အခန်း ၉၆၄
Vol. 65 Ch. 964
အခန်း ( ၉၆၄ ) ကျွမ်းကျင်လိမ္မာမူရဲ့ သက်သေ
အံ့ဩစရာကောင်းတာက ဆန်နီ အိပ်ပျော်နေတဲ့အချိန်မှာ ဘာဘေးဒုက္ခမှ ဖြစ်မလာခဲ့ပါဘူး..။ ရိက္ခာဂိုဒေါင် ရဲ့ အလယ်မှာ ဂိတ်တစ်ခု ပွင့်မလာခဲ့သလို လမ်းမှားနေတဲ့ တိုက်တန်တစ်ကောင်ကလည်း သူ့ရဲ့ အကာအကွယ်အောက်မှာရှိနေတဲ့ လူသားတွေကို ဝါးမြိုဖို့ တံခါးတွေကို ဖျက်ဆီးပြီး ဝင်မလာခဲ့ပေ..။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကြီးကတော့ ပျက်စီးမသွားခဲ့ပါဘူး..။
အဲဲဒီအစား ဆန်နီ က စကားပြောသံတွေနဲ့ ဟင်းချက်နံ့တွေကြောင့် နိုးလာခဲ့တယ်..။ သူက မိနစ်အနည်းငယ်လောက် ငြိမ်ငြိမ်လေး နေနေခဲ့ပြီးမှ.. အိပ်စက်ခြင်း သေတ္တာ ထဲကနေ ထွက်လာလိုက်တယ်။ယင်းနောက် သူ့ရဲ့ သက်သာလာတဲ့ ဒဏ်ရာတွေကို စစ်ဆေးပြီး ဒဏ်ရာတွေ ပြည့်နေတဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့ [ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ] ကို ဆင့်ခေါ်လိုက်ပါတယ်..။
ရိုင်နို ရဲ့ အနားယူခန်းထဲမှာတော့ အဖွဲ့ဝင် အချို့က ကောင်းမွန်တဲ့ မနက်စာကို စားသောက်နေကြပါပြီ ..။ အံ့ဩစရာကောင်းတာက ပရော်ဖက်ဆာ အိုဘယ် က ကိုယ်တိုင်ချက်ပြုတ်နေတာ ပါ။သူက.. ဂိုဒေါင်ထဲကနေ ရှာဖွေရရှိထားတဲ့ ရိက္ခာတွေကို ကျွမ်းကျင်စွာ အသုံးပြုပြီး မထင်မှတ်ဘဲ အရသာရှိမယ့် အနံ့အသက်တွေကို ဖန်တီးနေခဲ့တယ်..။
ဆန်နီ အနားကို လျှောက်သွားလိုက်တဲ့အခါ
လူစတာ ရဲ့ စိတ်လှုပ်ရှားနေတဲ့ စကားသံကို ကြားလိုက်ရပါတယ်..။
“…အံ့ဩစရာပဲ.. ဒါကို ဘယ်လိုတောင် ချက်လိုက်တာလဲ..”
အဘိုးအိုက တဟားဟား ရယ်မောလိုက်တယ်..။
“အာ.. ငါငယ်ငယ်တုန်းက အခုထက်စာရင် အစားအသောက်တွေ ပိုရှားပါးခဲ့တာကွ..။ ငါ့လို ရှေးဟောင်းအမွေအနှစ်တွေက ဘာမှမရှိတာကနေ အရသာရှိတဲ့ ပွဲတော်တစ်ခု ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အကုန်သိကြတယ် လူငယ်လေး..”
ဆန်နီ ကို သတိပြုမိသွားတဲ့ လူစတာ က သူ့ပန်းကန်ကို လက်ညှိုးထိုးပြလိုက်တယ်..။
“ကပ္ပတိန်.. ဒါကို မြည်းကြည့်လိုက်ဦး..”
သူက ဟင်းသီးဟင်းရွက် လာဇန်းနီးယား နဲ့ တူတဲ့ အရာတစ်ခုခုကို ပါးစပ်ထဲ အတင်းထိုးထည့်လိုက်တယ်..။ စစ်တပ်ရိက္ခာတွေထဲမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ မပါဝင်တာကို ထည့်တွက်ရင် ဒါက အတော်လေး ထူးဆန်းနေခဲ့ပေမယ့်.. သူကတော့ ပြုံးနေခဲ့ပါတယ်..။
“အိုး.. ပြီးတော့ ကျွန်တော်တို့ဆီမှာ ရေတွေလည်း ပြန်ပြည့်သွားပြီ..။ ရေချိုးခန်းလည်း ပြန်သုံးလို့ရနေပြီ..”
ဒါကတော့.. မထင်မှတ်ဘဲ ရရှိလာတဲ့ သတင်းကောင်းတစ်ခု ပါပဲ..။ ရိုင်နို မှာ အလွန်ခိုင်မာတဲ့ ရေစစ်ထုတ်စနစ် ရှိပေမယ့် လွန်ခဲ့တဲ့ ရက်ပေါင်းများစွာကတည်းက သူတို့ ရေကို ချွေတာသုံးစွဲခဲ့ရတာပါ..။ တကယ်တမ်း ရေနွေးနဲ့ ရေချိုးရမယ့် အသိက ဆန်နီ ကို ပြုံးမိသွားစေခဲ့တယ်..။
သူက ထိုင်လိုက်ပြီး ပရော်ဖက်ဆာ အိုဘယ် ရဲ့ လက်ရာကို စူးစမ်းလိုစိတ်နဲ့ မြည်းစမ်းကြည့်လိုက်ပါတယ်..။ ဒါက တကယ်ကို အရသာရှိတာပါ..။
သူ့ရဲ့ တုံ့ပြန်မှုကို သတိပြုမိပြီး အဘိုးအိုက တဟားဟား ရယ်မောလိုက်ပြန်တယ်..။
“အရာအားလုံး ရောချက်ထားတာလေ..။ ငါတို့ခေတ်တုန်းကတော့ ဒီလို ပုံစံမပျက် ရောမွှေထားတဲ့ ဟင်းလျာကို ဖရန့်ကင်စတိုင်း ဟင်းပေါင်းလို့ ခေါ်ကြတာပေါ့..။ ခေတ်ကာလတွေ ပြောင်းလဲသွားနိုင်ပေမယ့် အချို့အရာတွေကတော့ အမြဲတမ်း အတူတူပဲ ကျန်ရစ်ခဲ့တယ်ပဲ..”
ဆန်နီ က သူ့ပန်းကန်ကို စိုက်ကြည့်လိုက်ပြီးမှ မျက်မှောင်ကျုတ်လိုက်တယ်..။
“…ဖရန့်ကင်စတိုင်း ဆိုတာ ဘာလဲဟင်..”
ပရော်ဖက်ဆာ အိုဘယ် က သူ့ကို သဘောကျတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်..။
“ကောင်းပြီ.. အဲဒါက စာအုပ်ထဲက နတ်ဆိုးတစ်ကောင်ပေါ့..။ စိတ်မမှန်တဲ့ သိပ္ပံပညာရှင်တစ်ယောက်က အလောင်း အစိတ်အပိုင်းတွေကို စပ်ဟပ်ပြီး အသက်သွင်းထားတဲ့အရာမျိုးပေါ့..။ တကယ်တော့.. အဲဒီ သိပ္ပံပညာရှင်ကိုယ်တိုင်က နတ်ဆိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်..”
ဆန်နီ က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်တယ်..။
“အာ.. နားလည်ပါပြီ.. အလောင်း အစိတ်အပိုင်းတွေ စပ်ထားတာပေါ့..။ ကျွန်တော်လည်း အဲလိုသတ္တဝါမျိုးနဲ့ တစ်ခါ တိုက်ဖူးတယ် ထင်တယ်..။ ဒါပေမဲ့ အဲဒါက အရိုးတောင်ကြီးနဲ့ ပိုတူတယ်လေ..။ အဲဒါကြီးကို အရိုးစွပ်ပြုတ် လုပ်သောက်လို့ ရပါ့မလား..”
‘ပရော်ဖက်ဆာက ကိုယ့်ကိုယ်ကို တကယ်ပဲ ဝေဖန်တတ်တာပဲ..။ သူချက်ထားတာက အလောင်းသားရဲ အသားနဲ့ လုံးဝ မတူပါဘူး..။ ငါသိတာပေါ့’
ဆန်နီက သူ့ဆီ စိုက်ကြည့်လာတဲ့ ထူးဆန်းတဲ့ အကြည့်ကို လျစ်လျူရှုပြီး ပုခုံးတွန့်ကာ အစားအသောက်အပေါ်မှာသာ အာရုံစိုက်လိုက်တယ်..။
အိပ်မက်နယ်မြေ ထဲကို စေလွှတ်ထားတဲ့ အထူးတပ်ဖွဲ့ ရဲ့ ပထမအသုတ်က ပြန်မရောက်သေးတာကြောင့် သူ့အတွက် အရေးတကြီး လုပ်စရာ ဘာမှမရှိသေးပါဘူး..။ ဆန်နီ က သူ့အစားအသောက်ကို အေးအေးဆေးဆေး ပြီးအောင်စားလိုက်ပြီး သူ့လူတွေနဲ့ ခနလောက် စကားပြောဖြစ်ခဲ့တယ်..။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလိုပဲ သူတို့က ယာဉ်တန်းကို ပြင်ဆင်ဖို့အတွက် အလုပ်တွေကို ပြန်လုပ်ဖို့ ထွက်ခွာသွားကြပါတယ်..။ ဘတ် ကတော့ ဒုက္ခသည်တွေရဲ့ ကိစ္စကို ဖြေရှင်းနေတာ ဖြစ်နိုင်တာကြောင့် ဘယ်မှာမှ မတွေ့ရပေ..။
ဒါကြောင့် ဆန်နီ နဲ့ ပရော်ဖက်ဆာ အိုဘယ် တို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပါတယ်..။
အဘိုးအိုက သူ့မျက်နှာကို ခနလောက် စူးစမ်းကြည့်ပြီးမှ ရုတ်တရက် မေးလိုက်တယ်..။
“မင်း ဘယ်လို ခံစားနေရလဲ ကပ္ပတိန် ဆန်းလပ်စ်..”
ဆန်နီ က သူ့ကို ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်..။
“ကျွန်တော်လား.. အဆင်ပြေပါတယ်.. ထင်တာပဲ..”
ပရော်ဖက်ဆာ အိုဘယ် က သက်ပြင်းချလိုက်တယ်..။
“ဒါက ခက်ခဲမှာပဲ.. အထူးသဖြင့် မင်းလို ငယ်ရွယ်တဲ့သူတစ်ယောက်အတွက်ပေါ့..။ ဒီလို ဆိုးဝါးတဲ့ အခြေအနေမျိုးမှာ မင်းက လူပေါင်းရာချီရဲ့ အသက်ဘေးအတွက် တာဝန်ယူထားရတယ်..။ ဒါပေမဲ့ မင်းရဲ့ ကျန်းမာရေးကိုတော့ ဘယ်သူမှ ဂရုမစိုက်ပေးကြဘူးလေ..။ ဒါကြောင့် ငါမေးတာပါ.. မင်း တကယ်ကော အဆင်ပြေရဲ့လား..”
ဆန်နီ က ပြန်ပြောချင် ပေမယ့် ခနလောက် စဥ်းစားပြီးမှ ပုခုံးတွန့်ပြလိုက်တယ်..။
“တကယ်တော့.. ဒါက နည်းနည်း ထူးဆန်းတယ်ဗျ..။ ဒီမှာရှိတဲ့လူတိုင်းက အသက်ရှင်ဖို့အတွက် အစွမ်းကုန် တိုက်ခိုက်နေကြတာ..။ သူတို့ထဲက အများစုက သူတို့ အသက်ရှင်မလား သေမလားဆိုတာကို ကိုယ်တိုင် မထိန်းချုပ်နိုင်ကြဘူး..။ မိနစ်တိုင်းက သူတို့ရဲ့ နောက်ဆုံးအချိန် ဖြစ်သွားနိုင်တယ်..။ အဲဒါကိုလည်း သူတို့အားလုံး သိကြတယ်လေ..။ ဒါပေမဲ့ ကျွန်တော်ကတော့ မဟုတ်ဘူး..။ ကျွန်တော်က အတိုင်းအတာတစ်ခုအထိ ဘေးကင်းတယ်..။ တကယ်လို့ ကျွန်တော်က တမင်သက်သက် မိုက်မဲတဲ့အရာတစ်ခုခုကို မလုပ်ဘူးဆိုရင် ယာဉ်တန်းတစ်ခုလုံး ပျက်စီးသွားရင်တောင် ကျွန်တော်ကတော့ အသက်ရှင်ဖို့ အခွင့်အလမ်း အများဆုံးပဲ..။ ကျွန်တော့်ရဲ့ စွမ်းရည် က ဘေးအန္တရာယ် အများစုကနေ လွတ်မြောက်ဖို့ တကယ်ကို လွယ်ကူစေတယ်လေ..”
သူက တုံ့ဆိုင်းသွားခဲ့ပြီးမှ သေချာရေရာမှု မရှိစွာနဲ့ ထပ်ပြောလိုက်ပါတယ်..။
“ဒါကြောင့်.. ကျွန်တော် ခံစားရမယ့် စိတ်ပိုင်းဆိုင်ရာ ဖိအားက ဒီလို အကာအကွယ်မဲ့နေတဲ့ လူတွေထက် အများကြီး နည်းသင့်တာပေါ့..။ ဒါပေမဲ့.. တစ်ခုခုကြောင့် အဲလိုမျိုး မခံစားရဘူးဖြစ်နေတယ်..။ ကျွန်တော့်ဘေးနားက သူစိမ်းတွေ ဘယ်လောက်ပဲ သေသေ ကျွန်တော် တကယ် ဂရုမစိုက်သင့်ဘူး.. ဒါပေမဲ့ ကျွန်တော် ဂရုစိုက်မိနေတယ်..။ အဲဒါက စိတ်ပိုင်းဆိုင်ရာ ကျိန်စာတစ်ခုလိုပဲ.. ။ကျွန်တော် ဂရုစိုက်မိနေတာက.. တကယ်တော့ အဲဒါနဲ့ တူတူပဲ..။ အထူးသဖြင့် သူတို့ မသေအောင် တားဆီးဖို့အတွက် ကျွန်တော်ကိုယ်တိုင် မိုက်မဲတဲ့ အရာတွေကို လုပ်မိနေတာမျိုးပေါ့..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
‘…နေပါဦး.. ငါက ဒီကျိန်စာသင့်စရာ ယာဉ်တန်းကို ကာကွယ်ဖို့အတွက် ကျိန်စာတစ်ခုခုအောက် ရောက်နေတာတော့ မဟုတ်ပါဘူးနော်’
ပရော်ဖက်ဆာ အိုဘယ် က ရုတ်တရက် ရယ်မောလိုက်တယ်..။
“စိတ်ပိုင်းဆိုင်ရာ ကျိန်စာတဲ့လား.. အဲဒါက တကယ်ကို ထူးခြားတဲ့ တင်စားမှုပဲ..။ လူတွေက တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြတာ သဘာဝပဲ မဟုတ်ဘူးလား..”
ဆန်နီ မျက်တောင် အနည်းငယ် ခတ်လိုက်တယ်..။
“မဟုတ်ဘူးလေ.. ဘာလို့ ဂရုစိုက်ရမှာလဲ..”
သူက ခေါင်းခါယမ်းလိုက်ပြီးမှ အနည်းငယ် မသေချာစွာနဲ့ ထပ်ပြောလိုက်ပါတယ်..။
“ကျွန်တော် အစွမ်းထက်လာပြီး အသုံးဝင်လာတဲ့ အချိန်အထိ.. ဘယ်သူမှ ကျွန်တော့်ကို ဂရုမစိုက်ခဲ့ဖူးဘူး..။ ဒါက အရာရာ လည်ပတ်နေတဲ့ ပုံစံပဲလေ..”
ဆန်နီ က သူ့ဘဝရဲ့ အချိန်အများစုမှာ တစ်ယောက်တည်း ရှိနေခဲ့တာ ပါ.။ အခိုက်အတန့် ရဲ့ ကူးစက်ခြင်းခံရပြီးနောက်ပိုင်း သူက သူငယ်ချင်းကောင်း အချို့ ရရှိခဲ့တာ အမှန်ပေမယ့်.. သူတို့ကြားက သံယောဇဉ် အကြောင်းပြချက်ကိုတော့ သူ အထင်မကြီးခဲ့ပါဘူး..။ တကယ်လို့ သူသာ အားနည်းပြီး အသုံးမဝင်တဲ့သူတစ်ယောက် ဖြစ်နေခဲ့ရင် အယ်ဖီ.. ကိုင်.. နစ်ဖီ နဲ့ ကတ်စီ လို လူမျိုးတွေက.. သူ့နားကို ကပ်ဖို့ အချိန်ဖြုန်းကြမှာ မဟုတ်ပေ..။
ပြီးတော့ သူတို့က ဘာလို့ ဒီလို လုပ်ရမှာလဲ..။
ကောင်းပြီ.. ရိမ်း လည်း ရှိသေးတာပဲ.. ဒါပေမဲ့ သူမက ကွဲပြားပါတယ်..။ သူမက မိသားစု ဖြစ်ပြီး သူစိမ်းတစ်ယောက် မဟုတ်ပါဘူး..။
ပရော်ဖက်ဆာ အိုဘယ် က ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ နောက်ဆုံးမှ သူက မေးလိုက်ပါတယ်..။
“ဒါဆို.. မင်းက ဒုက္ခသည်တွေနဲ့ သာမန်စစ်သားတွေ အသက်ရှင်ဖို့ ဘာလို့ ဂရုစိုက်နေတယ်လို့ ထင်လဲ..။ မင်းက သူတို့ကို ကူညီဖို့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် စွန့်စားနေတာလဲ..”
ဆန်နီ က သူ့ခေါင်းနောက်ကို ကုတ်လိုက်တယ်..။
“အဲဒါကတော့.. ကျွန်တော်ကိုယ်တိုင်လည်း သေချာ မသိဘူး..။ အာ.. မာန ကြောင့် ဖြစ်နိုင်တာပဲ..။ ဒီလူတွေက ကျွန်တော့်ရဲ့ အကာအကွယ်အောက်မှာ ရှိနေတာမို့ သူတို့ သေဆုံးသွားတာက ကျွန်တော့်ရဲ့ စွမ်းရည်မရှိမှုကို သက်သေပြလိုက်သလို ဖြစ်သွားမှာပေါ့..။ အဓိပ္ပာယ်တော့ ရှိသားပဲ.. ဒါပေမဲ့ ထူးတော့ ထူးဆန်းတယ်ဗျ..။ ကျွန်တော်က မာနလိုမျိုး အသုံးမဝင်တဲ့အရာ ရှိတယ်လို့ တစ်ခါမှ ဝန်မခံခဲ့ဖူးဘူး..”
အဘိုးအိုက သူ့ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီးမှ ခေါင်းခါယမ်းလိုက်တယ်..။
“ငါ ဘာတွေးနေလဲဆိုတာ မင်း သိချင်လား..”
ဆန်နီ မျက်ခုံးတစ်ဖက် ပင့်လိုက်တယ်..။
“ဟုတ်ကဲ့.. သိချင်ပါတယ်..”
ပရော်ဖက်ဆာ အိုဘယ် က ပြုံးလိုက်တယ်..။
“ငါတွေးတာကတော့ မင်းက ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုမှု အရမ်း နည်းလွန်းနေတယ် လူငယ်လေး..”
ဆန်နီ က သူ့ကို စိတ်ရှုပ်ထွေးစွာနဲ့ စိုက်ကြည့်နေမိခဲ့တယ်..။
‘ဟင်..’
အဲဒါက ဘာကို ဆိုလိုတာလဲ..။
အဘိုးအိုက တဟားဟား ရယ်မောလိုက်တယ်..။
“အာ.. ငါပြောတာကို သိပ်စိတ်ထဲမထားပါနဲ့..။ ဒါက အဘိုးကြီးတစ်ယောက်ရဲ့ ရေရွတ်မူတွေပါပဲ..။ မင်းလည်း ငါ့အသက်အရွယ် ရောက်လာတဲ့အခါ နားလည်လာလိမ့်မယ်..။ အဲဒီအချိန်အထိတော့.. မိုက်မဲတယ်လို့ ထင်ရရင်တောင် ဒီသနားစရာကောင်းတဲ့ လူတွေကို ဆက်ပြီး ဂရုစိုက်ပေးပါဦး..။ ငါ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးမှ သိလာရတဲ့ အမှန်တရားတစ်ခု ရှိတယ်.. အဲဒါကတော့.. လူသားတွေဟာ နည်းနည်းလောက် မိုက်မဲမှုမရှိရင် ဘယ်တော့မှ ရှင်သန်နိုင်မှာ မဟုတ်ဘူး ဆိုတာပဲ..”
အပိုင်း ( ၉၆၄ ) ပြီး၏။