အခန်း ၉၆၃
Vol. 65 Ch. 963
အခန်း ( ၉၆၃ ) ရိက္ခာဂိုဒေါင်
ဆန်နီ ခနလောက် ခံစားချက်မဲ့စွာ ရပ်နေခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ဆီ လျှောက်လာတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်..။ သူက လှည့်ကြည့်လိုက်ပြီး ဆာဂျင် ဂီရီ ကို ခံစားချက်မရှိတဲ့ မျက်နှာအမူအရာ နဲ့ စိုက်ကြည့်လိုက်ပါတယ်..။
စစ်သားက တောင့်တင်းသွားခဲ့ပြီး ထုံးစံအတိုင်း ကြောက်စရာကောင်းတဲ့ သတင်းဆိုးတွေကို မျှော်လင့်နေခဲ့တယ်..။
“…ဘာလို့လဲ.. အထဲမှာ ဘာရှိလို့လဲ..”
ဆန်နီ ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ ခေါင်းကို ခါယမ်းပြလိုက်ပါတယ်..။
“ယာဉ်တန်းကို အထဲမောင်းဝင်ဖို့ အမိန့်ပေးလိုက်ပါ.. မကြာခင် ခင်ဗျား တွေ့ရလိမ့်မယ်..”
မကြာခင်မှာပဲ ပျက်စီးနေတဲ့ ယာဉ်တန်းကြီးက သူ့ဘေးကနေ ဖြတ်မောင်းသွားခဲ့ပြီး မှောင်မိုက်နေတဲ့ ဥမင်လိုဏ်ခေါင်းထဲ ဝင်ရောက် သွားခဲ့ပါတယ်..။ အားလုံး အထဲရောက်သွားတာနဲ့ ဆန်နီ က ကျဆင်းနေတဲ့ ပြာမှုန်တွေကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးမှ.. သူကိုယ်တိုင်လည်း
အမှောင်ထုထဲကို လျှောက်ဝင်သွားခဲ့တယ်..။ သူ့နောက်မှာတော့ ပေါက်ကွဲဒဏ်ခံ တံခါးတွေက ဂျိမ်းခနဲအသံနဲ့ ပြန်ပိတ်သွားခဲ့ပြီး ဝင်ရိုးစွန်းညရဲ့ အအေးဒဏ်နဲ့ အေးစက်တဲ့ လေပြင်းတွေကို ဖြတ်တောက်လိုက်ပါတယ်..။
သံချပ်ကာ သတ္တုပြားနှစ်ချပ် မထိစပ်ခင်လေးမှာပဲ မာစတာ ဂျက် ရဲ့ ကျီးကန်းက သူတို့ကြားထဲကနေ ပျံသန်းလာခဲ့ပြီး ဆန်နီ ရဲ့ ပုခုံးပေါ် နားလိုက်တယ်..။ ငှက်က ဥမင်လိုဏ်ခေါင်းထဲကို စူးစမ်းလိုစိတ်နဲ့ ကြည့်လိုက်ပြီးမှ.. သူ့ကို စိုက်ကြည့်ကာ နှစ်ချက်လောက် အော်လိုက်ပါတယ်..။ပြောင်းလဲသွားတာကတော့ ဒီအော်သံတွေက လူသားဘာသာရဲ့ စကားလုံးတွေ မဟုတ်ပဲ ရိုးရိုးရှင်းရှင်း အော်ဟစ်သံတွေသာ ဖြစ်နေခဲ့တယ်..။
ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။
“…အေးပါ.. တော်တယ်..”
ဒီလိုပြောပြီးတာနဲ့ သူက ဥမင်လိုဏ်ခေါင်းအတိုင်း လျှောက်သွားခဲ့ပြီး မကြာခင်မှာပဲ မြေအောက် ကားဂိုဒေါင်ဆီကို ရောက်ရှိသွားခဲ့တယ်..။
ယာဉ်တန်းက ကျယ်ပြောတဲ့ အခန်းကြီးရဲ့ ထောင့်တစ်ခုမှာ ရပ်တန့်ထားခဲ့ပြီး စိတ်လှုပ်ရှားနေတဲ့ စစ်သားတွေကတော့ အသစ်စက်စက် စစ်ဘက်ဆိုင်ရာ ယာဉ်တွေနားမှာ လှုပ်ရှားနေကြကာ အခြေအနေကို အကဲဖြတ်နေကြပါပြီ..။နောက်တစ်ယောက်ကတော့ နံရံတစ်ခုမှာ ရိက္ခာမျိုးစုံ ပြည့်နှက်နေတဲ့ သတ္တုသေတ္တာတွေကို ဖွင့်လှစ်ရင်း အလုပ်ရှုပ်နေခဲ့တယ်..။
ဆန်နီ က သူ့ရဲ့ အမိန့်ပေးပိုင်ခွင့်ကို သုံးပြီး ဂိတ်တံခါးကို ဖွင့်လိုက်တာနဲ့ ပွင့်လာခဲ့တဲ့ အစွမ်းထက် မီးဆိုင်းတွေကြောင့် ဂိုဒေါင်ထဲမှာ လင်းထိန်နေခဲ့ပါတယ်..။ လေဝင်လေထွက် စနစ်တွေကလည်း အလုပ်လုပ်နေခဲ့ပြီး မြေအောက်နေရာလွတ်ထဲမှာတော့ သန့်စင်ထားတဲ့ လေထုက စိတ်အေးချမ်းမူနဲ့ ပြည့်နှက်နေခဲ့တယ်..။
ဆန်နီ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆာဂျင် ဂီရီ.. သူ့ဆီ လျှောက်လာတာကို စောင့်ဆိုင်းနေခဲ့ပါတယ်..။
“ဒီတော့.. ဘယ်လိုနေလဲ..”
စစ်သားက ပြုံးလိုက်တာကြောင့် ဆန်နီ အနေနဲ့ အားကိုးရတဲ့ ဆာဂျင် ပြုံးတာကို တစ်ခါမှ မမြင်ဖူးမှန်း သတိပြုမိသွားခဲ့တယ်..။
“…ဒါက တကယ့်ကို အံ့ဩစရာကောင်းတယ် ဆရာ။.. ကျွန်တော် ပြောနိုင်တာကတော့ ဒါက စစ်ဌာနခွဲရဲ့ ရိက္ခာဖြည့်စခန်းတစ်ခုပဲ..။ တကယ်လို့ ခိုင်ခံ့တဲ့ ခံတပ်တစ်ခုဆီ သွားဖို့ အခွင့်အရေး မရှိရင် ဒါမှမဟုတ် ရိက္ခာလမ်းကြောင်းတွေ ပြတ်တောက်သွားရင်..တိုက်ပွဲတွေကြားထဲမှာ စစ်ဌာန တစ်ခုလုံးရဲ့ ကုန်ဆုံးသွားတဲ့ အရင်းအမြစ်တွေကို ပြန်ဖြည့်တင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ရမယ်..။ ဒီမှာ စစ်သားထောင်ပေါင်းများစွာကို ထောက်ပံ့ဖို့ လုံလုံလောက်လောက် ရှိနေတယ်လေ..”
သူက ခနလောက် ရပ်လိုက်ပြီးမှ ယာဉ်တန်းတွေကို လက်ညှိုးထိုးပြလိုက်တယ်..။
“ကျွန်တော်တို့ ပစ္စည်းစာရင်း အပြည့်အစုံကိုတော့ မစစ်ဆေးကြည့်ရသေးပါဘူး..။ဒါပေမဲ့ ဒါက ကျွန်တော်တို့ လိုအပ်တာထက် အများကြီး ပိုနေတယ်ဆိုတာ မြင်နိုင်တယ်လေ..။သံချပ်ကာ လူတင်ယာဉ်တွေကနေ တိုက်ခိုက်ရေးယာဉ်တွေ နဲ့ ပေါ့ပါးတဲ့ ကင်းထောက်ယာဉ်တွေအထိ မတူညီတဲ့ စက်ယန္တရား အမျိုးအစားတွေလည်း ရှိသေးတယ်.. ။ကျွန်တော် ပြောချင်တာက ဒီမှာ MWRs အစီးရေ တစ်ဒါဇင်တောင် ရှိနေပြီး သူတို့ရဲ့ လက်နက်အားလုံးကို ဖြည့်တင်းဖို့ ခဲယမ်းတွေလည်း အလုံအလောက်ရှိနေသေးတယ်..”
ဆန်နီ က နောက်ဘက်နံရံနားမှာ ရပ်ထားတဲ့ စက်ရုပ်တွေရဲ့ မြင့်မားတဲ့ ပုံသဏ္ဍာန်တွေကို လှမ်းကြည့်လိုက်တယ်..။ ဒီဧရာမ လူသားပုံသဏ္ဍာန် စက်ရုပ်တွေက အမြင့် ခြောက်မီတာလောက် ရှိနေခဲ့တယ်။ဒါက သူ့တို့ရဲ့ ပိုကြီးတဲ့ အမျိုးအစားတွေနဲ့ ယှဥ်ရင် သေးငယ်တဲ့ဘက်မှာ ရှိပေမယ့်.. ပြင်းထန်တဲ့ တိုက်ခိုက်မှု စွမ်းရည် ရှိနေတုန်း ပါပဲ..။ ဆမ်မာရာ ရဲ့ အစွမ်းထက်တဲ့ ရိုင်ဖယ်က ဒီလို ကြောက်စရာကောင်းတဲ့ စက်ရုပ် တွေအတွက် လက်နက်အဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားတာဖြစ်ပြီး နောက်ပိုင်းမှာမှ နိုးထမူအဆင့် လက်ဖြောင့်စနိုက်ပါသမား အသုံးပြုနိုင်ဖို့ ပြန်လည်မွမ်းမံခဲ့တာပါ..။
MWRs တွေ ရှိနေတာက ဝမ်းသာစရာ တစ်ခု ပါပဲ..။ သာမန်စစ်သားတွေက အိပ်စက်သူ အိပ်မက်ဆိုး သားရဲတွေကို အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်နိုင်စွမ်း ရှိပေမယ့်.. အပြင်ပန်း အရိုးစု အကာအကွယ်ဝတ်စုံတွေရဲ့ အကူအညီနဲ့တောင် နိုးထမူအဆင့် သားရဲတွေကို ရင်ဆိုင်ဖို့ ခက်ခဲလှပါတယ်..။ သို့သော်လည်း တိုက်ခိုက်ရေး စက်ရုပ်တွေပေါ်မှာ တပ်ဆင်ထားတဲ့ သေနတ်တွေနဲ့ ပစ်ခတ်မှု လက်နက်တွေ ကတော့ ဒီအလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်စွမ်းရှိနေခဲ့တယ်။
ဒီနေရာမှာ ပြဿနာတစ်ခုပဲ ရှိနေတာပါ။
ဆန်နီ က ဆာဂျင် ဂီရီ ကို သံသယရှိတဲ့ မျက်လုံးနဲ့ ကြည့်လိုက်တယ်..။
“ကျုပ်တို့ဆီမှာ ဒီအရာတွေကို မောင်းနှင်နိုင်တဲ့လူကော ရှိလို့လား..”
စစ်သားက ချောင်းဆိုးလိုက်ပြီး သူ့ခေါင်းနောက်ကို အနေရခက်စွာ ကုတ်လိုက်တယ်..။
“အိုး..ဟင့်အင်..မရှိဘူး..”
သူ ခနလောက် တိတ်ဆိတ်သွားခဲ့ပြီးမှ ထပ်ပြီး ပြုံးလာခဲ့တယ်..။
“ဒါပေမဲ့.. ကျွန်တော်တို့ရဲ့ စက်သေနတ် တွေအတွက် ခဲယမ်းတွေ ရှိသလို ရိက္ခာ.. ဆေးဝါး.. စွမ်းအင်ဆဲလ်တွေ..နဲ့ လိုအပ်တဲ့ ပစ္စည်းတွေလည်း ရှိနေတယ်လေ။.. အခြေခံအားဖြင့် ဒုက္ခသည်တွေ လိုအပ်တာ မှန်သမျှ ရှိနေတာပဲ..။ တကယ်လို့သာ ဆရာ လုပ်ချင်တယ်ဆိုရင် သူတို့အားလုံးကိုတောင် လက်နက် တပ်ဆင်ပေးလို့ ရပါတယ်..။ကျွန်တော်တို့ မောင်းနှင်နိုင်တဲ့ ယာဉ်တွေက အရပ်သား သယ်ယူပို့ဆောင်ရေး ယာဉ်တွေထက် အများကြီး ပိုမြန်ပြီး.. ပိုကောင်းတဲ့ သံချပ်ကာတွေ ရှိကြတယ်။ပြီးတော့လည်း.. ပိုခက်ခဲတဲ့ မြေပြင်တွေကို ဖြတ်သန်းနိုင်သေးတယ်။.. ကျွန်တော်တို့ အသုံးပြုနိုင်တာထက် ပိုများနေတာကိုတော့ ပြောနေစရာတောင် မလိုတော့ဘူး။ဒီနေရာနဲ့ ဖယ်ကွန် စကော့ ကြားက အဆောက်အအုံတွေကလည်း အများကြီး ပိုကောင်းလာတာ ဆိုတော့.. ကျွန်တော်တို့ရဲ့ အမြန်နှုန်းနဲ့ ကာကွယ်ရေး စွမ်းရည် နှစ်ခုလုံး အများကြီး တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်..”
ဆန်နီ ခေါင်းညိတ်လိုက်တယ်။ယင်းနောက်.. သူ့ပုခုံးပေါ်ကနေ ထွက်သွားကာ ဂိုဒေါင်ရဲ့ မျက်နှာကျက်က တန်းတစ်ခုပေါ်မှာ နားနေရင်း..အလုပ်ရှုပ်နေတဲ့ လူသားတွေကို စူးစမ်းလိုစိတ်နဲ့ ငုံ့ကြည့်နေတဲ့ ကျီးကန်းကို လှမ်းကြည့်လိုက်ပါတယ်..။
“…ကောင်းပြီလေ..ကျုပ်တို့ ဒီမှာ ရက်အနည်းငယ်လောက် နေကြမယ်..။လူတွေကို အနားပေးပြီး ပစ္စည်းအသစ်တွေနဲ့ ရင်းနှီးအောင် လုပ်ဖို့ အချိန်ယူရမယ်.. ။အားလုံး နွေးထွေးတဲ့ အစားအစာနဲ့ သက်တောင့်သက်သာ အိပ်စက်ရမယ့်နေရာတွေ ရဖို့ သေချာ လုပ်ပေးလိုက်ပါ..”
သူက မြေအောက် သိုလှောင်ရုံ ဘန်ကာထဲမှာ ဒုက္ခသည် ရာပေါင်းများစွာကို နေရာချထား
ရမယ့် အလုပ်ကို ဂီရီ ဆီ လွှဲလိုက်ပြီး ပင်ပန်းနွမ်းနယ်စွာနဲ့ ရိုင်နို ဆီကို လျှောက်သွားခဲ့တယ်..။ဒီနေရာက ဒီလိုအသုံးချဖို့ ဖန်တီးထားတာတော့ မဟုတ်ပါဘူး။
ရိက္ခာဂိုဒေါင်ထဲမှာ ခိုင်ခံ့တဲ့ ယာဉ်တွေ အများကြီး ရှိပေမယ့်.. သူ့ရဲ့ ကိုယ်ပိုင်ယာဉ်နဲ့ နှိုင်းယှဥ်နိုင်မယ့်အရာကိုတော့ သူ မတွေ့ခဲ့ပေ..။
ဒီ ကြောက်စရာကောင်းတဲ့ ယာဉ်ကတော့ အကောင်းဆုံးအဖြစ် ရှိနေတုန်း ပါပဲ..။
‘…ငါကိုယ်တိုင်လည်း အနားယူဖို့ လိုအပ်တယ်..’
သူက ရိုင်နို ထဲကို တက်လိုက်ပြီး ပရော်ဖက်ဆာ အိုဘယ် နဲ့ စကားအနည်းငယ် ပြောလိုက်တယ်။ပြီးတာနဲ့..အထူးတပ်ဖွဲ့ဝင်တွေ ကြားထဲမှာ အိပ်ချိန်ဇယားကို စီစဉ်ဖို့နဲ့ မနက်ကျရင်.. ဒါမှမဟုတ် သူ နိုးလာတဲ့ အချိန်ကျရင် အိပ်မက်နယ်မြေ က သတင်းအချို့ ယူလာပေးဖို့ လူစတာကို ပြောလိုက်ပါတယ်..။
ယင်းနောက် ဆန်နီ က သူ့ရဲ့ စစ်ဘက်ဆိုင်ရာ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အောက်မှာ ရှိနေတဲ့ မြေအောက်ကမ္ဘာ ဝတ်ရုံတော် ကို ရုတ်သိမ်းလိုက်တယ်..။
အဲ့အချိန်မှာပဲ ဘတ် က သူ့ဆီီကို တစ်ခုခုပြောဖို့ လျှောက်လာခဲ့ပေမယ့်.. သူ့အရေပြားပေါ်ကခြောက်သွေ့နေတဲ့ သွေးတွေကို သတိပြုမိပြီး
တုံ့ဆိုင်းသွားခဲ့တယ်..။ သူမက မျက်နှာအနည်းငယ် ဖြူလျော်သွားခဲ့ပြီး ခနလောက် တိတ်ဆိတ်နေခဲ့ပါတယ်။ပြီးမှ လှောင်ပြောသလိုမျိုး စကားတစ်ခွန်းကို အားတင်းပြီး မှတ်ချက်ပေးလိုက်တယ်။
“ဒီတော့.. ရှင်လည်း သွေးထွက်တတ်တယ်ပေါ့..”
ဆန်နီ က သူ့ရဲ့ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီး ပြုံးလိုက်တယ်..။
“အချို့ အခြေအနေတွေမှပါ..”
ဒီလိုပြောပြီးတာနဲ့ သူက လှည့်ထွက်သွားခဲ့ပြီး အိပ်စက်မယ့် နေရာကိုတက်ကာ ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်လုံးတွေကို မှိတ်လိုက်ပါတယ်..။
‘ဒါက.. တကယ်ကို ရှည်လျား.. ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့ နေ့တစ်နေ့ပဲ..’
သို့ပေမဲ့ ဒါက အကောင်းဘက်မှာပဲ ပြီးဆုံးသွားခဲ့တာပါ..။ အနည်းဆုံးတော့ ဒီအချက်က ကျေးဇူးတင်စရာ တစ်ခု ပါပဲ..။
အပိုင်း ( ၉၆၃ ) ပြီး၏။