ရှာတွေ့ခြင်း
Vol. 147 Ch. 2057
ဒိကျဲ့သည် ရှီမာယူယူကို ကြည့်နေသည်။ သူမနှင့် ယွိဝမ်ဝမ်တို့ ရှေးဟောင်းစစ်မြေပြင်သို့ သွားကတည်းကပင် သူမကို ဤနှစ်များတွင် မတွေ့ခဲ့ ရပေ။
“လျှို့ဝှက်ဂိုဏ်းမှာဘယ်လိုနေလဲ” သူသည် သူမဘေးတွင်ထိုင်ပြီး ညင်သာစွာ မေးလေသည်။
သူ၏နောက်လိုက်များသည် ယခုလိုပုံစံကိုပထမဆုံးမြင်ဖူးခြင်းဖြစ်သဖြင့် အသားကျမနေပေ။ နတ်ဆိုးကြီးနှင့် ဤနူးညံ့သည့်အစ်ကိုကြီးဆိုသည့် နာမည် နှစ်ခုကြားတွင် ကွာခြားမှုကြီးလှသည်။ ဤနူးညံ့မှုနှင့် မွန်းကြပ်စရာကောင်း သော အကြည့်များမှာ အလွန်အကျွံပင်။ သူ၏ ယခုပုံစံကိုကြည့်လိုက်ရုံနှင့် လွန်ခဲ့သည့်နာရီဝက်ခန့်က လူ ၁၀ ယောက်ထက် မနည်းသတ်ခဲ့သည်ကို မည်သူ ယုံတော့မည်နည်း။
သူ မလာခင်တွင် ဆေးကြောခဲ့သော်လည်း ရှီမာယူယူသည် သွေးညှီနံ့ သဲ့သဲ့ရတုန်းပင်ဖြစ်သည်။
“အကုန်လုံး အဆင်ပြေပါတယ်.. အစ်ကို့ကိစ္စတွေရောပြီးပြီလား”
“အင်း” ဒိကျဲ့တွင် လက်စမသတ်ရသေးသည့် ကိစ္စတချို့ရှိသေးသည်။ သို့သော် သူမနှင့်တွေ့ရသည်လောက် အရေးမကြီးပေ။
“ဝိညာဉ်နယ်မြေက အမြဲတမ်း ပြဿနာရှာဖို့အသင့်ဖြစ်နေတာပဲ.. အဲဒါ ကြောင့် ဒီနှစ်တွေမှာ အရမ်းအလုပ်များခဲ့တာမလား.. အလုပ်များရဲ့သားနဲ့ ကျွန်မကို ဒါတွေကူညီပေးနေတာပဲ” ရှီမာယူယူသည် ဒိကျဲ့ကို အားနာမိသည်။
“ရပါတယ် ငါက လူနည်းနည်းလောက် ဖြန့်ပေးရုံပဲ” ဒိကျဲ့သည် ထိုအရာ ကို ဘာမှမဟုတ်သလိုခံစားရသည်။ သူမ သူ့အပေါ်တွင် မှီခိုသည်ကိုလည်း ပျော်ရွှင်မိသည် “ဒီနေ့က ဟိုင်မြန့်နေရာကို ပြောပြမလို့လာတာ”
“တစ္ဆေကြင်ယာတော်ရဲ့ဘေးမှာ အရေးကြီးတဲ့လူနှစ်ယောက်ရှိတယ်.. တစ်ယောက်ကလန်ဟဲ့ နောက်တစ်ယောက်က ယွိဟောက်ပဲ.. သူမက အစတုန်းက လန်ဟဲ့ကိုပေးချင်ပေမဲ့ သူကငြင်းခဲ့တာထင်တယ်.. အဲဒါကြောင့် နောက်ဆုံးတော့ ဟိုင်မြန့်က ယွိဟောက်လိုက်ထဲရောက်သွားတယ်”
“တော်ဝင်မင်းသား.. မြေးတော်က တကယ်ပဲ အဲလိုမျိုး ကျင့်စဉ်ဖိုသုံးတာ ပဲ” ရှီမာယူယူသည် ဒေါသတကြီးပြောလေသည်။
“တကယ်တော့ သူမကို ယွိဟောက်ဆီပို့လိုက်တာ ကံကောင်းတယ်လို့ ဆို ရမယ်.. တခြားနေရာကိုသာရောက်သွားရင် သတင်းတောင်ရမှာမဟုတ်ဘူး” ဒိကျဲ့ ပြောလေသည်။
“အမှန်ပဲ” ယွိဟောက်ကဲ့သို့ နေရာမျိုးမှာပင် သတင်းကို အလွယ်တကူ ရ နိုင်မည်ဖြစ်သည်။ သူမသာ လန်ဟဲ့၏အိမ်တွင်ရှိပါက သူမ၏နေရာကိုပင်ရှာ နိုင်မည်မဟုတ်ပေ။
ထို့အပြင် သူမသာ ယွိဟောက်အိမ်တွင်ရှိနေပါက ခေါ်သွားရန်ပိုလွယ် သွားသည်။ ယွိဟောက်ကို ရင်ဆိုင်ရသည်မှာ လူအိုကြီးလန်ဟဲ့ကို ရင်ဆိုင်ရ သည်ထက် ပိုလွယ်သည်။
“ငါ ကိုယ်တိုင်သွားလုပ်ဖို့လိုလား” ဒိကျဲ့ မေးလိုက်သည်။
“မလိုဘူး ယွိဟောက်ကိုတော့ ကျွန်မကိုယ်တိုင်ပဲ သွားရှာလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည် “အစ်ကိုက နေ့တိုင်းအလုပ်များနေတာ ဒီလို ကိစ္စ သေးသေးလေးမှာ ကိုယ်တိုင်ဝင်ပါဖို့မလိုပါဘူး”
ဒိကျဲ့ ရယ်မောလိုက်သည် “မင်းအမြင်မှာ ဘာလို့ ငါက အမြဲအလုပ်များ နေတာလဲ”
“ကျွန်မကို ဖုံးကွယ်ထားဖို့မလိုပါဘူး.. အဘိုးက အခုတံခါးပိတ်ကျင့်ကြံ နေတာ.. ပြီးတော့တစ္ဆေကြင်ယာတော်က စိတ်မရှည်တော့ဘူး.. ဝိညာဉ် နယ်မြေက ကိစ္စတွေကလည်း မပြီးနိုင်ဘူး.. အခုက အတွင်းရောအပြင်ရော ပြဿနာရှိနေတာ.. ကိစ္စတွေအကုန်လုံးကိုလည်း အစ်ကိုပဲထမ်းထားရတာလေ ဒါတွေကို ဖြတ်ကျော်ရတာ ဘယ်လောက်တောင် ဖိအားများမလဲဆိုတာ ကျွန်မ သိပါတယ်” ရှီမာယူယူသည် ဒိကျဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိသည်။ ကိစ္စများစွာဖြစ်ပျက်နေသော်လည်း အားလုံးကို သူတစ်ယောက်တည်းသာ ကိုင် တွယ်နေရသည်။ လန်ဖန်းနှင့် ဟိုင်မြန့်တို့၏နေရာကို စုံစမ်းခိုင်းလိုက်သည်က ပင် သူ့ကို ပြဿနာတစ်ခုထပ်ပေးနေသလိုဖြစ်ရာ နောက်မှလိုက်ရှင်းရန်ကို တော့ မပြောနိုင်တော့ပေ။
ဒိကျဲ့သည် အမှန်တကယ်ပင် အလုပ်များသည်။ ပြီးနောက် သူမ၏ အရည်အချင်းကို သိထားသဖြင့် အလုပ်ကိစ္စအပေါ်တွင် ငြင်းခုန်မနေတော့ပေ။ သူသည် ခေါင်းအသာညိတ်ကာ ပြောလိုက်သည် “တစ်ခုခုလိုတာရှိရင်သာ ပြော လိုက်”
“ပြောပါ့မယ်”
“ဒီတစ်ခေါက် ဘယ်လောက်ကြာအောင်နေမှာလဲ” အလုပ်ကိစ္စများကို ပြောပြီးနောက် ဒိကျဲ့သည်သူမ၏ အစီအစဉ်များကို စတင်ပူပန်လာသည်။ သူ သည် သူမကို မကြိုးစားစေချင်ပေ။ သို့သော် တစ်ချိန်တည်းမှာပင် ဒေါ်လေးကို အမြန်ကယ်စေချင်သည်။
“အကြာကြီးနေဖြစ်မယ်တော့မထင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ အဆင့်တက်သွားပြီး အဘိုးပြောတဲ့ လိုအပ်ချက်ပြည့်သွားပြီ.. ဒီတစ် ခေါက် ပြန်လာတာ ဟိုင်မြန့်ကိုကယ်ဖို့ပဲ.. ပိုအရေးကြီးတာက မြောက်မျက်နှာ အံ့ဖွယ်ချိပ်စည်း အတုအစစ်ခွဲဖို့နဲ့ ကျန်တဲ့အံ့ဖွယ်ချိပ်စည်းတွေရဲ့ နေရာကို မေး ဖို့ပဲ.. လိုချင်တဲ့သတင်းရရင် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းသွားရှာမလို့”
“ဒါဆို နောက်ပိုင်းကို အလုပ်အရမ်းများမှာပဲ” ဒိကျဲ့ ပြောလိုက်သည်” သူသည်လည်း လေးမျက်နှာအံ့ဖွယ်ချိပ်စည်းကို ကူရှာပေးချင်သည်။ သို့သော် လက်ရှိအခြေအနေကလည်း ဆိုးနေသည်။ ဤသို့ကိစ္စကြီးတွင် လူအများကို ဆွဲခေါ်မထုတ်နိုင်ပေ။
“တခြားအံ့ဖွယ်ချိပ်စတည်းတွေရဲ့ နေရာကိုသိတယ်လို့ အဘိုးပြောတယ်. သူသာ နေရာကိုပြောပြရင် သွားရှာတဲ့အချိန်ပြဿနာမဖြစ်နိုင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “အခု စိတ်အပူဆုံးက မြောက်မျက်နှာအံ့ဖွယ်ချိပ် စည်းပဲ.. မြောက်မျက်နှာချိပ်စည်းက အစစ်သာဆိုရင် ကျန်တဲ့ အံ့ဖွယ်ချိပ်စည်း နေရာကလည်း အသုံးဝင်နိုင်တယ်.. မြောက်မျက်နှာချိပ်စည်းကသာ အတုဆို ရင် ကျန်တဲ့အံ့ဖွယ်ချိပ်စည်းကို ထည့်စဉ်းစားဖို့တောင်မလိုဘူး”
“မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက နှစ်တွေအများကြီး ပျောက်နေတယ် လို့ ငါလည်းအရင်ကကြားဖူးတယ်” ဒိကျဲ့ ပြောလိုက်သည် “မြောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းကို ဘယ်လိုရလာတာလဲ”
“ဖူရှီ တစ္ဆေလောကကိုလာတုန်းက နွံတောထဲကို ကျသွားခဲ့တာ.. သူက အံ့ဖွယ်ချိပ်စည်းကြောင့် ခန္ဓာကိုယ်ကွာသွားတာတဲ့”
အင်း တကယ်တော့ သူ့စကားကို အတိအကျပြောရရင် - ဆရာတွေ ဘာလုပ်လိုက်လဲမသိဘူး။ သူတို့က ငါ့ကိုအဲလိုနေရာကို ပစ်ချပြီး တစ်ကိုယ်လုံး ကို ရွှံ့တွေနဲ့ပေအောင်လုပ်လိုက်တာ။ သူတို့က ငါ့တင်ပါးကိုတောင် အဲပစ္စည်းနဲ့ ပေါက်လိုက်သေးတယ်။ ငါ့မှာလေးပိုင်းပြတ်တော့မလို့။ ပြန်ရောက်ရင်တော့ သူတို့ကိုသွားရှာပြီး စာရင်းရှင်းရမယ်။
“အဲဒါက ပျောက်နေတာကြာပြီ… အဲဒါကို နွံတောထဲမှာတွေ့တယ်.. တော်တော်လေးတော့ လျှို့ဝှက်ဆန်းကြယ်တယ်” ဒိယိ ပြောလိုက်သည်။
“ပိုပြီးလျှို့ဝှက်ဆန်းကြယ်တာက ဖြစ်နိုင်ချေများနေတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ အချိန်တွေအကြာကြီးပျောက်ရင်တောင် ပြန်ပေါ် လာတာ ဖြစ်နိုင်ချေရှိတာပဲလေ”
“လေးမျက်နှာအံ့ဖွယ်ချိပ်စည်းတွေက တစ်ခုနဲ့တစ်ခု ခံစားနိုင်ကြတယ်လို့ မိုယွိ ပြောတယ်.. အဘိုးမှာ အရှေ့မျက်နှာအံ့ဖွယ်ချိပ်စည်းရှိတယ်.. အဲဒါကြောင့် အဘိုးထွက်လာတဲ့အထိစောင့်ပြီး သူ့ကိုအတည်ပြုခိုင်းရမယ်” ရှီမာယူယူ ပြော လိုက်သည် “အဘိုးက လုံးဝကြီးတံခါးပိတ်ကျင့်ကြံနေတာလား”
“ဖြစ်လောက်မယ်.. သူက ဒီနှစ်တွေမှာထွက်မလာဘူး.. မဟုတ်ရင် တစ္ဆေ ကြင်ယာတော်ကလည်း ဒီလောက် အားကောင်းနေမှာမဟုတ်ဘူး” ဒိကျဲ့ တစ္ဆေ ကြင်ယာတော်အကြောင်း ပြောရာတွင် အသံမှာပိုနက်လာသည် “ဒါပေမဲ့ အဘိုး ထွက်မလာတာက လုံးဝကြီးတံခါးပိတ်ကျင့်ကြံနေတယ်လို့ မဆိုလိုဘူး.. သူက ဘယ်သူ့ကိုမှ မတွေ့ပေမဲ့ မင်းတော့ သွားစမ်းကြည့်သင့်တယ်”
“ဟုတ်ကဲ့ပါ ဟိုင်မြန့်ကိုကယ်ပြီးရင် စမ်းကြည့်တာပေါ့” ရှီမာယူယူ ပြော လိုက်သည်။
“ဟုတ်ပြီ”
“ဒီနေ့ည ငယ်ရွယ်ခြင်းနန်းတော်မှာ ဂုဏ်ပြုပွဲလုပ်ကြမှာ.. တခြား အရေး ကြီးကိစ္စမရှိကြရင် ဘာလို့အတူ ပွဲမလုပ်ရမှာလဲ”
ဒိကျဲ့သည် နှစ်စက္ကန့်မျှတွေဝေသွားပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေ လေသည်။
ညရောက်သောအခါ ရှီယွိနှင့် လန်ယွင်တို့သည် လူများရောက်လာသည် ကို စောင့်ရင်းနှင့် ဟင်းပွဲများချက်နေသည်။ ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့လည်း အတူ လာကြသည်။ သူတို့ကို ရှီမာယူယူမှ အနှစ် ၂၀ ကျော်စောင့်ရှောက်ပေးခဲ့ပြီး မျိုးနွယ်မှာလည်း ပျက်သုဉ်းသွားသည်ကို သိထားကြသဖြင့် ငယ်ရွယ်ခြင်း နန်းတော်မှလူများသည် သူတို့ကို ကောင်းပေးကြသည်။
ဂုဏ်ပြုပွဲသည် ညဉ့်နက်သည်အထိ ကျင်းပသည်။ နန်းတော်တံခါးပေါက် များသည် ပိတ်သွားသော်လည်း ဒိကျဲ့သည် ဒိယိကိုခေါ်ကာ ထွက်သွားလေ သည်။
ရှီမာယူယူသည် ရှီယွဲ့တို့ကို လက်ကျန်များသိမ်းခိုင်းပြီး ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့မောင်နှမနှစ်ယောက်ကို ခေါ်ထုတ်ပြီး ဟိုင်မြန့်သတင်းကိုပြောပြ လိုက်သည်။
ဟိုင်မြန့်သည် နန်းတော်အတွင်းတွင်ရှိသည်ကိုသိပြီးနောက် မောင်နှမ နှစ်ယောက်လုံး ပျော်သွားကြလေသည်။ သို့သော် တစ်ခါတည်းလှုပ်ရှားမရ သည်ကို သူတို့နားလည်ကြသည်။ အလောတကြီးလုပ်မိပါက ဟိုင်မြန့်ကို ကယ် နိုင်မည့်အစား အသက်ဆုံးရှုံးလိုက်ရနိုင်သည်။ သူတို့၏ သခင်ကိုပါ ရှုပ်ထွေး သွားစေမည်။
“ပျားလွှတ်ပြီး ဟိုင်မြန့်ရဲ့နေရာအတိအကျကို ရှာခိုင်းလိုက်မယ်.. သတင်း ရတာနဲ့ သူမကို ချက်ချင်းပဲသွားကယ်ကြတာပေါ့.. သတင်းမသေချာသေးရင် မင်းတို့ဘာမှမလုပ်သေးနဲ့ဦး နားလည်လား” ရှီမာယူယူသည် သူတို့နှစ်ယောက် ကို အမိန့်ပေးလိုက်သည်။
“နားလည်ပါတယ်” ဟိုင်ရှီး ပြန်ဖြေလေသည်။
“သခင် ဒေါ်လေးက မင်းသားလက်ထဲရောက်သွားတာဆို သူမ…” ဟိုင်ရှင်းသည် စကားကိုပင် ဆုံးအောင်မပြောနိုင်ဘဲ နှုတ်ခမ်းကိုက်လိုက်သည်။
သို့သော် ရှီမာယူယူသည် သူမ ပြောချင်သည့်စကားကို နားလည်ကာ သူမအားဘာမှမဖုံးကွယ်တော့ပေ “ယွိဟောက်က သူများကို နှိပ်စက်ရတာ ဝါသနာလိုဖြစ်နေတာ.. အဲဒါကြောင့် ပျားတွေကို မြန်မြန်လွှတ်ထားတယ်”
“ကျေးဇူးတင်ပါတယ် သခင်”
နီရဲပျားများသည် အလွန်မြန်ဆန်သည်။ နောက်နေ့ညနေခင်းတွင် သူတို့ သည် ဟိုင်မြန့်၏သတင်း သယ်ဆောင်လာသည်။
***