အခန်း ၉၆၆
Vol. 65 Ch. 966
အခန်း ( ၉၆၆ ) စစ်ကူများ
ရောက်ရှိလာတဲ့ လူသစ်တွေဟာ တကယ်ပဲ အီရီဘတ် ကွင်းပြင် ရဲ့ အသက်ရှင်ကျန်ရစ်သူ တွေထဲက တစ်စု ဖြစ်နေခဲ့တယ်..။ သူတို့ရဲ့ ယာဉ်တန်းက ဆန်နီ ရဲ့ ယာဉ်တန်းထက် လူအင်အား အများကြီး ပိုများပေမယ့်.. စစ်သားတွေထဲမှာ တော့ သူ့ထက် ရာထူးကြီးတဲ့သူ တစ်ယောက်မှ မပါဝင်ပါဘူး..။ သူတို့ထဲမှာ အဆင့်အမြင့်ဆုံး အရာရှိကတော့ ကာရင် လို့ အမည်ရတဲ့ နိုးထသူ ဗိုလ်ကြီးတစ်ယောက်သာ ဖြစ်ပါတယ်..။
ပြောစရာမလိုအောင်ပဲ.. သူတို့ထဲမှာ မာစတာ လည်း တစ်ယောက်မှ မပါဝင်ခဲ့ပေ..။
ဒါကြောင့်.. ဆန်နီကပဲ နောက်တစ်ကြိမ် ထပ်မံဦးဆောင်ဖို့ အကြောင်းဖန်လာခဲ့ပြန်တယ်..။
ဆန်နီ LO49 ကနေ ထွက်ခွာလာတုန်းက နိုးထသူ ခြောက်ယောက်နဲ့ အရပ်သား နှစ်ယောက်အတွက်သာ တာဝန်ယူခဲ့ရတာဖြစ်ပြီး ဒါက သူ့အတွက် အဆင်ပြေခဲ့ပါတယ်..။ ယင်းနောက်မှာတော့ ဒုက္ခသည် သုံးရာကျော်နဲ့ သာမန်စစ်သား အနည်းငယ်က သူတို့နဲ့ ပူးပေါင်းလာခဲ့ကြတယ်..။
အဲဒီ အရေအတွက်တွေက အခုအချိန်မှာတော့ ပြက်လုံးတစ်ခုလို ဖြစ်နေခဲ့ပါပြီ..။
အီရီဘတ် ကွင်းပြင် က အသက်ရှင်ကျန်ရစ်သူတွေက သူတို့နဲ့ ပူးပေါင်းပြီးနောက်မှာ ဆန်နီ ဟာပိုမိုကြီးမားတဲ့ အင်အားစုကို ကွပ်ကဲရတဲ့ အခြေအနေမှာ ရောက်ရှိသွားခဲ့တယ်..။ လက်ရှိမှာတော့ လူပြည့်နေတဲ့ ရိက္ခာစခန်းထဲမှာ အရပ်သား လေးထောင်ကျော် ရှိနေသလို.. သာမန်စစ်သား ငါးရာလည်း ရှိနေခဲ့ပါတယ်..။
ကာရင် အပြင်.. အိပ်စက်သူ အသစ် လေးယောက်လည်း ပါဝင်လာခဲ့တယ်..။ ဆန်နီ က နောက်ဆုံးလူတွေကို နာမည်မရှိတဲ့ သူတို့ရဲ့ အပေါင်းအဖော်ဆီ လွှတ်လိုက်ပြီး အဲဒီလူငယ်ကိုပဲ တာဝန်ခံ ခိုင်းလိုက်ပါတယ်..။
ဒီလူငယ်က အတော်လေး အားကိုးရတဲ့သူ ဖြစ်နေခဲ့ပြီး ဘယ်လီ ရဲ့ သင်ကြားပြသမှုကလည်း အသီးအပွင့်တွေ ဖြစ်ထွန်းနေတဲ့ ပုံပါပဲ..။ သူ့ရဲ့ အမြုတေ ကလည်း ပြည့်ဝလုနီးပါး ဖြစ်နေခဲ့ပြီဆိုတာကိုတော့ ပြောနေစရာတောင် မလိုတော့ပါဘူး..။
နောက်ဆုံးမှာတော့ ဆန်နီ ရဲ့ ကွပ်ကဲမှုအောက်မှာ လက်နက်အပြည့်နဲ့ နိုးထသူ တပ်ခွဲ သုံးခွဲ လောက် ရှိလာခဲ့ပါပြီ..။ သာမန်ကျွမ်းကျင်သူတွေ မောင်းနှင်တဲ့ MRW တစ်ဆယ့်နှစ်စီး ရှိနေသလို.. စစ်သားတွေအတွက် အကာအကွယ် ဝတ်စုံတွေကလည်း လုံလောက်တာထက်ကို ပိုနေခဲ့ပါတယ်..။ ဒါက ယာဉ်တန်းရဲ့ ခုခံစွမ်းရည်ကို သိသိသာသာ တိုးတက်သွားစေမှာပါ..။
မြေအောက်စခန်းရဲ့ များပြားလှတဲ့ ရိက္ခာသိုလှောင်မှုတွေကတော့ ရုတ်တရက်ဆိုသလိုပဲ မကုန်ခမ်းနိုင်တော့မယ့် ပုံစံမျိုး မဟုတ်တော့ပါဘူး..။
‘အာ.. ဒါက ခေါင်းကိုက်စရာ ဖြစ်လာတော့မှာပဲ..’
ဆန်နီဟာ လူပြည့်နှက်နေတဲ့ ဂိုဒေါင်ကို လေ့လာရင်း မျက်နှာ ပျက်သွားခဲ့တယ်..။ သူ့ရဲ့ လက်အောက်မှာ အင်အားတွေနဲ့ အသုံးအဆောင်တွေ တိုးပွားလာတာက ကြိုဆိုရမယ့်အရာ ဖြစ်ပေမယ့်.. သူတို့နဲ့ ဖယ်လ်ကွန် စကော့ ကြားက ကီလိုမီတာ နှစ်ထောင် အကွာအဝေးကို ဖြတ်ကျော်ဖို့အတွက်ဆိုရင် မဟာဗျူဟာ တစ်ခုလုံးကို ပြန်စဥ်းစားရတော့မှာပါ..။
အရင်တုန်းကတော့ ဆန်နီ က တိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့အတွက်သာ အဓိက အားထုတ်ခဲ့ပြီး အိပ်မက်ဆိုး သားရဲတွေကို သေချာ ပတ်ရှောင်ခဲ့ပါတယ်..။ လုံးဝ ရှောင်တိမ်းလို့ မရနိုင်တဲ့ သားရဲအုပ်တွေကိုသာ တိုက်ခိုက်ခဲ့တာပါ..။ ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ ယာဉ်တန်းနဲ့ဆိုရင်တော့ ဒါက ရွေးချယ်စရာ မဟုတ်တော့ပါဘူး..။ ဒီလောက်များပြားတဲ့ လူတွေကို ဖုံးကွယ်ထားဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ..။
ကံကောင်းတာကတော့ သူတို့ ရင်ဆိုင်နိုင်တဲ့ ခြိမ်းခြောက်မှု အဆင့်အတန်းကလည်း မြင့်တက်လာခဲ့တာ ပါပဲ..။ သူ့ရဲ့ ကွပ်ကဲမှုအောက်မှာ နိုးထသူ တပ်ခွဲ အချို့နဲ့ စစ်တပ်အသေးစားတစ်ခု ရှိနေတာကြောင့် ဆန်နီ က သားရဲအုပ် အများစုကို အလွယ်တကူပဲ နင်းခြေသွားနိုင်မှာဖြစ်ပြီး အားနည်းတဲ့ သားရဲအုပ်စုတွေဆိုရင်တော့ ဒီတိုင်း လမ်းတစ်ခုအဖြစ် ဖောက်ထွက်နိုင်ပါလိမ့်မယ်..။
ဒါပေမဲ့ ဒီအရာအားလုံးက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ အများကြီး လိုအပ်သလို.. သူ့ရဲ့ အရိပ်တွေအတွက်လည်း အလုပ်တွေ ပိုများလာစေခဲ့တယ်..။ ယာဉ်တန်းရဲ့ ဖွဲ့စည်းပုံ အပြောင်းအလဲတွေကို တွက်ချက်ဖို့အတွက် သူ့ရဲ့ မြေပုံကိုလည်း အဆင့်မြှင့်တင်ရတော့မှာ ဖြစ်ပါတယ်..။
‘ကောင်းပြီလေ.. ဒီနေ့တော့ ငါ့အတွက် အိပ်ဖို့ အချိန်မရှိတော့တဲ့ ပုံပဲ..’
ဆန်နီက စိတ်ပျက်လက်ပျက် အမူအရာနဲ့ ရိုင်နို ဆီကို လျှောက်သွားရင်း..အသစ်ရောက်လာသူတွေနဲ့ အစောပိုင်း ယာဉ်တန်းက အဖွဲ့ဝင်တွေကြား ပြောဆိုနေကြတဲ့ စကားသံအချို့ကို မကြားချင်ဘဲ ကြားလိုက်ရပါတယ်..။
“…ငါတို့ထဲက ဘယ်သူမှ အသက်ရှင်နိုင်မယ် မထင်ဘူး..”
“ဘာပြောတာလဲ.. စိတ်ဓာတ်မကျစမ်းပါနဲ့ ..။ နတ်ဆိုး ကိုယ်တိုင်က ငါတို့နဲ့အတူ ရှိနေတာပဲ.. ဘယ်သူက ငါတို့ကို တားဆီးနိုင်မှာလဲ..”
“အိုး.. အဲဒါ မာစတာ ဆန်းလပ်စ် လား..။ နာမည်က ရင်းနှီးနေတယ် ထင်တာ မဆန်းပါဘူး..။ သူက တခြားတပ်ခွဲမှာ တာဝန်ကျခဲ့တာဆိုပေမယ့် သူ့အကြောင်း ငါ ကြားဖူးတယ်..။ ဒါပေမဲ့.. သူတစ်ယောက်တည်းက ဘာများလုပ်နိုင်မှာလဲ..”
“ဟာ.. သူ မလုပ်နိုင်တာ ဘာရှိလို့လဲ..။ သေဆုံးသွားတဲ့ နတ်ဘုရားတွေကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်..။ သူ မြှားတစ်စင်းတည်းနဲ့ အိပ်မက်ဆိုး သားရဲ တစ်ရာကို သတ်ပစ်တာကို ငါ တစ်ခါ မြင်ဖူးတယ်..။ ပြီးတော့ ငါတို့ ဥမင်ကြီးကို ဖြတ်ဖို့အတွက် လေထဲကနေ တံတားကြီးတစ်ခုလုံးကို ဆင့်ခေါ်လိုက်တဲ့ အချိန်လည်း ရှိသေးတယ်လေ..။ ချီးပဲ.. အဲ့လူက မနေ့ကတင် တိုက်တန်တစ်ကောင်နဲ့ သေလုမျောပါး တိုက်ခိုက်ခဲ့တာလေ..။ တကယ်တော့ အဲဒါက သေလုမျောပါး ဟုတ်မဟုတ်တောင် ငါ သေချာမသိဘူး..။ ငါသိတာကတော့ ကပ္ပတိန် ပြန်လာပေမယ့် တိုက်တန်ကတော့ ပြန်မလာတော့ဘူး ဆိုတာပဲ..”
ဆန်နီ ရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားခဲ့တယ်..။ သူ့ရဲ့ လူတွေက သူ့လုပ်ရပ်တွေကို ပုံကြီးချဲ့ပြီး ပြောဆိုရတာကို သဘောကျကြတာ သေချာပေမယ့်.. သူ ဝင်ရောက် တားဆီးမှာတော့ မဟုတ်ပါဘူး..။ အခုလို အချိန်မျိုးမှာ စစ်တပ်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်တဲ့ ဘယ်အရာမဆိုက ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ပြီး.. ဒါက အမှန်တရားပေါ်မှာ လုံးဝ အခြေမခံရင်တောင်မှ အသုံးဝင်ပါတယ်..။
သူက ရိုင်နို ထဲကို တက်လိုက်ပြီး မဟာဗျူဟာမြောက် အစည်းအဝေးတွေရဲ့ ပုံမှန်တက်ရောက်နေကျလူတွေကြားထဲက မျက်နှာသစ်တွေကို လေ့လာရင်း ကွပ်ကဲမှုအခန်းဆီကို လျှောက်သွားလိုက်တယ်..။ ဆန်နီ က နိုးထသူ ကာရင် ကို သိပြီးသား ဖြစ်ပေမယ့်.. သူမ ခေါ်ဆောင်လာတဲ့ သာမန်အရာရှိ နှစ်ယောက်ကတော့ လူစိမ်းတွေ ပါပဲ..။
“စကြရအောင်..”
သူ ပထမဆုံး သိချင်တာကတော့ အီရီဘတ် ကွင်းပြင် ဘယ်လို ကျရှုံးသွားခဲ့လဲ ဆိုတာ ပါပဲ..။
အမှန်တရားကတော့.. ဆန်နီ ထင်ထားခဲ့သလိုပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေခဲ့တယ်..။
သူ သံသယဝင်ခဲ့တဲ့အတိုင်းပဲ မြို့တော်ဟာ မကြာသေးခင်ကမှ ဖျက်ဆီးခံလိုက်ရတာ ပါ..။ အမှန်တော့ ဒါက လွန်ခဲ့တဲ့ နှစ်ရက်ခန့်.. သူနဲ့ သူ့လူတွေ ကမ်းရိုးတန်း အဝေးပြေးလမ်းအတိုင်း သွားဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အချိန်ဝန်းကျင်မှာတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်..။
ဒီဘေးဒုက္ခရဲ့ အဓိက လက်သည်ကလည်း ရင်းနှီးနေခဲ့တယ်..။ ဒါက အခြားသူမဟုတ်ဘဲ သူ့ရဲ့ မိတ်ဆွေဟောင်း ဂိုလီယက် ဖြစ်နေခဲ့တာပါ..။
‘…ချီးပဲ ခွေးသား..’
နှစ်လနီးပါးခန့် ပျောက်ဆုံးနေခဲ့ပြီးနောက်မှာ ကျောက်ဘီလူးကြီးက အီရီဘတ် တောင်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး.. တောင်စောင်းတစ်ခုကို ရိုက်ခွဲကာ မီးတောင်ရဲ့ ဘေးတစ်ဖက်လုံးကို ပြိုကျစေခဲ့ပါတယ်..။ ထွက်ပေါ်လာတဲ့ မီးလောင်ကျွမ်းမှုနဲ့ ချော်ရည်ထုကြီးကတော့ ဒီလို ဖြစ်ရပ်မျိုးအတွက် သေချာစွာ ခကာကွယ်ထားတဲ့ မြို့တော်ကို ဖျက်ဆီးနိုင်ဖို့ အခွင့်အရေး မရှိပါဘူး..။
ဒါပေမဲ့ အဲဒါကလည်း ဘီလူးကြီးက မြို့တော်ရဲ့ ခံစစ်တွေကို ဖျက်ဆီးပြီး.. အစိုးရ ပြင်ဆင်ထားတဲ့ ကြီးမားလှတဲ့ ချော်ရည်အတားအဆီးတွေ.. ရေနုတ်မြောင်းတွေနဲ့ အခြားအစီအမံ အများစုကို မဖျက်ဆီးခင် အထိ ပါပဲ..။
ခံတပ်မြို့တော်ရဲ့ အတားအဆီးတွေ ကျိုးပျက်သွားခဲ့ပြီးနောက်မှာတော့ တိုက်တန် က ပတ်ဝန်းကျင်မှာ သောင်းကျန်းနေခဲ့တယ်..။ ချော်ရည်မြစ်တွေက ကျိုးပျက်နေတဲ့ အတားအဆီးတွေကြားထဲကနေ စီးဆင်းလာခဲ့ပြီး.. အိပ်မက်ဆိုး သားရဲအုပ်ကြီးကလည်း အထဲကို ဝင်ရောက်ခဲ့ကြတာကြောင့်.. အီရီဘတ် ကွင်းပြင် မှာ တပ်စွဲထားတဲ့ ပထမစစ်တပ် အနေနဲ့ ဒီကပ်ဘေးသင့်မှုကို တားဆီးဖို့ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး..။
ပူးပေါင်းလာတဲ့ နိုးထသူ အင်အားစုထဲက မာစတာ အနည်းငယ်က စစ်သားတွေ အရပ်သားတွေကို ကယ်ထုတ်နိုင်ဖို့အတွက် ဂိုလီယက် ကို တတ်နိုင်သမျှ အချိန်ဆွဲဖို့ အင်အားချင်း ပူးပေါင်းခဲ့ကြတယ်..။
ဒါက ဒေးဗစ် နဲ့ သူ့ရဲ့ အထူးတပ်ဖွဲ့ တို့ ကျဆုံးခဲ့ရတဲ့ နေရာ ဖြစ်ဖို့ များပါတယ်..။
ဗိုလ်ကြီး ကာရင် အနေနဲ့ အဲဒီငရဲကနေ လူဘယ်လောက်များများ လွတ်မြောက်ခဲ့လဲဆိုတာကို မသိရပေမယ့်.. သူမရဲ့ အမူအရာကို ကြည့်ခြင်းအားဖြင့် မြို့ရဲ့ စုစုပေါင်း လူဦးရေထက် အများကြီး နည်းပါးတာတော့ သေချာပါတယ်..။
သူမ ယာဉ်တန်းကို ဦးဆောင်ပြီး မထွက်ခွာခင် နောက်ဆုံး မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းကတော့ချော်ရည်တွေထဲမှာ ရေချိုးနေတဲ့ ဂိုလီယက် ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးက သမုဒ္ဒရာထဲကို ခုန်ဆင်းသွားပြီး အနက်ရောင် လှိုင်းလုံးတွေအောက်မှာ ပျောက်ကွယ်သွားတာပါပဲ..။
အဲလိုကနေတဆင့် တိုက်တန်က နောက်တစ်နေ့မှာ ဆန်နီ ရဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖို့ ထွက်ပေါ်လာခဲ့တာ ပါ..။
…ကာရင် စကားပြောလို့ ပြီးသွားတဲ့အခါ ရိုင်နို ထဲမှာ စိတ်မကောင်းစရာ တိတ်ဆိတ်မှုတစ်ခု စိုးမိုးသွားခဲ့တယ်..။ ဘယ်သူက ဘာပြောရမှန်း မသိကြတော့ပါဘူး..။
နောက်ဆုံးမှာတော့ ဆန်နီ က သက်ပြင်းချလိုက်မိတယ်..။
‘ဒီလူတွေရဲ့ အိပ်မက်ဆိုးကတော့ ပြီးဆုံးသွားခဲ့ပါပြီ..’
အပိုင်း ( ၉၆၆ ) ပြီး၏။