဲ့ စွမ်းအင်လမ်းကြောင်းတွေကို နှိပ်နယ်ပေးသင့်တယ်..."
“ဝိညာဉ်စွမ်းအင်တွေ အများကြီး သုံးလိုက်လို့ သူ့ရဲ့ စွမ်းအင်လမ်းကြောင်းတွေ နာကျင်နေတာ ဖြစ်ရမယ်... စွမ်းအင်လမ်းကြောင်းတွေကို နှိပ်နယ်ပေးတာက နာကျင်မှုကို သက်သာစေနိုင်တယ်..."
ထူထူ၏ စကားကို ကြားပြီးနောက် ကျူးလင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"ကောင်းပြီ... ငါ စမ်းကြည့်လိုက်မယ်..."
ထူထူ၏ စကားကို ကြားသောအခါ ရှို့ဝူသည် ထူထူ၏ အကြံပြုချက်က သူ၏နာကျင်မှုကို သက်သာစေမည့်အစား ကပ်ဘေးကိုသာ သယ်ဆောင်လာလိမ့်မည်ဟု ပြောချင်လှသည်။
သို့သော် ရှက်စရာကောင်းသော အသံများ ထွက်သွားမည်ကို စိုးရိမ်သဖြင့် သူသည် ပါးစပ်ကိုပင် မဟရဲချေ။
ရှို့ဝူ၏ ခွင့်ပြုချက်ကို မစောင့်တော့ဘဲ ကျူးလင်သည် သူမ၏ နတ်ဘုရားစွမ်းအင်ကို ထိန်းချုပ်ကာ သူ၏ စွမ်းအင်လမ်းကြောင်းများကို နှိပ်နယ်ပေးလိုက်လေသည်။
အစပိုင်းတွင် ရှို့ဝူက အောင့်အီးသည်းခံနိုင်သေးသော်လည်း နောက်ထပ် နှစ်မိနစ်ခန့် သည်းခံပြီးနောက်တွင်မူ နောက်ဆုံး၌ မအောင့်ထားနိုင်တော့ချေ။